Saturday, May 23, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၁၂ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၁၂ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
#ပုဂံမင်း(၁၈၄၆ - ၁၈၅၃)
သာယာဝတီမင်းကို ပုဂံမင်းက ဆက်ခံတယ်။ ပုဂံမင်းဟာ အုပ်ချုပ်ရေးသမား မဟုတ်သလို စစ်သားလည်း မဟုတ်ဘူး။ သူ့အကြောင်းကို ချီးမွမ်းပြောဆိုစရာ မရှိသလောက်ပါပဲ။ သူက စည်းစိမ်ယစ်မူးနေပြီး တိုင်းရေးပြည်ရာတွေကို အသုံးမကျတဲ့ သူ့လူယုံတွေနဲ့ လွှဲထားတယ်။ သူ့လူယုံတွေထဲမှာ မောင်ဘိုင်ဆတ်နဲ့ မောင်ပိန်လို့ခေါ်တဲ့ မဟာမေဒင် နှစ်ယောက် တန်ခိုးအထွားဆုံးပါ။ အဲဒီ နန်းတွင်းလူယုံတွေဟာ ဓါးပြဂိုဏ်းတွေကို ကာကွယ်ပေးထားတယ်။ တိုက်ရာပါပစ္စည်းတွေကို ခေါင်းပုံဖြတ်တယ်။ မြန်မာ့ဥပဒေအရ ဒုစရိုက်လုပ်ငန်းတွေကို တရားမဝင်ဘူးလို့ သတ်မှတ်တယ်။ သူဌေးသူကြွယ်တွေရဲ့ ပစ္စည်းကို တရားမဝင်တံဆိပ်ကပ် သိမ်းယူဖို့ သူတို့ကို အပြစ်ရှာပြီး သတ်ဖြတ်ကွပ်မျက်ပါတယ်။ သာယာဝတီမင်းရဲ့ နန်းသက် ကနဦး ၂နှစ်အတွင်း လူ ၅၀၀ လောက် အသတ်ခံရတယ်။
#မင်းတုန်းမင်း(၁၈၅၂ - ၁၈၇၈)
မင်းတုန်းမင်းက သူ့အရင် ဘုရင်တွေနဲ့ လုံးဝခြားနားတယ်။ သူ့သဘာဝက အေးဆေးတယ်။ အသိစိတ် ကျယ်ပြန့် ခိုင်မာတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ သူက သွေးထွက်သံယို အကြမ်းဖက်မှုတွေကို ရှောင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းလေ့ရှိတယ်။မင်းတုန်းမင်းဟာ ရေရှည်ဆက်ဆံကြည့်ရင် အလွန်တရာ နှစ်လိုဖွယ်ရှိသူဖြစ်ကြောင်း သက်သေထူနိုင်သူပါ။ ဒါပေမဲ့ နိုင်ငံခြားဆက်ဆံရေးမှာ သံတမန်မဆန်ဘူး။ သာသနာပြုပုဂ္ဂိုလ် ဒေါက်တာမတ်ကတော့ မင်းတုန်းမင်းဟာ သတိကြီးတဲ့ဘုရင်ပဲလို့ဆိုတယ်။ သူက ဘာသာရေးကိုလည်း သိပ်ပြီး ကိုင်းရှိုင်းတယ်။ တပြိုင်တည်းမှာ ခရစ်ယာန်ဘာသာနဲ့ မဟာမေဒင်တို့လို တခြားဘာသာတွေကိုလည်း လေ့လာခဲ့တယ်။ သူ့နိုင်ငံထဲမှာ အဲဒီဘာသာတွေကိုလည်း သာသနာပြုခွင့် ပေးပါတယ်။
ဒါပေမဲ့ အင်္ဂလိပ် အစိုးရစနစ်နဲ့ ပတ်သက်လို့ သူ့မှာ အံလွဲနေတဲ့ အယူအဆတခုရှိပါတယ်။ မြန်မာပြည်မှာ ဘုန်းကြီးတွေကို ကြည်ညိုကြတယ်။ တချို့ နိုင်ငံရေးကိစ္စတွေမှာ ဘုရင်အပေါ် သြဇာလွှမ်းနိုင်တယ်။ မင်းတုန်းမင်းက အင်္ဂလိပ်ဘုန်းကြီးတွေဟာ သူတို့ ဘုရင်အပေါ် သြဇာရှိလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့်လည်း ပဲခူးနယ် သူ့ကိုပြန်ပေးဖို့ ဝိတိုရိယဘုရင်မကို ဒေါက်တာမတ်က သြဇာသုံးစေချင်တယ်။ ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ပါဘူး။ စည်းမျဉ်းခံဘုရင်စနစ်အောက်က ခေတ်သစ်နိုင်ငံတခုရဲ့ ဖွဲ့စည်းပုံကို မင်းတုန်းမင်း နားမလည်ဘူးလို့ ဖော်ပြလိုက်တာပါပဲ။ 
မင်းတုန်းမင်းကို ၁၈၁၄ ခုနှစ် ဇူလိုင်လ ၅ ရက်က ဖွားတယ်။ သူ့နာမည်က မောင်လွင်ပါ။ သူက မင်းတုန်းမြို့စား ဖြစ်ခဲ့တယ်။ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲမှာ ပုဂံမင်း ရှုံးနိမ့်ပြီးတဲ့နောက် မင်းတုန်းမင်းက ရွှေဘိုကို ထွက်သွားပြီး ပုန်ကန်တယ်။ ပုဂံမင်းက လူကြိုက်နည်းလွန်းတဲ့အတွက် သူအောင်မြင်တယ်။ သူ့ရဲ့ညီတော် မောင်ကောက်နဲ့ ဦးကောင်းတို့က သူ့ကို ကူညီတယ်။ ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ သူ့ရဲ့ ညီတော် မောင်ကောက်ကို အိမ်ရှေ့မင်း ခန့်တယ်။ အိမ်ရှေ့မင်းဆိုတာ ထီးနန်းအမွေ ဆက်ခံရမယ့်သူပဲ။ ရွှေပြည်ဝန်ကြီး ဦးကောင်းကိုလည်း နန်းရင်းဝန်ခန့်ခဲ့တယ်။ အဲဒီဝန်ကြီးကလည်း အုပ်ချုပ်ရေးသမားကောင်း ဖြစ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ တိုင်းရေးပြည်ရာတွေကို စီမံခန့်ခွဲရာမှာ သူ့ကိုကူညီမယ့် လူကောင်းတွေ မင်းတုန်းမင်းမှာ ဝန်းရံနေတယ်။ ထီးနန်းကို အဓမ္မသိမ်းပြီး ဆက်ခံခဲ့တာ ဖြစ်ပေမဲ့ သာမန်ပြည်သူတွေက သူ့ကို ထောက်ခံကြပါတယ်။

0 comments:

Post a Comment