Monday, May 25, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၁၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၁၄ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
မင်းတုန်းမင်းက ဒင်္ဂါးသွန်းစက်ရုံကို နန်းတွင်းမှာ ၁၈၆၅ ခုနှစ် အောက်တိုဘာလ ၁၉ ရက်က တည်ဆောက်တယ်။ တစ်ကျပ်တန် ဒင်္ဂါးတွေသွန်းပြီး ၁၈၆၅ ခုနှစ် နိုဝင်ဘာလ ၁၁ရက်က စသုံးတယ်။ အဲဒီလို မသုံးခင်ကတော့ မြန်မာပြည်မှာ ရွှေ ငွေနဲ့ ကြေးကို ဒင်္ဂါးအစား သုံးတာပါ။ ဒီလိုသုံးတာက ကုန်ရောင်း ကုန်ဝယ်လုပ်ရာမှာ အဆင်မပြေဘူး။ အနောက်ဖက်လွန်မင်း၊ (၁၆၀၆ - ၁၆၂၈)၊ ဗဒုံမင်း ( ၁၇၈၂ - ၁၈၁၉)၊ သာယာဝတီမင်း ( ၁၈၃၇ - ၁၈၄၆) နဲ့ ပုဂံမင်း (၁၈၄၆ - ၁၈၅၃) တို့ လက်ထက်မှာ ဒင်္ဂါးတွေ သွန်းခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီ ဒင်္ဂါးတွေက တရားဝင် ဈေးနှုန်းသတ်မှတ်ပြီး သွန်းခဲ့ကြတာ မဟုတ်ဘူး။ ဒါကြောင့် ငွေကြေးအဖြစ် မသုံးနိုင်ခဲ့ပါဘူး။ အဲဒီ ဒင်္ဂါးတွေက ဂုဏ်ထူးဆောင် တံဆိပ်တွေအဖြစ်နဲ့ပဲ ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ကြတာပါ။ ဒါပေမဲ့ အခု ၁၈၆၅ ခုနှစ်မှာတော့ ရွှေနဲ့ငွေဒင်္ဂါးတွေကို ငွေကြေးအဖြစ် သွန်းလောင်းလိုက်တာပါ။ ရွှေဒင်္ဂါး မူးစေ့ဟာ ၃ ရူပီးလောက် တန်ပါတယ်။ မတ်စေ့က ၇ ရူပီးပါ။ ဒါကြောင့် အချိုးအစားက ရွှေဒင်္ဂါးတစ်ပြားကို ၂၈ ရူပီးနှုန်း ဖြစ်ပါတယ်။ ရခိုင်ကတော့ မြန်မာထက်စောပြီး ဒင်္ဂါးကို သုံးခဲ့တယ်။ ဒင်္ဂါးတွေကို ရခိုင်မှာ ၁၆၆၀ ပြည့်နှစ်ကတည်းက စသုံးတယ်။ အိန္ဒိယမှာတော့ ခရစ်တော်မပေါ်မှီ နှစ်ပေါင်း ၁၀၀၀ လောက်က ဒင်္ဂါးသုံးနေပါပြီ။
မြို့စားဆိုတာ မြို့တမြို့ရဲ့ အခွန်အတုပ်ကို စားခွင့်ပေးထားတဲ့ အဓိပ္ပါယ်ပါ။ တနည်းအားဖြင့်တော့ အဲဒီမြို့ရဲ့ အရှင်သခင်ပါပဲ။ မြန်မာဘုရင်တွေဟာ လူယုံတော်ထားပြီး အမှုတော်ထမ်းခိုင်းဖို့အတွက် မြို့စားခန့်တဲ့ ဓလေ့ရှိပါတယ်။ ဘုရင့် အရာရှိတွေကို လစာမပေးပါဘူး။ အဲဒီအစား မြို့ကိုစားဖို့ ပေးတာပါ။ ဒါပေမဲ့ မင်းတုန်းမင်းက ဗမာပြည်မှာ ပထမဦးဆုံး လစာငွေတော်စနစ် ကျင့်သုံးလိုက်တယ်။ အဲဒါကြောင့် အရာရှိတွေကို မြို့စားဘွဲ့ပေးဖို့ မလိုတော့ဘူး။ ဒီလိုနဲ့ မြို့စားစနစ်ကို ဖျက်သိမ်းလိုက်တာပဲ။ 
အခွန်တော်ကို ပစ္စည်းနဲ့ရော ငွေကြေးနဲ့ပါ နှစ်မျိုးစလုံး လက်ခံခဲ့တာပါ။ ဒါပေမဲ့ မင်းတုန်းမင်းက ဒင်္ဂါးစနစ်ကို ကျင့်သုံးလိုက်တော့ အခွန်တော်ကို ငွေကြေးနဲ့ပဲ ကောက်ခံလိုက်တယ်။ ဒါကြောင့်လည်း ပြည်သူ့ဘဏ္ဍာတိုက်တွေကို နိုင်ငံတဝှမ်းက အရေးပါတဲ့ မြို့ကြီးတိုင်းမှာ တည်ထောင်တယ်။ သူက ဘုရင့်အမှုထမ်းတွေကို လစာငွေပေးတဲ့စနစ် ချမှတ်တယ်။ ဒီတော့ အချက်အချာ မြို့ကြီးတိုင်းမှာရှိတဲ့ ပြည်သူ့ဘဏ္ဍာတော်တိုက်တွေမှာ လစာတော်ငွေ စနစ်အသစ်ကို သင့်တင့်လျောက်ပတ်အောင် စီမံခန့်ခွဲဖို့ လိုအပ်လာတယ်။ ဒီစနစ်နှစ်ရပ်ကို ကျင့်သုံးလိုက်တာနဲ့ လာဘ်စားမှုနဲ့ ခြစားမှုက ကင်းလွတ်ပြီး ခိုင်မာတဲ့ အုပ်ချုပ်ရေးစနစ်ကို ရမယ်လို့ မင်းတုန်းမင်းက မျှော်မှန်းခဲ့တာပါ။ ကံဆိုးတာက ဒီစနစ်အသစ်တွေဟာ မအောင်မြင်ခဲ့ပါဘူး။ 
မင်းတုန်းမင်း မတိုင်ခင်က အခွန်တော်စနစ် သီးခြားမရှိပါဘူး။ မြန်မာ့နိုင်ငံရေးအတွေးအခေါ်အရ ကမ္ဘာ့ပထမဆုံး ဘုရင်က မနုပါ။ သူ့ကို မဟာသမ္မတလို့လည်း ခေါ်တယ်။ ဥပဒေစိုးမိုးရေးလုပ်ဖို့ သူ့ကို ရွေးချယ်တင်မြှောက်ခဲ့တာပါ။ သူ့ရဲ့ တာဝန်ထမ်းဆောင်ခအဖြစ် အဖိုးအခအနေနဲ့ လူတွေရဲ့ တစ်နှစ်ဝင်ငွေ ဆယ်ဖို့ တဖို့ကို နှစ်တိုင်း သူ့ကိုပေးတယ်။ ဒါပေမဲ့ လက်တွေ့မှာ ၅၀ % နဲ့အထက် ကောက်ယူတယ်။ အခွန်ငွေ ကောက်ခံပုံကလည်း မြေယာသီးနှံကို အခြေခံတဲ့ နည်းပါ။ ဒီစနစ်ကြောင့် အစိုးရဟာ ပြည်သူတွေပေးနေရတာထက် အမြဲတမ်းလျှော့နည်းပြီး ရနေတယ်။ ဒါ့ကြောင့် မင်းတုန်းမင်းက သဿမေဓအခွန်တော်စနစ်ကို ကျင့်သုံးလိုက်တာပါ။ ဆယ်အိမ်စု တစ်စုကို နှစ်စဉ် သဿမေဓအခွန်တော် ရူပီး ၁၀၀ ပေးဖို့ပဲ လိုတယ်။ ဒါပေမဲ့ တစ်အိမ်ချင်းစီက ပမာဏဆတူ မပေးရဘူး။ ချမ်းသာတဲ့သူက ပိုပေးရတယ်။ တစ်အိမ်ချင်းစီက ပေးရမယ့် ပမာဏကို သူကြီး ( သို့မဟုတ်) ဆယ်အိမ်ခေါင်းက ဆုံးဖြတ်တယ်။ ကောက်လို့ရတဲ့ အခွန်တော်ငွေကို ဘဏ္ဍာတိုက်မှာ သွင်းရတယ်။ မင်းတုန်းမင်းက သဿမေဓ တစ်မျိုးတည်းကိုသာ အခွန်တော်အဖြစ် ရည်ရွယ်ခဲ့တာပါ။ ကင်းခွန်နဲ့ ကူးတို့ခွန်တို့လို တခြားအခွန်တွေကို ဖျက်သိမ်းဖို့ပါပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သဿမေဓဟာ တမျိုးတည်းသော အခွန်တော်မဟုတ်တော့ဘူး။ အခွန်တော်တွေထဲက တမျိုးသာ ဖြစ်လာရတော့တယ်။ ဝင်ငွေရဲ့ တခြားရင်းမြစ်တွေက သွင်းကုန်ပို့ကုန် အခွန်တွေက ရတာပါ။ မင်းတုန်းမင်းက အခွန်အကောက်ကို တညီတည်း ၅% ကောက်တယ်။ ဘုရင်က ကျောက်မျက်ကို လက်ဝါးကြီး အုပ်ထားချင်တယ်။ နောက် ဝင်ငွေအရင်းအမြစ် တစ်ခုကတော့ လက်အောက်ခံ မင်းညီမင်းသားတွေ ဆက်သတဲ့ ဆက်ကြေးတွေရတာပါပဲ။
လက်ဝါးကြီးအုပ်ထားတာတွေ အများကြီးရှိပေမဲ့ မင်းတုန်းမင်းက စက်မှုလုပ်ငန်းတွေကို မြှင့်တင်ပေးခဲ့တယ်။ သေနတ်တွေလုပ်ဖို့၊ ငွေဒင်္ဂါးသွန်းဖို့၊ သံရေကြိုဖို့၊ ရေနံသန့်စင်ဖို့ စက်ရုံတွေအများအပြား ဥရောပတိုက်သားတွေရဲ့ ကြီးကြပ်မှုနဲ့ တည်ထောင်ခဲ့တယ်။ သူက ကြေးနန်းသတင်းပို့လုပ်ငန်းကိုလည်း စတင်ခဲ့တယ်။
စစ်တပ်က ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆိုးဆိုးဝါးဝါး လိုအပ်နေတာပါ။ ဒါပေမယ့် မင်းတုန်းမင်းက ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ဘုရင်ဖြစ်နေတယ်။ သူက စစ်တပ်ကို မသုံးချင်ဘူး။ လက်နက်နဲ့ စည်းကမ်းကိုတော့ အလေးထားပြီး ပြုပြင်ပြောင်းလဲရေး စလုပ်ခဲ့တယ်။ လက်နက်အသစ်တွေနဲ့ စစ်ရေးပရိယာယ် အသစ်တွေကို ဥရောပအရာရှိတွေက မြန်မာရဲမက်တွေကို သင်ကြားပေးဖို့ လုပ်ဆောင်ခဲ့ပါတယ် လူငယ်တစ်ချို့ကို စစ်သင်တန်းတက်ဖို့ ပြင်သစ်ကို စေလွှတ်ခဲ့တယ်။ ဒါပေမယ့် လုပ်သမျှ အလောတကြီးနိုင်ပြီး အမှန်တကယ်မတိုးတက်ခဲ့ဘူး။ ဒီကိစ္စ မအောင်မြင်ရတဲ့ နောက်တစ်ကြောင်းက မင်းတပ်မင်းလို့ခေါ်တဲ့ အိမ်ရှေ့စံကနောင်မင်းသားကြီးဟာ မြင်ကွန်းမြင်းခုံတိုင်မင်းသားတွေရဲ့ ပုန်ကန်မှုမှာ လုပ်ကြံခံခဲ့ရလို့ပါပဲ။ မင်းတပ်မင်းက ဒီပြုပြင်ပြောင်းလဲရေးတွေကို ခေါင်းဆောင်နေတဲ့သူပါ။ မင်းတပ်မင်းကျဆုံးပြီးတဲ့ နောက်မှာ စစ်တပ်ပြုပြင်ပြောင်းလဲရေး စတင်တာတွေကို စွန့်လွှတ်လိုက်ရတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအားလုံးကို ဆောင်ရွက်ဖို့ ရန်ပုံငွေကလည်း မလုံလောက်ပါဘူး။

0 comments:

Post a Comment