အဖေ့အကြောင်း ၁ (အောင်သွေး)
ဒီနေ့တော့
အဖေ့ကိုသတိရလို့ အဖေ့အကြောင်းရေးလိုက်ပါအုံးမယ်။ တကယ်ကတော့ရေးသင့်တာကြာပါပြီ။ ဒါပေမယ့် ကိုယ့်အဖေအကြောင်း အမွှန်းတင်တယ်လို့ အပြောခံရမှာလည်း ကြောက်သေးတာခင်ဗျ။
ဒီတော့ အဖေ့ကိုကျနော် မကြိုက်တဲ့ကိစ္စတွေက စပြီးရေးမလားလို့ စဉ်းစား ထားပါတယ်ဗျာ။
ကျနော့်အဖေဟာ ဂျပန်ခေတ်က မင်္ဂလာဒုံဗိုလ်သင်တန်းတတိယပတ်ကျောင်းဆင်းပါ။ သူနဲ့သင်တန်းဆင်းဖက်တွေက
ကျနော်သိသလောက် အခုအကျယ်ချုပ်ကျခံနေရတဲ့ အင်အယ်လ်ဒီက ဦးတင်ဦး၊ မဆလ ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခ ၊ မဆလ ဝန်ကြီးဟောင်း ဦးသန်းစိန်
စသဖြင့်ပေါ့ဗျာ။ အသေးစိတ်ကတော့ (ဂျပန်ခေတ်စစ်တက္ကသိုလ်) ဆိုတဲ့စာအုပ်ထဲမှာပါ ပါတယ်။ တပ်ကြပ်မောင်ထူးရေးတယ်လို့ ထင်တာပဲ။ အဲဒီ စာအုပ်မထွက်ခင်ကထဲက
သူတို့သင်တန်းမှာ ဖေးဘရိတ်ဖြစ်ခဲ့တဲ့ ကဗျာလေးကိုအဖေက ကျနော့သူငယ်ချင်းတွေကိုပြောနေကြပါ။
ဘာတဲ့ “ တပ်ကြပ်မောင်ထူး ဗိုလ်မြင့်ဦးနဲ့မြင်းစီးရာဝယ်
ရွှေလုံးဖယ်လော့” တဲ့ ။ ဂျပန်ခေတ်က ဆိုးခဲ့တဲ့သင်တန်းဆရာနှစ်ယောက်နဲ့ကပ်တဲ့
မြင်းတကောင် အကြောင်းပေါ့ဗျာ။
အဲလိုနဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ကိုယ်ရံတော်တပ်၊ နောက်တော့ ပြည်သူ့ရဲဘော် (ရဲဘော်ဖြူ၊
ဗိုလ်မှူးဖိုးကွန်းအဖွဲ့)၊ နောက်တော့ တောခိုကြပေါ့ဗျာ။ အဖေက ဟံသာဝတီခရိုင်မှာတပ်မှူး
ခင်ဗျ။ ခရမ်းသုံးခွဘက်မှာပေါ့။ ကျနော်တို့ငယ်ငယ်ကအဲဒီဒေသကိုသွားလည်ရင် အဲဒီကလူထုက အဖေ့အကြောင်းပြောမဆုံးခင်ဗျ၊ ကျည်ဆန်ပြီးတယ်တို့၊ ကိုယ်ပျောက်တယ်တို့လည်း ပါတယ်။ တခါက
ခရမ်းသုံးခွ သွားတဲ့ကားပေါ်မှာတဲ့၊ အဖေကရန်ကုန်ကို မြေအောက်လုပ်ငန်းလုပ်ပြီး
ပြန်လာတာတဲ့၊ ကားပေါ်မှာ အိပ်ငိုက်လာတဲ့ပုလိပ်နှစ်ယောက်လည်း ပါလာတယ်တဲ့၊ အဲဒီမှာအဖေက သူဆင်းမယ့်နေရာလည်းရောက်ရော
သူ့ဘေးလွယ်အိတ်ထဲကိုလက်နှိုက်ပြီး၊ ပုလိပ်တွေကို ဒီထဲမှာလက်ပစ်ဗုံး ပါကြောင်း၊ သူဟာသူပုန်ဖြစ်ကြောင်း(နံမည်လည်းပြောထင်ပါ့)၊ အတူတူမသေရဲရင်
သေနတ်နှစ်လက်ကိုပေးဖို့ ပြောလည်းပြော ယူလည်းယူပြီး ဆင်းသွားပါသတဲ့၊ ဒါပေမယ့် သူ့လွယ်အိတ်ကြီးက ကားပေါ်မှာကျန်ခဲ့ပါသတဲ့၊
နောက်နေ့သတင်းစာတွေထဲမှာတော့ ရဲဘော်ဖြူဗိုလ်စက်ရောင်က လွယ်အိတ်ထဲက ကော့စမစ်တစ်ဘူး
(ခေါင်းလိမ်းဆီ)နဲ့ခြိမ်းခြောက်ပြီး ပုလိပ်နှစ်ယောက်ဆီက သေနတ်နှစ်လက်လုသွားခြင်းဆိုပြီး
ပါလာတော့ တာပါပဲတဲ့ဗျာ။
ဒါ
ကြောင့် ဗိုလ်ခင်ညွန့်တခါကပြောဘူးတာ။ ဗိုလ်စက်ရောင်တို့ ဖဆပလဦးနုအစိုးရကို လက်နက်ကိုင်တိုက်နေတဲ့အချိန်မှာ
သူဟာ အဲဒီတုန်းက ရဲညွန့်လူငယ်ပါတဲ့။ ဟုတ်မဟုတ်တော့မသိဘူး နောက်ဆုံးတော့ သူပဲအဖေ့ကို
ထောင်ထဲဖမ်းထည့်ပြီး ညှဉ်းပမ်းနှိပ်စက်
သတ်ပစ်လိုက်တာ ပါပဲဗျာ။ ထောင်ထဲမှာ အဖေဆုံးတော့ ကြံတောသုဿန်မှာမြုပ်နှံခွင့်ရတယ်၊ မဆလဝန်ကြီးချုပ်ဟောင်းဦးမောင်မောင်ခက
အသုဘ အခမ်းအနား လာတယ်လို့ကြားရပါတယ်၊ ကျေးဇူးတင်ပါတယ် ဦးမောင်မောင်ခ မိသားစုများခင်ဗျာ။
အဲ--ပြောရင်းနဲ့အဖေ့ကိုကျနော်မကြိုက်တဲ့ကိစ္စ
မေ့တော့ မလို့။ ကျနော်က အဖေအလင်းဝင်လာတာကို မကြိုက်ဖူးခင်ဗျ။ ရေဆုံးရေဖျားအထိ ချစေချင်တာ။
ဒါက သူမရှိတော့လို့ပြောရဲတာပါခင်ဗျာ။ သူရှိရင်“ ဟေ့ကောင်” လို့ခေါ်လိုက်ရင်ပဲ ကျနော်ပြေးပေါက်ရှာနေရပြီ ခင်ဗျ။
အမေကတော့ အခုကျနော့စာဖတ်ရရင် ဟဲ့ကောင် နင်ဘာတွေ လျှောက်ရေးနေတာလည်း
နင့်အဖေအလင်းဝင်လို့ နင်ဒေါ်ခင်ကြည်ရဲ့ ဒပ်ဖရင်ဆေးရုံမှာမွေးခွင့်ရပြီးအသက်ရှည်တာ(
အဲဒီမှာမွေးတာတောင် ကျနော်မွေးစက အလေးချိန် တပေါင်တောင်မပြည့်ဘူးတဲ့ခင်ဗျ၊ ဘယ်နှစ်အောင်စ
ဆိုလည်းပဲ၊ အဖေ့ဆွေမျိုးတွေက လူခြောက်ကလေး
မွေးလာတာလို့ ပြောနေကြတာတဲ့ခင်ဗျ )၊ နင့်ကို ငါတောထဲမှာမွေးရရင် နင်သေတာကြာလှပြီလို့ ပြောမှာသေချာပါတယ်ဗျာ။ ဒါကြောင့်အဖေရဲ့ သမိုင်းကြွေးကိုဆပ်ရင်း၊
အမေ့ရဲ့ကျေးဇူးကိုလည်းဆပ်ရင်း အောင်သွေးကတော့ ဘယ်တော့မှ လက်နက်ချဖို့မစဉ်းစားပါကြောင်း။
အောင်သွေး
အောင်သွေး
ဆက်ပါမည်။
0 comments:
Post a Comment