Saturday, May 2, 2020

ကိုဗစ်ကာလ ဂလိုဘယ်ဒီမိုကရေစီ‌ရေးနှင့် ငြိမ်းချမ်းရေး [ဖရန်စစ်ဖူကူယားမားနှင့် အင်တာဗျူး]

0 comments
ကိုဗစ်ကာလ ဂလိုဘယ်ဒီမိုကရေစီ‌ရေးနှင့် ငြိမ်းချမ်းရေး 
[ဖရန်စစ်ဖူကူယားမားနှင့် အင်တာဗျူး]
ပုံမှန်အသစ်နှင့်ပတ်သက်၍
မေး။ စတန်းဖို့တက္ကသိုလ်မှာ အကုန်ရပ်ထားပြီး အွန်လိုင်းမှသင်ဖို့ ဆရာ ဗီဒီယိုတွေ သွင်းနေတယ်ဆို။ ခုလိုအခက်အခဲကာလ နေ့စဥ်ဘဝကို ပြောပြပါဦး။ လူတိုင်းအပေါ် သက်ရောက်တဲ့ ဒီပုံမှန်အသစ်ကို ရှင်ဘယ်လိုဖြတ်သန်းနေသလဲ ပြောပြပါဦး။
ဖြေ။ အွန်လိုင်းလက်ချာခန်းတွေ တခုပြီးတခု ပြောင်းသင်နေရတယ် ဆိုတာကလွဲလို့ ကျနော် အရင်လိုပဲ အလုပ်များနေပါတယ်။ ရက်အပိုင်းအခြားတွေကို မှတ်သားဖို့ ခက်လာတယ်။ နေ့တိုင်းဟာ မနေ့ကလိုပဲ။ သိပ်အဆိုးကြီးမဟုတ်ဘူး။ အွန်လိုင်းမှ စာသင်ဖို့ဆိုတာ သိပ်ခက်ခဲတာမဟုတ်တော့ ကျင့်သားရသွားဖို့ဆိုတာလည်း တကယ်စိတ်ဝင်စားစရာပဲ။ ကိုဗစ်မတိုင်ခင်ကတည်းက ကျနော့်သင်ကြားရေး ပစ္စည်းပစ္စယတွေကို အွန်လိုင်းမှာသုံးနိုင်အောင် ကြိုးစားနေတာ ခုတော့တကယ်လုပ်ဖြစ်ဖို့ အခွင့်အရေးပေါ့။
မေး။ အလုပ်နဲ့ ဘဝနေထိုင်မှု အကြား ခြားထားတဲ့ တံတိုင်းဟာ ခုမှုန်ဝါးဝါးဖြစ်လာပြီလို့ တော်တော်များများ ပြောနေကြတယ်။ ရှင်ရောဒီလိုခံစားရသလား။
ဖြေ။ အသေအချာပဲ။ ကျနော့်အထင် လူတွေဟာ အလုပ်ကို နောက်တနည်းနဲ့ လုပ်နိုင်တယ်ဆိုတာ မြင်တွေ့လာပြီဆိုတော့ ဒီပုံစံဟာ အမြဲတမ်းအဖြစ် ပြောင်းလဲသွားနိုင်တယ်။ ဥပမာ- ကျနော်ဆို အရင်ဘဝတုန်းက လေယာဥ်ပျံပေါ်က ဆင်းရတယ် မရှိခဲ့ဘူး။ ခုဆို မတ်လဆန်း ကတည်းက လေကြောင်းခရီး မသွားဖြစ်တော့တာ။ ဒီတော့ လူတွေသဘောပေါက်လာမှာက သူတို့အချိန်အားလုံးကို လေယာဥ်ပေါ်မှာ ကုန်ဆုံးပစ်ဖို့ တကယ်မလိုဘူး၊ အင်တာနက်ပေါ်မှာတင် ကိစ္စပြီးနိုင်တယ် ဆိုတာပဲ။ ပုံမှန်အဟောင်းကို ပြန်သွားကြဦးမှာလား။ တနေ့ အရင်လို ပြန်ဖြစ်ဦးမလား ကျနော်သံသယရှိတယ်။
မေး။ ကပ်ရောဂါကြောင့် CO2 ထုတ်လွှင့်မှုတွေ ဒီနှစ်ထဲ ၆% ကျဆင်းသွားမယ်ဆိုတယ်။ ဒုတိယကမ္ဘာစစ် ကတည်းကစလို့ အများဆုံး တနှစ်စာ ကျဆင်းမှုပဲ။ ဒါအဆိုးထဲက အကောင်းလား (‌ဂေဟစနစ်ပြောင်းလဲမှုတိုက်ဖျက်ရေးမှာ လူတွေထုတ်လွှင့်တဲ့ ကာဗွန်ကျဆင်းသွာခြင်း)။
ဖြေ။ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်လောက်ကြာကြာခံမလဲ။ ကံမကောင်းအကြောင်းမလှတော့ ကာဗွန်ထုတ်လွှင့်မှုဟာ စီးပွားရေးကောင်းမကောင်းနဲ့ ဆက်စပ်နေတယ်။ ကုန်ပစ္စည်း ထုတ်လုပ်မှုနည်းရင် ကာဗွန်အထွက်နည်းမယ်။ တဖက်မှာ လူတွေဆင်းရဲမယ်။ ဆိုတော့ ဒီအဖြေက ရေရှည်မှာ ကောင်းပါ့မလား ကျနော် သိပ်မသေချာဘူး။
+++
အမေရိကနှင့် ပတ်သက်၍
မေး။ တလောက အတ္တလန်တစ်မဂ္ဂဇင်းဆောင်းပါးမှာ ဆရာရေးခဲ့တယ်။ အစိုးရစွမ်းဆောင်ရည် ကောင်းမကောင်း အရေးကြီး မှတ်ကျောက်က ဘာအစိုးရလဲ ဆိုတာထက် နိုင်ငံတော်ရဲ့ လုပ်ဆောင်နိုင်မှုအကန့်အသတ် နောက်ပြီး ပိုအရးကြီးတဲ့ “အစိုးရအပေါ် ယုံကြည်မှု” လို့ ရေးခဲ့တယ်။ အမေရိက အနေနဲ့ (ကိုဗစ်ကိစ္စတုန့်ပြန်မှု) အထနှေးခဲ့ပေမဲ့ အရှိန်ရလာရင် တရုတ်အပါအဝင် အာဏာရှင်အစိုးရတွေအများစု စွမ်းဆောင်ပြခဲ့တာကို ပုံခုံးချင်း ယှဥ်လာနိုင်မယ်လို့ ရေးခဲ့တယ်။ လက်ရှိအတိုင်းဆို အရှိန်မရသေးဘူးလို့ ပြောရမှာလား။
ဖြေ။ ကျနော် နှစ်ခုပြောခဲ့တယ်။ နိုင်ငံတော်ရဲ့ လုပ်ဆောင်နိုင်မှုဟာ အခြေခံအဆင့်တခု ရှိရမယ်။ ပြီးတော့ ဒီမိုကရေစီ (အစိုးရ) တွေဟာ ပိုညံ့တယ်လို့ မပြောနိုင်ဘူး။ ပြဿနာက အစိုးရအပေါ် လူထုရဲ့ ယုံကြည်မှုလိုတယ်။ အမေရိကမှာ နိုင်ငံရေးက အစွန်းနှစ်ဖက် ဒီဂရီများများ ကွဲနေတော့ ကျနော်တို့မှာ ဒီ (ယုံကြည်မှု) ပြဿနာရှိတယ်။ ခုဆို အနီရောင်ပြည်နယ်တွေ (ရီပတ်ဘလစ်ကင်ထောက်ခံမှုများသော ပြည်နယ်များ) မှာ လော့ဒေါင်းချတာကို နိုင်ငံရေးသမားတွေ နိုင်ငံသားတွေက ဆန့်ကျင်ဆန္ဒပြတာရှိတယ်။ ဒီကိစ္စ ခုလိုအစွန်းနှစ်ဖက်ကွဲတာ ကံဆိုးတာပဲ။
ဒါဟာ အမေရိကအဖို့ နိုင်ငံရေး ကံဆိုးခြင်းတခုလို့ပဲ ဆိုကြပါစို့။ ကျနော်တို့သမ္မတက တခြားတယောက်ဆို့ ခုလိုဖြစ်မယ် မထင်ဘူး။ ကျနော့်အထင် နိုဝင်ဘာမှာ ထရမ့်ဟာ သွားတော့မယ်။ ဒါဆို ကျနော်တို့ ပုံမှန်ခေါင်းဆောင်တယောက် ပြန်ရမယ်။ အဲဒီအခြေအနေ မရောက်သေးသရွေ့ ကျနော်တို့ လက်ရှိပုံစံမှာ ပိတ်မိနေမှာပဲ။
မေး။ သမ္မတမှာ တာဝန်ရှိတယ်လို့ ရှင်ပြောချင်တာလား။
ဖြေ။ ဟုတ်တယ်လေ။ သူက‌ခေါင်းဆောင်ပဲ။ သူ့မှာ ဒီကိစ္စ အရှိန်မြှင့်ဖြေရှင်းဖို့ တာဝန်ကြီးရှိတယ်။ ဒါဟာ ဘာနောက်ခံ၊ ဘာအတွေ့အကြုံမှ မရှိသူကို တင်မြှောက်မိလို့ ရလာတဲ့ ပြဿနာတွေထဲက တခုပဲ။ ပြီးတော့ ထရမ့်မတက်ခင် ကတည့်က အမေရိကန် လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်လာတဲ့ အကွဲအပြဲတွေ။ ဆိုးတာက ဒါတွေဟာ ထရမ့်အလွန်မှာ ပျောက်သွားမှာမဟုတ်ဘူး။ ဒါဟာ ဒီကနေ့ အမေရိကရဲ့ အကြီးဆုံးအားနည်းချက်ပဲ။
မေး။ ကပ်ရောဂါကြောင့် ထရမ့် ရွေးကောက်ပွဲရှုံးတော့မယ်လို့ ပြောချင်တာလား။
ဖြေ။ သူ့ကိုဒုက္ခပေးမယ့် အချက်ပြဆိုင်းဘုတ်လေးတွေ အများကြီး ကျနော်တွေ့နေရတယ်။ သူပြန်အရွေးခံဖို့မှာ အဓိကအချက်က စီးပွားရေးအတက်ပြနေတာနဲ့ ရှိုးရမှာ။ ခုကျနော်တို့ တသက်မှာ မကြုံစဖူး စီးပွားရေး ပျက်ကပ်ကြီးဆီ ဦးတည်နေပြီ။ ပိုဆိုးတာက သူ့ရဲ့ စွမ်းဆောင်ရည်ပဲ။ လူထုအနေနဲ့ အကျပ်အတည်းကာလမှာ အရည်အချင်းရှိသူကို သမ္မတ တင်မြှောက်ချင်ကြတယ်။ ဒီအချက်က သူ့ကို အထိနာစေလိမ့်မယ်။
မေး။ အစိုးရပါဝါနဲ့ လူတဦးချင်းစီရဲ့ လွတ်လပ်မှု ချိန်ခွင်လျှာကို ပြောပါဦး။ ကွာရန်တင်းဆိုတာ ရှင်းရှင်းပြောရင် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ကန့်သတ်တာပဲ။ လွတ်လပ်ခွင့်ကို ကာကွယ်တဲ့ခေါင်းစဥ်အောက်မှာ အိမ်မှာနေဖို့ အမိန့်ကို လူတွေဆန့်ကျင်ဆန္ဒပြကုန်ကြပြီ။ အစိုးရက ရောဂါမကူးဖို့ ရည်ရွယ်ချက်နဲ့ လူထုအပေါ် ကန့်သတ်မှုတွေကို ဆရာ ဘယ်လိုပြောမှာလဲ။ ဒါလူထုရဲ့ လွပ်လပ်ခွင့်ကို တကယ်ပဲ ကန့်သတ်နေတာလား။
ဖြေ။ လူတွေဆန္ဒပြနေတာ သူတို့လွတ်လပ်ခွင့်ကို နားရွက်တံတွေးဆွတ်ခံနေရပြီလို့ ယူဆတာကြောင့် မဟုတ်ပါဘူး။ ဆန္ဒပြသူ တ‌ယောက်ကပြောတယ်။ သူဆံပင်မညှပ်ရလို့တဲ့။ တေ့တေ့ဆိုင်ဆိုင်ပြောရင် ဘယ်နိုင်ငံသားမှ သူဆံပင်မညှပ်ရတာကို တမြေထဲနေအချင်းချင်းတယောက်ရဲ့ အသက်နဲ့ ကြေးထပ်မှာ မဟုတ်ပါဘူး။ ပရမ်းပတာတွေပါ။ ဒါပေမဲ့ ပြဿနာက ကျနော်တို့ရဲ့ နိုင်ငံရေးရေချိန်ဟာ ယဥ်ကျေးမှုအခြေခံနဲ့ ပုံဖော်တဲ့ဖက်ကို ကျရောက်နေပြီ။ ဒီတော့ ဒေါ်နယ်ထရမ့် ထောက်ခံသူတွေဟာ ကပ်ရောဂါကို မမှုသူ၊ ဗိုင်းရပ်ကို မကြောက်တဲ့ဖက်က ဂိုဏ်းဖွဲ့သလို ဖြစ်လာတယ်။ အကြောင်းအကျိုးမဆီလျော်ပေမဲ့၊ သိပ္ပံနည်းကျမပြနိုင်ပေမဲ့ ဂိုဏ်းဝင်မဖြစ်လိုက်ရမှာကို စိုးရိမ်စိတ်က ဆင်ခြင်ထုံတရားကို ဖုံးအုပ်ပစ်လိုက်တယ်။ ဒါမျိုးတွေကျနော်တို့ အရင်က တွေ့ဖူးတယ်။ ကပ်ရောဂါကြီးကျရောက်နေချိန် ခုလိုဖြစ်တာကတော့ ကံဆိုးခြင်းပဲ။
မေး။ အစိုးရဖက်က လုံလုံလောက်လောက် မတုန့်ပြန်နိုင်ဘူးဆိုတာဟာလည်း လူ့အဖွဲ့အစည်းထဲမှာကို တဦးချင်း လွတ်လပ်ခွင့်အားသန်နေတာကြောင့် မဖြစ်နိုင်ဘူးလား။
ဖြေ။ ဒါတော့ မပြောတတ်ဘူး။ အတိတ်က ဥပမာတွေကြည့်ရင် .. ကမ္ဘာစစ်ကြီးနှစ်ခု၊ 9/11 ကိစ္စ တွေမှာ ပြင်ပ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုက်ရတဲ့အခါ အမျိုးသားစည်းလုံးမှုထက်သန်ခဲ့တယ်။ လွတ်လပ်ခွင့် ဆုံးရှုံးရလို့ဆိုပြီး လူတွေကွန်ပလိန်းတက်တာ မရှိခဲ့ဘူး။ ခုကိစ္စက ထူးခြားတယ်။ အခြေအနေသစ်တခု ပေါ်လာတာမျိုး။ ဒီမှာ တရုတ်ပရိသတ်ကို ပြောချင်တာက (လက်ရှိကိုဗစ်ကိစ္စ) အမေရိကန်တုန့်ပြန်တဲ့ပုံစံကနေ ဒီမိုကရေစီ အစိုးရအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်တဲ့ ယေဘူယျဆန်ဆန် ကောက်ချက်တခုခု ဆွဲထုတ်လို့ရမယ်လို့ ကျနော်မထင်ဘူး ဆိုတာပါ။
ဥပမာအနေနဲ့ တောင်ကိုရီးယားကို ကြည့်ပါ။ အစိုးရက အကျပ်အတည်းကို အလေးထားကိုင်တွယ်တယ်။ ပိုးမတွေ့ခင်ကတည်းက ပြင်ဆင်မှုတွေလုပ်တယ်။ ရောဂါရှာ စစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိပြီးသားမှာ ကုသရေးကို နိုင်ငံသားအားလုံးအတွက် အခမဲ့ လုပ်ပေးတယ်။ အတွေ့အကြုံရှိတဲ့ လူထုကျန်းမာရေးအိပ်စပတ်တယောက်ကို လိုသမျှလုပ်ပိုင်ခွင့်ပေးပြီး စီမံခန့်ခွဲစေခဲ့တယ်။ ဒါကြောင့် ဗိုင်းရပ်ထိန်းချုပ်ရေး ကိစ္စမှာ တောင်ကိုရီးယားဟာ တရုတ်ထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့တယ်။ သူက ဒီမိုကရေစီပဲ။ ပြောရရင် ဒီဂလိုဘယ်ကပ်ဆိုက်မှုအလယ်မှာ အဓိက ရွေးကောက်ပွဲကြီးတခုကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့တယ်။ ဒီတော့ ဒီမိုကရေစီ (အစိုးရ) တွေ အကျပ်အတည်းကာလမှာ (ထိထိရောက်ရောက်) မကိုင်တွယ်နိုင်ဘူးဆိုတာ မဟုတ်ဘူး။ ကိစ္စက အမေရိကန် ဒီမိုကရေစီ ပြဿနာ ဖြစ်နေတာ။ ဗိုင်းရပ်ကိစ္စ ကိုင်တွယ်ဖြေရှင်းပုံဟာ (အမေရိကန်) လူ့အဖွဲ့အစည်းထဲ နက်နက်ရှိုင်းရှိုင်း ကွဲနေကြတယ်ဆိုတာ ထင်ဟပ်တာပဲ။
မေး။ ဒါပေမဲ့ ‌တောင်ကိုရီးယားကလွဲရင် ဒီမိုကရေစီ အများစုဟာ ကောင်းကောင်း လုပ်မပြနိုင်ခဲ့ကြဘူး။ လွတ်လပ်ခွင့်အတွက် ဒုက္ခတွေတောင်လိုပုံပြီး ပေးဆပ်ခဲ့ရတယ်လို့ တချို့က ပြောကုန်ကြပြီ။ ဆိုလိုတာက အစိုးရတွေကို အပြစ်မတင်ပါနဲ့။ (ဒီမိုကရေစီမှာ) အစိုးရရဲ့ ပါဝါဟာ အကန့်အသတ်နဲ့ ဖြစ်နေပြီးသားမို့ပါလို့ ပြောကြတယ်။
ဖြေ။ အာဏာရှင်အစိုးရတွေက ပိုကောင်းကောင်း လုပ်ပြနိုင်တယ်ဆိုတာမျိုး ကောက်ချက်ဆွဲနိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ခင်ဗျားဆီမှာ ဥပမာပြစရာရှိမယ်။ တရုတ်နဲ့ စင်ကာပူ။ အာဏာရှင်ဆန်ဆန်ကိုင်တွယ်ပြီး ကပ်ရောဂါကို အပေါ်စီးက ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဆိုးဆိုးဝါးဝါး ကိုင်တွယ်ခဲ့လို့ ပိုပြန့်ကုန်တဲ့ ရလဒ်တွေနဲ့ အာဏာရှင်အစိုးရတွေလည်း ရှိတယ်။ ရုရှားကို ဥပမာပေးလို့ရတာပေါ့။ အဲဒီမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီ။ ဘေလာရုစ်မှာလည်း ဗိုင်းရပ်ကို ဗော့ကါသောက်ပြီး ထိန်းလို့ရတယ်ဆိုလို့ သမ္မတက ပြောခဲ့တာ မဟုတ်လား။ တပ်မန်စ္စတန်မှာဆို အဖမ်းခံရမှာစိုးလို့ ကိုရိုနာဗိုင်းရပ်လို့တောင် အမည်တပ်ခေါ်လို့မရ။ ဆိုတော့ အာဏာရှင်တိုင်း ရလဒ်ကောင်းအောင် တုန့်ပြန်နိုင်တယ်ဆိုတာ ပြောလို့မရဘူး။ တကယ်တော့ ဒီကိစ္စက ဒီမိုကရေစီနဲ့ အာဏာရှင် ဘယ်သူ [ပိုကောင်းအောင်] လုပ်နိုင်သလဲ ဆိုတဲ့မေးခွန်းမဟုတ်ဘူး။ နိုင်ငံတော်မှာ လုပ်ဆောင်နိုင်မှု ဘယ်လောက်ရှိသလဲ။ အစိုးရကို နိုင်ငံသားတွေက ယုံကြည်ကိုးစားမှု ရှိသလား ဆိုတာတွေနဲ့ သက်ဆိုင်တယ်။ ဒါက ဒီမိုကရေစီမှာ ဖြစ်နိုင်သလို အာဏာရှင်အစိုးရ ပုံစံမှာလည်း ဖြစ်နိုင်တယ်။
မေး။ ကိုဗစ်အလွန် ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား ပါဝါချိန်ခွင်လျှာ အပြောင်းအပေါ် ဆရာ့အမြင် ပြောပါဦး။ ခုတလော စီးပွားရေး ပြန်လည်ဖွင့်လှစ်ဖို့ ဘယ်သူ့မှာ အာဏာရှိသလဲ ငြင်းခုန်နေတဲ့ ကိစ္စ ဖြစ်လာတယ်။ ပြည်နည်အာဏာပိုင်တွေက ရှေ့တန်းမှာ (ဗိုင်းရပ်နဲ့ နပန်းလုံးနေချိန် အိမ်ဖြူတော်က နေ့စဥ် သတင်းစာရှင်းလင်းပြီး ပွဲထွက်ပြနေတယ်။
ဖြေ။ ဒီကိစ္စမှာ ဖက်ဒရယ်အစိုးရက သိပ်အရည်အချင်းမရှိတဲ့အခါ ပြည်နယ်တွေရဲ့ အရည်အချင်းပြခွင့်ရတယ်။ ဖက်ဒရယ်အစိုးရ တခုခုလုပ်တဲ့အထိ စောင့်နေစရာ မလိုဘူး။ ပြောရရင် ဖက်ဒရယ်စနစ် ဖြစ်နေတာ သိပ်ကောင်းတဲ့ အချက်ပဲ။ ကယ်လီဖိုးနီးယားတို့ နယူးယောက်တို့ အီလီနွိုင်းတို့မှာ အဲသလို တကယ်ဖြစ်ခဲ့တာ။ နောက်တခုက အမေရိကမှာ ဗိုင်းရပ် ပြန့်နှံ့ပုံက တမျိုး။ လူထူထပ်တဲ့ မြို့ကြီးတွေမှာ အရင်ပြန့်တာ။ အထူးသဖြင့် နယူးယောက်။ ပြီးတော့ ဒီထရိုက်နဲ့ နယူးအောင်လင်းစ်။ တောနယ်တွေမှာ အကြီးအကျယ် မဖြစ်သေးတော့ သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှုးတွေက ပေါ့ပေါ့လေး လုပ်နေကြတယ်။ ဒါဟာ မှားယွင်းမှုပဲဆိုတာ ခုသိလာပြီး နေရာတိုင်းပြန့်နှံ့လာတော့မှ အခြေအနေ စောင့်ကြည့်ခဲ့သူတို့ အကြီးအကျယ် ပေးဆပ်ရမှာ ဖြစ်လာတယ်။ ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်းပဲ အမေရိကဟာ မတူကွဲပြားနေထိုင်ကြတဲ့ နိုင်ငံဆိုတော့ ဒေသအသီးသီးမှာ ယဥ်ကျေးမှု အမျိုးမျိုး ရှိနေတယ်။ ဒီတော့ ဖက်ဒရယ်စနစ်မှာ ဒေသန္တရ လိုအပ်သလို ထိန်းညှိမှုတွေ ခွင့်ပြုထားတာ ကျနော်တို့အတွက် အရေးကြီးပါတယ်။
မေး။ နိုင်ငံ့ခေါင်းဆောင်ပိုင်းရဲ့ လုပ်ဆောင်နိုင်မှုအပေါ်ထားတဲ့ ယုံကြည်ကိုးစားချက်ဟာ ဒီပွဲမှာ အနိုင်အရှုံးအတွက် အရေးကြီးတယ်လို့ ဆရာပြောခဲ့တယ်။ ရှင်သိတဲ့အတိုင်းပဲ။ အစပိုင်းမှာ တရုတ်ရော အမေရိကန်ပါ ထိပ်ပိုင်းက ခပ်ပေါ့ပေါ့ သဘောထားခဲ့ကြတာ။ ဒီတော့ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်နိုင်မှုကို ယုံမိတဲ့အတွက် ပိုဆိုးသွားတာလို့ မပြောနိုင်ဘူးလား။
ဖြေ။ ဆိုတော့ “ယုံကြည်ကိုးစားမှု” ဆိုတာ ကောင်းတယ်လို့ ယတိပြတ်ပြောလို့မရဘူးပေါ့။ ခင်ဗျား တယောက်ယောက်ကို ယုံကြည်မယ်ဆို သူတကယ်လုပ်နိုင်မလား၊ သူမကောင်းကြံမလား မသိနိုင်ဘူးပေါ့။ မှန်ကန်တဲ့ ယုံကြည်မှုဆိုတာ အစိုးရအနေနဲ့ သူ့အလုပ် သူသိတာမျိုး - ကျွမ်းကျင်မှုအပေါ်မှာ၊ ပညာတတ်သိမှုအပေါ်မှာ၊ အလုပ်ပြီးမြောက်မှုအပေါ်မှာ အခြေခံမယ်။ ဒီအစိုးရမျိုးကို လူတွေက ယုံကြည်ကိုးစားမှာဖြစ်တယ်။
တောင်ကိုရီးယားဥပမာကို ထပ်ပေးရရင် သူတို့အနေနဲ့ သက်ဆိုင်ရာ လူထုကျမ်းမာရေးနယ်ပယ်မှ ကျွမ်းကျင်သူတွေကို တာဝန်ခွဲပေးလိုက်တဲ့အတွက် အစိုးရအပေါ် လူထုယုံကြည်မှု သိသိသာသာ တက်လာတယ်။ ဒါနဲ့ဆက်စပ်ပီး အာဏာရအစိုးရရဲ့ ပါတီဟာ ရွေးကောက်ပွဲ နိုင်သွားတယ်။ သူတို့မှာ အရည်အချင်းရှိတာ လုပ်နိုင်တာ နိုင်ငံသားတွေက တွေ့သွားပြီး ဒီအတွက် ပြန်လှန်ဆုချလိုက်တာပဲ။
မေး။ ဒါပေမဲ့ “အလံတော်ကိုဝန်းရံကြ” ဆိုပြီး (နောက်ဆုံးမှာ) ဒီဘူတာပဲ ဆိုက်တာ မဟုတ်လား။ ထရမ့်အပေါ် ထောက်ခံမှုတွေ ၄၉% နဲ့ အမြင့်ဆုံးရောက်ျသွားခဲ့တယ်လေ။
ဖြေ။ အဲဒါလွန်ခဲ့တဲ့ တလလောက်က။ ခုကျသွားပြီ။ လေးဆယ် အောက်တန်းမှာ ကပ်နေပြီ။ အကြီးအကျယ်ကျပ်တည်းမှုနဲ့ ရင်ဆိုင်ရချိန် စစချင်း အချိန်တိုမှာ ခေါင်းဆောင်တွေကို ပစ်ထောက်ခံလိုက်ကြတော့ ရာခိုင်နှုန်း ထိုးတက်သွားပြီး သူတကယ်မလုပ်နိုင်ဘူးဆိုတာ နောက်ပိုင်း လူတွေသိလာတယ်။ ပြောစရာရှိတာက တခြားခေါင်းဆောင်တွေ ယခုလို “အလံတော်ကိုဝန်းရံကြ” ဖို့ ဖြစ်လာတဲ့အခါ ထောက်ခံမှုက ၆၀.. ၇၀.. ၈၀% အထိ မြင့်တက်သွားတတ်တာ။ ပြင်သစ်က အီမန်နျူရယ်မာခရွန် တို့ အခြား‌ခေါင်းဆောင်တချို့ အဲသလိုအမှတ်ရတယ်။ ထရမ့်ကတော့ တခါမှ ၅၀% မကျော်တဲ့အပြင် ချက်ချင်း ထိုးကျသွားတာ။ ဒီတော့ ဒီကိစ္စကြောင့် သူအမှတ်ရတယ်လို့ မပြောနိုင်ပါဘူး။
+++
တရုတ်ပြည်နှင့် ပတ်သက်၍
မေး။ တလောက အင်တာဗျူးတခုမှာ ဆရာပြောခဲ့တယ်။ အနောက်တိုင်းမဟုတ်တဲ့ မော်ဒယ်တွေအနက် နိုင်ငံတော်မှ ပါဝင်ပတ်သက်မှုနဲ့ အရင်းရှင်စနစ် ပေါင်းစပ်ထားတဲ့ တရုတ်မော်ဒယ်ဟာ အအောင်မြင်ဆုံး။ အနည်းဆုံး အစိုးရဟာ လူထုကို အကူအညီပေးဖော်ရသေးတယ်။ တရုတ်ပြည် အတွေ့အကြုံကနေ ကမ္ဘာပေါ်က အခြားတိုင်းပြည်တွေအတွက် သုံးနိုင်မလား။ ဆရာ့အမြင် ပြောပါဦး။
ဖြေ။ တရုတ်မော်ဒယ်ကို တရုတ်ပြည်နဲ့ ယဥ်ကျေးမှုထုံးတမ်းတွေ ကွာြခားတဲ့ တိုင်းပြည်များသို့ တင်ပို့နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ တရုတ်ပြည်ရဲ့ ရှေးအကျဆုံး ထုံးတမ်းတွေမှာ ပညာအဆင့်အတန်းနဲ့ အရည်အချင်းပေါ် မူတည်ဆုံးဖြတ်တာ၊ အရည်အချင်းပေါ် အခြေခံတ့ ဗြူရိုကရေစီစနစ်၊ တကယ်ကို စည်းစောင့်တဲ့ အစိုးရ (လက်ရှိကွန်မြူနစ်ပါတီအပါအဝင်) တွေရှိနေတယ်။ ကွန်ဖြူးရှပ်ထုံးတမ်းတွေ မရှိခဲ့တဲ့ တိုင်းပြည်တွေမှာ ဒီမော်ဒယ် တည်ဆောက်ဖို့ လုံးဝခက်ခဲမယ်လို့ ကျနော်ယူဆတယ်။ ခင်ဗျား တရုတ်ပုံစံကို တရုတ်လို အစိုးရထုံးတမ်း မရှိခဲ့ဖူးတဲ့ လက်တင်အမေရိကပဲဖြစ်ဖြစ်၊ ဆာဟာရအောက်ပိုင်းအာဖရိကပဲဖြစ်ဖြစ် ယူသွားကြည့်လိုက်။ ဟိုရောက်ရင် ဘာမျှ ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် မလုပ်နိုင်တဲ့ အာဏာရှင် (အစိုးရ) တွေအတွက် အကြောင်းပြချက်ပေးဖို့အတွက်သာ ဖြစ်သွားလိမ့်မယ်။
တရုတ်လို အာဏာရှင်မော်ဒယ် အလုပ်ဖြစ်တဲ့ ကမ္ဘာ့နိုင်ငံတွေကို ခင်ဗျားကြည့်လိုက်။ စီးပွားရေး ဖွံ့ဖြိုးမှုကိုပဲကြည့်။ အားလုံးလိုလိုဟာ အရှေ့အာရှမှာပဲဆိုတာ တွေ့ရမယ်။ အာဏာရှင်လက်အောက်မှာတုန်းက တောင်ကိုရီးယား၊ ကူမင်တန်လက်အောက်က တိုင်ဝမ်ရဲ့ အစောပိုင်းနေ့ရက်တွေ၊ ပြီးတော့ စင်ကာပူ။ ဒီအရပ်တွေဟာ တရုတ်ရဲ့ ယဥ်ကျေးမှုသြဇာစက်ဝန်းအောက်မှာ ဒီဗဟိုဦးစီး အစိုးရသဘောတရားအပေါ် အမြင်တူမျှတဲ့ နိုင်ငံတွေဖြစ်တယ်။ ဒါကြောင့်လည်း သူတို့အောင်မြင်တာဖြစ်တယ်။
မေး။ ဒီအခြေခံတွေကြောင့် တောင်ကိုရီးယားက ဗိုင်းရပ်တိုက်ဖျက်ရေးမှာ အခြားအနောက်တိုင်း ဒီမိုကရေစီတွေနဲ့ မတူပဲ ထူးခြားနေတာ မဖြစ်နိုင်ဘူးလား။ အရှေ့အာရှလည်းဖြစ်တယ်။ ကွန်ဖြူရှပ်လည်းရှိတယ်။
ဖြေ။ ဒါအမှန်ပဲ။ ဒါပေမဲ့ ခင်ဗျား ဂျာမနီကို ကြည့်။ စကင်ဒီနေးဗီးယားက ဒိန်းမတ် နော်ဝေတို့ကို ကြည့်။ သူတို့ကောင်းကောင်းတုန့်ပြန်နိုင်ခဲ့ကြတာ သူတို့ဆီက ထုံးတမ်းစဥ်လာ ဗြူရိုကရေစီအစိုးရကြောင့်။ ဆိုတော့ ဒီလို (ဗြူရိုကရေစီ) ပုံစံက တရုတ်တခုတည်း ရှိတာမဟုတ်ဘူး။ အနောက်တိုင်းနိုင်ငံတွေမှာလည်း ခိုင်မာတဲ့ ဗြူရိုကရေစီထုံးတမ်းရှိတယ်။ သူတို့ဆွဲယူသုံးစွဲတဲ့ ယဥ်ကျေးမှုရင်းမြစ်တွေက (တရုတ်နဲ့မတူတဲ့) အခြားပုံစံတွေပဲ။
မေး။ အနောက်တိုင်းမှာ စုပေါင်းတာဝန်ယူမှုပုံစံကို တသီးပုဂ္ဂလ တာဝန်ယူမှုပုံစံနဲ့ဆန့်ကျင်ဘက်အဖြစ် အဆိုးမမြင်ဘူးဆိုရင်တောင် သာမန်အားဖြင့် မကောင်းဘူးလို့ မြင်ကြတယ်။ တရုတ်ပြည်ရဲ့ ကိုဗစ်ကိုင်တွယ်ပုံကြောင့် အနောက်တိုင်းမှာ ဒီပုံစံနှစ်ခုစလုံးကို ပြန်သုံးသပ်ဖို့ တွန်းအားပေးသလို ဖြစ်လာနိုင်သလား။
ဖြေ။ ရှင်းရှင်းပြောရရင် ဘယ်တိုင်းပြည်က စုပေါင်းတာဝန်ယူမှုဖက်မှာရှိပြီး ဘယ်သူက တသီးပုဂ္ဂလဖက်မှာ ရပ်တည်တယ်ဆိုတာမျိုး မရှိပါဘူး။ နိုင်ငံရေးစနစ်တွေ အားလုံးဟာ လိုအပ်လာရင် လိုအပ်သလို စုပေါင်းတာဝန်ယူနိုင် ကြပါတယ်။ တသီးပုဂ္ဂလ လိုလားချက်တွေကိုလည်း တတ်နိုင်သလောက် လေးစားနိုင်ကြပါတယ်။ ဒီတော့ နှစ်ခုအကြားမှာ ချိန်ခွင်လျှာ ဘယ်နားထားသလဲဆိုတာနဲ့ ဆိုင်တယ်။ တရုတ်ပြည်မှာ စုပေါင်းတာဝန်ယူမှုဟာ တသီးပုဂ္ဂလအခွင့်အရေးတွေထက် အလေးသာတယ်ဆိုတာလည်း ဟုတ်ပါတယ်။
ကျနော့်အမြင်မှာ အမေရိက၊ ဗြိတိန်နဲ့ အခြားအနောက်တိုင်းနိုင်ငံတွေဟာ လစ်ဘရယ်လက်သစ်ဝါဒလို့ ကျနော်တို့ခေါ်တဲ့ ခေတ်တခေတ်ကို ဖြတ်သန်းလာခဲ့ရာမှာ တသီးပုဂ္ဂလ အခန်းကဏ္ဍဟာ နိုင်ငံတော်ရဲ့ နေရာကို ကျော်တက် ရှေ့တန်းရောက်လာပြီး နိုင်ငံတော်ဆိုတာ အရည်အချင်းနိမ့်ကျပြီး တသီးပုဂ္ဂလတွေအပေါ် ဖိနှိပ်မယ့် အဖွဲ့အစည်းလို့ ရှုမြင်တဲ့ အခြေအနေကို ဆိုက်ခဲ့တယ်။ ကျနော့်အမြင် ဒီလိုယူဆတာဟာ သိပ်များသွားတယ်။ ဒီတော့ အနောက်နိုင်ငံအများစုမှာ အဲဒီပုံစံ လစ်ဘရယ်လက်သစ်ဝါဒဟာ ကျဆုံးသွားခဲ့ပြီး လူတွေဟာ ၁၉၃၀-၄၀ ပြည့်နှစ်များ ပတ်ဝန်းကျင်ကနဲ့ ဆင်တူတဲ့ လစ်ဘရယ်ပုံစံတခုကို ပြန်သွားကြလိမ့်မယ်လို့ ကျနော်ထင်တယ်။ တသီးပုဂ္ဂလအခွင့်အရေးကို ကျနော်တို့ ကာကွယ်ချင်တဲ့ တချိန်တည်းမှာ အစိုးရဟာ လူထုကို ကာကွယ်ဖို့၊ လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ၊ ပင်စင်စနစ်တွေ ဖန်တီးတည်ဆောက်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိလာမယ်။ တကယ်တော့ ကိုဗစ်မတိုင်ခင်ကတည်းက ဒီလမ်းကြောင်း စတင်နေခဲ့ပြီ။ ခုကိုဗစ်ကြောင့် ပိုမြန်မြန် ဖြစ်ထွန်းလာမယ်လို့ ထင်ပါတယ်။
မေး။ ခုကြားနေရတဲ့ သီအိုရီတွေက အမေရိကအတွက် မဟုတ်ဘဲ တရုတ်ကို ဂလိုဘယ်ထိပ်သီးဖြစ်လာဖို့ ပို့ပေးမယ့် သီအိုရီတွေဖြစ်နေတယ်။ ရှင်ဘယ်လိုမြင်လဲ။
ဖြေ။ ဒီလိုပြောဖို့ စောသေးတယ်လို့ ကျနော်ထင်တယ်။ ကိုဗစ်ကိစ္စမှာ တရုတ်ရဲ့ လက်ရာခြေရာကို လူတွေမေးခွန်းထုတ်နေကြတယ်။ ဥပမာ ကိုဗစ်ရောဂါ လိုတာထက်ပိုပြီး ကြီးထွားသွားခဲ့ရာမှာ တရုတ် (အစိုးရ) အနေနဲ့ စောစောပိုင်း သတိပေးမှုတွေ - ‌ဒေါက်တာလီဝန်လင်း လို အသေခံသွားရတဲ့ ဆရာဝန်တွေရဲ့ အသံတွေ - ကို လေးလေးနက်နက် နားမထောင်ခဲ့ဘူး။ ဒီတော့ ဘာဖြစ်လာမလဲ ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ။
မေး။ တရုတ်မီဒီယာတွေကပြောတယ်။ ဖူကူယားမားဟာ တရုတ်ရဲ့ အောင်မြင်မှုတိုင်းကို ရင်မခုန်သူဖြစ်တယ်။ တရုတ်ကို အမြဲတမ်း ရှုတ်ချနေသူတော့ မဟုတ်ဘူး။ ဆရာသဘောတူသလား။
ဖြေ။ အနောက်တိုင်းက လူတော်တော်များများဟာ တရုတ်ပြည် သမိုင်းကြောင်း၊ ဒီကနေ့ထိ ရှိနေတဲ့ နက်ရှိုင်းတဲ့ ယဥ်ကျေးမှုထုံးတမ်းတွေ ကို နားမလည်ကြပါဘူး။ ကျနော်စာရေးတဲ့အခါ ဒီအချက်တွေ အနောက်တိုင်းက ပရိသတ်သိဖို့ အားထုတ်ပါတယ်။ တရုတ်နိုင်ငံတော်ဆိုတာ အနောက်တိုင်းက အစောဆုံးဆိုတာထက် အနှစ်နှစ်ထောင်နီးပါး ပိုစောခဲ့ပြီး အများကြီးလေ့လာဖို့ လေးစားအသိအမှတ်ပြုဖို့ လိုပါတယ်။ တရုတ်ပြည်ဟာ သမိုင်းကြောင်းအရ လေးစားလောက်စရာ တိုင်းပြည်ဖြစ်တယ်ဆိုတာ လူတွေနားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။
နိုင်ငံတော်ရဲ့ ပါဝါကို ဥပဒေအရ အကန့်အသတ်ထားရှိဖို့လိုတယ်၊ တာဝန်ခံခိုင်းဖို့လိုတယ် -အုပ်စိုးသူတွေ စိတ်တိုင်းကျ မဟုတ်ဘဲ ရွေးကောက်ပွဲများမှတဆင့် အပ်နှင်းမှုနဲ့ တာဝန်ခံမှုမျိုးရှိဖို့ - လို့ ယူဆတဲ့အတွက် ကျနော်ဟာ (တရုတ်ကို) အပြစ်တင်သူတယောက်လည်း ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒုက္ခတွေဟာ နိုင်ငံတော်ရဲ့ အာဏာတွေ အလျှံပယ်ဖြစ်ကုန်ပြီး ဖိနှိပ်မှုတွေဖက်ကို မကြာခဏ ဦးတည်လေ့ရှိပြီး ရလဒ်ဆိုးတွေ ဖြစ်စေတယ်။ ဒါကြောင့် တရုတ်ရဲ့ အောင်မြင်မှုတွေကို လေးစားဖို့ ဖြစ်နိုင်သလို အစိုးရအနေနဲ့ ချိန်ခွင်လျှာတဖက်စောင်း စည်းကျော်သွားတာတဲ့အခါ အပြစ်တင်ဖို့ အရေးကြီးတာဖြစ်တယ်။
မေး။ နိုင်ငံတကာ တရုတ်စောင့်ကြည့်ပညာရှင်အသိုင်းအဝိုင်းမှာ တံဆိပ်ကပ်ကြတာ နှစ်ခုရှိတယ်။ ဆရာက “ပန်ဒါကို ပွေ့ဖက်သူ” လား “နဂါးကို သုတ်သင်သူ” လား။ ကိုယ့်ကိုယ်ကို ဘယ်ထဲမှာပါတယ်ထင်သလဲ။
ဖြေ။ ဒီလိုတံဆိပ်ကပ်တာတွေဟာ အသုံးမတည့်ပါဘူး။ ပကတိရှုထောင့်ကနေ ကြည့်ဖို့၊ အချက်အလက်တွေကို သုံးစွဲနိုင်ဖို့လိုတယ်။ ပြီးတော့ လက်တွေ့ကမ္ဘာမှာ တကယ်ဖြစ်ပျက်တဲ့အပေါ် ကိုယ့်အမြင်ကို ဖော်ထုတ်နိုင်ဖို့ လိုတယ်။ ဒီတော့ ကျနော်က နှစ်ဖက်စလုံးမှာ ပါတယ်လို့ ပြောရမယ်။
+++
အမေရိကန်-တရုတ်ဆက်ဆံရေး၊ ဂလိုဘယ်လိုက်ဇေးရှင်း
မေး။ ကိုဗစ်ကိစ္စမှာ အမေရိကန် နိုင်ငံရေးပါတီကြီးနှစ်ခုစလုံးအတွက် တရုတ်ဟာ အပြစ်တင်စရာ ပစ်မှတ်ဖြစ်လာတယ်။ ဒါဟာ ဗိုင်းရပ်ကို တွန်းလှန်ရာမှာ ထိခိုက်စေမယ်လို့ ဆရာထင်သလား။
ဖြေ။ လောလောဆယ် အဲဒါဟာ အရမ်းကို ထိခိုက်စေတယ်။ ကျနော်တို့ တကယ်လုပ်ရမှာ ရောဂါပိုးကို နားလည်အောင် လုပ်ရာမှာ အချက်အလက်ဝေမျှဖို့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ။ တရုတ်လေ့လာသူ အသိုင်းအဝိုင်းမှာ အားလုံး ပိုမိုပူးပေါင်းဆောင်ရွက်လာဖို့ တိုက်တွန်းတဲ့စာတခု ထုတ်ခဲ့ရာမှာ ကျနော်လည်း လက်မှတ်ထိုးသူတွေထဲမှာပါတယ်။ ဒီလိုပြောလို့ တရုတ်လုပ်ပုံကိုင်ပုံတွေ၊ သူ့နိင်ငံသားတွေအပေါ် ဆက်ဆံပုံတွေ၊ သူ့ရဲ့ နိုင်ငံခြားရေးပေါ်လစီ စတာတွေကို မဝေဖန်ရဘူးလို့ မဆိုလိုဘူး။ အသုံဝင်မယ့် ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ထောက်ခံတာရော၊ (မဟုတ်တာတွေအတွက်) ဝေဖန်တာရော နှစ်ခုစလုံးဟာ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။
မေး။ လက်ရှိ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ အခက်ခဲဆုံး အခြေအနေ ရောက်နေပြီ။ မလွဲမရှောင်သာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြမယ့်အစား နှစ်နိုင်ငံ ပူပေါင်းဆောင်ရွက်နိုင်မယ်လို့ ရှင်က အကောင်းမြင်နေတုန်းပဲလား။
ဖြေ။ ထိပ်တိုက်ရင်ဆိုင်တိုးမိတယ်ဆိုတာ ခေါင်းဆောင်မှုနဲ့ဆိုင်တဲ့ကိစ္စပါ။ တရုတ်‌ရော အမေရိကန်ပါ ပြင်းပြင်းထန်ထန် ထိပ်တိုက်တိုးမိတာတွေ ရှောင်ရှားဖို့အရေးမှာ သိသာအားကောင်းတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ခုလို ကပ်ဆိုက်နေချိန်မှာ အန္တရာယ်ကြီးတာက - ဒီအချိန်မှာ လူတွေဟာ အမျိုးသားရေး ပြင်းပြနေပြီး ခေါင်းဆောင်တွေ အနေနဲ့ ကိုယ့်အမှားအတွက် သူများကို အပြစ်တင်တာမျိုးလုပ်ဖို့ မျက်စိကျစရာ ဖြစ်နေတယ်။ နှစ်ဖက်စလုံးမှာ ခုလိုဖြစ်နေတာ ခင်ဗျားလည်း တွေ့မှာပဲ။ ဒါကြောင့် ခုချိန်ဟာ အန္တရာယ်များတယ်။
မေး။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ ကိုဗစ်မတိုင်ခင်ကတည်းက အထွပ်အထိပ်ရောက်ခဲ့ပြီးပြီလို့ ဆရာ ပြောခဲ့တယ်။ ခုဒီကပ်ရောဂါ ကာလထဲမှာ နောက်ပြန်လျှောကျလာတာ မြင်ရတယ်။ ဒါပေမဲ့ ကမ္ဘာဟာ နောက်ကို အနှစ်ငါးဆယ် လောက်တော့ ပြန်လျှောကျမှာ မဟုတ်ဘူးလို့ ဆရာပြောခဲ့ပြီး ခုဆို ပေါ်ပြူလစ်ဝါဒ၊ ပြည်ပမုန်းတီးရေး၊ အမျိုးသားရေးဝါဒ တွေ ခေါင်းထောင်လာနေပြီ။ ဂလိုဘယ်လိုက်ဇေးရှင်း အနာဂတ်ကို ရှင်ဘာကြောင့် ခုထိ အကောင်းမြင်နေသေးတာလဲ။
ဖြေ။ ကျနော်တို့အာရုံကျတာဟာ ကပ်ရောဂါကနေ ကပ်ရောဂါကြောင့် ဖြစ်လာမယ့် စီးပွားရေးပျက်ကပ်ကို ရွှေ့နေပြီ။ တကယ်လို့ စီးပွားရေးအရ ဖွင့်လှစ်ထားတဲ့ ဂလိုဘယ်ပြဌာန်းချက်တခု မရှိဘူးဆိုရင် လူတိုင်း ယခုထက် ပိုဆင်းရဲသွားကြလိမ့်မယ်။ နိုင်ငံသားတွေကို ကြွေးမွေးဖို့ အစားအသောက် လုံလောက်မှာ မဟုတ်ဘူး။ ကျနော်က ရိက္ခာတခုတည်းကို ဥပမာလုပ်ပြောနေတာ။ နိုင်ငံအများစုဟာ သူတို့လူဦးရေကို ကျွေးမွေးဖို့ လုံလောက်တဲ့ ရိက္ခာ မထုတ်လုပ်နိုင်ဘူး။ နိုင်ငံတကာ ကုန်သွယ်‌ရေးလမ်းကြောင်းမရှိရင် လူတွေဆာလောင်မွတ်သိပ်မှုကြောင့် သေဆုံးကုန်မှာပေါ့။ အဲသလောက် ထင်ရှားတဲ့ သရုပ်မှန်ကန်မှုက ဂလိုဘယ်လိုက်ဇေးရှင်း အတိုင်းအတာတခုထိ လုံးဝ လိုအပ်ကြောင်း လူတွေကို တွန်းအားပေးမှာဖြစ်တယ်။ လူတွေရှင်သန်ဖို့ ဆိုတဲ့ မျှော်လင့်ချက်ကို ထိန်းထားဖို့ ဖြစ်တယ်။
မေး။ ကိုဗစ်ကြောင့် တရုတ်မှာ စုပြုံနေတဲ့ ကုန်ထုပ်လုပ်ရေး ထောက်ပို့လမ်းကြောင်းကို ဖြန့်ကျက်ဖို့ အတင်းအကျပ်ကို တိုက်တွန်းသံတွေ ကြားလာရတယ်။ တရုတ်မှီခိုရမှုနဲ့ ပတ်သက်လို့ ကိုဗစ်အလွန် ကမ္ဘာ့ကုန်သွယ်ရေးဟာ (လက်ရှိပုံစံနဲ့) လုံးဝကွဲပြားနေမယ်လို့ ဆရာထင်သလား။
ဖြေ။ အဲဒါက အခု ရောဂါကပ်မဆိုက်ခင်ကတည်းက စခဲ့တာ။ ကုန်သွယ်စစ်ပွဲကြောင့် ကုမ္ပဏီတွေ အများကြီးဟာ တရုတ်မှာ ထောက်ပို့လမ်းကြောင်းတွေ စုပြုံထားခြင်းကြေင့် သူတို့ရဲ့ အကာအကွယ်မဲ့ အနေအထားကို မြင်လာကြတယ်။ ဗီယက်နမ်တို့ အိန္ဒိယတို့ကို အမြန်‌ရွှေ့ပြောင်းလာကြတယ်။ ဒါဟာ တကယ်တော့ အဆိုးမဟုတ်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်း တောင်ထိပ်ရောက်ချိန် ကမ္ဘာကြီးမောင်းနှင်ပုံဟာ နေရာတိုင်းမှာ အချိတ်အဆက် မိနေပြီး အချိန်ကွက်တိဆိုတဲ့ just-in-time ပုံစံနဲ့ အရမ်းကို အထိမခံဖြစ်လာခဲ့တယ်။ ရှင်းကျင့်မှာ ထုတ်လုပ်လိုက်တဲ့ အစိတ်အပိုင်းကို တိုကျိုမှတဆင့် အမေရိကကို ၂ ရက် ၃ ရက်အတွက် အရောက်ပို့တာအထိ အရှိန်မြန်လာတယ်။ ယခုလို ကပ်ရောဂါဘေး ဆိုက်‌ရောက်တဲ့အခါ စနစ်တခုလုံး ပြိုကျသွားတော့တယ်။
ဒီတော့ ဒီစနစ်တွေရဲ့ ကြံ့ကြံ့ခံနိုင်မှုကို ဦးစားပေးကြည့်ရှုဖို့ ဆိုတာ ဖြစ်လာမယ်။ ရှုပ်ထွေးတဲ့ ထောက်ပို့လမ်းကြောင်းရဲ့ ဆိုးကျိုးတချို့ကို ပိုအလေးထားလာကြလိမ့်မယ်။ ဆိုလိုတာက ထုတ်လုပ်ရေး အချို့ကို အိမ်ပြန်သယ်တာ၊ ဖြန့်ကျက်တည်ဆောက်တာ တွေ ဖြစ်လာမယ်။ တရုတ်က တကယ့် ဧရာမထုတ်လုပ်သူ ဖြစ်တဲ့အတွက် ပြန်ထွက်လာမှာတွေလည်း မနည်းဘူးလို့ ဆိုရမှာပဲ။
မေး။ ကိုဗစ်ကြောင့် လူတွေဟာ ကြီးကျယ်လှတဲ့ မသေချာမရေရာမှုကို ရင်ဆိုင်နေရတယ်။ ကိုဗစ်အလွန်ဟာ ငြိမ်းချမ်းရေး တည်ငြိမ်မှုတွေ ဖြစ်လာမလား၊ ပိုမိုအုံကြွမှုတွေ ဖြစ်လာမလား။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဖက်က ကြည့်ရင် ဒါဟာ အကောင်းလား အဆိုးလား။
ဖြေ။ အကုန်လုံး ခြုံကြည့်ရင် အန္တရာယ်တွေက အခွင့်အလမ်းတွေထက် ပိုကြီး ပိုများတာ အမှန်ပဲ။ အင်စတီကျူးရှင်တွေ ပိုကောင်းလာအောင်လုပ်ဖို့ အခွင့်အလမ်းတွေ ရှိမှာပါ။ လောလောဆယ်မှာတော့ အန္တရာယ်တွေက သည်းထန်နေတယ်။ လူတွေကြောက်လန့်နေမယ် စိးပွားရေးအရ ခြိမ်းခြောက်ခံရမယ်ဆို အနှုတ်သ‌ဘောဆောင်တဲ့ စိတ်ပိုင်းဆိုင်ရာ အကြောက်တရားတွေ အမုန်းတရားတွေ အခြေခံနဲ့ တုန့်ပြန်မှာပဲ။ နိုင်ငံတကာ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် တကယ်ပဲ ပူပန်မိပါတယ်။ ကျနော်တို့ နှစ်ခုစလုံးကို လက်လွှတ်ရနိုင်တယ်။
မေး။ ဒါကျတော့ အဆိုးမြင်လွန်းတယ်။
ဖြေ။ ဟုတ်တယ်။ ဒါပေမဲ့ သရုပ်မှန်တယ်။ အနည်းဆုံး ရေတိုကာလမှာ ဒီလိုပဲရှိမယ်။
မေး။ အမုန်းတရားအကြောင်းပြောရင် တကမ္ဘာလုံးမှာ အများကြီးတွေ့နေရတယ်။ ဥပမာ တရုတ်လူမျိုးပုံပေါက်ရင် ကာယကံ ဝစီကံနဲ့ စော်ကားခံရတာ ရှိလာတယ်။ ဒါတွေဟာ ကပ်ဆိုက်နေတဲ့အချိန် ဖြစ်နေကျ ပုံမှန်လား။
ဖြေ။ ဒါပုံမှန်မဟုတ်ပါဘူး။ လူတွေ ဒါမျိုးဖြစ်ပြီဆို နည်းနိုင်သမျှနည်းအောင် စောင့်ကြည့်သတိထားဖို့လိုမယ်။ အကြောက်တရားမှလာတဲ့ သဘာဝအလျှောက် တုန့်ပြန်မှုလို့ ကျနော်ထင်တယ်။ တယောက်နဲ့တယောက် အကြား ဘယ်လိုနေထိုင်ရမလဲ ကျနော်တို့ လေ့လာရမယ်။ အခြေအနေတွေ ပြန်လမ်းမရှိ ‌ပြောင်းလဲသွားခဲ့ပြီလို့ သဘောပေါက်လာတဲ့အချိန် လူတွေအကြားက ဒီလိုဟာမျိုး တချို့တလေလည်း အရှိန်သေရပ်တန့်သွားမှာပါ။
မေး။ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါဟာ ကမ္ဘာ့ပြဌာန်းချက်ကို လုံးဝ‌ပြောင်းလဲပစ်လိုက်မှာဖြစ်တယ်လို့ ဟင်နရီကစ်ဆင်းဂျားက ရေးတယ်။ ဘယ်လောက်ထိ သဘောတူသလဲ။
ဖြေ။ ကိုဗစ်ဟာ စတင်နေပြီဖြစ်တဲ့ အပြောင်းအလဲတွေကို ပိုမိုလျှင်မြန်စေမှာ ဖြစ်တယ်။ အာရှက ဗိုင်းရပ်ကို ထိန်းချုပ်ရာမှာ အနည်းနဲ့အများ အခြေအနေ ပိုကောင်းတဲ့အတွက် ကမ္ဘာ့စီးပွားရေး ဆွဲအားဟာ ဒီဖက်ကိုပဲ ဆက်လက်ရွေ့မှာပါ။ အမေရိကဟာ ထိပ်သီး ရေနံတင်သွင်းသူဖြစ်ခဲ့တယ်။ ခုရေနံ‌စျေးကွက်ပျက်လို့ ရေနံလုပ်ငန်းတွေ ပြိုလဲ။ ဒီတော့ ကျနော်တို့ အနေနဲ့ အရှေ့အလယ်ပိုင်းကို အရင်လို မှီခိုရမယ်ဆိုတာတွေ မဟုတ်တော့ဘူး။ ဒီတော့ ကမ္ဘာပါဝါခွဲဝေမှုမှာ ကပ်ရောဂါမှ ဖန်တီးလိုက်တဲ့ အကြီးအကျယ် ပြောင်းလဲမှုတွေ ဖြစ်လာမယ်။
မေး။ အမေရိကဟာ နိုင်ငံတကာ အဖွဲ့အစည်းတချို့ကို မထောက်ပံ့တော့ဘူး။ ကမ္ဘာကျန်းမာရေး အဖွဲ့လိုဟာမျိုး - ကမ္ဘာ့ပြဌာန်းချက်တွေ နိုင်ငံတကာ စည်းမျဥ်းတွေကို စောင့်ထိန်းတဲ့ အဖွဲအစည်းတွေကို မထောက်ပံ့တော့ဘူး။
ဖြေ။ ဒါယာယီ တခဏပါ။ ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာရင် အမေရိကန်ပေါ်လစီ ၁၈၀ ဒီဂရီ ပြန်လှည့်ပါလိမ့်မယ်။
မေး။ ဂျိုးဘိုင်ဒင် နိုင်ခြေဘယ်လောက် ရှိသလဲ။
ဖြေ။ ဒီမိုကရက်တစ် အောက်ခြေတန်း ရွေးကောက်ပွဲတွေမှာ သူရလဒ်ကောင်းတယ်။ ဒီမိုကရက်တွေ စိတ်အားတက်ကြွနေတာလည်း သိသာတယ်။ သိတဲ့အတိုင်း ထရမ့်ရဲ့ အကြီးဆုံး အပေါင်းလက္ခဏာ စီးပွားရေးကလည်း အနုတ်ပြနေတော့ သူ ဒီဘက်မှာ အခြေအနေ မကောင်းတော့ဘူး။ လောလောဆယ်မှာ ဘိုင်ဒင်အတွက် အလားအလာကောင်းမယ့် နိမိတ်တွေ အများကြီးရှိနေတယ်လို့ ကျနော်ထင်တယ်။ 
မေးခွန်းများ မေးမြန်းသူ Audrey Jiajia Li သည် တရုတ်အသံလွှင့်ဂျာနယ်လစ်တဦးဖြစ်သည်။ Audrey Jiajia Li is a Chinese broadcast journalist and nonfiction writer. Over the years, she has contributed to the South China Morning Post, the New York Times, and Phoenix TV, among other publications. Previously, she worked as a TV journalist producing and hosting her own award-winning and nationally-televised program. Audrey is also the author of two nonfiction books.

0 comments:

Post a Comment