Monday, May 11, 2020

ဦးလေးဦးတင်အောင် (လကျ်ာဝင်း)

0 comments
ဦးလေးဦးတင်အောင် (လကျ်ာဝင်း)
အပိုင်း(၁)
“သီးကိုစား၍
ပင်ကိုမေ့သော်
အစေ့ဟားတိုက်ရယ်သတည်း”။
ဒီကဗျာတိုလေးကို ဦးလေးမကြာခဏရွတ်ပြလေ့ရှိတယ်။ ရန်ကုန်တက္ကသိုလ် နံရံတစ်ခုမှာ တွေ့ဖူးခဲ့တာတဲ့ ၊ ရေးသူအမည်လည်းမသိဘူးတဲ့၊ ကဗျာကိုတော့ အတော်ကြိုက်ကြောင်းပြောတယ်၊ စွဲနေဟန်လည်းရှိတယ်။ သူဘဝနဲ့ထပ်တူကျနေလို့များလားမသိဘူး။
ကျနော်ဆီဖုန်းဝင်လာတော့ မနက် ၈နာရီခွဲလောက်ရှိနေပါပြီ၊ ပွဲတစ်ပွဲက သူ့ကို ကျနော်က တဆင့် ဖိတ်ထားခြင်း ရှိ၊မရှိ လှမ်းမေးတာ၊ ကျနော်က ဖိတ်မထားကြောင်း ပြန်ဖြေလိုက်တယ်၊ ခဏနေရင် ကျနော်ဦးလေးဆီ ထွက်လာခဲ့မယ်လို့လည်း ပြောလိုက်တယ်၊ အမှန်က ညကတည်းက ချိန်းထားပြီးသားပါ၊ လွဲမှာစိုးလို့ထပ်ပြောလိုက်တာ၊ ဟုတ်ကဲ့ တဲ့။
ကျနော်အိမ်ကထွက်တယ်၊ မြောက်ဥက္ကလာအဝိုင်းထိပ်ရောက်တော့ ဦးလေးဆီ ကျနော် ဖုန်းထပ်ဆက်တယ်၊ ရောက်ခါနီးကြောင်းပြောဖို့ပါ၊ ဒါပေမဲ့ ဖုန်းကိုင်သူက ဦးလေးမဟုတ်ဘူး အခြားတစ် ယောက်…၊ ဦးတင်အောင် စိတ်တိုင်းကျရှေ့က လိုင်စင်ရုံးမှတ်တိုင်မှာ မူးလဲလို့ အဲ့ဒီနားကဆေးခန်းမှာ ရောက်နေတာတဲ့၊ အဲ့ဒါနဲ့ ကျနော်လည်း နီးရာမှတ်တိုင်မှာ ကမန်းကတန်းဆင်းပြီး လိုင်စင်ရုံးဘက် ပြန်လှည့်ပါတယ်။
ကျနော်လမ်းမှာရှိစဉ်ပဲ မိတ်ဆွေတွေဆီက ဖုန်းတွေတောက်လျောက်ဝင်ပါတယ်၊ သင်္ကန်းကျွန်းစံပြ ဆေးရုံပို့လိုက်ပြီ.. သတိပြန်လည်မလာဘူး… ဆုံးပြီ………..။
ကျနော် ဦးလေးကို အသက်မမီခဲ့ပါဘူး။
စံပြဆေးရုံကို ကျနော်ရောက်သွားတော့ အရေးပေါ်ဝင်ပေါက်က ဆေးရုံသုံး တွန်းလှည်းလေးပေါ်မှာ ဦးလေးကို မြင်ရပါတယ်။ ဆိုင်သူတွေရော မဆိုင်သူတွေပါ အနားမှာဝိုင်းအုံလို့၊ ကျနော်ဘာမှ မပြောနိုင်ပါဘူး၊ ဖြစ်ရလေဦးလေးရယ်…….။
ချိန်းဆိုထားရင် အင်မတန်တိကျသေချာတဲ့ ဦးတင်အောင်ဟာ ကျနော်နဲ့ချိန်းထားပါလျှက် ဖျက်သိမ်း ခြင်းလည်း မပြုပါဘဲလျှက် အဲ့ဒီပွဲကို ထွက်ခွာသွားခဲ့ပါတယ်။
ငြိမ်းအေးရာကို ထွက်ခွာသွားခဲ့ပါတယ်။
ပွဲကို မရောက်လိုက်ပေမယ့် ငြိမ်းအေးရာကို ရောက်သွားမှာတော့ အသေအချာပါ၊ ကျနော်တို့ကို ထားသွားခဲ့ပါတယ်။
အဲဒီနေ့ဟာ ၂၀၁၉ ခုနှစ် ၊ မေလ ၈ ရက်နေ့ပါ။
အပိုင်း(၂)
ဦးလေးဘဝက ရိုးရှင်းပါတယ် ။လူကလည်း ရိုးရိုးရှင်းရှင်းပါပဲ၊ နှစ်လိုဖွယ် အပြုံးတစ်ခုကို နှုတ်ခမ်းမှာ အမြဲ ချိတ်ထားတတ်သူလည်း ဖြစ်ပါတယ်၊ တမင်တကာ အပြုံးတုကြီး ဖန်တီးထားတာမျိုးမဟုတ်ပါဘူး၊ လှိုက်လှဲတဲ့ အပြုံးဆိုတာမြင်တာနဲ့သိသာပါတယ်။
ငွေကြေးပြေလည်တဲ့ မိဘက ပေါက်ဖွားခဲ့ပေမယ့် ဘဝတသက်တာလုံး ဆင်းရဲသားတွေ အကျိုး သယ်ပိုးထမ်းဆောင်သွားခဲ့တယ်၊ ဒါကိုလည်း ဂုဏ်ယူဝင့်ကြွားစရာလို့ တခါမှ မမှတ်ယူခဲ့သူ ဖြစ်တယ်၊ လူဆိုတာ စင်္ကြာဝဠာထဲမှာ အမှုန်လေးတစ်မှုန်စာတောင် မရှိပါဘူး၊ ဘာမှလည်း မဟုတ်ပါဘူး၊ နေတဲ့အခိုက်၊ စားတဲ့အခိုက်မှာ လောက သာယာရေးအတွက် တပိုင်တနိုင်လုပ်နိုင်သမျှ လုပ်ကြတာပေါ့ဗျာ လို့ ဦးလေးပြောဖူးပါတယ်။
ဦးလေးအိမ်ထောင်ပြုတော့ ဒေါ်ဒေါ်(ဒေါ်သောင်းရီ) ကို ပြောသတဲ့၊ သူ ဆေးလိပ်လည်း မသောက်ဘူး၊ ကွမ်းလည်း မစားဘူး၊ အရက်လည်း မသောက်ဘူး၊ လောင်းကစားလည်း မလုပ်ဘူး၊ မိန်းမလည်း မလိုက်စားဘူး၊ နိုင်ငံရေးတော့ ပေးလုပ်ပါတဲ့။ ဒေါ်ဒေါ်က လုပ်ချင်လုပ်ပါ လို့ ပေါ့ပေါ့ပါးပါးပဲ ခွင့်ပြုခဲ့တယ်။ အဲဒီတုန်းကတော့ ကျမလည်း နိုင်ငံရေးဆိုတာကို အခုလောက်ကြီး ဒုက္ခရောက် မယ့်အရာလို့ မထင်ခဲ့ဘူးလေ။ ကိုယ်သေချာ မသိတာလည်း ပါတာပေါ့၊ နို့မို့ဆို အရက်သောက်ချင် သောက်၊ လောင်းကစားလုပ်ချင်လုပ်၊ နိုင်ငံရေးတော့ မလုပ်နဲ့ဆိုပြီး ပြောမှာပေါ့ လို့ ဒေါ်ဒေါ်က ရယ် ရယ်မောမော ကျနော့်ကို ပြောပြဖူးပါတယ်။ 
ဦးတင်အောင် အကြောင်းကို ပြောရင် သူ့ရဲ့ လောကဓံအဖော် ဒေါ်သောင်းရီအကြောင်းကို လည်း တတွဲတည်း ဖော်ကျူးရမှာပါ။ ရှစ်လေးလုံး အရေးတော်ပုံအပြီး အဖမ်းခံရတော့ စစ်အစိုးရက လမ်းသစ်အိမ်ယာက မောင်းချတယ်။ ကလေးတွေကျောင်းတက်ရင်း တန်းလန်းမို့ အနားက ရပ်ကွက် ထဲ ငှားနေဖို့လုပ်တော့ ထောက်လှမ်းရေးက ရ.၀.တ ကို ဧည့်စာရင်း မပေးခိုင်းဘူး၊ သူပုန်သားသမီး၊ စာသင်ဖို့ မလိုဘူးလို့လည်း ပြောသေးသတဲ့၊ ကလေးတွေနဲ့ ဒေါ်သောင်းရီ အတော် ဒုက္ခ ရောက်ခဲ့ ပါတယ်။ နောက် မြောက်ဥက္ကလာ ပြောင်းတော့ အိမ်မီးလောင်ရပြန်တယ်။ 
ဒါပေမယ့် ဒေါ်သောင်းရီဟာ ခင်ပွန်းအပေါ် ဝတ္တရား တစ်ချက် မပျက်ခဲ့ပါဘူး၊ ဦးလေးရဲ့ ပါရမီ ဖြည့်ဖော် ဒေါ့်ဒေါ့်ကို လည်း ဒီစာနဲ့ ဦးညွှတ်လိုက်ပါတယ်။ 
အပိုင်း(၃)
ဦးလေးရဲ့ ထင်ရှားတဲ့ အရည်အသွေးတစ်ရပ်ကတော့ အလွန်သည်းခံနိုင်တာပါ၊ စိတ်လည်း အလွန်အေးချမ်းပါတယ်၊ ပြင်းပြင်းထန်ထန်ဒေါသဖြစ်တာ တခါမှမတွေ့ဖူးပါ။ ယောနိသောမနသီကာယ ဖြစ်တယ်ဆိုတာ ဦးလေးလို လူမျိုးကို ပြောတာထင်ပါရဲ့၊ နှိမ့်ချ သည်းခံတတ်လွန်းလို့ တန်ဖိုးမသိသူ တွေရဲ့ ရောင့်တက်စော်ကားမှုကလည်း အကြိမ်ကြိမ်ခံရဖူးပါတယ်၊ တစ်ခုတော့ရှိတယ် ဦးလေးရဲ့ နှိမ့်ချ သည်းခံမှုဟာ သူ့မိတ်ဖက်စည်းထဲကလူတွေကိုသာပါ၊ စည်းတဖက်ခြားကလူဆိုရင်တော့ ဦးလေးဘယ်လို ဆက်ဆံတယ်ဆိုတာ စာရေးသူ Thit Moe ရဲ့ တင်အောင် (သို့မဟုတ်) လိပ်စာမရှိ ဆိုတဲ့ စာစုကိုသာ ဖတ်ကြည့်ပါ။
ရှစ်လေးလုံး ငွေရတု သဘင်ကြီး ဆင်ယင်ကျင်းပဖို့ပြင်ကြတဲ့ ကာလမှာ ရှစ်ပူးဆရာအချို့က ကျင်းပရေးကော်မတီမှာ ကျွန်းပြန်အင်အားစုက ပုဂ္ဂိုလ်ကြီးတွေ ပါဝင်ဖို့ ဖိတ်ပါတယ်။ အစည်းအဝေး လုပ်တော့ ဦးတင်အောင်နဲ့ ဦးဖေအောင်(ထင်တယ်) သွားတက်ပါတယ်၊ ဆွေးနွေးစရာ ဆွေးနွေး၊ ဓါတ်ပုံတွေ ဘာတွေ အတူတွဲရိုက်ခံပြီးကာမှ ဘယ်လိုအကြောင်း အပေါင်း မသင့်တယ်မသိ၊ ရှစ်ပူး ဆရာအချို့ကပဲ ကော်မတီမှာ မပါပါနဲ့တော့လို့ ပြန်လည် မေတ္တာရပ်ခံခဲ့ပါတယ်။ ဦးတင်အောင် အေး ချမ်းစွာပဲ သည်းခံခဲ့တာတွေ တွေ့ရပါတယ်။
တခါ သူ့ခေတ်ပြိုင်ရဲဖော်ကြီးတွေရဲ့ အစုအစည်းတစ်ခုက ဦးလေးနဲ့ နောက်တစ်ယောက်ကို အဖွဲ့က ထုတ်ပစ်ပါတယ်၊ ဦးလေးက အဲဒီအစုအစည်းကို စိတ်ဝင်တစား သိပ်ရှိလှတာတော့ မဟုတ်ပါ၊ ဒါပေမယ့် သူ့ရဲဘော်တွေကို တန်ဖိုးထားလေးစားတဲ့အနေနဲ့ တစ်စုံတစ်ရာ ပတ်သတ်နေတာ ဖြစ်ပါတယ်၊ အထုတ်ခံရတော့ သူအယူခံဝင်မှာဖြစ်တဲ့အကြောင်း ကျနော့်ကိုပြောတယ်၊ ကျနော်က နောက်နေတယ်မှတ်တာ၊ သူ့အယူခံလွှာ ကျနော့်ကို ပြမှပဲ အတည်ပြောမှန်း သိပါတော့ တယ်၊ အယူခံက ရိုးရိုးရှင်းရှင်းပါပဲ၊ ကျနော်အံ့သြ တုန်လှုပ်ရပါတယ်၊ တော်ရုံလူ ဒါမျိုးလုပ်ဖို့ မလွယ် ပါဘူး၊ ကျနော်က မရဲတရဲ ကန့်ကွက်ပါသေးတယ်၊ နိုင်ငံရေးဆိုတာ စိတ်ခံစားမှု ဦးစားမပေးရဘူးဗျ၊ လုပ်စရာရှိတာကို ကိုယ့်ဘက်က ကုန်အောင် လုပ်ရတယ် လို့ ဦးလေးက ကျနော့်ကို ပညာပေးပါ တယ်၊ ကျနော့်စိတ်နှလုံးမှာ အသားတံဆိပ် နှိပ်လိုက်သလိုပဲ သေရာပါသွားတော့မှာဖြစ်ပါတယ်။
သူ့ကို ထုတ်ပစ်သူတွေကိုလည်း ဦးတင်အောင်က အခင်အမင်မပျက်ပါ၊ ဘယ်မှာတွေ့တွေ့ သွားပြီးနှုတ်ဆက်ပါတယ်၊ အေးအေးဆေးဆေးပါပဲ၊ အဲဒီအဖွဲ့က ဦးလေးကို ပြန်လက်ခံ၊မခံကိုတော့ ကျနော် မသိပါဘူး၊ ဦးတင်အောင်လည်း သိသွားပုံမရပါဘူး။
အချင်းချင်းဆိုတဲ့ အချင်းချင်းတွေကြားမှာလည်း ဦးလေးအပေါ် ကန့်သတ်တာလေးတွေရှိ ပါတယ်။ ပွဲမှာပြောဖို့ ဖိတ်ကြားပြီးကာမှ (အချင်းချင်းက) ဟောပြောခွင့် ပြန်ပိတ်လိုက်တာမျိုး၊ ဟောပြောတဲ့အခါ ဘာတွေ မပါပါနဲ့လို့ ကြိုတင်ကန့်သတ်တာမျိုးတွေ ဦးလေးအများကြီး ကြုံခဲ့ရပါတယ်၊ အဲဒီအခါမျိုးမှာ ဦးလေးဟာ စိတ်မဆိုးပါဘူး၊ အကျိုးနဲ့အကြောင်းနဲ့ သိမ်မွေ့ညင်သာစွာပဲ ပြန်လည် ဆွေးနွေး ဝေဖန်ခဲ့ပါတယ်။ (အချင်းချင်းက) ဟောခွင့်ပိတ်ခဲ့တဲ့ပွဲကိုလည်း သာမန်ပရိသတ် အနေနဲ့ပဲ သွားတက်ခဲ့ပါတယ်၊ ဦးတင်အောင်ဆိုတာ ဒီလိုလူမျိုးပါ။
ရေးမယ်ဆို ရေးစရာတွေ အများကြီး ရှိပါသေးတယ်၊ ဒါပေမယ့် ဒီနေရာမှာပဲ ရပ်ပါရစေ။ ဦးတင် အောင်ရဲ့ ကြီးမြတ်တဲ့ ဂုဏ်အင်တွေကို ပေါ်လွင်အောင် မရေးနိုင်မှာ စိုးလို့ပါ။ 
လင်္ကျာဝင်း

0 comments:

Post a Comment