၁။
ကျွန်တော်သည် ကျောင်းဆရာဖြစ်ခဲ့လေရာ တပည့်များထိမ်းမြားမင်္ဂလာမှုပြုကြသောအခါ မင်္ဂလာပွဲများသို့ သွားရောက်၍ မင်္ဂလာစကား ပြောပေးရပါသည်။
‘တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း’ ဟူသောစကားအတိုင်း ထိမ်းမြားမင်္ဂလာမှုပြုခြင်းသည် တစ်နေရာနှင့် တစ်နေရာ မတူကြပါ။ ရပ်ဓလေ့ ရွာဓလေ့ကိုလိုက်၍ ကွဲပြားခြားနားတတ်ကြပါသည်။ ကျွန်တော်သည် ရပ်ဓလေ့ရွာဓလေ့ကို မေးမြန်းစူးစမ်း၍ ရပ်ဓလေ့ရွာဓလေ့နှင့်အညီ မင်္ဂလာစကား ပြောခဲ့ရပါသည်။
အချို့ထိမ်းမြားမင်္ဂလာပွဲများတွင် မင်္ဂလာအခမ်းအနားကို အစမှအဆုံး တာ၀န်ယူလုပ်ဆောင်ပေးရပါသည်။ အခမ်းအနားမှူးလည်း လုပ်ရပါသည်။ လက်ထပ်ပေးခြင်း အလုပ်ကိုလည်း လုပ်ရပါသည်။ မင်္ဂလာဆုံးမစကားလည်း ပြောပေးရပါသည်။ အတင်အသခန်းပါလျှင် အတင်အသခန်းကိုလည်း လုပ်ဆောင်ပေးရပါသည်။ အခမ်းအနားမှူးပါလျှင်ကား မင်္ဂလာဆုံးမစကားကိုသာ ပြောရပါသည်။
၂။
အချို့ထိမ်းမြားမင်္ဂလာပွဲများတွင် အတင်အသခန်းကို သီးသန့်ပြုလုပ်တတ်ပါသည်။
တစ်ခါသော် ကျွန်တော်သည် ညောင်ဦးနယ်ဘက်သို့ သွား၍ မင်္ဂလာစကားပြောခဲ့ရပါသည်။ ကျွန်တော်သည် ရပ်ဓလေ့ရွာဓလေ့အတိုင်း နတ်ပင့်ခြင်း၊ မင်္ဂလာဆုံးမစကားပြောခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။ မင်္ဂလာဆုံးမစကားပြောပြီးသောအခါ သတို့သား သတို့သမီးတို့အတွက် ဆုမွန်ကောင်းများတောင်း၍ မင်္ဂလာအခမ်းအနားကို နိဂုံးချုပ်ခဲ့ပါသည်။
မင်္ဂလာအခမ်းအနားပြီး၍ မင်္ဂလာစင်မြင့်မှ ကျွန်တော်ဆင်းလာသောအခါ သတို့သားဘက်က ဦးကြီးတော်တစ်ဦးက ‘မင်္ဂလာပွဲ မပြီးသေးပါဘူး ဆရာ။ အတင်အသခန်းကျန်ပါသေးတယ်။ အတင်အသခန်းကို လုပ်ပေးပါဦး’ ဟု ပြောသဖြင့် ကျွန်တော်သည် မင်္ဂလာစင်မြင့်ပေါ်သို့ ပြန်တက်ရပါသည်။ ကျွန်တော်နှင့်အတူ ထိုရွာက ကျောင်းဆရာတစ်ဦးကလည်း မှတ်တမ်းစာအုပ်ကိုကိုင်လျက် စင်မြင့်ပေါ်သို့ တက်လာပါသည်။ မင်္ဂလာစင်မြင့်ပေါ်တွင် သူ့အတွက် စားပွဲငယ်တစ်လုံးထားရှိရာ သူသည်ထိုနေရာသို့ သွားရောက်၍ ထိုင်ပါသည်။ ထို့ နောက် ကျွန်တော်သည် အတင်အသခန်းကို စပါသည်။
‘ကြွရောက်လာကြတဲ့ နှစ်ဘက်မိဘများ၊ ဦးကြီး ဦးလေး၊ ဘကြီး ဘဒွေး၊ အစ်ကိုအစ်မအပေါင်းတို့ခင်ဗျား၊ ရပ်ဝေးရပ်နီးမှ ရောက်လာကြတဲ့ ဆွေဆွေမျိုးမျိုးအပေါင်းတို့ခင်ဗျား၊ ရပ်မိရပ်ဖအပေါင်းတို့ခင်ဗျား။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်’ တဲ့။ မိဘတွေက ဆောင်ရွက်ရမယ့် ဝတ္တရားငါးပါးပါ။ သိင်္ဂလောဝါဒသုတ်မှာ ရှင်တော်ဘုရား ဟောကြားတော်မူခဲ့တာပါ။ အခုမိဘတွေက သားတို့သမီးတို့ကို ကျွေးမွေးပြုစုစောင့်ရှောက် ထိန်းသိမ်းလာခဲ့ကြရာ သူတို့တတွေ လက်ထပ်ရမယ့် အရွယ်သို့ ရောက်လာခဲ့ကြပြီ။ မိဘတို့ရဲ့ ဝတ္တရားရှိတာနဲ့အညီ သားတို့သမီးတို့ကို လက်ထပ်ပေးကြရတော့မယ်။ ဒါ့ကြောင့် နှစ်ဘက်မိဘ ဆွေဆွေမျိုးမျိုးများ ညှိနှိုင်းတိုင်ပင်လို့ နေ့ကောင်းရက်မြတ်ရွေးလို့ အခုလို တင့်တယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ပြုခဲ့ကြပါပြီ။ အဲဒီလို လက်ထပ်မင်္ဂလာပွဲပြုတဲ့အခါ သားသမီးများ လူ့လောကအလယ်မှာ တင့်တင့်တယ်တယ် နေနိုင်ဖို့ အရင်းအနှီးများ ပေးဝေကြရပါတယ်။ ရွှေငွေဥစ္စာ လယ်ယာ မိုးမြေတို့ကို လက်ဖွဲ့ကြရပါတယ်။ ဒီအစဉ်အလာဟာ ကျွန်တော်တို့ရဲ့ ဘိုးဘွားမိဘတွေထားခဲ့တဲ့ အစဉ်အလာပါ။ အားလုံးသိကြတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ‘အညာမင်္ဂလာဆောင်လေးချိုးကြီး’ မှာ ရှေးခေတ်ဘိုးဘွားမိဘများ သူတို့သားသမီးတွေ ထမ်းမြားလက်ထပ်မင်္ဂလာပြုကြတဲ့အခါ ဘယ်လိုလက်ဖွဲ့ခဲ့ကြတယ်ဆိုတာ ပါပါတယ်။ အခု အဲဒီလေးချိုးကို ကျွန်တော်ရွတ်ပါတော့ မယ်။
‘ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးသာပ
အဟုတ်ဗျို့ ဓမ္မတာ အစဉ်အလာ မညှိုးခဲ့ပေဘု
အရိုးသမကျ ရှေးလိုပ အဘွားကလည်း ကျီတစ်ဆောင်
အမျိုးကလည်း မသေးပေဘု
အဘိုးအဖနှင့်တကွ မေးကြပါတော့
အဘိုးကပေးလိုက်ပါတဲ့ နွားညီနောင်’
အဘိုးအဘွားတွေ လက်ဖွဲ့ပုံကို ပြောတာပါ။ အဘိုးအဘွားတွေက ဘာတွေလက်ဖွဲ့ခဲ့ကြသလဲ။ အဘွားက စပါးလှောင်ဖို့ ကျီတစ်ဆောင်တဲ့။ ကျီဆိုတာ စပါးတို့ ပဲတို့ လှောင်တဲ့အဆောက်အအုံပေါ့။ နောက်အဘိုးက ဘာလက်ဖွဲ့သလဲ။ လယ်လုပ်စားဖို့ နွားတစ်ရှဉ်းတဲ့။ ကျွန်တော် ကဗျာကို ဆက်ရွတ်ပါဦးမယ်။ ‘အမိအဖတွေကလည်း
ပြည့်ပြည့်ဝဝတွေမို့
ရှိသမျှ ကုန်ချင်ကုန်ရော့လို့
မယုံရင် ကြုံလျှင်မေးပါတော့
အလုံတခွင်မှာ ဂုဏ်အင်ကလည်း မသေးပါဘူး
မုံရွေးကြေးမုံ ချောင်းဦးနယ်တစ်လွှားဆီက
အလုံကျေးအကုန်မှာ ပြောင်းဖူးသည်တွေကလည်း
များလိုက်ပါဘိ
ဆွေသားရင်းချာ ဉာတကာမိတ်တို့ကိုလ
အဖေသွားရင်းသာ လာစရာဖိတ်ခဲ့တာနဲ့
ညအိပ်ညနေအစုံလာကြတော့
ခြုံစရာအကွက် ဖျင်စောင်နှစ်ခုငဲ့ပြင်
ဂုံပဝါပါတဘက်နဲ့ ခြင်ထောင်ကလည်းတစ်ခုပါပဲ
လုပ်မှုကိုင်ဖွယ် တောလယ်ယာတစ်ခင်းငဲ့ပြင်
ပြောင်းခင်းတစ်စလယ်ဝင်နဲ့
လယ်တစ်ရှင်စပါးနှစ်ဆယ်ထွက်ကိုလ
ရှေးအဆက်ဆက်အကြွေးတက်ပြီး
အဝေးမထွက်ရအောင်လို့တဲ့ကွယ်
ပေးလက်ဖွဲ့နှောင်’ တဲ့။
မင်္ဂလာဆောင်မှာ မုံရွေးကြေးမုံ၊ ချောင်းဦး၊ အလုံဆိုတဲ့ အရပ်က ဆွေမျိုးတွေလည်း လာကြသတဲ့။ အဲဒီဆွေမျိုးတွေကလည်း အကွက်ပါတဲ့ဖျင်စောင်က ၂ ထည်၊ ရုံပဝါက ၁ ပိုင်း၊ တဘက်က ၁ ထည်၊ ခြင်ထောင်က ၁ လုံးတဲ့၊ နောက်ပြီးတော့ တောထဲက လယ် ၁ ကွက်တဲ့။ ပြောင်းတစ်စလယ်ကြဲပက်ရတဲ့၊ တစ်နည်းပြောရရင် ပြောင်းတစ်စလယ်ဝင်တဲ့ လယ် ၁ ကွက်၊ စပါးနှစ်ဆယ်ထွက်တဲ့လယ်တရှင်တဲ့။ သတို့သားနဲ့ သတို့သမီး အိမ်တစ်ဆောင် မီးတစ်ပြောင် နေနိုင်အောင် လက်ဖွဲ့ကြတာပါ။ လက်ဖွဲ့ပစ္စည်းတွေ အတော်စုံနေပြီ။ လုပ်ကိုင်စား သောက်လို့ ရနေပြီ။ ဒါတင်ပဲလား။ နားထောင်ကြည့်ပါဦး။ ကျွန်တော်ကဗျာကို ဆက်ရွတ်ပါ့မယ်။‘လမ်းချိုးအရှေ့က
စမ်းရိုးအကွေ့ ခယောင်းယာမှာ
အထုပ်တွေဖြေဖြေပီး အကုန်သာကြဲရော့ဟဲ့လို့
ခရမ်းမျိုးစေ့ကောင်းစွာ ငရုတ်ဂျုံကုလားပဲသာပ
ထမ်းပိုး၍ ရောင်းစရာ အထုပ်မုန်လာခဝဲတွေနဲ့
အလုပ်စုံစရာကဘဲရယ်လို့များလက်ဆောင်
သားအတွက်ဆိုတော့
တအားတက်အောင်ရယ်လို့
အမေအိုကလဲ ဓားမရှည် ဓားမတိုတွေနဲ့ အခြေကိုနှင်း
မယားဘက်ကမောင်တွေကလည်း ပလွေတိုနှစ်စင်း။
လက်ဖွဲ့တာတွေကို ကြည့်ကြပါဦး။ လယ်လည်းရပြီ။ ယာလည်းရပြီ။ နွားလည်းရပြီ။ ဒါပေမယ့် စိုက်စရာ ပျိုးစရာမျိုးစေ့က လိုသေးတယ်။ ဒါကြောင့်မို့ ဆွေမျိုးတွေက သူတို့ စုဆောင်းထားတဲ့ ခရမ်းစေ့၊ ငရုတ်စေ့၊ ဂျုံစေ့၊ ကုလားပဲစေ့၊ မုန်လာစေ့၊ ခဝဲစေ့တွေကို လက်ဖွဲ့ကြပြန်တယ်။ မိခင်အိုကြီးကလည်း ဓားမအရှည်တစ်လက်၊ အတိုတစ်လက် လက်ဖွဲ့ပြန်တယ်။ နောက်သူတို့လင်မယား လယ်ကိစ္စပြီးတဲ့အခါ အပျင်းပြေရအောင် မယားဘက်မောင်တွေက၊ မယားဘက်ကမောင်တွေကဆိုတော့ ယောက်ဖပေါ့ဗျာ။ အဲဒီယောက်ဖတွေက ပလွေတိုနှစ်စင်းလက်ဖွဲ့ကြသတဲ့။ လက်ဖွဲ့လိုက်ကြတာစုံသွားပြီ။ အဲဒါရှေးက အဘိုးအဘွားတွေက သူတို့သားသမီးတွေ မင်္ဂလာဆောင်တဲ့အခါမှာ လက်ဖွဲ့ကြပုံပါပဲ။
အခုလည်း အဲဒီအစဉ်အလာအတိုင်း နှစ်ဘက်မိဘဆွေမျိုးတွေက သတို့သားနဲ့ သမီးတို့ကို လက်ဖွဲ့ကြတော့မယ်။ ကျွန်တော် အခု အများရှေ့မှာ မိဘတွေကို မေးပါတော့မယ်။
‘ကဲ သတို့သားဘက်က မိဘဆွေမျိုးများက သတို့သားနဲ့ သတို့သမီးကို အခြေမြင့်လို့ အနေတင့်အောင် ဘာတွေ လက်ဖွဲ့ကြမလဲ။’ ကျွန်တော် ထိုသို့မေးသောအခါ သတို့သားဘက်က ပုဂ္ဂိုလ်တစ်ဦးက သူတို့ဘက်က လက်ဖွဲ့မည့် ရွှေငွေရတနာပစ္စည်းများကို အများရှေ့တွင် ကြေညာပါသည်။
ထိုအခါသတို့သမီးဘက်က ပုဂ္ဂိုလ်တစ်ဦးက ‘ကလပ်တင်ပါလား’ ဟု မေးပါသည်။ ထိုအခါ သတို့သားဘက်က ပုဂ္ဂိုလ်က ‘ကလပ် တင်ပါတယ်’ ဟုပြောပြီး သူတို့လက်ဖွဲ့သည့် ရွှေငွေရတနာပစ္စည်းများကို ကျွန်တော့ရှေ့ရှိ ကလပ်ပေါ်သို့ တင်ပါသည်။ ကျွန်တော်က အများ မြင်သာအောင် ကလပ်ကို မြှောက်ပြရပါသည်။
ထို့နောက် ကျွန်တော်သည် သတို့သမီး၏ မိဘများအားဖြင့်လည်း ‘သတို့သမီးနှင့် သတို့သမီးတို့ အခြေမြင့်၍ အနေတင့်အောင် ဘာများလက်ဖွဲ့မလဲ’ ဟု မေးပါသည်။
ထိုအခါ သတို့သမီးဘက်က ပုဂ္ဂိုလ်တစ်ဦးကလည်း သူတို့လက်ဖွဲ့မည့် ရွှေငွေရတနာပစ္စည်းများကို အများရှေ့တွင် အများကြားအောင် ကြေညာပါသည်။ ထိုအခါ သတို့သားဘက်ကလည်း ရှေးနည်းတူ ‘ကလပ်တင်လား’ ဟု မေးပါသည်။ ထိုအခါ သတို့သမီးဘက်က ပုဂ္ဂိုလ်ကလည်း ရှေ့နည်းတူ ကျွန်တော်ရှေ့ရှိ ကလပ်ရှိရာသို့ လာရောက်၍ ရွှေငွေရတနာပစ္စည်းများကို ကလပ်ပေါ်သို့ တင်ပါသည်။ ကျွန်တော်က အများမြင်သာအောင် ကလပ်ကို မြှောက်ပြရပါသည်။
ထို့နောက် သတို့သား၏ မိဘများအား ‘နောက်ထပ်လက်ဖွဲ့ရန် ရှိပါသေးသလား’ ဟု မေးပါသည်။ ထိုအခါ သတို့သားဘက်က ပုဂ္ဂိုလ်က ‘ထန်းအပင် ၃၀ ပါ’ ဟု ကြေညာပါသည်။
ထိုအခါ သတို့သမီးဘက်ကပုဂ္ဂိုလ်က ‘တက်ဖြစ်ထန်း ဘယ်နှပင်လဲ’ (ထန်းတက်ရသော ထန်းပင် ဘယ်နှပင်လဲ) ဟု မေးပါသည်။
ထို့အခါ သတို့သားဘက်က ‘ထန်းတက်လို့ရတဲ့ ထန်းပင် အပင် ၂၀ ပါ၊ ကျန်တဲ့ ထန်းပင်တွေကလည်း နောက် ၂ နှစ်လောက်ဆိုရင် တက်လို့ ရပါပြီ။’ ဟု ပြောပါသည်။
ထို့နောက် ကျွန်တော်သည် သတို့သမီး၏ မိဘများအား ‘နောက်လက်ဖွဲ့ရန် ရှိပါသေးသလား’ ဟု မေးပါသည်။ ထိုအခါ သတို့သမီးဘက်က ပုဂ္ဂိုလ်က ‘ပြောင်းရိုးစင်းစက် ကို လက်ဖွဲ့ပါတယ်’ ဟု ကြေညာပါသည်။ထိုအခါ သတို့သားဘက်က ပုဂ္ဂိုလ်က ‘မင်္ဂလာဆောင်ပြီးတဲ့အခါ ပြောင်းရိုးစင်းစက်က ဘယ်မှာထားမှာလဲ’ ဟု မေးပါသည်။
ထိုအခါ သတို့သမီး၏ ဖခင်က ‘သူတို့ပစ္စည်းဖြစ်သွားပြီပဲဗျာ။ သူတို့ကြိုက်တဲ့နေရာထားပေါ့’ ဟု ပြောပါသည်။
ဤသို့လျှင် ကျွန်တော်သည် သတို့သားဘက်နှင့် သတို့သမီးဘက်တို့အား တစ်လှည့်စီမေး၍ လက်ဖွဲ့ရန် မရှိတော့ပါဟု ဆိုသောအခါ လက်ဖွဲ့ပစ္စည်းများကို မှတ်တမ်းတင်ထားသော ကျောင်းဆရာထံမှ မှတ်တမ်းစာအုပ်ကိုယူ၍ လက်ဖွဲ့ပစ္စည်းများကို အများသိအောင် ဖတ်ပြရပါသည်။ ထို့နောက် ကျွန်တော်သည် သတို့သားသတို့သမီးတို့ဘက်သို့ လှည့်၍ ‘မောင်တို့မယ်တို့ မောင်တို့မယ်တို့ မိဘဆွေမျိုးတို့က မောင်တို့မယ်တို့ အခြေမြင့်၍ အနေတင့်စေရန် ရွှေငွေရတနာ လယ်ယာမိုးမြေတို့ကို ‘ပေးဝေနှီးရင်း’ ဆိုတဲ့စကားနဲ့အညီ လက်ဖွဲ့ခဲ့ကြပါပြီ။ မိဆွေဖမွေပစ္စည်းများကို ရှေးအဆက်ဆက်အဝေး မထွက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ကြပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်အောင် ကျင့်ကြံလုပ်ဆောင်နိုင်ကြပါစေသတည်း’ ဟု ပြောပြီး အတင်အသခန်းကို နိဂုံးချုပ်လိုက်ပါသည်။
၃။
အထက်၌ တင်ပြခဲ့သော အတင်အသခန်းမှာ ညောင်ဦးနယ်ဘက်၌ ကျွန်တော်လုပ်ဆောင်ခဲ့ရသော အတင်အသခန်း ဖြစ်ပါသည်။
အတင်အသခန်းမှာလည်း တစ်နေရာနှင့် တစ်နေရာ မတူပါ။ ရပ်ဓလေ့ရွာဓလေ့ကို လိုက်၍ ကွဲပြားခြားနားတတ်ကြပါသည်။ အလျဉ်းသင့်သောအခါ အခြားနေရာများ၌ လုပ်ဆောင်ပေးခဲ့ရသော အတင်အသခန်းများအကြောင်းကိုလည်း တင်ပြပါဦးမည်။
မြဝင်း (ဒဿန)
ချင်းတွင်းမဂ္ဂဇင်း အမှတ် (၈၄
0 comments:
Post a Comment