Friday, May 1, 2020

"အတိုင်ပင်ခံရဲ့သဘောထားအမှန်" (ဝေစည်)

0 comments
"အတိုင်ပင်ခံရဲ့သဘောထားအမှန်" (ဝေစည်)
ပြီးခဲ့တဲ့နှစ်လလောက်ကစစ်တပ်သတင်းစာရှင်းပွဲတခုမှာNewsWatchဂျာနယ်သတင်းထောက်က AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာသင့်ကြောင်း၊ ကြေညာပြီးအပြတ်ချေမှုန်းရမှာဖြစ်ကြောင်းနဲ့ မကြေညာခြင်းဟာအစိုးရရဲ့ပျော့ညံ့မှုဖြစ်ကြောင်းစတာတွေကိုဗိုလ်ဇော်မင်းထွန်းကိုယ်စားပြောပေးသလိုကိုပြောသွားခဲ့ပါတယ်။ (NewsWatchဂျာနယ်ကတော့ အဲ့ဒီကိစ္စဟာသူ့ဂျာနယ်အာဘော်မဟုတ်ကြောင်းရှင်းလင်းပြီးအဲဒီသတင်းထောက်ကိုဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်) 
မတ်လ (၁၃) ရက်နေ့မှာတော့ အဲဒီသတင်းထောက်ဆန္ဒပြည့်ပါပြီ။ NLD ပြည်သူ့အစိုးရဆိုတာကြီးက AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာလိုက်ပါတယ်။ အမှန်တော့ ဒီမတိုင်ခင်ကလည်း (အကြမ်းဖက်အဖွဲ့သာမကြေညာသေးတာ) AAနဲ့ရခိုင်လူထုကိုအစိုးရနဲ့စစ်တပ်ကတဖက်သတ်အကြမ်းဖက်နေခဲ့တာပါပဲ။ နိုင်ငံတော်၏အတိုင်ပင်ခံကြီးကလည်း AA ကိုချေမှုန်းဖို့အမိန့်ပေးခဲ့သလို ပြည်သူ့သမ္မတကြီးကလည်းလေယာဉ်ပျံသုံးခွင့်ပေးခဲ့ပြီးသားဖြစ်ပါတယ်။ 
AA က အကြမ်းဖက်အဖွဲ့ကြီးရယ်လို့ ဖြစ်သွားတော့ AA နဲ့ ဆက်သွယ်မေးမြန်းတဲ့ မီဒီယာတွေမှန်သမျှ အကြမ်းဖက်အားပေးသူတွေ ဖြစ်ကုန်ပါတယ်။ Voice of Myanmar (VOM) နေရဥ္စရာနဲ့ ရန်ကုန်ခေတ်သစ်မီဒီယာတွေကိုရှာဖွေဖမ်းဆီးတရားစွဲတာတွေလုပ်ပါတယ်။ VOM အယ်ဒီတာချုပ်ကိုတော့ နောက်ပိုင်းမှာ ပြန်လွတ်ပေးခဲ့ပါတယ်။ ရခိုင်ကိုအင်တာနက်လိုင်းတွေလည်းဆက်လက်ပိတ်ထားဆဲပါ။ သတင်းမှောင်ချပြီးထင်တိုင်းကျဲပါတော့တယ်။ 
ဗမာပြည်ကို COVID-19 ရောက်လာတော့ ပြည်သူတွေအာရုံစိုက်မှုကအဲဒီဖက်များသွားတယ်။ ဒီမှာတင် စစ်တပ်ကရခိုင်မှာပွဲဖိကြမ်းတော့တာပဲ။ ပုဏ္ဍားကျွန်းမြို့နယ်ကကျောက်ဆိပ်ရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်တယ်။ ရွာသား၂ ဦးသေပြီးရှစ်ဦးထက်မနည်းဒဏ်ရာရတယ်။ စစ်တပ်ကပစ်လို့ ပစ်ပါတယ်ပြောတဲ့ ရွာသားတွေကို (အချိန်နည်းနည်းစောင့်ပြီး) AA နဲ့ ဆက်စပ်မှုရှိတယ်စွပ်စွဲပြီးတပ်ကဖမ်းပြန်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃၉ ယောက်တောင်ပါ။ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ “ကျနော်တို့နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး။ ဒီလူတွေကဒေသခံအပြစ်မဲ့ပြည်သူတွေပဲဖြစ်တယ်။ အခုဖမ်းဆီးခံရတဲ့ ၃၉ ယောက်ကလွန်ခဲ့တဲ့ ဧပြီ(၁၃) ရက်နေ့တုန်းကပုဏ္ဍားကျွန်းအခြေစိုက် ခမရ (၅၅၀) ကနေပြီးတော့မှ လက်နက်ကြီးနဲ့ပစ်တာကိုရွာသားတွေကနေပြီးတော့မှ မီဒီယာကိုပြောတာရှိတယ်။ အဲဒါကြောင့်မို့လို့ သူတို့ကအဲဒီလိုလာရောက်ဖမ်းဆီးတယ်လို့ သိရတယ်”လို့ ဆိုပါတယ်။ အဲဒီနောက်တရက်နှစ်ရက်မှာအမ်းဘက်မှာလည်းဒါမျိုးထပ်ပစ်တယ်။ ရွာသားတယောက်သေ၊ တယောက်ဒဏ်ရာရတယ်။ 
အခု WHO ကားကိုပစ်ချလိုက်ပြန်ပြီ။ ဘာကြောင့်တပ်ကပစ်တယ်လို့ ရေးရသလဲဆိုတဲ့ အထောက်အထားကိုမေးရင် WHO က အစောပိုင်းတင်ပြီး ပြန်ဖြုတ်ချသွားခဲ့တဲ့ Post သာကြည့်လိုက်ပါ။ ဆင်သေကို လက်ဝါးနဲ့ကာလို့မရပါဘူး။ ဒီဖြစ်ရပ်ပြီးတာနဲ့ နှုတ်ဆိတ်နေတာကြာပြီဖြစ်တဲ့ ဦးဖေမြင့်နဲ့ ဦးအောင်လှထွန်းတို့ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့အသံလွင့်ပျံလာပါတယ်။ AA ပစ်တာတဲ့။ တန်းပြီးထုတ်ပြန်လိုက်တယ်။ အရပ်သားအရပ်ကားကိုပစ်တာမှန်သမျှ AA၊ စစ်တပ်ပစ်လို့သေတဲ့အရပ်သားဆိုလည်းAA၊ AAဟာလွတ်လမ်းမရှိဘူး။ 
နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိဘူးဆိုကြတယ်။ နောက်နေ့မှာအတိုင်ပင်ခံရုံးကစာထွက်လာတယ်။ လူသတ်၊ မုဒိမ်း၊ ဓါးပြတပ်မတော်ကြီးကိုအသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါသတဲ့။ ဒေါ်အောင်ဆန်းစုကြည်ဟာသူ့စည်းကိုသူအပြီးဆွဲခဲ့ပါပြီ။ အကျယ်မချဲ့လိုတော့ပါ။ 
ဒေါ်စုမှာဟိုအရင်ကတည်းကစစ်တပ်လိုလားတဲ့အတွေးအခေါ်ရှိပြီးသားပါ။ ဖေဖေ့တပ်မတော်ချင်းထပ်နေအောင်ပြောတာဒါကိုဖော်ပြနေတာပါ။ စစ်တပ်ကအပြည့်အဝလက်မခံလို့သာ သူမချင့်မရဲဖြစ်နေရရှာတာပါ။ ဒါတွေကအပ်ကြောင်းထပ်နေပါပြီ။ မပြောတော့ပါဘူး။ နည်းနည်းလောက်နောက်ကြောင်းပြန်ပါရစေ။ 
၂၀၀၈ ခြေ/ဥ တရားဝင်ထွက်လာပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ပြည်သူ့အာဏာဂျာနယ်မှာထင်ပါတယ်။ ၂၀၀၈ ခြေ/ဥအောက်ကတက်လာသောမည်သည့်အစိုးရကိုမျှ အသိအမှတ်မပြုဆိုတဲ့ အဆိုတရပ်တွေ့လိုက်မိပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ ၂၀၀၈ အောက်မှာတိုင်းပြည်အကျိုးအတွက် ဘာဆိုဘာမှ လုပ်လို့မှမရတာ။စစ်ကျွန်ဥပဒေပဲ။ ၂၀၀၈ အောက်မှာဘာအစိုးရပဲတက်တက် စစ်ကျွန်ပဲဖြစ်မှာ။ (အခုလက်တွေ့သက်သေပဲ) 
၂၀၁၀ ရွေးကောက်ပွဲ NLD သပိတ်မှောက်တယ်။ ၂၀၁၂ ကြားဖြတ်ကျတမျိုးပြောင်းတယ်။ သူ့ကိစ္စနဲ့သူပေါ့လေ။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ကိုယ်အကျိုးကိုခေါ်ဆောင်ပေးနိုင်မယ့် ပါတီများရှိရင်မဲပေးချင်ပေးကြပါလို့ ဘေးကနေပြောတဲ့ ရေးတဲ့သူတွေရှိလာတယ်။ (၂၀၀၈ အောက်တော့ ၂၀၀၈ အောက်ပေါ့။ စစ်ကျွန်ရုပ်မပေါက်တပေါက်လောက် ဖြစ်မယ်ဆိုရင် မဲထည့်ချင်ထည့်လို့ ပြောတာပဲ)
၂၀၁၅ မှာ NLD မဲအပြတ်နိုင်ပြီးအစိုးရဖွဲ့တယ်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တယ်။ စစ်တပ်နဲ့ကြံ့ဖွံ့ပေါင်းပြီး NLD ကိုဒုက္ခပေးတယ်တို့ အစိုးရနှစ်ရပ်ရှိတဲ့ဗမာပြည်တို့ အစရှိတဲ့ အတွေးအခေါ်တွေပေါ်လာတယ်။ NLDနဲ့ ဒေါ်စုကလုပ်ချင်ပါလျှက် စစ်တပ်နဲ့ကြံ့ဖွံ့ကခြေတိုနေလို့ပါဆိုတာမျိုးနဲ့ လူထုကိုလှည့်စားခဲ့ကြတယ်။ ပြီးခဲ့တဲ့ လွှတ်တော်မှာစစ်တပ်နဲ့ NLD ခြေ/ဥပြင်ရေးနဲ့ပတ်သက်ပြီးအပျော်တမ်းကြက်ဖခွပ်ကြရာမှာNLD ရှုံးနေတာကို နိုင်နေတယ်ထင်ပြိးငါတို့ကြက်ဖနိုင်နိုင်လို့ ဝမ်းသာအားရ ဝင်အော်ကြသူတွေကလည်းရှိသေးတယ်။ လွှတ်တော်ထဲစစ်တပ်ကိုနှုတ်လှန်ထိုးလို့ရတာလောက်ကိုပဲမဟာအောင်ပွဲကြီးလုပ်သူကလုပ်တယ်။ 
COVID 19 ကပ်ဘေးကြီးဆိုက်ပြန်တော့လည်း NLD ကိုစစ်တပ်ကအကျပ်အတည်းတွေ့အောင် လုပ်နေတယ်ဆိုတဲ့ အတွေးအခေါ်တချို့ကို မြင်နေရတုန်းပါ။ (သူများကိုမပြောပါဘူး၊ကိုယ့်လူတွေကိုပြောတာပါ)
အခုအတိုင်ပင်ခံကြီးရဲ့ကြေညာချက်ကိုဖတ်ပြီးရင်တော့ဖြင့် နေရောင်လာလို့ အမှောင်ပျောက်သလိုအတွေးအခေါ်ဟောင်းတွေလည်းပျောက်လောက်ပြီလို့ ယူဆပါတယ်။ အတိုင်ပင်ခံကြီးကိုဘယ်သူကမှ ဒုက္ခမပေး၊ အကျပ်မကိုင်ပါဘူး။ သူ့သဘောသူဆောင်တာပါ။ သူ့လူတန်စားအတွေးအခေါ်ကိုအမြင့်မားဆုံးဖော်ပြလိုက်တာသာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမျှော်ကြီးမျှော်နေသူတွေ ကိုယ်ရှိန်သတ်ဖို့ တော်ပါပြီ။ 
ဒီဒေါ်စုမျှော်အတွေးအခေါ်ရဲ့ ရင်းမြစ်ဟာ ၂၀၀၈ ခြေ/ဥမျှော်အတွေးအခေါ်ပါပဲ။ ၂၀၀၈ ခြေ/ဥ ဆိုတာသူ့အတိုင်းမစွံပေမဲ့အဲဒီအောက် ဒေါ်စုရောက်သွားရင် တမျိုးမစွံတမျိုးစွံမှာပဲလို့ ထင်နေတာမျိုးပါ။ တကယ်တော့ ၂၀၀၈ အောက် ဘုရားသခင်ဝင်ရင်တောင်ရှေ့က စစ်ကျွန်ဆိုတဲ့ဘွဲ့ထူးတမျိုးတိုးသွားရုံပဲရှိမှာပါ။ တိုင်းပြည်ကောင်းကျိုးဘာမှ သယ်ပိုးနိုင်မှာမဟုတ်ပါဘူး။
ဒီလိုအခြေအနေတွေကြားကမှ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာကိုယ့်အကျိုးသယ်ပိုးနိုင်မယ်ထင်တဲ့ ပါတီကိုမဲပေးပါတို့၊မဲသွားမပေးရင် စစ်အာဏာရှင်တွေ အကြိုက်ဖြစ်သွားလိမ့်မယ်တို့၊စစ်တပ်ဟာတဖြေးဖြေးဆုတ်ခွာနေပြီတို့ စသဖြင့် လုပ်နေကြဦးမယ်ဆိုဗမာပြည်ဟာစစ်ကျွန်သက်ရှည်သထက် ရှည်ဦးမှာဖြစ်ပါတယ်။ 
(ဝေစည်)
၂၅.၄.၂၀၂၀

0 comments:

Post a Comment