နိုင်ငံရေးဘဝ မှတ်တမ်းတစ်ခုထံက ရရှိချက် (၁)လင်္ကျာဝင်း
မြန်မာနိုင်ငံလူမျိုးတွေ မှတ်တမ်းမှတ်ရာအားနည်းတယ်လို့
ဆရာဇော်ဂျီရေးဖူးတယ်။ ဟုတ်လည်းဟုတ်ပါတယ်။
ဆရာဇော်ဂျီက ဘယ်လိုအပိုင်းတွေအားနည်းတယ်လို့
ထုတ်ဖော်မရေးသားခဲ့ပေမယ့် နိုင်ငံရေးမှတ်တမ်းမှတ်ရာပိုင်းမှာ
ပိုအားနည်းချက်ရှိမယ်ထင်ပါတယ်။ အားနည်းရတဲ့ အကြောင်းကလည်းရှိပါတယ်။
လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ်ဖွားဘက်တော်ဖြစ်ရတဲ့
ဗမာပြည်မှာ သမိုင်းဆိုတာ၊ မှတ်တမ်းမှတ်ရာဆိုတာ
ဖိနှပ်သူအစိုးရအဆက်ဆက် ကပဲ တောက်လျှောက် ရေးသားနိုင်ခဲ့တာဖြစ်ပါတယ်။
ဖိနှိပ်ခံပြည်သူတွေဘက်က သိပ်ရေးနိုင်လှတာမဟုတ်ပါဘူး။
ဖြစ်နိုင်သမျှအားထုတ် မှတ်တမ်းပြုစုနိုင်ခဲ့သော်လည်း
အထွေထွေဖိနှိပ်မှုတွေအောက်မှာ အကြောင်းအမျိုးမျိုးနဲ့
ပျက်စီးကွယ်ပျောက်သွားရတာပဲများပါတယ်။ ဒီအပြင်အချို့အကြောင်းအချက်တွေဟာ
စစ်အစိုးရအဆက်ဆက်အောက်မှာ မှတ်တမ်းအဖြစ်ထားရှိဖို့
မသင့်တာတွေလည်းရှိပြန်တယ်။
ဒီလိုအခြေအနေတွေအောက်မှာ အားနည်းချက်တွေရှိနေတာ
ဆန်းတော့မဆန်းဘူးဆိုရမယ်။
၂၀၁၀ နောက်ပိုင်း စာပေလွတ်လပ်ခွင့် အတန်အသင့်ရှိလာတဲ့
အချိန်မှာတော့ မှောင်ရိပ်ကျခံနေရတဲ့ မှတ်တမ်းမှတ်ရာတွေ
စာအုပ်တွေအတော်များများ အလင်းထဲရောက်လာခဲ့ကြတယ်။ အဲ့ဒီအထဲမှာ
ဆရာခမ်းဝင်းရဲ့ မပြယ်လေသည့်ချည်နှောင်ထုံးဆိုတဲ့ ကိုယ်တိုင်ရေး
အတ္ထုပ္ပတ္တိတစ်အုပ်လည်း ပါတယ်ဆိုရင် မှားမယ်မထင်ပါဘူး။
ဒီစာအုပ်ကို မိုးလုံးမှိုင်းစာပေကနေ ပထမအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်
နိုဝင်ဘာလမှာ ရောင်းစျေးကျပ် ၃၀၀၀ နဲ့ ထုတ်ဝေဖြန့်ချီပါတယ်။ စာမျက်နှာ ၁၇၆
မျက်နှာပါဝင်ပြီး အုပ်ရေက ၅၀၀ ပါ။
ဒီစာအုပ်ထုတ်ဝေတဲ့အချိန်မှာ စာရေးဆရာကွယ်လွန်သွားခဲ့ပါပြီ။
ဆရာခမ်းဝင်းဟာ ၈-၅-၂၀၁၉ မှာ ကွယ်လွန်ကြောင်း စာအုပ်နောက်ကျောဖုံးမှာ
ဖော်ပြထားပါတယ်။ ရှေ့ဖုံးမှာ ဖော်ပြထားတာကတော့ ကိုကိုးကျွန်းပြန်
နိုင်ငံရေးသမားတစ်ယောက်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတဲ့။
ဆရာခမ်းဝင်း (ခ) ဦးတင်အောင် (ခေါင်းဖြူ)ဟာ အရွယ်ရောက်ချိန်ကစလို့
နိုင်ငံရေးကို စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ခဲ့ပြီး သေသည်အထိ
စွဲမြဲသွားခဲ့သူပါ။ ကမ္ဘာကြီးမှာ နိုင်ငံရေး (Politics) လို့ပြောရတာ
အဓိပ္ပါယ်တစ်မျိုးဖြစ်ချင်ဖြစ်မယ်။ ဗမာပြည်မှာ နိုင်ငံရေးလို့
ဆိုလိုက်ရင်တော့ ဆူးငြှောင့်ခလုတ်တွေ ပြွမ်းတီးပြည့်သိပ်နေတဲ့လမ်းလို့ပဲ
အဓိပ္ပါယ်ထွက်ပါတယ်။ ပြည်သူ့ဘက်ကရပ်တဲ့လမ်းပေါ့လေ (ပြည်သူ့ဘက်ကမရပ်တဲ့
နိုင်ငံရေးဆိုရင်တော့ ရွှေပုံငွေပုံဆိုက်တာပေါ့။)
ဆရာခမ်းဝင်းကို ၁၉၄၂ ခုနှစ် ဂျပန်ခေတ်မှာမွေးတယ်။
မွေးကတည်းက စစ်နဲ့တည့်တည့်တိုးတယ်လို့ ဆိုရမယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်နေချိန်ကိုး။
လူလတ်တန်းစား မိဘတွေက မွေးဖွားတာဖြစ်ပြီး ကျောင်းတက်အရွယ်ရောက်တော့
ပဲခူးမြို့အမျိုးသားတန်းမြင့်ကျောင်းမှာ တက်ပါတယ်။
ကျောင်းနေအရွယ်ရောက်ပြန်တော့လည်း ဆရာခမ်းဝင်းရဲ့ ဇာတာဟာ ပြည်တွင်းစစ်နဲ့ယှဉ်နေပြန်တာပါပဲ။
ဒီလိုခေတ်ကာလတွေမှာ ကြီးပြင်းခဲ့ရတဲ့
ဆရာခမ်းဝင်းက သူ့ရဲ့နိုင်ငံရေး ဘဝအဦးအစ အသိအမြင်ရလာပုံကို အခုလိုဖော်ပြပါတယ်။
(ဆရာခမ်းဝင်းက သူ့ကိုယ်သူ ထွန်းသစ် လို့ နာမ်စားသုံးပြီးရေးပါတယ်။)
ထွန်းသစ်တို့ကျောင်းမှာ စာကြည့်တိုက်ရှိတယ်။
အင်္ဂလိပ်ပုံပြင်စာအုပ်လေးများကအစ ဘာသာပြန်ဝတ္ထု၊ မဂ္ဂဇင်းနဲ့
အတန်းကြီးများ ဖတ်စရာ မှတ်စရာ အင်္ဂလိပ်၊ မြန်မာစာပေတွေ စုံလှပါတယ်။
ကျောင်းသားတိုင်း ငှားဖတ်လို့ရတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ သူရဲကောင်းသုံးယောက်
ဘာသာပြန်ဝတ္ထုကိုတော့ အကြိုက်ဆုံးပဲ။ ရုပ်ရှင်လည်းရှိတယ်။
မဂ္ဂဇင်းစာပေတွေကတော့ ပဒေသာ၊ ရှုမဝ၊ ဂျာနယ်အမျိုးမျိုးစတာတွေလည်း ရှိတယ်။
ဒီစာပေများထဲက ထွန်းသစ်အတွေးအခေါ်ကို ကိုင်လှုပ်နှိုးဆွလိုက်တဲ့ စာပေကတော့
ဗန်းမော်တင်အောင် ဦးစီးထုတ်ဝေတဲ့ လင်းယုန်မဂ္ဂဇင်းပါပဲ။
ဆရာခမ်းဝင်းတို့ခေတ်က ကျောင်းစားကြည့်တိုက်တွေ
ကျောင်းတိုင်းလောက်နီးနီး ရှိဟန်တူပါတယ်။ စာသင်ကျောင်းရယ်တို့
တက်ရကတည်းက ကျောင်းစာအပ အပြင်စာကိုပါ တစ်ခါတည်း တွဲဖက်လေ့လာနိုင်ဖို့
အခွင့်အရေးရတယ်။ ကျောင်းစာကြည့်တိုက်တွေဟာ တကယ့်ရတနာသိုက်တွေပဲ။
အပြင်စာကြည့်တိုက်တွေလည်း ဒီသဘောပါပဲ ဒါပေမဲ့ ကျောင်းစာကြည့်တိုက်က
ကျောင်းသားတွေနဲ့ အမြဲထိစပ်နေရလို့ ပိုအကျိုးများနိုင် မယ်ထင်ပါတယ်။
အဲ့ဒီကျောင်းစာကြည့်တိုက်တွေ (အပြင်စာကြည့်တိုက်တွေရော)ဟာ
မဆလခေတ်ထဲမှာ တဖြည်းဖြည်း တဖြုတ်ဖြုတ် ပဲ့ကြွေကုန်ပါတယ်။ ကျွန်တော်တို့
လူလားမြောက်ခဲ့ရာ မဆလခေတ်နှောင်းပိုင်းမှာ လုံးဝမရှိသလောက်ဖြစ်သွားပါပြီ။
မဆလခေတ်ကြီးက ကျောင်းသား၊ ပြည်သူတွေကို စာမဖတ်စေချင်ပါဘူး။
ယုတ်စွအဆုံးစာတောင်မတတ်စေချင်ပါဘူး။ အခုတော့ စာကြည့်တိုက်မရှိတဲ့ခေတ်ကနေ
စာအုပ်အငှားဆိုင်တွေပါ မရှိတဲ့ခေတ်ကိုရောက်သွားပါပြီ။
အစိုးရနဲ့ အသင်းအဖွဲ့အချို့ရဲ့ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတွေနဲ့ စာကြည့်တိုက်များပြန်လည်ရှင်သန်းရေး
ကြိုးပမ်းမှုတွေကိုတွေ့နေရပေမဲ့ သဏ္ဍန်တွေပဲ ကဲနေတာပါ။ အနှစ်မပါလှပါဘူး။
လွတ်လပ်ရေးခေတ် ကျောင်းစာကြည့်တိုက်ကနေ အင်မတန်တန်ဖိုးကြီးတဲ့ ဆရာခမ်းဝင်းလို နိုင်ငံရေးသမားတစ်ယောက်
မွေးထုတ်ပေးနိုင်ခဲ့တယ်။ စာကြည့်တိုက်တွေရှားပါးလွန်းတဲ့ခေတ်တစ်ခေတ်ကရော
ဘာတွေကို မွေးထုတ်ပေးဦးမယ်မသိဘူး။
ဆရာခမ်းဝင်းရဲ့ အတွေးအခေါ်ကို ကိုင်လှုပ်နှိုးဆွလိုက်တဲ့
စာပေကတော့ ဆရာဗန်းမော်တင်အောင်ရဲ့ လင်းယုန်ဂျာနယ်ပါတဲ့။ လင်းယုန်ဟာ
ဆရာခမ်းဝင်းရဲ့ နိုင်ငံရေးလမ်းပြကြယ်ဖြစ်ခဲ့တယ်။ ဆရာဗန်းမော်တင်အောင်ရဲ့
စာတွေဖတ်ပြီး နိုင်ငံရေးသမားဖြစ်လာတာပါလို့
ဆိုကြသူတွေ အထဲမှာ ဆရာခမ်းဝင်းလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
ဆရာခမ်းဝင်းက ကျောင်းသားသမဂ္ဂမှာ နိုင်ငံရေးစလုပ်တယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာပေါ့။
ဆရာခမ်းဝင်းက သူရဲ့ ဗကသ အလှူလက်ခံငွေနဲ့
ပတ်သက်တဲ့အတွေ့အကြုံတစ်ခုကို အခုလိုရေးသားပညာပေးထားတာဖတ်ရတယ်။
(၁၉၅၈-၅၉ လောက်ကဖြစ်တဲ့ တန်းခွဲ၊ တန်းချ ကျောင်းသားလှုပ်ရှားမှုအပေါ်
အခြေခံပြီးရေးထားတာပါ။)
ဒီလှုပ်ရှားမှုအတွက် အစည်းအဝေးကျင်းပဖို့နေရာကို
မြို့တော်ခန်းမမှာလုပ်ဖို့ စီစဉ်တယ်။ လိုအပ်တဲ့ရန်ပုံငွေကို ကျောင်းသားနဲ့ပြည်သူတွေဆီမှာ
အလှူခံတယ်။ ဒီကိစ္စလှုပ်ရှားမှုမှာ
ထွန်းသစ်ပညာရလိုက်တာတစ်ခုရှိပါတယ်။ ဒီတိုက်ပွဲအောင်မြင်ရေးအတွက်
ရန်ကုန်မြို့ အမျိုးသမီး ဆရာမကြီးများ ဦးစီးတဲ့ကျောင်းတစ်ကျောင်းကငွေတွေ
အစုလိုက် အပုံလိုက်ပေးမယ်။ အောင်မြင်အောင်လုပ်ဖို့ ကမ်းလှမ်းလာတယ်။
ဒါနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးကိုတင်ထွန်း
(တောတွင်းကျဆုံးသွားတဲ့ ရဲဘော်မြမောင်)က အခုလိုစုလိုက်
အပြုံးလိုက်ပေးတာ လက်ခံလို့မရဘူး။ လူထုငွေ၊ ကျောင်းသားထုငွေများ
စုပေါင်းပေးတာသာလက်ခံရပါတယ်ဆိုပြီး ငြင်းပယ်လိုက်ပါတယ် ”
လှူသူက သဒ္ဓါရှိလို့ အစုလိုက် အပြုံလိုက် လှူရင်တောင် ဗကသရဲ့
သဘောက လက်ခံလို့မရပါဘူးတဲ့။ ပညာအများကြီးရပါတယ်။
ဆရာခမ်းဝင်းက ၁၉၆၂ ခုနှစ် အာဏာမသိမ်းမီ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကိုလည်း
ဖြတ်သန်းခဲ့ရသူပါ။ သူအသိအမြင်ကို အခုလိုတင်ပြထားပါတယ်။
ဖဆပလအစိုးရရဲ့ အာဘော်က သူပုန်တွေ
လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ဥပဒေဘောင်တွင်းဝင်ခဲ့၊ တရားဝင်ပါတီအဖြစ်
ရပ်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ ဝိဓူရ သခင်ချစ်မောင်တို့ ဦးသိန်းဖေမြင့်တို့က
ပြည်တွင်းစစ်ရဲ့အစဟာ ဖဆပလ အစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီကို မတရားသင်း
ကြေညာခဲ့ရာမှစတင်ခဲ့ခြင်းဖြစ်တယ်။ ဒါဟာ ဒီမိုကရေစီအခွင့်အရေး
ရုပ်သိမ်းခံရတာဖြစ်လို့ ဒီမိုကရေစီအခွင့်အရေးပေးရင် ဥပဒေအတွင်းမှာ
ရပ်တည်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးကို စွန့်သင့်တယ်လို့ ယူဆပါတယ်။ ဒါဟာ ဖဆပလ
အစိုးရနဲ့ အတူတူပဲဖြစ်ပါတယ်။ တောတွင်းလက်နက်ကိုင်အင်အားစုတွေက
ပြည်တွင်းစစ်ပြဿနာဟာ နိုင်ငံရေးကွဲလွဲချက်များအပေါ် အခြေခံရာမှ ဒီမိုကရေစီရေး အကျပ်အတည်းဖြစ်ပြီး
ပြည်တွင်းစစ်အသွင်ဆောင်သွားတာဖြစ်တယ်လို့ ယူဆပါတယ်။
ပြည်တွင်းစစ်ရဲ့အစကို အကြမ်းဖျဉ်းကျွန်တော်နားလည်မှုက ဒီမိုကရေစီကင်းမဲ့ရာကစတယ်လို့
ထင်ခဲ့တာပါ။ ဒါဟာ မှားသလားဆိုတော့မမှားပါဘူး။ ဒါပေမဲ့
အဲ့ဒီထက်ရှေ့ကျတဲ့ အကြောင်းတစ်ရပ်ရှိသေးတယ်ဆိုတာ ဒီစာဖတ်အပြီးမှာ ပိုမိုနားလည်သဘောပေါက်ခဲ့ရပါတယ်။
နိုင်ငံရေးကွဲလွဲချက်တွေအပေါ် အခြေခံရာမှ ဒီမိုကရေစီအကျပ်အတည်းဖြစ်တာတဲ့။
ဖဆပလက ဗြုန်းစားကြီး ဗကပရဲ့ ဒီမိုကရေစီ အခွင့်အရေးကို
ရုပ်သိမ်းလိုက်တာမှမဟုတ်ပဲ။ နိုင်ငံရေးကွဲလွဲမှုအကြောင်း တရားတွေက အများကြီး။
အချိန်အကြာကြီးယူပြီး ပျိုးနေခဲ့တာပါ။ လွတ်လပ်ရေးမရခင်ကတည်းကိုက ဖဆပလက ဗကပ ကို
အဖွဲ့ချုပ်ထဲက ထုတ်ပစ်ခဲ့တာမို့လား။ ဒီအပြင် ၁၉၆၀ ဝန်းကျင်ကာလဆိုတာ စစ်တပ်က အိမ်စောင့်အစိုးရအဖြစ်
တိုင်းပြည်ကို နှစ်နှစ်လောက်အုပ်ချုပ်ပြီးနေပြီ၊ အာဏာရဲ့သဘောကိုသိပြီး
အတော်လက်စောင်းထက်နေပြီ၊ ရွေးကောက်ပွဲနိုင်ဖို့ ဦးကျော်ငြိမ်း၊
ဦးဗဆွေတို့ရဲ့ တည်မြဲဖဆပလကတောင် အားကိုးရတဲ့ အဆင့်ဖြစ်နေပြီ။
ဆိုလိုတာက အဲ့ဒီအချိန်မှာ စစ်တပ်သြဇာတက်ပြီး ဒီမိုကရေစီသြဇာပျက်စပြုနေပြီ၊
ဒီမိုကရေစီအခွင့်အရေး ဘယ်လိုပြန်ပေးမယ်ပြောပြော စစ်သြဇာ
အတော်ထက်နေတဲ့အောက်မှာ ဘာမှ စိတ်ချစရာမရှိပါဘူး။
၁၉၆၂ ခုနှစ်မှာ တစ်ခါတည်း အာဏာသိမ်းပြလိုက်တာ သမိုင်းသက်သေပါပဲ။
ဒါကတော့ ဆန့်ထွက်တွေးမိသမျှကို ထပ်လောင်းတင်ပြလိုက်တာပါ။
ဆရာခမ်းဝင်းက ကဗျာမရေးပေမဲ့ ကဗျာဆရာတွေနဲ့
တရင်းတနှီးပေါင်းဟန်ရှိတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းတော့
ဆရာခမ်းဝင်း ပျဉ်းမနားကကဗျာဆရာ မောင်သင်းခိုင်အိမ်မှာ ရောက်နေတယ်။ ၁၉၆၅
ခုနှစ်မှာ ဆရာခမ်းဝင်း ပထမအကြိမ် အဖမ်းခံရတော့
ကဗျာဆရာညွန့်သစ်နဲ့ဖြစ်တယ်။ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရ.က.သ)မှာ ကဗျာဆရာအောင်ချိမ့်နဲ့အတူ
တာဝန်ထမ်းဆောင်ဖူးပြီး အင်းစိန်ထောင်မှာလည်း အတူနေရဖူးတယ်။
ဆရာခမ်းဝင်း ကျွန်းကပြန်ရောက်တော့လည်း ကဗျာဆရာမောင်လေးအောင်နဲ့ တွဲလိုက်သေးတယ်
(ဒါက ဆရာခမ်းဝင်းနှုတ်နဲ့ ပြောပြခဲ့တာပါ။)
၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဆရာခမ်းဝင်း ကဗျာဆရာညွန့်သစ်နဲ့အတူ ရန်ကုန်မြေနီကုန်းမှာ
အဖမ်းခံရပါတယ်။ ဆရာခမ်းဝင်းက သူစတင်ရင်ဆိုင်ရတဲ့ အင်းစိန်ထောင်
အခြေအနေကို အောက်ပါအတိုင်းဖော်ပြတယ်။
အထိန်းအသိမ်းခံဖြစ်တော့ ထောင်ဝင်စာမရှိဘူး။ တစ်လတစ်ကြိမ် စာဆက်သွယ်ခွင့်တော့ရတယ်။
ငွေလည်း အိမ်မှပို့ခွင့်ရတယ်။ မနက်စာ လက်ဖက်ရည် ၊ နံနက်ထမင်းစားချိန်မှာ
ကုလားပဲဟင်းနဲ့ ငါးငပိရတယ်။ နေ့လယ် လက်ဖက်ရည် ကော်ဖီရတယ်။ ညနေစာ
ဆိတ်၊ ကြက်၊ ဝက်၊ အမဲ၊ငါး နေ့စဉ်တစ်လှည့်စီရတယ်။ ဆေးလိပ်ရတယ်။
ဆေးလိပ်မသောက်သူ မုန့်ရတယ်။ စျေးယ်ခွင့်ရတယ်။ သတင်းစာနေ့စဉ်ရတယ်။
မဂ္ဂဇင်း စာအုပ်တွေဝယ်ဖတ်ခွင့်ရတယ်။ အိမ်ကစာအုပ်တွေလည်းရတယ်။
မဆလခေတ်ဦး ထောင်အခြေအနေက မဆိုးလှဘူးဆိုရမယ်။
ဒါပေမဲ့ ခဏပါပဲ။ စစ်အာဏာရှင် သရုပ်သကန်က ကြောင်ကြာကြာရေမငုပ်နိုင်ပါဘူး။
နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသားတွေကိုချည်း သီးသန့်ဖိနှိပ်
အကြမ်းဖတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်ပြီး
ကိုကိုးကျွန်းပို့ပစ်တဲ့အထိဖြစ်လာပါတယ်။ နိုင်/ကျဉ်း တွေရဲ့
ဆိုရှယ်လစ်ရေး ဒီမိုကရေစီရေး ယုံကြည်မှုတွေကို စစ်အာဏာရှင်စနစ်ရဲ့
ဒေါက်တိုင် ထောင်ဝါဒါတွေက ရက်စက်ကြမ်းကြုတ်စွာ အရေခွံချွတ်ခွာဖို့
ကြိုးစားခဲ့ကြပေမဲ့ ရာနှုန်းပြည့်တော့ မအောင်မြင်ခဲ့ကြပါဘူး။
ဆက်လက်ဖော်ပြပါမည်။
လင်္ကျာဝင်း
လင်္ကျာဝင်း
0 comments:
Post a Comment