နိုင်ငံရေးဘဝမှတ်တမ်းတစ်ခုထံက ရရှိချက်များ (၂) လင်္ကျာဝင်း
ဒီလိုနဲ့ ၁၉၆၉ မှာ ကိုကိုးကျွန်းအပို့ခံကြရတယ်။ ကျွန်းရောက်နိုင်ငံရေးထိန်းသိမ်းခံတွေအပေါ်
သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်သက်ရောက်ပုံကို ဆရာခမ်းဝင်းက
အခုလိုရေးထားတယ်။
အကျဉ်းဦးစီးက
သခင်သန်းထွန်းနောက်ဆုံးနေ့များစာအုပ်ထူကြီးပို့လိုက်တယ်။ ရည်ရွယ်ချက်က
ဗကပကျဆုံးခန်းဖတ်ပြီး စိတ်ဓာတ်ကျဖို့ပါပဲ။ ဒါပေမဲ့ ရဲဘော်တွေက အဆိုးကိုအကောင်းအဖြစ်
ပြောင်းပြန်လှန်ပြီး မသိတာတွေသိရလို့ ကောာင်းမွန်ချက်တွေ တတ်စွမ်းသရွေ့
ထုတ်ယူလေ့လာကြတယ်။ အဲ့ဒီအထဲက လမ်းစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ
ထုတ်ယူနိုင်ခဲ့တယ်။ ၆၄ လမ်းစဉ်ပါ အချက်အလက်အချို့ကို အတည်ပြုခဲ့တဲ့
ရဲဘော်တွေနဲ့ညှိနှိုင်းပြီး ထုတ်နုတ်နိုင်တာ အလွန်ကောင်းပါတယ်။
မဆလအစိုးရက သခင်သန်းထွန်းနောက်ဆုံးနေ့များစာအုပ်ကို
အမှန်နည်းနည်း အမှားများများနဲ့ ရည်ရွယ်ချက်ရှိရှိ ရေးသားထုတ်ဝေစေခဲ့တာပဲ။ ဒါပေမဲ့
သူထင်သလိုမဟုတ်ဘဲ ပြောင်းပြန်သက်ရောက်မှုတွေ အများကြီးဖြစ်ခဲ့တယ်။ နောင်မှာ အဲ့ဒီလိုပြောင်းပြန်
သက်ရောက်တဲ့စာအုပ် အချို့လည်းရှိလာခဲ့ပြန်တယ်။ ၁၉၈၉-၉၀ တစ်ဝိုက် နဝတအစိုးရထုတ်ဝေတဲ့
ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်အာဏာသိမ်းရန်ကြံစည်မှုများ (စာအုပ်နီ)၊ ဗကပပေါ်လစ်ဗျူရိုအစည်းအဝေးမှတ်တမ်း။
ထို့ကြောင့် ဤသို့ အစရှိတဲ့ စာအုပ်တွေဖြစ်ပါတယ်။
ပြည်သူ့စာဆိုတော်ကြီး ဗန်းမော်တင်အောင်နဲ့
ကိုကိုးကျွန်းမှာ အနီးကပ်ထိတွေ့ခဲ့ရပုံကိုလည်း ဆရာခမ်းဝင်းက တင်ပြတယ်။
ထွန်းသစ်(ခမ်းဝင်း)နဲ့ ဆရာဗန်းမော်က ကျွန်းမှာ
အတွဲတစ်တွဲပါ။ ညနေတိုင်း ဆရာနဲ့ထွန်းသစ် လမ်းလျှောက်ထွက်လေ့ရှိသလို
အခမ်းအနားနေ့တွေမှာ ဆရာဗန်းမော်က ဆေးလိပ်မက်သူဆိုတော့ ထွန်းသစ်ရတဲ့
ဆေးလိပ်ဆရာ့ပေး၊ ဆရာ့အုန်းယို ထွန်းသစ်ပေးပေါ့။ အဆင်ပြေပါတယ်။…. ထွန်းသစ်ဘဝမှာ
ဆရာဗန်းမော်နဲ့ အနီးကပ်ဆက်ဆံလိုက်ရတာ အတွေးအခေါ်တည်ငြိမ်ရင့်ကျက်မှု တော်တော်ရလိုက်ပါတယ်။ ဆရာ့ရဲ့စာပေတွေဟာ လူငယ်တွေကို နိုင်ငံရေးနိုးကြားစေခဲ့တယ်။ အဲ့ဒီအထဲမှာ ထွန်းသစ်လည်းပါခဲ့တယ်။ အခုလူချင်းအနီးကပ် ဆည်းပူးရတော့ ပိုမိုနက်ရှိုင်းတဲ့ တွေးခေါ်ယူဆပုံနဲ့ နေထိုင်ဆက်ဆံပုံများကို လေ့လာခဲ့ရတယ်။ ထွန်းသစ် အတွေးအခေါ်တည်ဆောက်မှုမှာ မဟာအကျိုးတရားရတယ်လို့ဆိုရင် လွန်ရာမရောက်တန်ရာပါ။
ဆရာဗန်းမော်နဲ့ အနီးကပ်ဆက်ဆံလိုက်ရတာ အတွေးအခေါ်တည်ငြိမ်ရင့်ကျက်မှု တော်တော်ရလိုက်ပါတယ်။ ဆရာ့ရဲ့စာပေတွေဟာ လူငယ်တွေကို နိုင်ငံရေးနိုးကြားစေခဲ့တယ်။ အဲ့ဒီအထဲမှာ ထွန်းသစ်လည်းပါခဲ့တယ်။ အခုလူချင်းအနီးကပ် ဆည်းပူးရတော့ ပိုမိုနက်ရှိုင်းတဲ့ တွေးခေါ်ယူဆပုံနဲ့ နေထိုင်ဆက်ဆံပုံများကို လေ့လာခဲ့ရတယ်။ ထွန်းသစ် အတွေးအခေါ်တည်ဆောက်မှုမှာ မဟာအကျိုးတရားရတယ်လို့ဆိုရင် လွန်ရာမရောက်တန်ရာပါ။
ဆရာဗန်းမော် ကြဲခဲ့တဲ့မျိုးစေ့တွေထဲက သစ်ကောင်းတစ်ပင်ဟာ
ဆရာခမ်းဝင်းဖြစ်ပါတယ်။ ဆရာဗန်းမော်တင်အောင်လျှောက်ခဲ့တဲ့လမ်းမျိုးကိုပဲ ဆရာခမ်းဝင်းလျှောက်ခဲ့ပါတယ်။
ဆရာဗန်းမော် မျိုးစေ့ကြဲပက်ခဲ့သလိုပဲ ဆရာခမ်းဝင်းလည်း မျိုးစေ့တွေကြဲပက်ခဲ့ပါတယ်။
နောက်ထပ် နောက်ထပ်သော ဗန်းမော်တွေ၊ ခမ်းဝင်းတွေ အပြိုင်းအရိုင်း
တောထလာလလိမ့်ဦးမယ်လို့ မျှော်လင့်မိပါတယ်။
ကျွန်းပေါ်က အစာငတ်ခံတိုက်ပွဲများ အကြောင်းကတော့ ဒီနောက်ပိုင်းစာအုပ်တွေမှာ
အများအပြားပါဝင်ပြီးဖြစ်ပါတယ်။ ကျွန်းတိုက်ပွဲ အများစုဟာ ဗမာပြည်ကွန်မြူနစ်ပါတီက ဦးဆောင်တိုက်ပွဲဝင်ခဲ့တာပါ။
ဒါပေမဲ့ အလံနီပါတီ (သခင်စိုးပါတီ)က သီးခြားတိုက်တဲ့တိုက်ပွဲလည်းရှိပါတယ်။အလံနီပါတီက
လက်နက်ချပါတီ လုံးလုံးဖြစ်သွားတော့ သူတို့သမိုင်းကိုပြန်ဖော်မယ့်သူ
နည်းသွားတာဖြစ်မယ်။ ကျွန်းပေါ်က အလံနီပါတီချည်းလုပ်တဲ့ အစာငတ်ခံတိုက်ပွဲတစ်ခုမှာ ရဲနီတစ်ယောက်ကြေကွဲဖွယ်ကျဆုံးရပုံကို
ဆရာခမ်းဝင်းက အောက်ပါအတိုင်း ရေးပြခဲ့ပါတယ်။
ရဲနီဘိုကြူအဖြစ်က ရင်နာစရာပါ။ ရဲနီဘိုကြူ ကျဆုံးခါနီးမှာ
သူ့ရဲဘော်တွေရှေ့မှာ တိုက်ပွဲဆိုတာ အလံကိုင်ပြေးပွဲလိုပဲ။ တစ်နေရာရောက်ရင်
မိမိကိုင်ထားတဲ့အလံကို နောက်တစ်ယောက်ကမ်းပေးရတယ်။ ကျန်တဲ့လူက အလံကိုင်ပြေးရတယ်။
ဒါကိုပြောရင်း ဆရာကြီးသခင်စိုးကို အလေးနီပြုရင်း ကျဆုံးသွားပါတယ်။
အဲ့ဒီအချိန်မှာ သခင်စိုးဟာ စစ်အစိုးရရဲ့
တပ်တွေဝိုင်းမိ လက်နက်ချသွားပါပြီ။ ခေါင်းဆောင်ကြီးလက်နက်ချချိန်မှာမှ ငယ်သားက
အသက်ပေးတိုက်ပွဲဝင်သွားရဲ့။ ဒါပေမဲ့ လက်နက်ချက လက်နက်ချသမိုင်း၊ သူရဲကောင်းက
သူရဲကောင်းသမိုင်းပါ။ အနာဂတ်ကြီးမြတ်မှုချင်းကွာပါတယ်။
ကျွန်းပေါ်က အယူဆပဋိပက္ခတွေကိုလည်း
ဆရာခမ်းဝင်းတင်ပြတယ်။
ကိုကိုးကျွန်းပါတီအတွင်းမှာ ဗဟိုစည်းရုံးရေး မူများကို
ဖောက်ဖျက်လာကြတယ်။ လမ်းစဉ်လူတန်းစား အကဲဖြတ်ချက်အပေါ်၊ ပါတီမူဆိုတာအပေါ်၊ ကွဲလွဲတဲ့ကောက်ယူမှုတွေ
ပေါ်လာတယ်။ ဒီမှာတင် ပါတီအတွင်း ဂိုဏ်းအစုသုံးစုပေါ်ခဲ့တယ်။ တစ်စုက ရန်သူလူတန်းစား
အကဲဖြတ်ချက်ဟာ နယ်ချဲ့လက်ဝေခံ အရင်းရှင် လူတန်းစားဖြစ်တယ်လို့ သုံးသပ်တယ်။
သူတို့အစုက ပါတီကော်မတီရဲ့ ဦးဆောင်မှုကိုမနာခံတော့ဘူး ၊ ဒုတိယအစုက ပထမအစုနဲ့ လူတန်းစားအကဲဖြတ်မှုတူသလိုရှိပေမဲ့
အဓိကစည်းရုံးရေးမူကို ဖောက်ဖျက်တဲ့ ပထမအစုနဲ့ လမ်းခွဲလိုက်တယ်။ တတိယအစုက
လူတန်းစားအကဲဖြတ်ချက် လက်ဝေခံကို လက်မခံပါ ။ တိုင်းရင်းသား ဓနရှင်အစု (Native Bourgeoise ) လို့ ယူဆပါတယ်။ ဗဟိုမနာခံတဲ့အဖွဲ့နဲ့ လုံးဝမတူဘူး။ ထွန်းသစ်က
တတိယအစုဝင်ဖြစ်တယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ဗကပရဲ့
ပါဝင်ပတ်သက်မှုနဲ့စပ်လျဉ်းပြီး ဝိဝါဒကွဲစရာတွေ အများကြီးဖြစ်ကြတယ်။
ဦးဆောင်တဲ့အခန်းကပါတယ်။ နောက်လိုက်အခန်းကပါတယ်။ အလံတစ်လက်အနေနဲ့ပါတယ်
အစရှိသည်ဖြင့်ပေါ့လေ။ မလိုသူတွေကမလိုသလို၊ လိုသူတွေက လိုသလိုပေါ့လေ။ ဒါပေမဲ့
သမိုင်းဆိုတာ မလိုတစ်မျိုး လိုတစ်မျိုး လုပ်လို့ရတာမျိုးမဟုတ်ပါဘူး။ ရလည်းခဏပါပဲ ။
ဆရာခမ်းဝင်းက ရှစ်လေးလုံး အရေးတော်ပုံ အကြိုကာလတွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီက
ဖွဲ့စည်းတဲ့ ၄၈၂၈ ပါတီကော်မတီဝင်ဖြစ်နေပါပြီ။ ရှစ်လေးလုံးအကြိုကာလမှာ
ဆရာခမ်းဝင်းနဲ့ ကိုသက်ခိုင် ပူးပေါင်းညှိနှိုင်းပြီး ဗကပ ဗဟိုကို ပြည်တွင်းအခြေအနေ
အစီရင်ခံခဲ့ပုံကို ဆရာခမ်းဝင်းကအခုလို ရိုးရိုးလေးပဲ ဖော်ပြထားတယ်။
တစ်နေ့မှာ ထွန်းသစ်နဲ့ကိုသက်ခိုင် စော်ဘွားကြီးကုန်းက
သူငှားနေတဲ့အိမ်မှာ တွေ့ကြတယ်။ ဗဟိုကို တိုင်းပြည်ရဲ့
နောက်ဆုံးနိုင်ငံရေးအခြေအနေနဲ့ မိမိတို့လုပ်သင့်တဲ့ကိစ္စတွေ တင်ပြ
အစီရင်ခံစာရေးဖို့ တိုင်ပင်နေကြတယ်။ ထွန်းသစ်တို့ညှိနှိုင်းပြီး စစ်အစိုးရအခြအနေဟာ
လူထုအုံကြွပေါက်ကွဲမှုနဲ့ ကြုံနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ တပ်တွင်းမှာလည်းပဋိပက္ခတိုးပွားနေကြောင်း
၊ ဒီအတွက် မကြာမီမှာ အပြောင်းအလဲများပေါ်နိုင်ကြောင်း၊ ပါတီအနေဖြင့်
ပြင်ဆင်ထားသင့်ကြောင်းများ အစီရင်ခံစာပို့လိုက်တယ်။
ဆရာခမ်းဝင်းရဲ့ စာနယ်ဇင်းအင်တာဗျူတစ်ခုမှာ ရှစ်လေးလုံးအရေးတော်ပုံမှာ
ဗကပဟာ အလံတစ်လက်အနေနဲ့ ပါဝင်ခဲ့တယ်လို့ ဖြေကြားခဲ့တာကို အမှတ်ရမိတယ်။ စာရေးသူ Martin Smith ရဲ့
Burma: Insurgency and the Politics of Ethnicity စာအုပ်
(ဗန်ဒိုးဘာသာပြန် ပြေဗမာအဖြေရှာဖွေကာကြည့်ပါလှည့်
လက်နက်ကိုင်ဖက်ပြိုင်မှုများနှင့် လူမျိုးစုဆိုင်ရာနိုင်ငံရေးစာအုပ် ဗမာ
အမျိုးသမီးစာပေ၊ ၂၀၁၉ ဒီဇင်ဘထုတ် ပအကြိမ်) မှာတော့ ဗကပ ရဲ့
ရှစ်လေးလုံးအရေးတော်ပုံမှာပါဝင်ပက်သက်မှုကို ခုလိုဖော်ပြထားတယ်။
ဖြစ်ခဲ့သမျှအကြောင်းအရာတွေအားလုံးနှင့် ပတ်သက်၍ အပြီးသတ်
အဆုံးအဖြတ်စကားကို ပြောသင့်သူမှာ ၄၈၂၈ အထူးတာဝန်အဖွဲ့ကို တာဝန်ယူခဲ့ရသော CPB ပေါ်လစ်ဗျူရိုအဖွဲ့ဝင်
ကျင်မောင်သာဖြစ်ပါလိမ့်မည်။ သူ့အားထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့်က CPB ၏ အာဏာသိမ်းယူရန်ကြိုးပမ်းမှုကို ဖုံးကွယ်ရန်အတွက် ၁၉၈၈ တွင် တစ်ပြည်လုံး အာဏာဖီဆန်ရေးကို
နှိုးဆွသူ၊ စီစဉ်ညွှန်ကြားသူအဖြစ် စွပ်စွဲထားသည်။ ကျင်မောင်ဖော်ပြသည့်
ဖြစ်စဉ်တို့က ဖြစ်ရပ်မှန်တို့နှင့် အလွန်နီးစပ်ပါတယ်။ သူ့ထောက်ပြချက်အရ
အထူးတာဝန်အဖွဲ့ ၄၈၂၈ သည် ၁၉၈၅ ကွန်ဂရက်မတိုင်မီ နှစ်အတန်ကြာကပင် ရှိခဲ့ကြောင်း၊
ယင်းကွန်ဂရက်မှ ဤစီမံချက်များကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ CPB က လှုံဆော်ရေးပြုလုပ်သည်ဟူသော နဝတ ၏ စွပ်စွဲချက်များထဲတွင်
ထင်ထင်ရှားရှားဖော်ပြထားသော CPB ကေဒါများဖြစ်သည့် သက်ခိုင်နှင့်
တင်အောင် (ဆရာခမ်းဝင်း) တို့သည် ၄၈၂၈ ၏ ဦးဆောင်ကလာပ် စည်းအဖွဲ့ဝင်များဖြစ်ကြောင်း
တွေ့ရှိရသည်။
ရှစ်လေးလုံးအလွန် နဝတအာဏာသိမ်းပြီး
ပါတီတွေဖွဲ့ခွင့်ပေးလိုက်တော့ ပါတီထောင်မယ့်အရေးမှာ ဆရာခမ်းဝင်းနဲ့ ကိုသက်ခိုင်
ကွဲလွဲပုံကို ဆရာခမ်းဝင်းက အခုလိုရေးတယ်။
ကိုသက်ခိုင်က မြေအောက်ရဲဘော်လေးပုံတစ်ပုံ
ထုတ်သုံးမယ်လို့ဆိုတယ်။ ထွန်းသစ်က ပါတီမဖွဲ့ သင့်ကြောင်း၊ စစ်တပ်ဟာ
ပါတီတွေဖွဲ့ရင်အဆုံးမှာ ဖိနှိပ်ဖျက်ဆီးပစ်မှာဖြစ်တယ်။ ဒါကြောင့် မြေအောက်တစ်ပိုင်း
ဒီမိုကရေစီ တပ်ပေါင်းစုသဘော အဖွဲ့အစည်း တစ်ရပ်ဖွဲ့ပြီး လှုပ်ရှားသင့်ကြောင်း ဆွေးနွေးတယ်။
သို့ပေမဲ့ ပါတီဖွဲ့ရေးအားသန်တဲ့ ကိုသက်ခိုင်ရဲ့ အစီအစဉ်ကို ထွန်းသစ်လိုက်ပါအကောင်အထည်ဖော်ခဲ့ရပါတယ်။
ဆရာခမ်းဝင်း သူသဘောမတူတဲ့ကိစ္စကို
ဒီမိုကရေစီဗဟိုချုပ်ကိုင်မှု (DC)
ကိုနာခံပြီးလိုက်နာဆောင် ရွက်ခဲ့ပုံဟာ လေးစားအားကျဖွယ်ပါ။ အခု နှစ်
၃၀ ကျော်ကြာလာခဲ့တဲ့အခါ အယူအဆရေးကတော့ အဖြူအမည်းသဲကွဲသွားပါပြီ။ ဆရာခမ်းဝင်း ယူဆခဲ့တာ
အမှန်တရားပါပဲ။
နဝတ ဦးစီးကျင်းပခဲ့တဲ့ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲနဲ့
ပက်သက်ရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲရယ်လို့ နိုင်ငံတကာကရော ပြည်တွင်း
နိုင်ငံရေးသမားအများစုကပါ သတ်မှတ်ပြောဆိုလေ့ကြရှိပါတယ်။ ဆရာခမ်းဝင်းကတော့
အဲ့ဒီအယူအဆကို အပြည့်အဝလက်မခံပါဘူး။
ရွေးကောက်ပွဲဟာ တကယ်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့
ဆိုကြတာဟာ အပြည့်အဝမှန်ကန်တယ်လို့ မယူဆနိုင်ပါဘူး ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားသောနိုင်ငံရေးပါတီ ပုဂ္ဂိလ်များကို
ဖမ်းဆီးအကျဉ်းချထားတဲ့ အနေအထားပါ။ အခြားသော အနှောင့်အယှက်အတားအဆီး
အဖိအနှိပ်များရှိနေဆဲပါ။ ဒီအခြေအနေမှာလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတတဲ့
ရွေးကောက်ပွဲ ရာနှုန်းပြည့်မဆိုနိုင်ပါ။ တစ်ခါဒီလိုပဲ မဲဆန္ဒပေးပွဲမှာ ပါတီအများကြီးဖန်တီးပေးထားတဲ့အတွက်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တစ်ခုတည်း မဲအများစုရလိမ့်မယ်လို့ မမျှော်လင့်လို့
မဲခိုး၊ မဲလိမ် မလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ သတိပြုရမယ့်အချက်ပါ။
အနည်းငယ် ထပ်မံဖြည့်စွက်ချင်တာက ရွေးကောက်ပွဲနိုင်ပြန်တော့လည်း
အာဏာမလွှဲဘူး။ အဲ့ဒီကတည်းက မလွှဲလိုက်တဲ့ မလွှဲဟာ ဒီနေ့အထိပဲလို့ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့
ဒီကနေ့ NLD ဟာအာဏာရဆိုပေမဲ့ အပြည်အဝမရသေးတာ ပြည်ထောင်စုလွှတ်တော်ထဲက ၂၀၀၈
ခြေ/ဥပြင်ရေး တိုက်ပွဲတွေကို ကြည့်ရင် သိသာထင်ရှားနေပါတယ်။
ရှစ်လေးလုံးအလွန်မှာ ဆရာခမ်းဝင်းနှစ်ရှည်ထောင်ဒဏ်
ထပ်မံခံရပြန်တယ်။ လွတ်ရက်စေ့တော့လည်း စစ်အာဏာရှင်က ညစ်ပတ်ပြီး ထောင်ကမလွှတ်ဘဲ
ထိန်းသိမ်းပုဒ်မ ၁၀(က)နဲ့ ထောင်ထဲဆက်ထားခဲ့တယ်။ ၁၀(က)ပုဒ်မ သက်တမ်းကုန်မှ
ဘာမှထပ်လုပ်မရတော့လို့ ထောင်ကလွှတ်ပေးခဲ့တယ်။ အဲ့ဒီအခြေအနေတွေကို ဆရာခမ်းဝင်းဟာ တည်ငြိမ်ရဲရင့်စွာပဲ
ဖြတ်သန်းနိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ထောင်က
ပြန်လွှတ်ခဲ့ပြီး သူ့ကိုယ်တိုင်ရေးအတ္ထပ္ပတ္တိကို အဲ့ဒီနေရာမှာပဲ
အဆုံးသတ်ထားပါတယ်။ သူ့စာအုပ် (မပြယ်လေသည် ချည်နှောင်ထုံး) အမည်ကိုလည်း
အတ္ထပ္ပတ္တိအဆုံးမှာ အခုလို ဖွင့်ဆိုရေးသားခဲ့ပါတယ်။
ထွန်းသစ်ရဲ့ ဘဝကို သုံးသပ်ရင် ချည်နှောင်ခံရတဲ့ ချည်နှောင်ကြိုးနှစ်ထုံးရှိခဲ့ပါတယ်။
နှောင်ကြိုးတစ်ခုက နိုင်ငံရေးအတွေးအခေါ်နှောင်ကြိုးရဲ့ ချည်နှောင်ထုံးပါ။
ဒုတိယတစ်ခုက ဖောက်ပြန်ရေးအစိုးရများရဲ့ အကျဉ်းထောင်ချည်နှောင်ထုံး။ အကျဉ်းထောင်ချည်နှောင်ထုံးက
အချိန်တန်တော့ ပြေလျော့ဖျက်ပြေနိုင်ခဲ့ပေမယ့် မပြေနိုင်တဲ့ ချည်နှောင်ထုံးကတော့
နိုင်ငံရေး အတွေးအခေါ် ချည်နှောင်ထုံးပါတကားလို့ သုံးသပ်မိပါတယ်။
ဆရာခမ်းဝင်းရဲ့ တစ်ဘဝလုံးဟာ ကိုယ့်ကျိုးစွန့်
အနစ်နာခံတဲ့ နိုင်ငံရေးနဲ့သာ ပြည့်နှက်နေခဲ့တာပါ။ ဆရာခမ်းဝင်း စိတ်ဓာတ် ဗမာပြည်အနှံ့
စိမ့်ဝင်ပျံနှံ့ပါစေ။
လင်္ကျာဝင်း
0 comments:
Post a Comment