ခေတ်သစ်မြန်မာ့သမိုင်း - ၃၅ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
#အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲ
ပထမပိုင်း
ပထမပိုင်း
သာယာဝတီမင်းက သူ့ရဲ့ အဓိကတာဝန်ဟာ မြန်မာပြည်ကို ဗြိတိသျှ အထိန်းချုပ်ခံ နယ်မြေ ဖြစ်မသွားအောင် ကာကွယ်ဖို့ပဲလို့ စဉ်းစားတယ်။ သူက မင်းသားငယ်ဘဝကတည်းက ဒီပြဿနာကို အသေအချာသတိထားမိတယ်။ ဘုရင်ဖြစ်လာတော့ မြန်မာ့လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ ပိုပြီး စိုးရိမ်ပူပန်လာတယ်။ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒအားလုံးဟာ ဒီအယူအဆကို ဗဟိုပြုပါတယ်။
ဒါပေမဲ့ သာယာဝတီမင်းဟာ သံတမန်ကောင်း မဟုတ်ဘူး။ သူရွေးချယ်တဲ့နည်းလမ်းတွေက အားလုံး အမှားချည့်ပါပဲ။ သူက နေပြည်တော်မှာ ဗြိတိသျှသံကိုယ်စားလှယ်ရုံး မရှိစေချင်ဘူး။ တချိန်တည်းမှာ ရန္တပိုစာချုပ် သဘောတူညီချက်တွေကို မျက်ကွယ်ပြုဖို့ ကြိုးစားတယ်။ ရန္တပိုစာချုပ်ကို သူချုပ်ခဲ့တာ မဟုတ်တဲ့အတွက် လက်တွေ့ အသိအမှတ်ပြုဖို့ ငြင်းဆန်တယ်။ ဒါပေမဲ့ သူက အင်္ဂလိပ်နဲ့ နောက်ထပ် စစ်မဖြစ်ချင်ပါဘူး။ဒါကြောင့် ဗြိတိသျှ သံကိုယ်စားလှယ်နဲ့ ဆက်ဆံရာမှာ သတိကြီးကြီး ထားပါတယ်။ ဗြိတိသျှ သံကိုယ်စားလှယ်နဲ့ နောက်လိုက် ၅၀ ကို နေပြည်တော်မှာ နေခွင့်ပေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ တည်ရှိမှုကို တမင်သက်သက် ဥပေက္ခာပြုထားတယ်။ ညီလာခံတောင် တက်ခွင့် မပေးပါဘူး။ တစ်ဖက်ကလည်း စစ်တပ်ကို တိုးချဲ့တယ်။ ကာကွယ်ရေးအကြောင်းပြပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်တယ်။ မစ္စတာဗင်ဆင်က ၁၈၃၈ ခုနှစ်မှာ သံကိုယ်စားလှယ် ဖြစ်လာတယ်။
ဘုရင်က သံကိုယ်စားလှယ်နဲ့ နောက်လိုက် ၅၀ ကို ကျန်မာရေးနဲ့ အလွန်ကို မညီညွတ်တဲ့နေရာမှာ နေထိုင်စေတယ်။ အင်္ဂလိပ်တွေ ရန္တပိုစာချုပ် ဖောက်ဖျက်တာကို စောင့်ကြည့်နေတယ်။ သံလွင်မြစ်ဝက ဘီလူးကျွန်းနဲ့ အာသံပြည်နယ်တွေကို ပြန်ပေးဖို့လည်း တောင်းဆိုတယ်။ အာသံရာဇာ ခန့်ထားရေးကိုလည်း မြန်မာ့လုပ်ပိုင်ခွင့်ထဲမှာ ထားဖို့ တောင်းဆိုတယ်။ မဏိပူရအရေးမှာ အင်္ဂလိပ်က ကျူးကျော်စွက်ဖက်တာ မတရားဘူးလို့ ထောက်ပြတယ်။ မြန်မာဆိပ်ကမ်းတွေမှာထက် ကာလကတ္တားမှာ အင်္ဂလိပ်က အခွန်ပိုကောက်နေတယ်လို့ စွပ်စွဲတယ်။ အင်္ဂလိပ်တွေကလည်း စီးပွားရေးပဋိညာဉ် သဘောတူညီချက်နဲ့အညီ မဆောင်ရွက်ပါဘူး။ နှစ်နိုင်ငံစလုံးက အကောက်ခွန်နှုန်း ဆတူကောက်မှသာ အဆင်ပြေမှာပါ။ ဒါတွေက အင်္ဂလိပ်တွေကို မြန်မာဘက်က ပြန်ထောက်ပြတဲ့အချက်တွေပါပဲ။
သာယာဝတီမင်းရဲ့ နောက်ဆုံး ရည်မှန်းချက်က အောင်မြင်သွားတယ်။ ၁၈၄၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံက ဗြိတိသျှသံကိုယ်စားလှယ်ရုံးကို ရုပ်သိမ်းသွားရတယ်။ ကိုယ့်မြေပေါ်မှာပေါက်နေတဲ့ ကိုယ်မလိုချင်ဆုံးအပင်ကို အမြစ်ကနေ ဆွဲနှုတ်ပစ်လိုက်နိုင်တာမို့ တနိုင်ငံလုံး မဟာအောင်ပွဲကြီးလို သဘောထားကြတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ကြေကွဲဖွယ်ရာ အရှုံးနဲ့ ရင်ဆိုင်ကြရတာပါ။ သံကိုယ်စားလှယ်ရုံးမရှိတော့ နယ်စပ်ဒေသအငြင်းပွားမှုနဲ့ ကုန်သွယ်ရေးပဋိပက္ခတွေကို အေးအေးချမ်းချမ်း မဖြေရှင်းနိုင်တော့ဘူး။ နောက်ဆုံးတော့ ၁၂ နှစ် ထပ်ကြာပြီးတဲ့ အချိန်မှာ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲကို တိုက်ခဲ့ကြရတယ်။
နိုင်ငံခြားရေးမူဝါဒမှာ ပုဂံမင်းကလည်း သူ့ဘိုးဘေးတွေနည်းတူ နိုင်ငံခြားဆန့်ကျင်ရေးပါပဲ။ အင်္ဂလိပ်နဲ့ သံတမန်ဆက်ဆံရေးအားလုံးကို ၁၈၄၀ ပြည့်နှစ်ကတည်းက ရပ်ဆိုင်းထားတယ်။ ဒါကို ပြန်ဖွင့်ဖို့ ကြိုးပမ်းဆောင်ရွက်တာ တစ်ခုမှ မရှိပါဘူး။ ရန်ကုန်မှာရှိတဲ့ အင်္ဂလိပ် ကျေးတော်မျိုးကျွန်တော်မျိုးတွေက 'မြန်မာလို ရန်မူတတ်တဲ့နိုင်ငံဟာ ထပ်ပြီး အရှက်ကွဲဦးမှာပဲ။ မြန်မာပြည်မှာ အင်္ဂလိပ်အကျိုးစီးပွားတွေ ဖြစ်ထွန်းဦးမှာပေါ့' လို့ ထောက်ခံပြောဆိုကြတယ်။ သူတို့ရဲ့ နစ်နာချက်တွေကို အိန္ဒိယအစိုးရဆီ တင်ပြတယ်။ မြန်မာအစိုးရကို ဖိအားပေးပြီး လျော်ကြေးတောင်းဖို့ ပြောကြတယ်။ မြန်မာအစိုးရရဲ့ အားနည်းချက်တွေကို အိန္ဒိယအစိုးရက သတိထားမိပါတယ်။ စစ်အင်အား အတော်အသင့် စုစည်းအသုံးချလိုက်တာနဲ့ တစ်နိုင်ငံလုံးကို လွယ်လင့်တကူ သိမ်းနိုင်မယ်ဆိုတာလည်း သိပါတယ်။
အင်္ဂလိပ်ကုန်သည်တွေ တင်ပြတဲ့ နစ်နာချက်တွေမှာ အမှန်တချို့ပါပေမဲ့ မှားနေတာတွေကိုလည်း သူတို့ တွေ့ပြီးသားပါ။ မြန်မာဘက်မှာတော့ သာမန်ပြည်သူတွေက စစ်ကိုမုန်းတယ်။ စစ်ပွဲပြီးတဲ့နောက် စစ်လျော်ကြေး အကောက်ခံနေရတယ်။ ဝန်ကြီးတချို့က အင်္ဂလိပ်ရဲ့ အင်အားကြီးတာကို သိတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးမူဝါဒ ချမှတ်နိုင်တဲ့ သြဇာရှိပုဂ္ဂိုလ်တွေကို နားချဖို့တော့ သူတို့ ပျက်ကွက်တယ်။
တစ်ဖက်မှာက နယ်ချဲ့သမားကြီး လော့ဒ် ဒါလဟိုဇီက ဘုရင်ခံချုပ် ဖြစ်လာနေပြီ။ ဘုရင်ခံချုပ်ဟောင်းကတော့ ကုန်သည်တွေ စေဒကတက်နေတာဟာ ပုဂ္ဂိုလ်ရေး နစ်နာချက်တွေပဲလို့ သတိပြုမိပါတယ်။ လော့ဒ်ဒါလဟိုဇီကတော့ ပုံစံတမျိုးနဲ့ မြင်တယ်။ သူကတော့ မှားမှားမှန်မှန် အင်္ဂလိပ် ကျေးတော်မျိုး ကျွန်တော်မျိုးတွေကို ဘယ်အာရှသားကမှ မစော်ကားရဘူးဆိုတဲ့ အယူအဆရှိသူပါ။ သူ့နိုင်ငံနဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက်ဆိုရင် စစ်ကြေညာဖို့လည်း ပြင်ပြီးသားပါ။ ဒီအချိန်မှာ အင်္ဂလိပ်တွေကို ပိုပြီး ရန်လိုလာစေတဲ့ နောက်ထပ်အင်္ဂလိပ်လူမျိုး အုပ်စုတစ်ခုလည်း ရှိပါသေးတယ်။ သူတို့ကတော့ ကရာချိကနေ စင်္ကာပူအထိ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်း တစ်ခုလုံးကို စိုးမိုးထားရမယ်ဆိုတဲ့ မူဝါဒနဲ့ စင်္ကာပူမှာ အခြေစိုက်စခန်းဖွင့်ထားကြသူတွေပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ် သိမ်းပိုက်ရေးဟာ သူတို့အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသပါပဲ။ ရန်ကုန်ဆိပ်ကမ်းဟာ အရှေ့တိုင်းရဲ့ အရေးအပါဆုံး ကုန်သွယ်ရေးဌာနတွေထဲက တစ်ခုဖြစ်လာဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ သူတို့က ဒီဒေသကိုသိမ်းပြီး ဖွံ့ဖြိုးအောင် လုပ်ချင်တယ်။ ဒါပေမဲ့ စစ်စတိုက်ဖို့ အကြောင်းအချက် မခိုင်လုံဘူး။
ရန်ကုန်မှာ ကပ္ပတိန်ရှက်ပတ်နဲ့ လူးဝစ်ဆိုတဲ့ အင်္ဂလိပ် ၂ ယောက်က လူသတ်မှုကျူးလွန်တယ်။ ဒါကြောင့် မြန်မာနန်းတော်က ၁၇၀၅ ရူပီး ဒဏ်ရိုက်တယ်။ ကပ္ပတိန်တွေက ဘုရင်ခံချုပ်ဆီ အသနားခံတယ်။ သူတို့ ငွေအညှစ်ခံနေရပါတယ်ပေါ့။ ဘုရင်ခံချုပ်ကလည်း ဝင်ရောက်စွက်ဖက်ဖို့စဉ်းစားပြီး စုံစမ်းစစ်ဆေးတယ်။ စုံစမ်းရေးကော်မရှင်ကလည်း ကပ္ပတိန်တွေဘက်ကလိုက်ပြီး အစီရင်ခံတယ်။ အိန္ဒိယအစိုးရကလည်း ကပ္ပတိန်တွေကိုယ်စား နစ်နာကြေး ရူပီး ၉၂၀၀ တောင်းတယ်။ မြန်မာအစိုးရရဲ့ ပြန်ကြားချက်ကိုတောင် မစောင့်ပါဘူး။ ဘုရင်ခံချုပ်က ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်ကို စစ်သင်္ဘောတစ်စီးနဲ့ ရန်ကုန်လွှတ်ပြီး နစ်နာကြေးအမြန်ပေးဖို့ ဖိအားပေးစေတယ်။ လင်းဘတ်က ဘုရင်ခံချုပ်ဆီက စာ ၂ စောင် ယူလာတယ်။ တစ်စောင်က ဘုရင့်အတွက်ဖြစ်ပြီး နောက်တစ်စောင်က ရန်ကုန်မြို့ဝန်အတွက်ပါ။ ၁၈၅၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်မှာ လင်းဘတ် ရန်ကုန်ကို ရောက်လာတယ်။ ရောက်ပြီး ၂ ရက်အကြာမှာ လင်းဘတ်က သူ့ရဲ့ အရာရှိငယ်တွေကို မြို့ဝန်မောင်အုပ်ဆီ လွှတ်လိုက်တာပဲ။
အဲဒီအရာရှိတွေ ပြန်လာတော့ သူတို့ကို မချေမငံဆက်ဆံတယ်လို့ တိုင်တယ်။ ချက်ချင်းပဲ ကပ္ပတိန်လင်းဘတ်က အငြင်းပွားတဲ့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးရမယ်လို့ တောင်းဆိုတယ်။ ဒါပေမဲ့ ဒီလိုအရေးပါတဲ့ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ အခွင့်အာဏာက ရန်ကုန်မြို့ဝန်ဆီမှာ မရှိပါဘူး။ သူက ဗဟို အာဏာပိုင်အဖွဲ့ကို တင်ပြရဦးမှာပါ။ အင်္ဂလိပ်တွေက ဒီလို စောင့်ရတာကို စိတ်မရှည်ဘူး။ မြန်မာတွေရဲ့ ရုံးစနစ်ကို နားမလည်ဘဲ သူ့ကိုရော သူ့အစိုးရကိုပါ စော်ကားတဲ့အနေနဲ့ အချိန်ဆွဲနေတာလို့ လင်းဘတ်က ယူဆတယ်။
ရန်ကုန်မြို့ဝန်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ စစ်ရေးပြင်ဆင်မှု လုပ်တယ်။ အရေးပေါ်အခြေအနေအတွက် ဘုရင့်သင်္ဘောတွေထဲက တစ်စီးကို အသင့်လုပ်ထားတယ်။ ဒါက ရန်ကုန်မှာနေတဲ့ အင်္ဂလိပ်ကုန်သည်တွေကို တပ်လှန့်လိုက်သလိုပါပဲ။ အဲဒီကုန်သည်တွေက အင်္ဂလိပ် အရာရှိတွေကို မြန်မာတွေက စစ်တိုက်ဖို့ ပြင်နေပြီလို့ သတင်းပေးလိုက်တယ်။
0 comments:
Post a Comment