(ကြောက်ရွံ့သွားမလား နားကျည်းသွားမလား)
ရခိုင်အမျိုးသားအချို့ကို မျက်နှာအဝတ်စည်း လက်နောက်ပြန်ကြိုးတုတ်လျှက် ရိုက်နှက်ညှဉ်းပမ်းနေသည့် ဗီဒီယိုတခု ပျံ့နှံ့လာပါသည်၊ ကျူးလွန်သူများမှာ စစ်အုပ်စု ခါးပိုက်ဆောင်တပ်မှ စစ်သည်များဖြစ်ပြီး ရေတပ်သင်္ဘောတစီးပေါ်တွင်ဟုဆိုပါသည်။ ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်သံများသာမက ခိုင်သုခ အမည်တပ်၍ပြောနေသံများပင်ပါပါသည်။ အနှိပ်စက်ခံများမှာ ပြန်ဖြေသံများအရ ထမင်းချက်ပို့ရသူများ ဖြစ်ပါသည်။
တဘက် ဘက်နှင့် ပတ်သက်သည်ဟုစွပ်စွဲခံရပြီး ဖမ်းဆီး အနှိပ်စက်အညှဉ်းပမ်းခံရသည့် သာမန်အရပ်သားများအဖို့ ၂ မျိုးဖြစ်တတ်ပါသည်။ တမျိုးမှာ ကြောက်ရွံ့ထိတ်လန့်သွားခြင်းဖြစ်ပြီး နောက်တမျိုးမှာ မုန်းတီးနာကျည်းသွားခြင်းဖြစ်ပါသည်။ ဘယ်ဟာကအများစုပြောရန် အလွန်ခက်ပါသည်။ ကြောက်ရွံ့ထိတ်လန့်သွားသူများကို တော်လှန်ရေးနယ်ပယ်တွင် မတွေ့ရသော်လည်း မုန်းတီးနာကျည်းသွားသူများမှာ တော်လှန်ရေးခရီးများတွင် တွေ့ရလှများပါသည်။ ဤနေရာတွင် တော်လှန်ရေးဆိုသည်မှာ လက်နက်ကိုင်တော်လှန်ရေး တခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။ လူထုတိုက်ပွဲများ၊ လှုပ်ရှားမှုများ၊ ထောင်ကျတန်းကျခံကာ ဥပဒေတွင်း ဥပဒေပနည်းများဖြင့် တိုက်ပွဲဝင်နေခြင်းများလည်း ပါပါသည်။ တော်လှန်ရေးဆိုသည်မှာ မုန်းတီးနာကျည်းမှုတခုတည်းနှင့် လုပ်မရသည်မှာမှန်သော်လည်း မုန်းတီးနာကျည်းမှု မပါပဲနှင့်တော့ ဘာတော်လှန်ရေးမှလုပ်မရပါ။ မုန်းတီးနာကျည်းမှုကို နိုင်ငံရေး သဘောတရားရေးဆိုသည့် အတွေးအခေါ်လက်နက်တပ်ဆင်နိုင်မှသာ ပီပြင်သည့် တော်လှန်တပ်သားများဖြစ်လာပါသည်။ ရေရှည်နှင့် သက်ဆုံးတိုင်လည်း ခံပါသည်။
စစ်အုပ်စုသည် နှိပ်စက်ညှဉ်းပမ်းရာတွင်လက်ရဲဇက်ရဲနိုင်သလောက် လက်လည်းယဉ်နေပါသည်။ ထမင်းစားရေသောက်ကိစ္စ ဖြစ်နေပါသည်။ ယခု ရခိုင်ပြည်တွင် ထင်းရာစိုင်းနေသည်မှာ လူတိုင်းအသိပင်။ အချိန်နှင့်အမျှ သက်သေသက်ကာယများ ထွက်နေပါသည်။
ရခိုင်သည် အတိတ်က ကိုယ့်ထီးကိုယ့်နန်းနေခဲ့သည့် တိုင်းနိုင်ငံတခုဖြစ်ပါသည်။ ခေတ်ပြိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ရာလည်းဖြစ်ပါသည်။ သူပုန်ထမှာ မင်းလောင်းပေါ်မှာစိုးသဖြင့် ကိုလိုနီခေတ်တွင် နယ်ချဲ့အင်္ဂလိပ်တို့က တပ်ဖွဲ့ပေးဖို့မပြောနှင့် ခြောက်လက်မအသွားရှိသည့်ဓားပင် ပေးမကိုင်ဝံ့သည့်လူမျိုးများတွင် ဗမာနှင့် မွန်နည်းတူ ရခိုင်လည်းပါပါသည်။ လက်တွေ့တွင်လည်း နယ်ချဲ့ဆန်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးတွင် ရှေ့တန်းရောက်ခဲ့သူများဖြစ်သလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေးများတွင်လည်း နောက်တန်း မနေခဲ့သူများ ဖြစ်ပါသည်။ ဗမာလူမျိုးကြီးဝါဒီစစ်အုပ်စုနှင့် ပြည်မဗဟိုပြု အာဏာရအစိုးရအဆက်ဆက်အောက်တွင် သူတို့ဒေသ ဆင်းရဲတွင်းနက်ရုံမက လူမျိုးလည်း(အခြား လူမျိုးစုငယ်များနည်းတူ)အောက်တန်းနောက်တန်း ကျနေရပါသည်။ ထိုအခြေအနေတွင် အေအေ ပေါ်လာပါသည်။ ထိုအခါ သူတို့ အားတက်ကြမည်။ အားတက်သရောလည်း ကူညီကြမည်ဖြစ်ပါသည်။ ထိုကိစ္စကို ကျနော်က နိုင်ငံရေးအရ နားလည်ပါသည်။
အေအေကိစ္စသည် နိုင်ငံရေးကိစ္စဖြစ်ပါသည်။ စစ်အုပ်စုနှင့် စစ်အလိုတော်ရိများပြောသလို “အေအေကို ရှိခြင်းရှိလျှင် ကချင်ပြည်နယ် လိုင်ဇာ၌သာ ရှိနေစေချင်ပြီး၊ ရခိုင်ပြည်နယ်မှာ အေအေရှိတာ လက်မခံနိုင်သောကြောင့်”ဆိုသည်မှာ မဟုတ်ပါ။ သူ့လူမျိုးစု လွတ်မြောက်ရေး အတွက် သူ့လူမျိုးစုရှိရာ သူ့ပြည်နယ်တွင် သူရှိနေရခြင်းမှာ တရားနည်းလမ်းကျပါသည်။ အေအေက လက်နက်စွဲကိုင် ခုခံနေချိန်မှာပဲ အပစ်အခတ်ရပ်ဖို့ ငြိမ်းချမ်းရေးစကားပြောဖို့လည်း တောင်းဆိုနေပါသည်။ နိုင်ငံရေးစကားပြောနေပါသည်။ ပြဿနာကို အေအေက နိုင်ငံရေးပြဿနာဟု ပြက်ပြက်ထင်ထင်မြင်သည်ဟု ကျနော် မြင်ပါသည်။
လက်နက်ကိုင်တိုက်နေရင်း အပစ်အခတ် ရပ်ကြလျှင်ကောင်းမည်ဟုတောင့်တမိသလို အပစ်ရပ်ကြလျှင်လည်း ဝမ်းသာမိမှာအမှန်ဖြစ်ပါသည်။ သို့သော် အပစ်အခတ်ရပ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုသည်မှာ အားပိုကြီးသူ တနည်းအားဖြင့် ဖန်တီးနိုင်သူဘက်ကက စရပါသည်။ သဘောထား ကြီးရပါသည်။ အမြော်အမြင်ရှိရပါသည်။ တိုင်းပြည့်လူထုမျက်နှာကြည့်ရပါသည်။ ယခုကိစ္စတွင် အစိုးရနှင့် စစ်တပ်သာ အားကြီးသူဖန်တီးနိုင်သူ ဖြစ်ပါသည်။ ထိုသူတို့က အေးချမ်းအောင်လုပ်ရမည့်အစား ပြဿနာကို ပိုကြီးထွားအောင်လုပ်နေသည်မှာ အထင်အရှားဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့အစည်းကြေညာခြင်းနှင့် ကိုဗစ် ၁၉ ယာယီအပစ်ရပ်ကိစ္စများကိုကြည့်ပါ။ အစိုးရသဘောထားနှင့် စစ်အုပ်စုရပ်တည်ချက်တို့ကို အထင်အရှားတွေ့ရပါလိမ့်မည်။ အစိုးရနှင့် စစ်အုပ်စုထုတ်ပြန်ချက်တိုင်းတွင် စစ်မက်လိုလားခြင်း စစ်သွေးဆာခြင်းနှင့် အငြှိုးအာဃာတ တရားများ ပြည့်နေတာတွေ့ရပါသည်။
ပြန်ချုပ်ရလျှင် ရခိုင်တွင် အရပ်သားများ ဖမ်းဆီးစွပ်စွဲနှိပ်စက်ခံနေရပါသည်။ လူသည် အနှိပ်စက်ခံရလျှင် ကြောက်ရွံ့ထိတ်လန့်သွားတတ်သလို မုန်းတီးနာကျည်းလည်း သွားတတ်ပါသည်။ မုန်းတီးနာကျည်းမှုသည်တော်လှန်ရေး၏ အခြေခံ“အား”လည်းဖြစ်ပါသည်။ ရခိုင်သည် တော်လှန်ရေးနှင့်ခုခံအုကြွမှု “ဇ”ရှိသည့်လူမျိုးဖြစ်ပါသည်။ ပြဿနာသည် နယ်မြေလာအခြေချသည့်ပြဿနာမဟုတ်ပါ။ နိုင်ငံရေး ဖြစ်ပါသည်။ အပစ်ရပ်ဖို့ ငြိမ်းချမ်းရေးရဖို့ဆိုလျှင် အားကြီးသည့်ဘက်က သဘောထားပိုကြီးရမှာဖြစ်သလို တာဝန်လည်း ပိုကြီးပါသည်။
မျိုးမြင့်ချို မေ။ ၁၀၊ ၂၀၂၀
မျိုးမြင့်ချို မေ။ ၁၀၊ ၂၀၂၀
0 comments:
Post a Comment