Thursday, May 28, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၁၇ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၁၇ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
၁၇၅၈ ခုနှစ်နဲ့ ၁၇၅၉ ခုနှစ်တွေမှာ အလောင်းမင်းတရားက ရှမ်းပြည်မြောက်ပိုင်းကို နှိမ်နှင်းခဲ့တယ်။ အဲဒီနောက် သူက မဏိပူရကို တပ်မတော်တစ်ခု လွှတ်လိုက်တယ်။ မဏိပူရစစ်ဆင်ရေး ဖြစ်ရတဲ့ အကြောင်းတွေက ဒီလိုပါ။
မဏိပူရ စော်ဘွား ဂါရစ်နျူဝက်ဇ်က ၁၇၅၅ ခုနှစ်မှာ ကွယ်လွန်တယ်။ သူ့အရိုက်အရာ ဆက်ခံရေးအတွက် ပြည်တွင်းစစ်ဖြစ်တယ်။ နန်းပြိုင်တစ်ဦးက အလောင်းမင်းတရားကို စစ်ကူတောင်းတယ်။ မဏိပူရမှာ ဒီအရေးအခင်း မဖြစ်ခင်တုန်းက မဏိပူရ မြင်းသည်တော်တွေဟာ အထက်မြန်မာပြည်ကို ကျူးကျော်ပြီး ကျေးလက်တောရွာတွေကို ဖျက်ဆီးတယ်။ အခု အလောင်းမင်းတရားက သူတို့ကို အပြင်းအထန် လက်စားချေတာပါ။ အလောင်းမင်းတရားရဲ့တပ်တွေက မဏိပူရကို ကျူးကျော်ပြီး မြို့တော် အင်ဖာကို သိမ်းတယ်။ သူတို့ကို စစ်နိုင်ထားတဲ့ မြန်မာပြည်ကို လိုက်ဖို့ငြင်းတဲ့ မဏိပူရီ ၄၀၀၀ လောက် အသတ်ခံရတယ်။ လက်မှုပညာသည် အများအပြားကို မြန်မာမင်းနေပြည်တော်ကို ခေါ်သွားတယ်။ မဏိပူရီတွေက လက်မှုပညာရပ်တွေ ကျွမ်းကျင်တယ်။ အချိတ်အဆင်ကို သူတို့ပဲ စလုပ်တာပါ။ သူတို့က သိပ်တော်တဲ့ မြင်းရည်တက်တွေလည်း ဖြစ်တယ်။ မြန်မာဘုရင် လက်အောက်မှာ သူတို့ကို မြင်းသည်တော်တွေအဖြစ် အမှုထမ်းစေတယ်။ သူတို့က နက္ခတ္တပညာမှာလည်း တော်တယ်။ ဒါကြောင့် နန်းတော်မှာ ဟူးရာနက္ခတ်ဆရာတွေ ဖြစ်လာတယ်။ ဒီလိုနဲ့ မြန်မာတွေဟာ မဏိပူရီ ယဉ်ကျေးမှုတွေကို ရခဲ့တာပါ။ မဏိပူရက အပြန်မှာ အလောင်းမင်းတရားက မူးမြစ်ကိုဖြတ်ပြီး တမံကြီးတစ်ခုတည်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အဲဒီစီမံကိန်းက မအောင်မြင်ဘူး။ သူက ရွှေဘိုကို ရေများများပေးနိုင်အောင် မဟာနန္ဒာကန်တော်ကြီးကို တည်ဆောက်ခဲ့ပါတယ်။ 
ပဲခူး မုတ္တမ ထားဝယ် ချင်းမိုင် အာနန်နဲ့ အနောက်မြောက်ပိုင်းက တခြားပြည်နယ်တွေ ရှုံးနိမ့်ကုန်ပြီးတဲ့နောက် ထိုင်းနိုင်ငံက အလောင်းမင်းတရားကို လက်ဆောင်ပဏ္ဍာ ဆက်သပါတယ်။ မွန်ဒုက္ခသည် ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံကို ထွက်ပြေးတယ်။ အဲဒီအချိန်တုန်းက ထိုင်းနိုင်ငံဟာ တနင်္သာရီကျွန်းဆွယ် တစ်ခုလုံးကို ပိုင်ပါတယ်။ မြန်မာနယ်စပ်ကိုပါ လာတိုက်လေ့ရှိတယ်။ ဒါ့ကြောင့်လည်း အလောင်းမင်းတရားက ထိုင်းနိုင်ငံကို ထိုးစစ်ဆင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ထိုးစစ်မှာ နောက်ထပ် သိပ်အရေးကြီးတဲ့ အကြောင်းရင်း တစ်ချက်ကတော့ ထိုင်းနိုင်ငံကနေ ဖြစ်နိုင်သမျှ လူဦးရေများများ ခေါ်ဆောင်ဖို့ပါပဲ။ မြေသြဇာကောင်းတဲ့ အောက်မြန်မာပြည်မှာ စိုက်ပျိုးရေးလုပ်ဖို့အတွက် သူတို့ကို ရွှေ့ပြောင်း နေရာချဖို့ပါ။ အလောင်းမင်းတရားက ထိုင်းနိုင်ငံ စစ်ဆင်ရေးကို ၁၇၆၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာ စတင်လိုက်တယ်။ သူက မုတ္တမနဲ့ ထားဝယ်ကိုဖြတ်ပြီး စစ်ချီတယ်။ တနင်္သာရီကျွန်းဆွယ်ကို သိမ်းလိုက်တယ်။ အဲဒီကနေ ကုန်းမြင့်တွေကိုဖြတ်ပြီး အရှေ့ဖက်ခြမ်း ထိုင်းပင်လယ်ကွေ့ ကမ်းရိုးတန်းအထိ သွားခဲ့တယ်။ ကွေးမြို့ ဖရန်းမြို့ နောင်ချစ်မြို့နဲ့ ပိချ်ဗြူရီမြို့စတဲ့ ကမ်းရိုးတန်းမြို့တွေကို သိမ်းတယ်။ ဒီမြို့တွေကို အလွယ်တကူ သိမ်းခဲ့တာပါ။ ထိုင်းနိုင်ငံရဲ့ မြို့တော် အယုဒ္ဓယကိုတော့ ၁၇၆၀ ပြည့်နှစ် ဧပြီလ ၁၁ ရက်မှာ ဝိုင်းထားလိုက်တယ်။ သူက ထိုင်းဘုရင်ဆီကို "ကြီးမြတ်သော မြန်မာဘုရင်သည် သင်၏နိုင်ငံ၌ စစ်မှန်သော သာသနာတော် ဖြန့်ကျက်ရန်အလို့ငှာ ဗောဓိသတ္တအလောင်းအလျာအဖြစ် ရောက်ရှိ၍လာချေပြီ။ သမီးကညာနှင့် ဆင်တော် ရတနာများ ဆက်သရန် လာရောက်ဖူးမျှော်စေ" ဆိုပြီး သဝဏ်လွှာပို့လိုက်တယ်။ ဒါပေမဲ့ မွန်ဒုက္ခသည်တွေက စစ်ပြေငြိမ်းရာမှာ အထူးတလည်ဂရုစိုက်ဖို့ သတိပေးတယ်။ ထိုင်းတွေက သူတို့ရဲ့ မြို့တော်ထဲကနေ ကြံ့ကြံ့ခံတယ်။ ပေါ်တူဂီနဲ့ မဟာမေဒင် သေနတ်သမားတွေက သူတို့ကို ကူညီတယ်။ ထိုင်းနိုင်ငံကိုတိုက်တဲ့ မြန်မာ့စစ်ဆင်ရေးတွေ အားလုံးအကြောင်း သိကောင်းစရာတွေက ဒီလိုပါ။
#ပထမအကြိမ် အယုဒ္ဓယမြို့ ဝန်းရံမှုကို တပင်ရွှေထီးက ၁၅၄၈ ခုနှစ်မှာ လုပ်ခဲ့တယ်။
#ဒုတိယအကြိမ် အယုဒ္ဓယ ဝန်းရံမှုကို ဘုရင့်နောင်က ၁၅၆၄ ခုနှစ်မှာ လုပ်တယ်။ အယုဒ္ဓယမြို့ ကျပါတယ်။
#တတိယအကြိမ် ဝန်းရံမှုကို ဘုရင့်နောင်ကပဲ အလားတူ ၁၅၆၉ ခုနှစ်မှာ လုပ်တယ်။ မြို့ကို မသိမ်းနိုင်ဘူး။
#စတုတ္ထအကြိမ် ဝန်းရံမှုကို နန္ဒဘုရင်က ၁၅၈၇ ခုနှစ်မှာ လုပ်တယ်။ ဒါပေမဲ့ မြို့ကို မသိမ်းနိုင်ဘူး။
#ပဉ္စမအကြိမ် ဝန်းရံမှုကို အလောင်းမင်းတရားက ၁၇၆၀ ပြည့်နှစ်မှာ ကြိုးပမ်းတာပါ။
#ဆဋ္ဌမအကြိမ် အယုဒ္ဓယမြို့ဝန်းရံမှုကို ဆင်ဖြူရှင်က ၁၇၆၉ ခုနှစ်မှာ လုပ်တယ်။ မြို့တော်ကို သိမ်းနိုင်တယ်။
#သတ္တမအကြိမ် ဝန်းရံမှုကို ဘိုးတော်ဘုရားက ၁၇၈၅ ခုနှစ်မှာ လုပ်ခဲ့တယ်။ သူလည်း မြို့တော်ကို မသိမ်းနိုင်ဘူး။
အလောင်းမင်းတရားက ထိုင်းနိုင်ငံကို အကြောင်းရင်း ၂ ခုကြောင့် ကျူးကျော်ခဲ့တာပါ။ ပထမအကြောင်းကတော့ အောက်မြန်မာပြည်ကို လူဦးရေ ပြန်လည်ဖြည့်တင်းဖို့ မွန်ဒုက္ခသည်တွေကို ပြန်ခေါ်ချင်တာပါ။ ဒုတိယအကြောင်းကတော့ စွန့်စားတိုက်ခိုက်ရတာကို သူနှစ်သက်လို့ပဲ။ သူက စစ်ဆင်ရေးကို ၁၇၆၀ ပြည့်နှစ် မိုးရာသီ အလွန်နှောင်းတဲ့အချိန်မှာ စတယ်။ ဒါ့ကြောင့် မြို့တော်ကို သူအရင် မသိမ်းနိုင်မှီ မိုးက အရင်ကျနေပါပြီ။ အဖျားနဲ့ ဝမ်းရောဂါက သူ့ရဲမက်တွေကို နှိပ်စက်ခဲ့တယ်။ အလောင်းမင်းတရားကိုယ်တိုင် အပြင်းဖျားတာပါ။ ဒါကြောင့် ရောက်ပြီး တစ်ပတ်အတွင်းမှာပဲ ပြန်ဆုတ်ရတယ်။ အမြှောက် ၄၀ နဲ့ လက်နက်ကြီး ၃ လက် စွန့်ပစ်ခဲ့ရတယ်။ မြင်း ၅၀၀ ခြေလျင်ရဲမက် ၆၀၀၀ နဲ့ မင်းခေါင်နော်ရထာကို နောက်ချန်စောင့်ကြပ်စေတယ်။ မင်းခေါင်က သိပ်ကို ထူးချွန်တဲ့ စစ်သားပါ။ ဒီတစ်ကြိမ် ပြန်ဆုတ်ရတာကလွဲလို့ သူ့တာဝန်မလစ်ဟင်းခဲ့ဘူး။ အလောင်းမင်းတရားကို ဝေါယာဉ်နဲ့ သယ်ခဲ့ရတယ်။ သထုံခရိုင် ဘီးလင်းမြို့နယ်ထဲက ကင်းရွာမှာ ၁၇၆၀ ပြည့်နှစ် မေလ ၁၁ ရက် မနက်အရုဏ်တက်ချိန်မှာ အလောင်းမင်းတရား နတ်ရွာစံတယ်။ စစ်တပ်က ပြန်ဆုတ်လာပြီး ၁၇၆၀ ပြည့်နှစ် ဇွန်လ ၆ ရက်မှာ နာရေးသတင်းက ရွှေဘိုကို ရောက်လာတယ်။ ဘုရင့်ရဲ့ရုပ်ကလာပ်ကို ကျောက်မြောင်းမှာ ချပြီး ရွှေဘိုမြို့ရဲ့ မြောက်ဘက်ဂိတ် ဟံလင်းတံခါးကနေ သယ်ယူခဲ့ပါတယ်။

0 comments:

Post a Comment