ခေတ်သစ်မြန်မာ့သမိုင်း - ၇
ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR −1752 - 1948 ကို ဘာသာပြန်တာပါ။
ဗဒုံမင်းက သာသနာ့မြေကို စစ်ဆေးဖို့ ကျောက်ချပ်ရေ ၆၀၀ စုဆောင်းခဲ့တယ်။ ဒီ ကျောက်စာ စုဆောင်းမှုက မြေခွန်တော်သတ်မှတ်ရာမှာ သိပ်ကို အသုံးဝင်တဲ့ အချက်အလက်တွေ ရခဲ့တယ်။ သာသနိက အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းဖို့ သူဌေးတွေက လှူထားတဲ့ မြေကွက်ပိုင်နက်တွေပါ။ ဒီစုဆောင်းမှုက သမိုင်းဆိုင်ရာ အချက်အလက်တွေ အတွက်လည်း သိပ်ပြီး တန်ဖိုးရှိတယ်။ အဲဒီ ကျောက်စာတွေ စုဆောင်းရာမှာ ကြီးကြပ်ခဲ့သူကတော့ တွင်းသင်းတိုက်ဝန် (၁၇၂၆ - ၉၂) ပါပဲ။ ဝေဿန္တရာပျို့၊ ဇနက္ကပျို့၊ ဇာတက ၆၆ ပါးနဲ့ မဟာရာဇဝင်ကျမ်း ပြုစုခဲ့သူပါ။
ဗဒုံမင်းက စစ်တမ်းကောက်ယူဖို့ ၁၇၈၄ ခုနှစ်မှာ တစ်ကြိမ်၊ ၁၈၀၃ ခုနှစ်မှာတကြိမ်၊ နှစ်ကြိမ် အမိန့်တော် ထုတ်ပြန်တယ်။ စစ်တမ်းဆိုတာက ကျေးရွာသူကြီးတွေရဲ့ ထွက်ဆိုချက်ပါပဲ။ အဲဒီထွက်ဆိုချက်တွေမှာ ဖော်ပြထားတာတွေက
၁။ လက်ရှိသူကြီးနဲ့ သူ့ရဲ့တာဝန်ကို မျိုးရိုးဆက်ခံခွင့်ရှိတဲ့ စနစ်နဲ့တည်ဆောက်ဖို့
၂။ သူကြီး ထိန်းချုပ်ထားတဲ့ ဧရိယာရဲ့ နယ်နိမိတ်ကို သတ်မှတ်ဖို့
၃။ သာသနာ့မြေ မင်းမြေနဲ့ ဘုရင့်အမှုထမ်း လက်နက်ကိုင် ရဲမက်တွေရဲ့ မြေတွေကို အကျယ်အဝန်း ရှင်းလင်းပြတ်သားစေဖို့
၄။ မင်းမှုမင်းခင်းတွေ ဆောင်ရွက်ရာမှာ အမိန့်တော်တွေကို လိုက်နာအောင် ပြောဆိုဖို့တို့ပါပဲ။
၁။ လက်ရှိသူကြီးနဲ့ သူ့ရဲ့တာဝန်ကို မျိုးရိုးဆက်ခံခွင့်ရှိတဲ့ စနစ်နဲ့တည်ဆောက်ဖို့
၂။ သူကြီး ထိန်းချုပ်ထားတဲ့ ဧရိယာရဲ့ နယ်နိမိတ်ကို သတ်မှတ်ဖို့
၃။ သာသနာ့မြေ မင်းမြေနဲ့ ဘုရင့်အမှုထမ်း လက်နက်ကိုင် ရဲမက်တွေရဲ့ မြေတွေကို အကျယ်အဝန်း ရှင်းလင်းပြတ်သားစေဖို့
၄။ မင်းမှုမင်းခင်းတွေ ဆောင်ရွက်ရာမှာ အမိန့်တော်တွေကို လိုက်နာအောင် ပြောဆိုဖို့တို့ပါပဲ။
မြန်မာလူဦးရေသီးသန့်က ၁,၈၃၁,၄၆၇ ပဲ ရှိတယ်။ ရခိုင်နဲ့ တနင်္သာရီ နှစ်ခုပေါင်းကတော့ ၁၇၀,၀၀၀ ရှိပါတယ်။ ဒါကြောင့် စုစုပေါင်းက ၂,၀၀၁.၄၆၇ ဦးပါ။ စတုရန်း တစ်မိုင်မှာ လူ ၆ ဦးပဲ နေတဲ့ သဘောပါ။ ဗဒုံမင်းက နန္ဒာကန် အောင်ပင်လယ်ကန်နဲ့ မောင်းမကန်တို့ကို ပြုပြင် မွမ်းမံခဲ့တယ်။ ဒါပေမဲ့ အဲဒီကန်တွေကို ပြုပြင်ရာမှာ ရှမ်း ရခိုင်နဲ့ မွန်ကျေးရွာက လူတွေကို အာဏာနဲ့ဆင့်ခေါ်ပြီး အဓမ္မလုပ်အားပေး အသုံးပြုခဲ့တာပါ။ ဘုရင်က သူ့ကိုယ်သူ မြတ်စွာဘုရားရှင်ရဲ့ အလောင်းအလျာအဖြစ် ပြောဆိုလေ့ရှိတယ်။ ဒါပေမဲ့ သူ့ကို ဆန့်ကျင်ဝံ့သူ မှန်သမျှ ရက်ရက်စက်စက် အပြစ်ပေးခံရတာပါ။
ဘုရင်က ဘုရားတွေ အများကြီး တည်ခဲ့တယ်။ အကြီးဆုံးကတော့ စစ်ကိုင်းခရိုင် မင်းကွန်းမှာပါ။ ၁၇၉၀ နဲ့ ၁၇၉၇ အတွင်း တည်ဆောက်ခဲ့ပါတယ်။ သူက အကြီးကျယ်ဆုံး သာသနိက အဆောက်အအုံအဖြစ် စီမံခဲ့တာပါပဲ။ ဘုရားကိုစောင့်တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ဟာ ၉၅ ပေစီ မြင့်ပါတယ်။ မျက်လုံးတွေက ၁၃ ပေစီ ကျယ်တယ်။ ဘုရားရဲ့ ဉာဏ်တော်က ပေ ၅၀၀ အထိ ရှိမှာပါ။ ဒါပေမဲ့ ပေ ၁၆၀ အမြင့်ကို ရောက်တဲ့အချိန်မှာ အက်ကွဲသွားပါတယ်။ မင်းကွန်းခေါင်းလောင်းကြီးက အလေးချိန် တန် ၈၀ ရှိပြီး ကမ္ဘာမှာ ဒုတိယ အကြီးဆုံးပါ။
၁၈၀၂ ခုနှစ်နဲ့ ၁၈၁၂ ခုနှစ်တို့မှာ ဆင်ဟာလီသာသနာပြုအဖွဲ့တွေ မြန်မာနိုင်ငံကို ရောက်လာတယ်။ ၁၈၀၂ ခုနှစ် မစ်ရှင်မှာ အရေးကြီးတာတွေ ရှိပါတယ်။ သီရိလင်္ကာဘုရင် ခတ္တိသီရိရာဇသင်္ဂါ (၁၇၄၈ - ၁၇၇၈) ဟာ လယ်သမားတွေကို ရဟန်းမဖြစ်နိုင်တဲ့ ပဉ္ဇင်းခံနိသျည်း အသစ်ကို ကျင့်သုံးလိုက်တယ်။ ဒါကို မခံရပ်နိုင်တဲ့ ဇာတ်နိမ့်လူတန်းစားတွေက မြန်မာပြည်ကို မစ်ရှင်တွေ လွှတ်ခဲ့တာပါပဲ။ ဗဒုံမင်းက သူတို့ကို သာသနာပိုင်ဆရာတော်ဆီမှာ ပဉ္ဇင်းခံစေခဲ့တယ်။ သူတို့အပြန်မှာ မြန်မာဘုန်းကြီး ၅ ပါးနဲ့ ရဟန်းခံ ပစ္စည်းအစုံအလင် ၅ စုံစာ တပါတည်း ထည့်ပေးလိုက်တယ်။ သီရိလင်္ကာမှာ ရဟန်းခံပွဲတွေ ဆက်လုပ်စေတယ်။ သူတို့ရဲ့ ဆက်ခံသူတွေကို ဒီကနေ့အထိ အမရပူရသံဃာအဖြစ် သိကြတာပါ။ ဇာတ်ခွဲခြားမှုကို လက်ခံတဲ့ ဆန့်ကျင်ဘက် ရဟန်းတော်များကိုတော့ ထိုင်းသံဃာလို့ သိနေကြတာပါ။ ၁၈၁၀ ပြည့်နှစ်မှာ မူးကြီးမတ်ရာ ဗြဟ္မဏ ပုဏ္ဏားတွေကို ဘုရင်ရဲ့ လှူဖွယ်ဝတ္ထုတွေနဲ့အတူ ဗုဒ္ဓဂါယာကို စေလွှတ်တယ်။ အဲဒီ မစ်ရှင်က အမ်းတောင်ကြားလမ်းကနေ ရခိုင်ကိုသွား၊ စစ်တကောင်းကို ဖြတ်ပြီး ဗုဒ္ဓဝင်ဒေသကို ခရီးဆက်တယ်။
၁၈၁၃ ခုနှစ်မှာ ဂျပ်ဆင်နဲ့ဇနီး ရန်ကုန်ကို ရောက်လာတယ်။ မြန်မာပြည်မှာ နာမည်ကျော် အမေရိကန် ဘက်ပတစ် သာသနာပြုအဖွဲ့ကို တည်ထောင်တယ်။ သူတို့က မြန်မာနိုင်ငံကို မမျှော်လင့်ဘဲ ရောက်လာတာပါ။ သူတို့က အိန္ဒိယကို သာသနာပြုဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ အင်္ဂလိပ်အစိုးရရဲ့ နိုင်ငံရေး ဇာတ်ရှုပ်ကြီးထဲမှာ အတိအကျကြားနေဖို့ ခဲယဉ်းတာကြောင့် ဂျပ်ဆင်ဇနီးမောင်နှံဟာ အဲဒီမှာ ဆက်မနေဝံ့တော့ဘူး။ ဒါကြောင့် သူတို့ မြန်မာပြည်ကို ရောက်လာကြတာပဲ။ ဗဒုံမင်းက သူတို့ကို ခရစ်ယာန်တရား ဟောခွင့်ပြုပါတယ်။ ဒါပေမဲ့ ဘာအကူအညီမှ မပေးခဲ့ပါဘူး။ ဗဒုံမင်းက သေသောက်ကျူးသူတွေ၊ ဘိန်းရှူသူတွေ၊ ဆင် မြင်း ကျွဲ နွားထီး တိရစ္ဆာန်ကြီး သတ်သူတွေကို သေဒဏ်ပေးတယ်။ ဘုန်းကြီးတွေက ဝင်ရောက်ဖျန်ဖြေရင် ရာဇဝတ်သားကို မကွပ်မျက်ဘူး။
ဆက်ပါဦးမယ်။
0 comments:
Post a Comment