Monday, May 11, 2020

အဖေ့အကြောင်း(၇) (အောင်သွေး)

0 comments
အဖေ့အကြောင်း(၇) (အောင်သွေး)
အလုပ်ပြုတ်သွားတဲ့အဖေဟာ နေ့တိုင်းလိုလိုခြံထဲမှာပဲအချိန်ဖြုန်းနေပါတော့တယ်။ ဓားကောက်လို့ခေါ်တဲ့မြက်ရမ်းတဲ့ဓား၊ ဝါးလက်ကိုင်ရိုး ရှည်ရှည်တလက်ကို လက်ကကိုင်ပြီး၊ မနက်စောစော ထမင်းကြော်၊ ထမင်းကြမ်းစားပြီးတာနဲ့ အိမ်ကထွက်တော့တာပဲ။ နေ့လည်စာကို တယောက်ယောက်က သွားပို့ရတယ်။ အများစုကတော့ ဆန်စက်လုပ်နေတဲ့အမေပေါ့။ ဆန်စက်ပျက်တဲ့အခါမျိုးမှာတော့ အဖေက ပြင်ပေး တတ်ပါတယ်။ အများစုကတော့ ခြံထဲမှာပဲနေတတ်တယ်။ ညနေမှောင်မှအမေနဲ့အတူ ပြန်လာတတ်တယ်။ ရေမိုးချိုးထမင်းစားပြီးရင်တော့ ညပိုင်း-၈-နာရီက-၉-နာရီအထိလွှင့်တဲ့-ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့အသံ မီတာ ၆၀-ကို နားထောင်တော့တာပဲ။ ကျနော်က သူ အိပ်ပြီးနားထောင်နေတဲ့ သူ့ကုတင်ဘေးမှာကပ်ပြီး နားထောင်ရတယ်။ အစီအစဉ်ပြီးတဲ့အချိန်မှာ သူကတခေါခေါနဲ့ဟောက်တောင်နေပြီ။ ကျနော်ကတရှဲရှဲဖြစ်နေတဲ့ ရေဒီယိုကိုအသာလေးသွားပိတ်ဖို့ကြိုးစားတာနဲ့သူက နိုးလာပြီး ဟေ့ကောင်လို့အော်နေကျ။ ကျနော်ကလည်း ပြီးသွားပြီအဖေရလို့ပြောနေကျ။

ဒီလိုနဲ့ ကျနော်ဆယ်တန်းအောင်စာရင်းကို သာယာဝတီညကျောင်းက သင်္ချာဂုဏ်ထူးနဲ့အောင်ပြီး စီးပွားရေးတက္ကသိုလ်ကိုတက်ရခါနီးမှာ အဖေနဲ့အမေတိုင်ပင်ပြီး နောင်တက်လာမယ့်-ညီ၊ ညီမတွေအတွက်ပါစဉ်းစားကာ ရန်ကုန်အမေ့အမျိုးတွေရှိတဲ့ သာဿနာ့ရိပ်သာရပ်ကွက် (ဟာမစ်တစ်)မှာအိမ်တလုံးဝယ်ပါတယ်။ အဖေနဲ့အမေကသားသမီးတွေကိုအဆောင်တွေမှာမထားချင်ဘူး။ ကျနော်ကလည်း အဲလို လူထုကြားထဲမှာပဲနေချင်တာ။ ဒါမှပြည်သူ့ဘဝတွေကို နားလည်မှာလို့ခံယူထားတာလေ။ ဒီလိုနဲ့အကိုကြီးက လုပ်သားကောလိပ်ကိုအလုပ် လုပ်ရင်းတက်တယ်။ ညီလေး ကိုသော်ကတော့ အိမ်ကတက်လို့မရတဲ့ အင်းစိန်ဂျီတီအိုင်မှာပါ။ သူကတော့အဆောင်မှာနေရတာပေါ့။
အဖေကလည်းမြို့မှာမနေတော့ပဲ အများစုကရန်ကုန်မှာပဲလာနေတော့တာပေါ့။ အမေကတော့ အများစုဇီးကုန်းမှာနေ-ဆန်စက်နဲ့ခြံကို ဆွေမျိုးတချို့ကိုငှားပြီး လုပ်နေပါတယ်။ ဇီးသီးပေါ်ချိန်ကျရင်ဇီးသီးတောင်းတွေနဲ့ ရန်ကုန်ကိုတက်လာပြီးရောင်းပေါ့။

ဒီလိုနဲ့ကျနော်စီးပွါးရေးတက္ကသိုလ်မှာ-တတိယနှစ်ထဲရောက်ခဲ့ပါပြီ။ အဲဒီနှစ်မှာ ကျနော် ရန်ကုန်ပါတီကော်မတီယူဂျီက ပေးတဲ့တာဝန်တွေ စတင်ထမ်းဆောင်နေရပြီ။ မာ့က်စ်လီနင်ဝါဒ အတွေးအခေါ်ဝါဒဖြန့်ချိရေးစာစောင်တွေ ပုံနှိပ်ဖြန့်ချိရတယ်။ အခုခေတ်လိုမလွယ်ကူပါ။ ဖယောင်းစက္ကူ(wax paper)ပေါ်မှာ ရဲဘော်လေးမောင်(ကျဆုံး)က လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ရေးတယ်။ ပြီးတော့ ကျနော်နဲ့ တခြား ရဲဘော်ကြီးတယောက်(သက်ရှိထင်ရှား)က ဖူးလ်စကက်ချ်စာရွက်တွေပေါ်မှာ ဖယောင်းစက္ကူကိုကပ်၊ အဲဒီပေါ်မှာ ပုံနှိပ်မှင်ထည့်ပြီး လက်ဖဝါးစေါင်းနဲ့ ဖွဖွလေးသုတ်ရတယ်။ စာရွက်တွေ ဖယောင်းစက္ကူတွေ ပုံနှိှပ်မှင်တွေက ဝယ်စရာမလိုပါ။ မဆလပါတီဗဟိုဌာနချုပ်မှာ-ရဲဘော်လေးမောင်က အလုပ်လုပ်နေပါတယ်။ စာစေါင်ဆိုဒ်ကအဲဒီအချိန်ကထုတ်နေကြတဲ့-ကဗျာစာအုပ်ဆိုက်ဖြစ်ပါတယ်။ ၁၆-ချိုးလို့ ခေါ်ပါသည်။ နည်းနည်းခြောက်တာနဲ့ ခေါက်ချိုးချိုး-စတက်ပလာနဲ့ချုပ်။ ပြီးရင်လက်တွေစင်အောင်ရေဆေး။ ကိုယ်တာဝန်ယူရမယ့် စာစောင်တွေကိုယူ၊ လူစုခွဲ။

တခါက အကိုရဲဘော်ကြီးတယောက်နှင့်အတူ ညကြီးမှာ တောင်ဥက္ကလာပ ရဲဘော်လေးမောင်အိမ်မှာ အလုပ်လုပ်ခဲ့ပြီး အချိန်မရှိတော့လို့ ကားခွဲမစီးနိုင်ခဲ့။ အဲဒီအချိန်က ရန်ကုန်မှာ ဗုံးတွေခနခနပေါက်ကွဲနေလို့ ဘတ်စ်ကားတွေကိုတားပြီး စစ်ဆေးနေကြသည်။ တခါကလည်း အသိတယောက်ရဲ့ပတ္တူအိတ်ကို ရှာဖွေရေးအဖွဲ့ကစမ်းကြည့်တော့ လုံးလုံးသေးသေးလေးတွေ့ရတာနဲ့ ကားပေါ်ကဆင်းခိုင်းသည်။ ကားအောက်ရောက်တော့ ပတ္တူအိတ်ကိုဖွင့်ကြည့်တော့မှ ၃-နှစ်အုန်း သေးသေးတလုံးဖြစ်တော့ ကားတစီးလုံးဝိုင်းရယ်ကြတာကို အသိက ပြန်ပြောပြဖူးသည်။

အခုလည်း မြို့ထဲအဝင်မှာကားရပ်ပြီး စစ်နေပြီ။ ရဲဘော်အကိုကြီးရဲ့လွယ်အိတ်ကိုကိုင်ကြည့်နေပြီ။ ကျနော်က စာစောင်တွေကိုစက္ကူနဲ့ထုပ်ပြီး ဂျိုင်းကြားထဲညှပ်ထားတော့ သူတိုကကျနော့ကိုဂရုမပြု။ ရဲဘော်ကြီးက ဘာမှမပါပါဘူးဗျာလို့ပြောပြီး သူ့လွယ်အိတ်ကိုလက်ဝါးနှစ်ဖက်နဲ့ ညှပ်ပြီး တဗြန်းဗြန်းရိုက်ပြသည်။ လွယ်အိတ်ပြားပြားချပ်ချပ်ကိုတွေ့ရတော့မှဖွင့် မကြည့်ကြတော့။ တော်သေးရဲ့ ယုံထောင်ကြောင်မိ ဖြစ်တော့မလို့။ ဒါပေမယ့် အဲဒီညကိုတော့ကျနော်တသက်လုံးမမေ့တော့ပါ။ အိမ်ပြန်ရောက်တော့ အဖွားတယောက်ထဲပဲရှိနေသည်အကိုကြီးက ပြန်မရောက်သေး။ အဖွားက ကျနော်ပြန်ရောက်တော့ သားကိုယ့်ဘာသာထမင်းခူးစားနှင့်၊ နင့်အဖေ အပြင်ကပြန်မရောက်သေးဘူး၊ အဖွားညီမတွေဆီ သွားလည်အုံးမယ်ပြောပြီး အောက်ချိုင့်ထဲဆင်းသွားသည်။ ကျနော်ကစာစေါင်တွေ မခြောက်သေးလို့ အိမ်အတွင်းခန်းထဲက စင်ပေါ်မှာ ဖြန့်ထားပြီးထမင်းပွဲပြင်ထားကာ အဖေလာမှ သားအဖနှစ်ယောက် ထမင်းစားရင်းစကားပြောဖို့ အဖေ့ကိုစေါင့်နေခဲ့သည်။

အဖေပြန်လာပါသည်။ ရောက်တာနဲ့အဖေကအိမ်ရှေ့ကရေတိုင်ကီမှာရေချိုးသည်။ တခွက်နှစ်ခွက်ပဲရေချိုးရသေးလမ်းပေါ်ကလူ-၂-ယောက် ဆင်းလာသည်။ ရေချိုးနေသောအဖေ့ကို ကပ်ပြားတခုထုတ်ပြကာ အိမ်ထဲတန်းဝင်လာသည်။ တယောက်ကအိမ်ထဲကတံခါးဝမှာ တံခါး ဘောင်ကိုမတ်တတ်ရပ်မှီရင်း ရေချိုးနေသောအဖေ့ကိုစောင့်ကြည့်နေသည်။ ဒုတိယတယောက် ဝဝလူက အိမ်ရှေ့ခန်းက ကျနော့်ရဲ့ စာအုပ်စင်ကို ကျကျနနတင်ပြင်ခွေထိုင်ရင်း စာအုပ်တအုပ်စီဖွင့်ကြည့် နေသည်။ ရှာဖွေနေသည်။ တံခါးဝကလူက သူ့ရဲ့တက်ထရွန်အင်္ကျီအပြာရင့် လက်တိုလေးကိုလှပ်လှပ်ပြီး ကျနော့ကိုပြနေတာကတော့ ပုဆိုးခါးကြားမှာထိုးထားတဲ့ပစ္စတိုသေနတ်အတိုပါ။ အဲဒီအချိန်ထိ-ကျနော်က ဘယ်သူ့ကိုလာဖမ်းမှန်း မသဲကွဲသေး။ ဒီကြားထဲ အဖေကစဉ်းစားရင်း ရေကိုစိမ်ပြေနပြေချိုးနေသည်။ အဖေက ဘယ်သူ့ကြောင့် သူလုပ်နေတဲ့ အလုပ်တွေ ရန်သူသိသွားသလည်းစဉ်းစားနေပုံပေါ်သည်။ နောက်တခုက ထွက်ပြေးဖို့စဉ်းစားနေတာလည်းဖြစ်နိုင်သည်။ လွန်ခဲ့တဲ့လက အမေ့ဦးလေး အဖိုးဦးစိန်လှအောင်ကို တောင်ဥက္ကလာပ သူ့အမအိမ်မှာထောက်လှမ်းရေးကလာဖမ်းတော့ ထောက်လှမ်းရေးက အိမ်ရှေ့ကတက် အဖိုးက အိမ်နောက်ဖေးက ခုန်ချထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဦးနုရှိရာ ပီဒီပီကိုတန်းရောက်သွားသည်။ ဟိုမှာ အဖိုးက နိုင်ငံရေးသင်တန်းမှူးလုပ်နေခဲ့သည်။

အဖိုးမှာထွက်ပြေးနိုင်တဲ့လမ်းရှိသည်။ နေ့လည်ကြီးလည်းဖြစ်သည်။ အခုဟာကညလည်းဖြစ်သည်ဟာမစ်တစ်က ဝင်ပေါက်ပဲရှိထွက်ပေါက်မရှိ။ လမ်းထိပ်မှာလည်းသူတို့ကား ရပ်စေါင့်နေမှာဖြစ်သည်။ ကျနော်ကတော့ အူယားနေပြီ။ အထဲဝင်ရှာမှဖြင့်။ ဒီကြားထဲအဖေကလုပ်ပြန်သည်။ ငါထမင်းမစားရသေးဘူး ထမင်းစားလိုက်အုံးမယ်ကွာတဲ့။ ဟိုကောင်တွေကရပါတယ်ဦးလေး ဖြည်းဖြည်းပေါ့တဲ့။ ကျနော်ကတော့ အဖေ့ကို မြန်မြန်ခေါ်သွားပါစေ ဆုတောင်းနေရသည်။ အဖေ့ကိုမုန်းလို့မဟုတ်ပါ။ ထောက်လှမ်းရေးတွေ-အ-ပါသည်။ အိမ်ထဲကိုမဝင်ပါ။ ထမင်း စားနေတုန်းအဖေက ကျနော့ကိုသားအိပ်ယာလိပ်ပြင်ကွာတဲ့။ ကျနော်အဖေ့အတွက်အိပ်ယာလိပ်ပြင်ပေးရင်း အိမ်ထဲကိုဝင်လိုက်ထွက်လိုက်နဲ့ စာစောင်တွေကိုဖွက်ခွင့်ရခဲ့သည်။ အဖေဒုတိယအကြိမ်ပါသွားပြန်ပြီ။ ထိုနေ့က ကျနော်အဖေနဲ့အတူ ထမင်းစားရင်းစကားပြောခွင့်မရခဲ့ပါ။ အဖေနဲ့ကျနော် တနှစ်နဲ့၂-လခွဲခဲ့ရသည်။
ဆက်ပါမည်
အောင်သွေး

0 comments:

Post a Comment