Monday, May 18, 2020

ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ဒေါက်တာသန်းထွန်းရေးတဲ့ 
A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
#အလောင်းမင်းတရား
(၁၇၅၂ - ၁၇၆၀) 
အလောင်းမင်းတရားကို ၁၇၁၄ ခုနှစ် သြဂုတ်လ ၂၄ ရက်က မွေးတယ်။ မုဆိုးဘိုလို့ သိကြတဲ့ အိမ်ခြေ ၃၀၀ ရှိတဲ့ ကျေးရွာမှာ မွေးတာပါ။ သူ့ကို မြေရှင် လူကုံထံမိသားစုက မွေးဖွားပြီး သူ့ဘိုးဘေးတွေက မြို့သူကြီးတွေပါ။ သူ့ရဲ့ မျိုးရိုးက အင်းဝ မိုးညှင်းမင်းတရား (၁၄၂၇ - ၁၄၄၀) ကနေ ဆင်းသက်တာလို့ ဆိုပါတယ်။
အသက် ၃၆ နှစ်အရွယ်မှာ မုဆိုးဘိုနဲ့ အနီးပတ်ဝန်းကျင် နေရာတွေရဲ့ မျိုးရိုးအမွေခံ အရှင်သခင်ဖြစ်လာတယ်။ သိပ်မကြာခင် ၁၇၅၂ ခုနှစ် မတ်လ ၂၂ ရက်မှာ မွန်တွေက အင်းဝကို သိမ်းလိုက်တယ်။ မိဘနဲ့ ဦးရီးတွေရဲ့ ပြောဆိုမှုကို မနာခံဘဲ အလောင်းမင်းတရားက သူပုန်ထဖို့ ဆုံးဖြတ်တယ်။ ရွာပေါင်း ၆၄ ရွာကလူတွေ သူနဲ့ လာပေါင်းတယ်။ မွန်တပ်ဖွဲ့ငယ် တခုက ရွာလူကြီးတွေကို သစ္စာရည် တိုက်ဖို့လာတော့ သူက ခုခံဖို့ အသင့်ဖြစ်နေပြီ။ အဲဒီတပ်ဖွဲ့ဟာ ရွှေဘိုခရိုင် ဟန်လင်းရဲ့ တောင်ဘက် တောနက်ထဲမှာ ၁၇၅၂ ခုနှစ် ဧပြီလ ၂၀ ရက်က ခြုံခို အတိုက်ခံလိုက်ရတယ်။ သူ့ထက်ပိုကြီးတဲ့ ဒုတိယတပ်ဖွဲ့ကတော့ ၁၇၅၂ ခုနှစ် ဧပြီလ ၂၄ ရက်မှာ ထောင်ချောက်ထဲမောင်းချပြီး ချေမှုန်းခံရတယ်။ ဒါကြောင့် မွန်တွေက အင်အားထောင်ချီတဲ့ တတိယတပ်ဖွဲ့ကို စေလွှတ်ခဲ့တာပါ။ ၁၇၅၂ ခုနှစ် ဧပြီလ ၂၈ ရက်မှာ မုဆိုးဘိုကို ဝိုင်းရံ ပိတ်ဆို့လိုက်တယ်။ ဒါပေမဲ့ အလောင်းမင်းတရားကိုယ်တိုင် ကွပ်ကဲပြီး ပိတ်ဆို့မှုကို ဖျက်ဆီးပစ်လိုက်တဲ့အခါမှာတော့ ၁၇၅၂ ခုနှစ် မေလ ၅ ရက်မှာ မွန်တွေ မောင်းထုတ်ခံရတာပါပဲ။ သူတိုရဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ စခန်းတွေမှန်သမျှ အလောင်းမင်းတရားလက်ထဲကို ကျရောက်ကုန်တယ်။ မွန်တွေဟာ မာစကတ်သေနတ်တွေ အများကြီးကျန်ခဲ့တာမို့ အလောင်းမင်းတရားရဲ့တပ်ဖွဲ့တွေ တမဟုတ်ချင်း အင်အားကြီးသွားစေခဲ့တယ်။ အဲဒီအချိန်ကစပြီး အလောင်းမင်းတရားဟာ လက်ဦးမှုယူပြီး ထိုးစစ်ဆင်တော့တာပဲ။ သူက တစထက်တစ နာမည်ပိုကြီးလာပြီး နောက်လိုက်နောက်ပါ အရည်အတွက် အများကြီး တိုးလာတယ်။ အလောင်းဘုရားရဲ့တပ်ဖွဲ့တွေ ဒီလို တိုးပွားလာရတဲ့ အကြောင်းရင်း သုံးချက် ရှိပါတယ်။ 
#ပထမ မြန်မာတွေဟာ လူမျိုးခြား လွှမ်းမိုးမှုကို မခံချင်ဘူး။ သူတို့ကို ခေါင်းဆောင်နိုင်မယ့် လူစွမ်းကောင်းကို မျှော်လင့်တကြီး စောင့်နေတယ်။
#ဒုတိယ စုစည်းမှုရဲ့နောက်မှာ အမျိုးသားနိုင်ငံ ဖြစ်ပေါ်လာဖို့ မျှော်မှန်းချက်ကြီး ရှိနေတယ်။
#တတိယ အင်းဝဘုရင်ဟောင်းရဲ့ တပ်မှူးတပ်သားတွေဟာ အလောင်းဘုရားရဲ့ တပ်ဖွဲ့တွေနဲ့ လာပေါင်းဖို့ အသင့်ရှိနေတယ်။
ဒါကြောင့်လည်း ၁၇၅၂ - ၅၇ ကနေ မြန်မာ့ အမျိုးသားရေးဝါဒ တဟုန်ထိုးနိုးထလာခဲ့တာကို ကျွန်တော်တို့ တွေ့ရတာပဲ။ တခြား ခုခံတဲ့နေရာတွေကတော့ မြစ်ကြီးနားခရိုင်ထဲက မိုးကောင်းနဲ့ မင်းဘူးခရိုင်ထဲက စလင်းတို့ပါပဲ။ သူတို့ရဲ့ ခေါင်းဆောင်တွေက အလောင်းမင်းတရားထက် အခွင့်သာကြပုံပါ။ ဒါပေမဲ့ သူတို့မှာ အလောင်းမင်းတရားရဲ့ ရည်မှန်းချက်နဲ့ သတ္တိမျိုး မရှိကြဘူး။ ရှေ့ဆင့် နောက်ဆင့်ပဲ သူတို့ဟာ အလောင်းမင်းတရားရဲ့ နောက်လိုက်တွေ ဖြစ်ကုန်ကြတယ်။ မုဆိုးဘိုမှာ တတိယမွန်တပ်ဖွဲ့ကို အလောင်းမင်းတရားက အောင်နိုင်လိုက်ပြီးတဲ့နောက် မွန်တွေနဲ့ပေါင်းသွားတဲ့ မြန်မာတွေ ရှမ်းတွေ ကဒူးတွေဟာ သူတို့အမှားကို မြန်မြန်ပဲသိလာပြီး အလောင်းမင်းတရားဆီက ပို့လိုက်တဲ့ သစ္စာရေကို သောက်လိုက်ကြတယ်။ အလောင်းမင်းတရားရဲ့ လှုပ်ရှားမှုတွေဟာ တစ်နေ့တခြား ပိုပြီးအားကောင်းလာတယ်။ ဒီလောက်များတဲ့ နောက်လိုက်တွေ သူဘယ်လိုစုဆောင်းနိုင်သလဲဆိုတာ မွန်တွေ နားမလည်နိုင်အောင် ဖြစ်ရတယ်။ တဖက်ကလည်း အလောင်းမင်းတရားရဲ့ ထင်ပေါ်မှုက မကြာခင် မှေးမှိန်သွားမှာပဲလို့ သူတို့ ထင်နေကြတယ်။ ဒါကြောင့် အင်းဝက ဒလဘန်းဆီကို မွန်တွေ အင်အားဖြည့်မပေးတာပဲ။ အလောင်းမင်းတရားကို အရေးနိမ့်နေတဲ့အတွက် ဒလဘန်းကို ပြန်ခေါ်ပြီး သူ့လောက်တောင် မစွံတဲ့ တောင်ငူငွေခွန်မှူးကို သူ့နေရာပေးလိုက်တယ်။ ငွေခွန်မှူးက ကောလင်း ဝန်းသိုနဲ့ အုတ်ဖိုတို့မှာ စစ်ဆင်နေတဲ့ မြောက်ပိုင်းကတပ်တွေကို ပြန်ခေါ်တယ်။ အဲဒီတပ်ဖွဲ့တွေရဲ့ ပေါင်းစည်းအားနဲ့ အလောင်းမင်းတရားကို စစ်မျက်နှာပေါင်းစုံဖွင့်ပြီး တိုက်တော့တာပဲ။ အလောင်းမင်းတရားလည်း လူးလိမ့်နေအောင် ခံလိုက်ရတာပါ။ ဒါပေမဲ့ သူက စိတ်ဓါတ်မကျဘူး။ သူ့နောက်လိုက်တွေကလည်း ဇွဲမလျှော့ဘူး။ ၁၇၅၂ ခုနှစ် အောက်တိုဘာလရောက်တော့ မွန်တွေဟာ ထိုးစစ်မှန်သမျှကို စွန့်ရတော့တာပဲ။ ၁၇၅၃ ခုနှစ် ဒီဇင်ဘာမှာ အလောင်းမင်းတရားက အင်းဝကို ဝိုင်းထားလိုက်ပြီ။ မွန်တွေဟာ ၁၇၅၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် ညအချိန်မှာ အင်းဝကနေ တိတ်တိတ်ကလေး ဆုတ်ခဲ့ရတယ်။ အကြောင်းကတော့ နှစ်ချက်ရှိပါတယ်။
၁။ ပဲခူးအစိုးရနဲ့ အဆက်အသွယ်အားလုံး ပြတ်တောက်နေပြီ။
၂။ မြို့ထဲမှာနေထိုင်ကြတဲ့ ရှမ်းနဲ့ ဗမာတွေက ထပုန်ကန်မှာ ကြောက်ရတယ်။
ဒါကြောင့် ၁၇၅၄ ခုနှစ် ဇန်နဝါရီလမှာ အထက်မြန်မာပြည်တခုလုံး မွန်တွေကင်းရှင်းသွားပြီး အလောင်းမင်းတရားရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတယ်။ ရှမ်းစော်ဘွားအများအပြားရဲ့ သစ္စာခံမှုကိုလည်း ရခဲ့တယ်။ ၁၇၅၄ ခုနှစ် မတ်လမှာပဲ မွန်အစိုးရက အလောင်းမင်းတရားကို တိုက်ဖို့ သူ့ရဲ့တပ်မတော်ကို အလုံးအရင်းနဲ့ စေလွှတ်တယ်။ မွန်တွေက ၁၇၅၄ ခုနှစ် ဧပြီလ ၂၄ ရက်မှာ အင်းဝကို ဝိုင်းတိုက်တယ်။ အနီးဝန်းကျင်နေရာတွေကို ဖျက်ဆီးတယ်။ အလောင်းမင်းတရားက ရနိုင်သမျှ တပ်ဖွဲ့အားလုံးကို စုစည်းတယ်။ မိုးရာသီစပြီမို့သာ ပြန်ဆုတ်ကြရတဲ့ မွန်တွေကို ခဲခဲယဉ်းယဉ်းနဲ့ အောင်မြင်တယ်။ ဒီလိုမဟုတ်ရင် ရေရှည် တိုက်ကြရမှာပါ။ အဲဒီအချိန်မှာပဲ မြစ်ဝကျွန်းပေါ်မှာနေတဲ့ မြန်မာတွေဟာ အလောင်းမင်းတရား ချီတက်လာရင် ပူးပေါင်းဖို့ မျှော်လင့်တကြီး စောင့်နေကြပါပြီ။ ကံဆိုးချင်တော့ သူတို့အစီအစဉ် ပေါက်ကြားသွားတယ်။ ရလဒ်ကတော့ သူတို့ထဲက အများအပြား အသတ်ခံရတယ်။ အင်းဝဘုရင်ဟောင်း မဟာဓမ္မရာဇာဓိပတိဟာ မိသားစုနဲ့အတူ ၁၇၅၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်မှာ ကွပ်မျက်ခံရတယ်။ အလောင်းမင်းတရားဆီကို ဒီသတင်းရောက်သွားတာနဲ့ မြစ်ဝကျွန်းပေါ် စစ်ဆင်ရေးကို မဆိုင်းမတွ ပြင်ဆင်တော့တာပါ။ သူ ချီတက်မလာခင် ပြည်မြို့က သူပုန်ထနေပြီ။ အင်းဝက ထွက်ပြေးလာတဲ့ မွန်တွေဟာ ပြည်မြို့ကို ပိတ်ဆို့ထားလိုက်ပါပြီ။ ကံကောင်းချင်တော့ ပြည်က လက်နက်မချသေးခင် အလောင်းမင်းတရားက ရောက်လာတယ်။ ဒါကြောင့် ၁၇၅၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှာ မွန်တွေ ပြည်က ဆုတ်သွားရတယ်။ အလောင်းမင်းတရားဟာ ပြည်မှာ မြန်မာပြည်အလယ်ပိုင်းက အကြီးအကဲတွေအားလုံးရဲ့ သစ္စာစောင့်မှုကို ခံယူတယ်။ အောင်ပွဲကြီးတွေနဲ့အတူ သစ္စာခံတဲ့ စလေမြို့စားနဲ့ ပခန်းငယ် မြို့သူကြီးတို့ကို အလောင်းမင်းတရာက အထူးတလည် သူကောင်းပြုပါတယ်။ ဒီနောက် သိပ်မကြာခင် ဟင်္သာတခရိုင်ထဲက လွန်ဆေးကိုသိမ်းပြီး မြန်အောင်လို့ နာမည်ပြောင်းပေးတယ်။ မြန်အောင်မှာ အလောင်းမင်းတရားဟာ တောင်ငူ ဟင်္သာတ မြောင်းမြ ပုသိမ်နဲ့ သံတွဲတို့ရဲ့ သစ္စာစောင့်သိမှုကို ခံယူတယ်။ ဒဂုံကို ၁၇၅၅ ခုနှစ် မေလ ၁၅ ရက်မှာ သိမ်းပြီး ရန်ကုန်လို့ နာမည်ပြောင်းပေးတယ်။ ဘေးရန်တွေ ကုန်ဆုံးသွားပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲဒီအချိန်က ဒဂုံဆိပ်ကမ်းမှာ ရှိနေတဲ့ အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် အင်္ဂလိပ် သင်္ဘောငယ် သုံးစီးနဲ့ အင်္ဂဘိပ်လူမျိုးနှစ်ဦးရဲ့ ပုဂ္ဂလိကပိုင် သင်္ဘောနှစ်စီးကိုလည်း သိမ်းယူတယ်။ အဲဒီသင်္ဘောတွေက အမြောက်တွေ သေနတ်တွေကိုလည်း အလောင်းမင်းတရားက သိမ်းပါတယ်။ ဒါပေမဲ့ ကပ္ပတိန်ဂျက်ဆင်က ကြားနေသင်္ဘောတွေကို မသိမ်းရဘူးဆိုတဲ့ နိုင်ငံတကာရေကြောင်း ဥပဒေနဲ့ ခုခံကာကွယ်ပါတယ်။ သန်လျင်မှာရှိတဲ့ ပြင်သစ်တွေက မွန်တွေဘက်က ရပ်တယ်။ အင်္ဂလိပ်က လုံးဝကြားနေတာပါ။
မဏိပူရီတွေက မြန်မာပြည်ကို ကျူးကျော်တဲ့အတွက် အလောင်းမင်းတရားဟာ ဒဂုံကိုသိမ်းပြီးတဲ့နောက် မြောက်ပိုင်းကို ပြန်ခဲ့ရတယ်။ မဏိပူရီတွေကို နှိမ်နှင်းဖို့ အလောင်းမင်းတရားက သေနတ်ဗိုလ် မဟာမင်းလှ မင်းခေါင်ကျော်ကို စေလွှတ်တယ်။ နှစ်ကုန်ပိုင်းမှာ မြန်မာပြည်မြေက်ပိုင်းကို တည်ငြိမ်စေပြီး အလောင်းမင်းတရားက မြစ်ဝကျွန်ပေါ်ကို ချီတက်တယ်။ သံလျင်ကို တိုက်တယ်။ မွန်တွေက ပြင်သစ်အမြောက်တပ်ရဲ့ အကူအညီကို ရတယ်။ ဒါကြောင့် အလောင်မင်းတရားလည်း မရှုမလှ အရေးနိမ့်ရတယ်။ သံလျှင်ကို ဝန်းရံပိတ်ဆို့ထားတာ တစ်နှစ်ကျော် ကြာလာတယ်။ နောက်ဆုံးမတော့ အလောင်းမင်းတရားက အသေခံဗိုလ် ၉၃ ဦးရွေးပြီး မြို့ကို ဝင်စီးပစ်တယ်။ ၁၇၅၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်မှာ သံလျင်ကို ရတယ်။ မြို့ကတော့ လုံဝကို အဖျက်ဆီးခံလိုက်ရတာပါ။ အလောင်းမင်းတရားက သံလျှင်ရဲ့နေရာမှာ ရန်ကုန်ကို အစားထိုးပြီး မြန်မာပြည်ရဲ့ အဓိက ဆိပ်ကမ်းမြို့အဖြစ် တည်ဆောက်ခဲ့တယ်။ ဒီနောက် အလောင်းမင်းတရားက ပဲခူးကို ချီတက်ပါတယ်။ တောင်ငူကနေ စစ်ချီဆင်းလာတဲ့ ရှမ်းစစ်မှုထမ်းတွေရဲ့ အကူအညီကို ယူတယ်။ မွန်တွေက သူတို့ရဲ့ မြို့တော်ကို အခိုင်အမာ ကာကွယ်တာပါ။ အလောင်းမင်တရားက အသေခံဗိုလ် ၉၃ ဦးကို ၃၀၀ အထိ တိုးလိုက်တယ်။ မြို့ကို ရေရှည်ဝိုင်းထားတဲ့အတွက် ပဲခူးမြို့ထဲက ပြည်သူတွေဟာ ငတ်သေလုနီးပါး ဖြစ်နေပြီ။ ဒါကြောင့် မွန်ဘုရင်က ထင်ရှားတဲ့ ရှမ်း မြန်မာ မွန် ဘုန်းကြီးတွေကို စစ်ျပြငြိမါးဖို့ ကိုယ်စားလှယ်လွှတ်တယ်။ ရာဇာဓိရာဇ် အင်းဝကို ဝိုင်းတုန်းက တကြိမ်မှာ ဒီလိုကိုယ်စားလှယ်အဖွဲ့မျိုး ရာဇာဓိရာဇ်ဆီ မင်းခေါင်က လွှတ်ဖူးတယ်။ ဒါပေမဲ့ အလောင်းဘုရားကတော့ အကြွင်းမဲ့ လက်နက်ချတာကလွဲလို့ သူ ဘာတခုမှ မလိုချင်ဘူးလို့
အမောက်မာဆုံးစကားနဲ့ တုန့်ပြန်တယ်။ သူက ကိုယ်စားလှယ်အဖွဲ့ကို ပန်းနှစ်ခိုင်ပေးလိုက်တယ်။ ပန်းတခိုင်က လှူဒါန်းဖို့ ကျန်ပန်းတခိုင်ကတော့ ချစ်ခြင်းမေတ္တာတရားအတွက်ပဲလို့ မှာလိုက်တယ်။ ကိုယ်စားလှယ်က ပြန်သွားပြီး ပန်းတခိုင်ကို ရွှေမော်ဓေါဘုရားမှာ လှူလိုက်တယ်။ ကျန်ပန်းတခိုင်ကိုတော့ ဘုရင့်ရဲ့သမီးတော်ကို ဆက်သလိုက်ပါတယ်။ ဒါက ဒလဘန်းကို အမျက်ဒေါသ ပြင်းထန်စေခဲ့တယ်။ သူက မင်းသမီးကို ကြင်ယာတော်အဖြစ် သိမ်းပိုက်ဖို့ ကြံရွယ်ထားတာပါ။ ဒလဘန်းက စစ်တပ်ရဲ့သေနာပတိချုပ်ပဲ။ အဲဒါကြောင့် လက်နက်ချဖို့ လုံးဝ စိတ်မကူးတော့ဘူး။ သူက ယောက်ျားပီပီ အသေခံ တိုက်ပစ်ချင်တာပါ။ ဒါကြောင့် အကောင်းဆုံးတပ် တချို့နဲ့အတူ မြန်မာတပ်ကို ဖောက်ထွက်ပြီး စစ်တောင်းမှာ အခ်ုင်အမာ ခြေကုပ်ယူလိုက်တယ်။
ဘုရင့်ရဲ့သမီးတော် မွန်မင်းသမီးကို အလောင်းမင်းတရားဆီ ဆက်သလိုက်ပါတယ်။ မွန် အိမ်ရှေ့စံမင်းသားနဲ့ တခြားအကြီးအကဲတွေက အလောင်းမင်းတရားဆီလာပြီး သစ္စာခံပါတယ်။ အလောင်မင်းတရားက ဒါတွေအားလုံးကို ပယ်ချတယ်။ ငြိမ်းချမ်းကမ်းလှမ်းမှု မှန်သမျှ စကားတောင် အဟမခံတော့ဘူး။ ဒါကြောင့် မွန်တွေဟာ ခံစစ်ကို အသစ်ပြင်ရပြန်တယ်။ ၁၇၅၇ ခုနှစ် မေလ ၆ ရက်မှာ ပဲခူးကို သိမ်းတယ်။ ဘုရင်ဗညားဒလ သူ့သား သတိုးဥပရာဇာ သူ့မိဖုရား သားတော်တွေ သမီးတော်တွေနဲ့ နန်းတွင်းရတနာတွေ အားလုံးကို သိမ်းယူတယ်။ အဆောက်အအုံ အများစုကို မီးလောင်တိုက်သွင်းပစ်တယ်။ မွန်တွေက ချင်းမိုင်နဲ့ ထိုင်းကို အများဆုံးထွက်ပြေးကြရတာပဲ။ စစ်ပွဲမှာ လူတွေ ရာထောင်ချီပြီး အသက်ဆုံးရတယ်။ လူဦးရေ အကြီးအကျယ် လျော့ကျသွားတာပါ။ စိုက်ပျိုးမြေတွေ တောထကုန်တယ်။ မြေဆီသြဇာ အကောင်းဆုံးဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဟာ ဖုန်းဆိုးယာမြေ ဖြစ်ကုန်တော့တာပဲ။
အလောင်းမင်းတရားက အောင်မြင်မှုနဲ့ ချီးမြှောက်သံကြားမှာ ယစ်မူးနေပြီ။ သူက ရှုံးနိမ့်သူတွေအပေါ် အကြင်နာတရားကင်းမဲ့တယ်။ မအောင်မြင်တဲ့ အရာရှိတွေကို ကွပ်မျက်ပစ်တယ်။ သူက ပြောက်ကျားစစ်မှာ အတော်ဆုံး ခေါင်းဆောင်ပါပဲ။ သူ့ရဲမက်တွေကို ရက်စက်ပြင်းထန်တဲ့ တိုက်ပွဲနည်းပရိယာယ်တွေကို လေ့ကျင့်ပေးဖို့ အချိန်မရခဲ့ပါဘူး။ ဒါပေမဲ့ သူ့လူတွေဟာ ခံကတုတ်တိုက်ပွဲနဲ့ ခြုံခို တိုက်ပွဲတွေမှာ အစွမ်းပြခဲ့ကြပါတယ်။ အကြောင်းကတော့ ဒီလိုစစ်ပွဲတွေမှာ တဦးချင်းထက်မြက်မှုနဲ့ ပါးနပ်လိမ္မာမှုက အောင်မြင်မှုကို အပြည့်အဝရနိုင်လေ့ ရှိလို့ပါပဲ။ ယေဘုယျအားဖြင့် မြန်မာတွေဟာ ဒီလို ကြံရည်ဖန်ရည်မျိုးမှာ အစွမ်းထက်ကြပါတယ်။ လူနှစ်ဆယ်မှာ တယောက်နှုန်းတောင် သေနတ်မရှိခဲ့ကြဘူး။ စစ်မှုထမ်းတပ်က လူတွေဟာ သူတို့ကိုယ်ပိုင် လက်နက်တွေ ယူလာကြရတာပါ။ ဓါးနဲ့ ဝါးချွန်တွေက အများစုပဲ။ နေ့စဉ်ရိက္ခာကလွဲလို့ လစာလည်း မရကြပါဘူး။ ခံတပ်ဆောက်ရာမှာ သူတို့က ပထမတန်းစားပါ။ အင်္ဂလိပ်အင်ဂျင်နီယာတပ်ဖွဲ့က လူတွေတောင် သူတို့ရဲ့လုပ်ငန်း ကျွမ်းကျင်မြန်ဆန်ပုံကို အံ့သြကြရတာပါ။ မြန်မာရဲမက်တွေဟာ တဦးချင်းသတ္တိ သိပ်ကောင်းပါတယ်။ ဓါးရေးကျွမ်းတယ်။ သီးခြား စစ်သင်တန်းရယ်လို့ မရှိပေမဲ့ ကောင်းကောင်းတိုက်ခိုက်နိုင်ပါတယ်။ သူတို့ဟာ အရှေ့တောင်အာရှမှာ အတော်ဆုံး ရဲမက်တွေပါပဲ။

0 comments:

Post a Comment