Monday, September 19, 2022

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းမှ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့တရုတ်ပြည်” အပြီးသတ်အပိုင်းကို ကောက်နှုတ် ဖော်ပြထားတာဖြစ်ပါတယ်။

 

ယန်ရွယ်တုန်း။ ပြီးခဲ့တဲ့နှစ်ကပေါ်ပေါက်ခဲ့တဲ့ အရှေ့တောင်အာရှဘဏ္ဏာရေးအကျပ်အတည်းကိုကြည့်ပြီး  လူတချို့က တတိယကမ္ဘာ့နိုင်ငံတွေ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲပါဝင်တာကို ဆန့်ကျင်လာကြတယ်။ တချို့ ပညာရှင်တွေကဆိုရင် မှီခိုခြင်းသဘောတရား’ ရှုထောင့်ကကြည့်ပြီး တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲက တတိယကမ္ဘာ့နိုင်ငံတွေဟာ မလွဲမသွေ မှီခိုတဲ့အဆွယ်အပွားဘဝသို့ လျော့ကျသွားလိမ့်မယ်လို့ပြောကြပါတယ်။

 

ဒီလိုနိဂုံးချုပ်တာမျိုးဟာ န ည်းနည်းတော့အဆိုးပြင်းထန်ပေမယ့် လူတွေကို သတိရှိလာအောင် အတော်ကလေး လှုံ့ဆော်နိုင်မယ်ထင်ပါတယ်။ အနည်းဆုံး တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကဖန်တီးလိုက်တဲ့ အပြုသဘော မဆောင်တဲ့ဂယက်တွေနဲ့အန္တရာယ်တွေကို ကျနော်တို့ရှင်းလင်းစွာနားလည်စေဖို့ ဒီအမြင်မျိုးက သတိပေးလိုက်နိုင်ပါတယ်။

 

ဝမ်လျဲ့။  တရုတ်ပြည်ဟာ ခင်ဗျားပြောတဲ့အချက်တွေထဲက သင်ခန်းစာနှစ်ခု ထုတ်လိုက်သင့်တယ်ထင်ပါတယ်။ ပထမသင်ခန်းစာက တကမ္ဘာလုံးလက္ခဏာဆောင်မှုအပေါ် သိပ်စိတ်ကူးယဉ်ထားလို့မဖြစ်ဘူး။ လက်ရှိ တကမ္ဘာလုံးစီးပွားရေးအဆောက်အအုံပင်ကိုယ်မှာလည်း  တန်းတူမညီမျှတတွေ အတော်ဆိုးဆိုးဝါးဝါး ရှိနေတယ်ဆိုတဲ့အချက်၊ စီးပွားရေးတကမ္ဘာလုံးလက္ခဏာဆောင်မှုမှာ စွန့်လွှတ်ရမယ့်ကိစ္စကြီးတွေ ဖုံးကွယ် ကိန်းအောင်းနေတယ်ဆိုတဲ့အချက် အဲ့ဒါမျိုးတွေကလည်း အဓိကအားဖြင့် ပိုလျှံနေတဲ့အရင်းအနှီးတွေသုံးပြီး  အကွက်ချောင်းအမြတ်ထုတ်တာတွေကြောင့် ဖြစ်ရတယ်ဆိုတဲ့အချက်တွေကို သိထားဖို့လိုတယ်။ 

 

ဒုတိယသင်ခန်းစာက တရုတ်ပြည်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ  ပါဝင်မယ်ဆိုရင်  အချိန်ကိုက်ညီမှုပြဿနာကို သတိပြုရမှာပါ။ အချိန်ကိုက်ညီမှုပြဿနာဆိုတာ မိမိရံ့လိုက်လျောညီထွေလုပ်နိုင်စွမ်း၊ အရေးပေါ်လုပ်နိုင်စွမ်းနဲ့ရပ်တည်နိုင်စွမ်းတို့ကိုမူတည်ပြီးတော့မှ တကမ္ဘာလုံးလက္ခဏာဆောင်မှုအတွင်းက နယ်ပယ်အသီးသီးထဲကိုဝင်ရောက်မယ့်အချိန်ကိုရွေးချယ်ဖို့ ကျနော် ပြောချင်တာပါ။  ဒါကလည်း စွန့်လွှတ်ရတာတွေ အကုန်အကျတွေ တတ်နိုင်သမျှလျော့နည်းသွားအောင်လို့ပါ။  ဒီနေရာမှာ မက္ကဆီကိုဘဏ္ဏာရေးမုန်တိုင်းကြီးနဲ့ အရှေ့တောင်အာရှ ဘဏ္ဏာရေးကပ်ကြီးတို့ထဲက အလွန်ကောင်းတဲ့ ဥပမာတွေကိုရနိုင်ပါတယ်။ 

 

ယန်ရွယ်တုန်း။ ဟုတ်ပါတယ် တရုတ်ပြည်ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်း ဝင်ရောက်ခဲ့တဲ့

အတွေ့အကြုံထဲမှာ  ပြန်လည်သုံးသပ်ကြရမယ့်အရာတွေအများကြီး ရှိပါတယ်။ ဒီကိစ္စမှာ လျှောက်ခဲ့ပြီးဖြစ်တဲ့ ဖြစ်ပေါ်တိုးပွားခဲ့တဲ့လမ်းကြောင်းကို ပြန်သုံးသပ်ဖို့တင်မကပါဘူး။ ကိုယ်ပိုင်စဉ်းစားတွေးခေါ်ပုံတွေ၊ စိတ်ခံစားပုံတွေကိုပါ ပြန်သုံးသပ်ကြရမှာပါ။

 

ဝမ်လျဲ့။ ခင်ဗျားအမြင်ကို ကျနော်သဘောတူပါတယ်။ ဒီနေရာမှာ အထူးအလေးထားပြောချင်တာ တစ်ခုရှိပါတယ်။ တရုတ်ပြည် တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ ပါဝင်တဲ့လမ်းကြောင်းအတွင်းမှာ တရုတ်ပြည်ကို ဗဟိုချက်မအဖြစ် ထားတဲ့အမြင်’ ခေါင်းပြူလာမှာ၊ ပြန့်ပွားလာမှာကို မုချသတိထားနေဖို့ပါ။ ဗဟိုချက်မအမြင်ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်နဲ့ ဦးတည်လားရာဘက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ 

 

ဒီအမြင်ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီး နက်ရှိုင်းလာတာနဲ့အမျှ စစ်ထုတ်စွန့်ပယ်ခံရမှာပါ။ အခုအခါမှာ တချို့လူများဟာ ပြီးခဲ့တဲ့ နှစ်အချို့အတွင်း တရုတ်ပြည်ရဲ့ ထူးထူးခြားခြားအောင်မြင်မှုနဲ့ နိုင်ငံကြီးစိတ်ဓာတ်တွေကို အသုံးပြုပြီးတော့ တရုတ်ပြည်ကို ဗဟိုချက်မအဖြစ်ထားတဲ့အမြင်ကို မြှောက်ပင့်နေကြတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် မျက်ကန်းအထင်ကြီးနေတာဟာ အတော့်ကိုအန္တရာဉ်ကြီးပါတယ်။ အဲဒါတွေဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ် အတွင်းက တရုတ်ပြည်ရဲ့အနေအထားကိုထိခိုက်စေရုံမက ပြုပြင်ပြောင်းလဲရေးနဲ့ အတွေးအခေါ် လွတ်မြောက်ရေးတွေကို နက်ရှိုင်းသထက်နက်ရှိုင်းအောင်လုပ်နေတာကိုလည်း အတားအဆီးပြုလာနိုင်ပါတယ်။

 

ချုပ်ပြောရမယ်ဆိုရင် ကျနော်တို့ဘဝနယ်ပယ်အသီးသီးထဲရောက်နေတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ ဒါကို မျက်ကန်းအကောင်းမြင်လိုက်လုပ်လို့မဖြစ်သလို၊ အဆိုးမြင်ဆန်ဆန်နဲ့ ဖယ်ရှားလို့လည်း ပိုပြီးမဖြစ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး အမြဲ ခေါင်းရှင်းရှင်းလင်းလင်း ဖြစ်နေကြပြီး စူးရှထက်မြက်စွာ စစ်ဆေးအကဲဖြတ်နေကြရမှာပါ။ ဒီနည်းအားဖြင့် တကမ္ဘာလုံးလက္ခဏာဆောင်မှုအတွင်းက စိန်ခေါ်ချက်တွေနဲ့ အခွင့်အလမ်းတွေကို ကြိုဆိုကြရပါလိမ့်မယ်။ (ပြီးပါပြီ)

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းမှ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့တရုတ်ပြည်” ကို ကောက်နှုတ် ဖော်ပြထားတာဖြစ်ပါတယ်။

 

ယန်ရွယ်တုန်း။ ဒီပြဿနာတွေနဲ့ပတ်သက်လို့ သုတေသနစာတမ်းအတော်များများမှာလည်း ဖော်ပြထားခဲ့ပြီးပါပြီ။ ပြဿနာကိုဖြေရှင်းဖို့နည်းလမ်းတွေလည်း တင်ပြထားခဲ့ပြီးပါပြီ။ အစိုးရဌာနတွေအနေနံ့လည်း ဒီကိစ္စမှာ အတော်လေးလုံးပမ်းနေကြတယ်။ ဥပဟာ- ဒီနှစ်ဦးပိုင်းမှာလုပ်ခဲ့တဲ့ တပြည်လုံးဆိုင်ရာ အစည်းအဝေးမျိုးပေါ့။ ဒီအစည်းအဝေးက နိုင်ငံခြားအရင်းအနှီးတွေနဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုန်တဲ့ပွဲပါ။

 

ဝမ်လျဲ့။ တရုတ်ပြည်ဟာ အဆိုပါအကိုင်အတွယ်ရခက်လှတဲ့ပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် ဦးစွာထားရမယ့် အချက်နှစ်ချက်ကို လုပ်နိုင်ရမယ်။ 

(၁) တရုတ်ပြည်ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်းက မိမိရဲ့အဆင့်နေရာ၊ မိမိရဲ့ကဏ္ဍကို ရှင်းရှင်းလင်းလင်း သတ်မှတ်ရမယ်။ ဒီအချက်ဟာ မိမိရဲ့ ကမ္ဘာလုံးဆိုင်ရာဗျူဟာကိုချမှတ်ဖို့အတွက်  ရှေးဦးလိုအပ်ချက်ဖြစ်တယ်။

 

(၂) အတွေးအခေါ်ကိုလွတ်မြောက်ခြင်း၊ စနစ်တွေကိုပြောင်းလဲခြင်းနဲ့ စနစ်အသစ်များကိုလည်း ဖန်တီးဖော်ဆောင်ခြင်းများ မပြတ်လုပ်ပြီးတော့ ပြည်တွင်းက အကြောင်းအချက်အသီးသီး (အင်အားအသီးသီး)ရဲ့  တက်ကြွမှုနဲ့ တီထွင်ဖန်တီးမှုတွေကိုဖွံ့ဖြိုးစေကာ အချိန်တိုအတွင်းမှာ ကိုယ့်တိုင်းပြည်အင်အားကိုဘ ကြီးထွားလာအောင် တတ်နိုင်သမျှလုပ်ရမယ်။

 

(တစ်တချက်ဖြစ်တဲ့) တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်း တရုတ်ပြည်ရဲ့ အဆင့်နေရာ သတ်မှတ်ရေးနဲ့ပတ်သက်လို့ပြောရရင် 

 

(က)တရုတ်ပြည်ဟာ ဒီဖြစ်စဉ်ကြီးထဲ နောက်မှရောက်လာသူ”ပါ။ အဲဒါကြောင့်ပဲ တရုတ်ပြည်ဟာ နိုင်ငံတကာစည်းကမ်းဥပဒေတွေကို လေ့လာဖို့၊ ဒါတွေနဲ့ လိုက်လျောညီထွေလုပ်နိုင်ဖို့ လုပ်နေရတာပါ။ ဒါ့အပြင် တရုတ်ပြည်ဟာ အမြင်ကျယ်ကျယ်ထားရမယ်။ တကမ္ဘာလုံးစိတ်ဓာတ်ကို ထူထောင်ရမယ်။  တကမ္ဘာလုံးစိတ်ဓာတ် ဆိုတာ ပြဿနာတွေကို တကမ္ဘာလုံးအကျိုးစီးပွားရှုထောင့်ကစဉ်းစားတာကို ပြောတာပါ။ 

 

(ခ) တရုတ်ပြည်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲက တိုင်းပြည်ကြီးတခုပါ။ အဲဒါကြောင့် တရုတ်ပြည်ဟာ မိမိအင်အားကို မိုးမွှန်အောင်ပြောတာမျိုး၊ ကြွားဝါတာမျိုးလုပ်ဖို့ အခြေအနေမျိုး မဟုတ်သေးပါဘူး။

 

 

(ဂ)တရုတ်ပြည်ဟာ အဆက်မပြတ်ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ အလားအလာအင်အားတွေ ကြီးမားတဲ့နိုင်ငံ ဖြစ်တယ်။ အဲဒါကြောင့် တရုတ်ပြည်ဟာ ကိုယ့်ကိုယ်ကိုယ် အရမ်းအားငယ်နေလို့မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေဖို့လိုတယ်။

 

(၂)အချက်နဲ့ပတ်သက်လို့ပြောရရင်  ဦးစွာအားဖြင့် အတွေးအခေါ်လွတ်မြောက်ရေးကို အလေးထားရမှာပါ။ မာတောင့်နေတဲ့ အတွေးအခေါ်ဘောင်တချို့ကို  ထိုးဖောက်ပစ်ရမှာပါ။ အခြေအနေသစ်တွေအောက်မှာ  ကျနော်တို့ဦးထိပ်ပန်တဲ့တန်ဖိုးထားချက်နဲ့ အဲဒီတန်ဖိုးထားချက်တွေကိုအကောင်အထည်ဖော်မယ့်စည်းစနစ် ပြုပြင်ပြောင်းလဲရေး၊ စည်းစနစ်တီထွင်ရေးတွေကို လုပ်ရမှာပါ။ 

 

ကျနော်တို့ဟာ အတွေးအခေါ်လွတ်မြောက်ရေး၊ စည်းစနစ်ပြောင်းလဲရေး၊ စည်းစနစ်ဖန်တီးတည်ထွင်ရေးတွေကိုသာ မလုပ်ခဲ့ဘူးဆိုရင် တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်း အခုရထားတဲ့အဆင့်မျိုးလည်း ရခဲ့မယ်မဟုတ်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုတယ်။  ဒီလိုမျိုးပြုပြင်ပြောင်းလဲတာတွေကို ဆက်ပြီး လုပ်မသွားဘူးဆိုရင် တရုတ်ပြည်ရဲ့အနာဂတ်ဟာလည်း မဲမှောင်နေမှာဖြစ်ပါတယ်။ (ဆက်လက်ဖော်ပြပါမယ်)

Sunday, September 18, 2022

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းမှ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့တရုတ်ပြည်” ကို ကောက်နှုတ် ဖော်ပြထားတာဖြစ်ပါတယ်။

 

ယန်ရွယ်တုန်း။ ခင်ဗျားရဲ့ အဆင့်ခွဲခြားနည်းအရပြောရမယ်ဆိုရင် တရုတ်ပြည်ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှု ဖြစ်စဉ်ထဲ တတိယအကြိမ်ဝင်ရောက်လာခဲ့တာ အနှစ်(၂၀)ရှိသွားပြီပေါ့။ ဒီ အနှစ်(၂၀)အတွင်းမှာ တရုတ်ပြည်ရဲ့ စီးပွားရေး၊ လူမှုရေးစတဲ့အောင်မြင်ချက်တွေကို ကမ္ဘာကအာရုံစိုက်လာရတယ်။ နိုင်ငံတကာမှာ တရုတ်ပြည်ရဲ့ အဆင့်နေရာဟာလည်း တဆင့်တိုးမြင့်လာတယ်။ နိုင်ငံတကာအပေါ ဂယက်ရိုက်နိုင်စွမ်းလည်း အတော်ကြီး မြင့်လာတယ်။ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အပေါ်အကျိုးပြုမှုဟာလည်း ကြီးမားလာတယ်။ ဒါပေမဲ့ အဲဒီလို လူတိုင်းမြင်သာတဲ့အောင်မြင်မှုတွေကို အခြေခံအဖြစ်ထားပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားစေဖို့ဆိုရင် တရုတ်ပြည်ဟာ ပြဿနာအများကြီးနဲ့ ရင်ဆိုင်နေရပါသေးတယ်။

 

ဝမ်လျဲ့။ တရုတ်ပြည် အခုရင်ဆိုင်နေရတာတွေထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများ အလားတူရင်ဆိုင်နေရတဲ့၊ အနှံ့အပြားလက္ခဏာဆောင်တဲ့ပြဿနာတွေရော၊ တရုတ်ပြည်ထူးခြားချက်နဲ့ဆိုင်တဲ့ပြဿနာတွေရော ပါဝင်ပါတယ်။ အနှံ့အပြားလက္ခဏာဆောင်တဲ့ပြဿနာတွေကို စုစည်းဖော်ပြနေတဲ့အချက်ကတော့ တရုတ်ပြည်ဟာ တကမ္ဘာလုံး လက္ခဏာဆောင်မှုဖြစ်စဉ်ထဲမှာ နောက်ပိုင်းမှာမှ ပါဝင်လာခဲ့တာဖြစ်တဲ့အတွက် တကမ္ဘာလုံးအဝန်းအဝိုင်းရဲ့ ကြီးလေးတဲ့ဖိအားကို ခံနေရတယ်ဆိုတာပါပဲ။ 

 

တဘက်ကကြည့်ရင် တရုတ်ပြည်ဟာ အချိန်တိုအတွင်းမှာ အများကြီးဖွံ့ဖြိုးလာအောင်လုပ်ခြင်းအားဖြင့် တကမ္ဘာလုံး လက္ခဏာဆောင်မှုဖြစ်စဉ်ကြီးကို ဦးဆောင်လာခဲ့တဲ့၊ ခုလည်း ထိန်းချုပ်နေသေးတဲ့ အနောက်တိုင်းနိုင်ငံတွေကို မီအောင်လိုက်ရမှာပါ။ အခြားတဘက်ကကြည့်ရင်  မိမိကိုယ်တိုင်ဖွံ့ဖြိုးလာဖို့အတွက်ကျတော့လည်း  အဓိက အနောက်နိုင်ငံတွေကသတ်မှတ်ထားတဲ့ နိုင်ငံတကာစည်းစနစ်တွေ၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေကိုလက်ခံဖို့ လိုလာပြန်ရော။  ကိစ္စအတော်များများတွေ့နေရတာက အဲ့ဒီစည်းစနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စံတွေဟာ အတော်ကို တောင်းဆိုချက်မြင့်မားတင်းကျပ်ရုံမက တရုတ်ပြည်အနေနဲ့လည်း ဒါတွေကို အကျွမ်းတဝင်မရှိလှဘူး။ 

 

နောက်ပြီးတော့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ အတွင်းကျကျရောက်လာလေ တကမ္ဘာလုံးအဝန်းအဝိုင်းရဲ့ ကန့်သတ်မှုကိုခံရလေဖြစ်တာ ဓမ္မတာပါ။ ဒီအချက်ကြောင့် နိုင်ငံတော် ဗျူဟာပေါ်လစီများကို  မိမိဘာသာ အမှီခိုကင်းကင်း ဆုံးဖြတ်ချမှတ်လုပ်ဆောင်တဲ့ နေရာမှာလည်း အနည်းနဲ့အများ အကန့်အသတ်တွေ ဖြစ်လာတတ်ပါတယ်။ 

 

ရင်ဆိုင်နေရတဲ့ပြဿနာတွေမှာ တရုတ်ပြည်ထူးခြားချက်နဲ့ဆိုင်တဲ့ပြဿနာတွေကိုတော့ အဓိကအားဖြင့် ဘက်နှစ်ဘက်မှာ တွေ့နိုင်ပါတယ်။ ပထမဘက်ကပြောရမယ်ဆိုရင်  လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကျော်အတွင်းမှာ တရုတ်ပြည် အလျင်အမြန်တိုးထွက် ပေါ်လွင်လာတာကြောင့် အနောက်အုပ်စုက ဗိုလ်လုပ်နေတဲ့အနေအထား ဟာလည်း ယိမ်းခါလာတယ်။ ဒါလည်း အနောက်အုပ်စုက လန့်လာတယ်။  ဒါကြောင့် တရုတ်ပြည်ဖွံ့ဖြိုးရေးကို အတားအဆီးဖြစ်စေမယ့်အရာတွေကို နေရာတကာမှာလုပ်လာကြတယ်။ ယခင်ကာလပိုင်းတခုအတွင်း အမေရိကန်မှာထွက်ပေါ်ခဲ့တဲ့ တရုတ်ပြည်ခြိမ်းခြောက်မှုဆိုတဲ့အမြင်တွေဟာ ဒီအချက်ကိုစုစည်းဖော်ပြနေတာပါ။

 

ဒုတိယဘက်ကပြောရမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ  တရုတ်ပြည်ဟာ အကိုင်တွယ်ရခက်တဲ့ ပြဿနာအများအပြားကို ရင်ဆိုင်နေရတယ်။ အဲဒီပြဿနာတွေထဲမှာ  အရှုံးပေါ်နေတဲ့ နိုင်ငံတော်ပိုင်ပြဿနာ၊ လုပ်ငန်းကြီးတချို့ဟာ လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေတဲ့အကြောင်းအချက်များ ဖြစ်လာနိုင်ဖွယ်ရှိခြင်း၊ ၎င်းတို့ဟာ စီးပွားရေးဆက်လက်ဖွံ့ဖြိုးရေးမှာ အတားအဆီးများပြုနေခြင်း၊ အကျင့်ပျက်ခြစားတာတွေက နိုင်ငံရေးကြံ့ခိုင်မှုအင်အားကို  ဖျက်ဆီးခြင်း၊ လူဦးရေက အလွန်များပြား၊ လူဦးရေနဲ့စာရင် အရင်းအမြစ်သယံဇာတက မလုံလောက်၊ ထုတ်လုပ်ရေးအတတ်ပညာက ခေတ်နောက်ကျသေးတာတွေကြောင့် တာရှည်ခံတဲ့(ပတ်ဝန်းကျင်ကြီးကို မထိခိုက်စေတဲ့)စီးပွားရေးဖွံ့ဖြိုးမှုကိုဖော်ဆောင်ရာမှာ  အကငန့်အသတ်များအတော်ကိုရှိနေခြင်း၊  ဈေးကွက် စီးပွားရေးကြောင့် ပြည်တွင်းလူ့အဖွဲ့အစည်းမှာ လူ့အလွှာများအပိုင်းပိုင်းကွဲထွက်နေမှု၊ ဆင်းရဲချမ်းသာကွာဟမှု စတဲ့အခြေအနေများဟာဆိုးဝါးလာတဲ့အတွက် အကျိုးစီးပွားဆိုင်ရာအတိုက်အခံဖြစ်မှုတွေကို ဖြေရှင်းဖို့ ထိရောက်တဲ့ အကျိုးစီးပွားထိန်းညှိရေးယန္တရားတခုလိုအပ်နေခြင်း၊ ဒေသဆိုင်ရာ၊ ဌာနဆိုင်ရာအင်အားများ တောင့်တင်းလာပြီး ဗဟိုရဲ့ထိန်းချုပ်ရေးအင်အား လျော့ပါးသွားတာကြောင့် နိုင်ငံတခုလုံးအရလုပ်ကိုင်ဆောင်ရွက်မှုများမှာ  အကန့်အသတ်ရှိလာနိုင်ခြင်း၊ ပြည်သူလူထုအကြားမှာ အတွေးအခေါ်များ ဆိုးဆိုးဝါးဝါးကျဲကွဲလာတာကြောင့် ပြည်သူတွေ နိုင်ငံရေးမှာစိတ်ဝင်စားမှုနည်းပါးတဲ့အခြေအနေမျိုး ရှိလာနိုင်ဖွယ်ရှိနေခြင်း။ စတာတွေပါဝင်ပါတယ်။ 

 

တရုတ်ပြည်အနေနဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ  အတွင်းကျကျပါဝင်နိုင်ဖို့၊ ပိုမိုတန်းတူတဲ့အဆင့်နေရာ ရရှိနိုင်ဖို့ ကြိုးစားလုပ်ဆောင်ရာမှာ  အထက်မှာပြောခဲ့တဲ့ပြဿနာတွေက အကန့်အသတ်တွေပြုနေတာပါ။  ဒီအထဲက တချို့ပြဿနာတွေဟာ တစုံတရာကာလ၊ တစုံတရာအချက်အလက်အောက်မှာ  အသူတရာနက်တဲ့ချောက်ကြီးများ သဘောတောင် ဖြစ်လာနိုင်ပါတယ်။ ဒါကို သတိထားကြရမှာပါ။ (ဆက်လက်ဖော်ပြပါမယ်)

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းမှ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့တရုတ်ပြည်” ကို ကောက်နှုတ် ဖော်ပြထားတာဖြစ်ပါတယ်။

 

ယန်ရွယ်တုန်း။ တရုတ်ပြည်အတွက်လည်း တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတဲ့ဒီရေလှိုင်းက ရှောင်လွှဲလို့မရပါဘူး။ တရုတ်ပြည်က တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ ဝင်ရောက်ခဲ့တဲ့လမ်းကြောင်းတလျှောက်လုံးဟာ တရုတ်ပြည်ရဲ့အနီးခေတ်ကာလလူ့အဖွဲ့အစည်း သမိုင်းပြောင်းလဲတဲ့ ဖြစ်စဉ်ကြီးတခုလုံးပဲဖြစ်ပါတယ်။ တနည်းပြောရရင် တရုတ်ပြည်အနီးခေတ်သမိုင်းဆိုတာဟာ တကယ်တော့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ  တရုတ်ပြည်ပါဝင်တဲ့သမိုင်းပဲ ဖြစ်ပါတယ်။

 

ဝမ်လျဲ့။ ကျနော်တို့ဟာ အဲ့ဒီသမိုင်းကာလကို အဆင့်(၃)လောက် ခွဲခြားနိုင်ပါတယ်။ ပထမအဆင့်က (၁၉)ရာစု (၄၀)စုများခေတ်ကစပြီး (၁၉၄၉) တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ထူထောင်တဲ့အချိန်အထိ အကျုံးဝင်ပါတယ်။ ဒီအဆင့်ဟာ ရှေးခေတ်ယဉ်ကျေးမှုဗဟိုချက်မတခုဖြစ်ခဲ့တဲ့တရုတ်ပြည်ကို နယ်ချဲ့စနစ်က အမြောက်တွေ သင်္ဘောတွေသုံးပြီး အနောက်တိုင်းဦးဆောင်တဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးထဲ အတင်းအဓ္ဓမ သွတ်သွင်းလိုက်တဲ့အဆင့်ဖြစ်တယ်။ 

 

(ဖေ့ကျိန်းချင်းတို့လို) ပညာရှင်တော်တော်များများယူဆတာကိုပြောရရင် ဘိန်းစစ်ပွဲမတိုင်မီက တရုတ်ပြည်ကြီးဟာ သူ့ရဲ့ ရှေ့တန်းရောက်တဲ့ယဉ်ကျေးမှုကိုအသုံးပြုပြီး အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသများမှာ ကမ္ဘာစနစ်’ အနေအထားတရပ်ကို တည်ဆောက်ထားခဲ့ပါတယ်။ အဲ့ဒီစနစ်ဟာ တခြားခေတ်ပြိုင် ကမ္ဘာ့စနစ်တွေနဲ့ယှဉ်နိုင်ပါတယ်။ ကာလတခုအတွင်းမှာ အနောက်တိုင်းကမ္ဘာစနစ်ထက်တောင် ရှေ့တန်းရောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကာလရှည်ကြာ တံခါးပိတ်နေတာကြောင့် အစိုးရတွေ အကျင့်ပျက်ခြစားလာခဲ့ပါတယ်။ စီးပွားရေးက နောက်ကျကျန်ခဲ့တယ်။ တပ်ဆင်မှုယန္တရားတွေက လျော့တိလျော့ရဲနိုင်ခဲ့တယ်။  စိတ်ဓာတ်ရေးရာအရ ရှေးရိုးစွဲခဲ့ကြတယ်။  ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းအထင်ကြီးခဲ့တယ်။ အဲ့ဒီချို့ယွင်းချက်တွေကြောင့် ကြီးမားတဲ့ (တရုတ်ဦးဆောင်တဲ့) ကမ္ဘာစနစ်ဟာ စွမ်းအင်တွေ တဖြည်းဖြည်းလျော့ပါးပျောက်ကွယ်ပြီး နောက်ဆုံးမှာ အနောက်တိုင်း အင်အားကြီးနိုင်ငံများရဲ့ ကိုလိုနီချဲ့ထွင်မှုကြောင့် ပျက်စီးသွားခဲ့တယ်။ တရုတ်ပြည်ဟာလည်း ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်းလူ့အဖွဲ့အစည်းအဖြစ် လျှောကျသွားပြီး အနောက်တိုင်းရဲ့ဖိအားပေးမှုအောက်မှာ အမှီခိုကင်းမှုနဲ့ ကိုယ်ပိုင်ပြဌာန်းမှုကို လုံးဝမဖော်ဆောင်နိုင်ဘဲ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးအတွင်းမှာ  အဆွယ်အပွားအဆင့်နေရာမှာပါ ရောက်သွားတယ်။ ဒီနေရာမှာ တရုတ်ပြည်လူ့အဖွဲ့အစည်းဟာ ကိုလိုနီဘဝ ရောက်သွားခဲ့ဖူးတဲ့ အခြားလူ့အဖွဲ့အစည်းတော်တော်များများနဲ့ တူပါတယ်။ အဲ့ဒီနိုင်ငံအားလုံးဟာ အဆွယ်အပွား အဆင့်နေရာဆိုတဲ့ပြဿနာအပေါ် သဘောထားတဲ့နေရာမှာ အစိုးရတွေရဲ့ရပ်တည်ချက်နဲ့ ပြည်သူ့အင်အားစုတွေရဲ့ ရပ်တည်ချက်ဟာ ထင်ထင်ရှားရှား ကွာဟနေကြပါတယ်။ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်းမှ အကျိုးစီးပွားဖြစ်ထွန်းသူ၊ လူမှုအင်အားစုကို ကိုယ်စားပြုထားတဲ့အစိုးရကတော့ အနောက်တိုင်းအပေါ် လိုလိုလားလားနဲ့ မှီခိုခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့အင်အားစုတွေကတော့ အနောက်အင်အားတွေရဲ့ထိန်းချုပ်မှုကို နည်းမျိုးစုံနဲ့ဆန့်ကျင်ကြပြီး တန်းတူညီမျှမှုမရှိတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုကို ဖျက်သိမ်းဖို့ ကြိုးစားကြပါတယ်။  တရုတ်ပြည်မှာ အဲ့ဒီလို ပြည်သူ့အင်အားစုတွေရဲ့တောင်းဆိုချက်တွေကို တရုတ်ပြည်ကွန်မြူနစ်ပါတီက စုစည်းကိုယ်စားပြုခဲ့ပါတယ်။ ပါတီဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့အောင်မြင်ချက်တွေကိုကြည့်ပြီး ငါတို့လည်းပဲ တခြားလမ်းကြောင်းတခုကို ရှာဖွေတွေ့ရှိနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေရရှိလာပါတယ်။

 

 ဒါကြောင့် ဒုတိယအဆင့်ဖြစ်တဲ့ (၁၉၄၉)ခုနှစ်မှ (၁၉၇၈)ခုနှစ်အထိကာလဟာ လက်တွေ့မှာ ကွန်မြူနစ်တွေအနေနဲ့ ဆိုဗီယက်ပြည်ထောင်စုကို နမူနာထားပြီး လမ်းထွင်တဲ့ကာလဖြစ်ပါတယ်။ ကွန်မြူနစ်တွေရဲ့လမ်းထွင်ချက်တွေဟာ အနောက်တိုင်းရှေ့ဆောင်တဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်တွေကို အတိုင်းအတာ အတော်ကြီးမားစွာ ဖယ်ရှားခဲ့၊ ဆန့်ကျင်ခဲ့ပါတယ်။

 

ကျယ်ပြန့်တဲ့အဓိပ္ပာယ်ရှုထောင့်အရပြောရရင် အဲဒီဖယ်ရှားမှုနဲ့ ဆန့်ကျင်မှုတွေဟာလည်းပဲ တကမ္ဘာလုံး လက္ခဏာဆောင်မှုဖြစ်စဉ်ကြီးရဲ့ မရှိမဖြစ်တဲ့အစိတ်အပိုင်းတွေဖြစ်ပြန်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖယ်ရှားမှု ဆန့်ကျင်မှုတွေဟာအနောက်တိုင်းဗဟိုချက်မ’ အမြင်တွေရဲ့ဩဇာဂယက်ကို လျော့ကျသွားစေရုံတင် မကပါဘူး၊ ကိုလိုနီဘဝကျရောက်ဖူးခဲ့တဲ့လူ့အဖွဲ့အစည်းအတွက်လည်း မိမိတို့ကိုယ်ပိုင်အင်အားနဲ့ ဈေးဆစ်နိုင်စွမ်းအားတို့ကို တိုးပွားအောင်လုပ်ရေးမှာ ကာလတခု အထောက်အကူဖြစ်ခဲ့ပါတယ်။  ဒီအချက်ကြော င့် တကမ္ဘာလုံးလက္ခဏာ ဆောင်မှုဖြစ်စဉ်အတွင်း ပိုမိုတရားမျှတစွာ၊ ပိုမိုတန်းတူစွာပါဝင်နိုင်ရေးအတွက်အခြေခံတွေ ရရှိလာပါတယ်။ ဒါပေမဲ့ အဆိုပါဆန့်ကျင်မှုတွေနဲ့ ဖယ်ရှားမှုတွေမှာလည်း မိမိဘာသာ အားလုံးဖြေရှင်းနိုင်စွမ်းမရှိတဲ့အားနည်းချက်တွေ ရှိနေတာကိုမြင်ထားဖို့လိုပါတယ်။

 

ပထမအားနည်းချက်က ဒီဇြစ်စဉ်ကြီးကို ကာလရှည်ကြာစွာ ဖယ်ရှားစွန့်ပယ်ထားခြင်းအားဖြင့်  ကိုယ့်ဘာသာ ပိတ်လှောင်ထားတာ၊ မာတောင့်နေတာတွေဖြစ်လာပြီး  ဒီဖြစ်စဉ်ကြီးထဲကအကျိုးအမြတ်တွေကို လုံးဝ မရနိုင်တော့ဘူးပေါ့။  ဒုတိယအားနည်းချက်ကတော့ ဒီဖြစ်စဉ်ကိုဆန့်ကျင်တာ ဖယ်ရှားတာတွေနဲ့ တချိန်တည်းမှာ ကိုယ်လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေးပုံစံကိုယ်၌ကလည်း တဖက်သတ်၊ တကြောင်းတိုက်၊ တံခါးလှောင်ပိတ်တဲ့ပုံစံ ဖြစ်နေပြန်တယ်။ ဒါကြောင့် တကမ္ဘာလုံးလက္ခဏာဆောင်မှုပင်မရေစီးကို ဖယ်ရှားစွန့်ပယ်မှုနဲ့ဆန့်ကျင်မှုတို့ဟာ နိုင်ငံရေးအမှီအခိုကင်းမှုကို ဖော်ဆောင်နိုင်ပေမယ့် စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ဘက်များစွာမှာတော့ တခုလုံးအနေ သဘောထားချင်းယှဉ်ရင် သူများထက်နောက်ကျကျန်ခဲ့တယ်။  နောက်ဆုံးရလာဒ်အနေနဲ့ တံခါးပိတ်သမားတွေက ပိုပြီးပိတ်လာကြတယ်။  အားနည်းသူတွေက ပိုမိုပြီးအားနည်းလာကြတယ်။ 

 

တတိယအဆင့်က (၁၉၇၈)ခုနှစ်ကနေ အခုအချိန်ထိ တလျှောက်လုံးဖြစ်ပါတယ်။ ဒီအဆင့်မှာ  အခြေခံအကျဆုံး အမှတ်အသားကတော့ တရုတ်ပြည်အား တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးထဲက နယ်ပယ်အသီးသီးအတွင်းသို့ လက်ဦးမှုရှိရှိ၊ နက်ရှိုင်းမှုရှိရှိပါဝင်တယ် ဆိုတဲ့အချက်ပါပဲ။ ကမ္ဘာကြီးဟာ တရုတ်ပြည်ပဲ၊ တရုတ်ပြည်ဟာလည်း ကမ္ဘာကြီးပဲဆိုတဲ့စကားက ဒီတကြိမ် တရုတ်ပြည် တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးထဲပါဝင်လာပုံကို အသက်အပါဆုံး ချယ်မှုန်းပြလိုက်ပါတယ်။

 

တရုတ်ပြည်အနေနဲ့ ဒီဖြစ်စဉ်ကြီးထဲကို ဘက်ပေါင်းစုံပါဝင်လာရာမှာ ထားတဲ့ အခြေခံဗျူဟာက ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီပဲဖြစ်ပါတယ်။ ဗဟိုအစိုးရကလှုံ့ဆော်တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီဟာ တဘက်မှာ ဒေသတွေ၊ ဌာနတွေ၊ လူထုတွေကို ပိုမိုကြီးမားတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေကို ချပေးလိုက်ပြီး၊ သူတို့တွေရဲ့တက်ကြွမှုနဲ့ တီထွင်ဖန်တီးမှုတွေကို ထိုးဆွဖော်ထုတ်လိုက်ပါတယ်။ အခြားတဘက်မှာဆိုရင်လည်း တိုင်းပြည်ရဲ့တံခါးတွေကို ဖွင့်ပေးလိုက်ကာ တရုတ်ပြည်နဲ့ ပြင်ပကမ္ဘာတခုလုံးအကြား ဘက်ပေါင်းစုံထိတွေ့ဆက်ဆံတယ်ဆိုတာ တရားဝင်သဘောဆောင်လာစေတယ်။ အခိုင်အမာကျကျပြောရရင် တရုတ်ပြည်ဟာ အနောက်ပိုင်းနိုင်ငံအသီးသီးနဲ့ နိုင်ငံရေးအရဆက်ဆံနေတာတွေကိုတိုးချဲ့လိုက်ပြီး စစ်အေးကြောင့် အေးတိအေးစက်ဖြစ်နေခဲ့တဲ့ဆက်ဆံရေးတွေကို ပြေပြေလည်လည်ဖြစ်စေလိုက်တယ်။ 

 

စီးပွားရေးအရဆိုရင် တရုတ်ပြည်ဟာ ဘက်နှစ်ဘက်က အစချီလုပ်ပါတယ်။ ပထမဘက်ကတော့ စီးပွားရေးအထူးဇုံနယ်တွေကို ရှေးဦးနမူနာထားပြီး ပင်လယ်ကမ်းရိုးတန်းမြို့များ၊ မြစ်ရိုးတလျှောက်မြို့များနဲ့ ကုန်းတွင်းပိုင်းဒေသများစသဖြင့် တံခါးတွေ တပေါက်ပြီးတပေါက် ဆက်တိုက်ဖွင့်ပေးသွားပြီး စက်ဝန်းအထပ်ထပ် တံခါးဖွင့်ပေးတဲ့ပုံစံအရ လုပ်ကိုင်သွားမယ်။ ဦးစားပေးပေါ်လစီတွေကျင့်သုံးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မယ်။ ဒီနည်းနဲ့ နိုင်ငံတကာအလုပ်ခွဲဝေမှုပုံစံထဲကို အတော်အတန်ချောမောစွာနဲ့ ပါဝင်သွားမယ်။ 

 

ဒုတိယဘက်ကတော့ ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်ကိုတည်ဆောက်ကာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေအရ တတ်နိုင်သမျှလုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးတကမ္ဘာလုံးလက္ခဏာဆောင်မှုအတွင်းသို့ပါဝင်ဖို့အတွက် စည်းစနစ်အရအာမခံချက်တွေရှိလာအောင် လုပ်မယ်။ အတွေးအခေါ်နဲ့ယဉ်ကျေးမှုအရဆိုရင်လည်း  ‘အတွေးအခေါ် လွတ်မြောက်ရေး’ လှုပ်ရှားမှုက တားမြစ်နယ်မြေအတော်များများကို ထိုးဖောက်ပစ်လိုက်ပြီး နိုင်ငံခြားက တိုးတက်တဲ့အတွေးအခေါ်တွေ ဝင်ရောက်လာစေဖို့အတွက် အချက်အလက်တွေကို ဖန်တီးပေးလိုက်တယ်။  ဆက်သွယ်ရေးကိရိယာတွေ မပြတ်တိုးတက်နေတာ၊ လူတွေကလည်း နိုင်ငံတခုကနေတခုသို့ မကြာခဏ ရွှေ့ပြောင်းသွားလာနေတာတွေကြောင့် တရုတ်ပြည်နဲ့ ကမ္ဘာကြီးအကြား ဆက်သွယ်ဖလှယ်မှုတွေကလည်း ဘက်ပေါင်းစုံကျယ်ပြန့်လာနေပါတယ်။  ပြောလို့ရတာကတော့ ပြုပြင်ပြောင်းလဲရေးနဲ့တံခါးဖွင့်ပေါ်လစီတွေ လုပ်ဆောင်နေတာကြောင့် တရုတ်ပြည်ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဘက်ပေါင်းစုံစုံလင်လင်နဲ့ပါဝင်လာနိုင်ပြီး ကမ္ဘာ့အသိုင်းအဝိုင်းထဲမှ မိမိရရဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ ငွေအရင်းအနှီးတွေ၊ အတတ်ပညာတွေ၊ အသိပညာတွေနဲ့ အနှစ်သာရကျကျ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အတွေးအခေါ်တွေကို ရရှိလာနိုင်ပါတယ်။ (ဆက်လက်ဖော်ပြပါမယ်)

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းမှာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်နဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်”ကိုကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။

 

ဝမ်လျဲ့။ အဲ့ဒီပုံစံကြီးနှစ်ခုနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်နေကြတဲ့တချိန်တည်းမှာ အနောက်ဥရောပနိုင်ငံတွေဟာ ဒီပုံစံနှစ်မျိုးထဲကကောင်းတာတွေကိုစုစည်းထားနိုင်တံ့ အခြားပုံစံတခုကိုလည်း တက်ကြွစွာရှာဖွေနေကြပါသေးတယ်။  အဲ့ဒီလို တတိယလမ်းကြောင်းတခုကိုလည်း ရှာဖွေနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။  

 

အမေရိကန်အလုပ်သမားရေးဝန်ကြီးလုပ်ခဲ့သူ ရောဘတ်ရိုက်ခ်ရဲ့အမြင်ကတော့ ရှေ့တန်းရောက်နိုင်ငံတွေဟာ ဒီလမ်းနှစ်ခုထဲက တခုမဟုတ်တခု ရွေးချယ်ရလိမ့်မယ်လို့မဟုတ်ပါဘူးတဲ့။ ပိုမိုများပြားတဲ့ အလုပ်အကိုင်နေရာ အတွက်ကိုလည်းပေးနိုင်၊ လူ့အဖွဲ့အစည်းရဲ့ စည်းလုံးမှုအားကိုလည်းတိုးပွားစေနိုင်တဲ့  တတိယလမ်းကြောင်းဆိုတာ ရှိပါသေးတယ်တဲ့။ သူ့သဘောအရ အနှစ်သာရအရပြောရရင် လူမှုစီးပွားရေးဘက်က အကျိုးစီးပွားအသီးသီးကို ကိုယ်စားပြုထားကြတဲ့ လူမှုအင်အားစုတွေအနေနဲ့ အချင်းချင်းအကြားပဋိပက္ခတွေကို ညှိညှိနှိုင်းနှိုင်းဖြေရှင်းဖို့ပါပဲ။

 

ရိုက်ခ်’ ပြောသလို အလုပ်သမားဘက်ကလည်း အလုပ်ရှင်တွေအပေါ် ကန့်သတ်ထားတဲ့ မာတောင့်တောင့် ဥပဒေတွေကို စွန့်ကြရမယ်။ အလုပ်ရှင်တွေဘက်ကလည်း တိုးပွားလာတဲ့အမြတ်အစွန်းတွေကို  အလုပ်သမားများရဲ့ အတတ်ပညာမြှင့်တင်ရေးနဲ့ သူတို့ရဲ့လုပ်ငန်းများတိုးချဲ့ရေးအတွက် အသုံးပြုကြရမယ်။  ကမ္ဘာတခုလုံးရှိ ရင်းနှီးမြှုပ်နှံသူများနဲ့ ဘဏ်လုပ်ငန်းရှင်တို့ကလည်း ပိုမိုစိတ်ရှည်သီးခံကြရမယ်။ အလုပ်သမားတွေရဲ့ လိုက်လျောညီထွေ လူးလွန့်လှုပ်ရှားနိုင်စွမ်းအားကို  အစွမ်းကုန်မြှင့်တင်ရေးအတွက်သာဆိုပါက တင်ရှိနေတဲ့ အများဆိုင်ရာကြွေးမြီများကို သက်ညှာပေးသင့်ပါတယ်”။ 

 

မှတ်လောက်သားလောက်ရှိတဲ့အချက်တခုကတော့ ဟော်လန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အချို့အတွင်း စီးပွားရေးတိုးတက်မှုနဲ့ လူမှုဖူလုံရေးမြင့်တက်မှုတို့အကြား သဟဇာတမျှအောင်ထိန်းထားနိုင်တဲ့အတွက် ဟော်လန်ကို တတိယလမ်းကြောင်း’ ကိုယ်စားပြုသူအဖြစ်မြင်လာကြပြီး ပြီးခဲ့တဲ့ (၁၉၉၇) ခုနှစ် အနောက်တိုင်း ၇ နိုင်ငံထိပ်သီးအစည်းအဝေးမှာ အဲ့ဒီအချက်ကို အလေးထားဆွေးနွေးခဲ့တယ်။ ဟော်လန်ရဲ့အောင်မြင်မှုအကြောင်းရင်းဟာ သူ့မှာ လူမှုရေးရာတွေကို နှီးနှောတိုင်ပင်ဖြေရှင်းတဲ့ အစဉ်အလာကောင်းရှိတာကြောင့်တခုတည်းမဟုတ်ပါဘူး။

 

ရင်းနှီးမြှုပ်နှံရေးအပိုင်း၊ အလုပ်အကိုင်ရရှိရေးအပိုင်း၊ အလုပ်သမား ငှားရမ်းရေးအပိုင်းစတာတွေမှာ ပျော့ပြောင်းတဲ့နည်းတွေကို အားထားအသုံးပြုတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အရင်းရှင်တို့ မြှုပ်နှံထားတဲ့အရင်းအနှီးကို တတ်နိုင်သမျှလျှော့ချနိုင်ပြီး အကြောင်းအချက် စုံလင်များပြားတဲ့  အလုပ်အကိုင်ရရှိရေးစနစ်ပုံစံကိုလည်း ဖော်ဆောင်နိုင်ခဲ့တယ်။ ဟော်လန်ရဲ့အောင်မြင်မှုမှာ အခြားနိုင်ငံတွေက လိုက်လံပြီးတုပလို့မရတဲ့ သီးခြားထူးခြားချက်တွေပါနေတာ သေချာပါတယ်။ ဒါကြောင့် ပြော ပြောနေကြတဲ့ တတိယလမ်းကြောင်း’ ဆိုတာကို တိုင်းပြည်အများအပြားကသုံးလို့ရနိုင်ပါ့မလား။ ဒါလည်း ပြဿနာကြီးတခုပါ။

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းထဲက တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်နဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်”အပိုင်းကိုဆက်လက်ဖော်ပြတာဖြစ်ပါတယ်။

 

ယန်ရွယ်တုန်း။ ကျနော်တို့သတိမူသင့်တဲ့အချက်တခုရှိပါသေးတယ်။(အရင်းအနှီးကြီးထွားလာတာနဲ့ နှိုင်းယှဉ်ကြည့်ဖို့ပါ) အဲ့ဒီအချက်က ဘာလဲဆိုရင် စုစုပေါင်းအင်အားတမျိုးဖြစ်တဲ့ အလုပ်(အလုပ်သမားအပိုင်း) ကြဲကွဲသွားတဲ့ အချင်းအရာတွေထွက်ပေါ်လာပြီး ဒီအပိုင်းဟာ ဖွဲ့ဖွဲ့စည်းစည်းဖြစ်လာတဲ့ အင်အားလည်းကောင်းလာတဲ့ အရင်းအနှီးအပိုင်းကိုယှဉ်ပြိုင်ဖို့ ခက်လာတယ်ဆိုတဲ့အပိုင်းပါပဲ။ စက်မှုလုပ်ငန်းအဆောက်အအုံ ပြောင်းလဲထိန်းညှိမှုတွေက  အလုပ်သမားလူတန်းစားအပေါ် ကြီးမားစွာ ထိုးနှက်လိုက်တယ်။ 

 

ဒုတိယ (စက်မှု)ထုတ်လုပ်ရေးကဏ္ဍ(စက်မှုလုပ်ငန်းကဏ္ဍ) သေးကျုံ့သွားတာကြောင့် (စက်မှု)ထုတ်လုပ်ရေး အရေအတွက်လျော့သွားတယ်။ နောက်တခု တတိယ(စက်မှု)ထုတ်လုပ်ရေးကဏ္ဍ(ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ) တိုးချဲ့မှုတွေကြောင့် အလုပ်သမားတပ်ဖွဲ့ဟာ အစိပ်အပိုင်းတွေကွဲထွက်သွားတယ်။ တတိယ(စက်မှု) ထုတ်လုပ်ရေးကဏ္ဍက အမျိုးမျိုးပြောင်းလဲတတ်တဲ့သဘော၊ ကြဲကွဲတတ်တဲ့သဘောတွေရှိရတဲ့အထဲမှာ စားသုံးရေးပုံစံတွေကလည်း ပြောင်းလဲနေ၊ စားသုံးရေးယဉ်ကျေးမှုကလည်း ခေတ်စားနေ၊  နိုင်ငံတော်ရဲ့ပေါ်လစီတွေကလည်း အလုပ်သမားလှုပ်ရှားမှုကို ကန့်သတ်ချုပ်ချယ်နေတာတွေကြောင့် အလုပ်သမားများအနေနဲ့ ကြီးမားတဲ့အဖွဲ့အစည်းတွေထူထောင်ဖို့ဆိုတာ အတော်ကြီးကိုခက်ခဲလာနေတယ်။  

 

တချိန်တည်းမှာ ဒေသခြား၊ နိုင်ငံခြားရွှေ့ပြောင်းနေထိုင်ကြသူတွေရဲ့လုပ်အားနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဈေးပေါတဲ့ လုပ်အားတွေကြောင့်လည်း  အလုပ်သမားတွေရဲ့ အရင်းအနှီးအပေါ်ယှဉ်ပြိုင်နိုင်စွမ်းဟာ အနည်းနဲ့အများ လျော့ပါးလာရပါတယ်။ ဒါ့ကြောင့် အလုပ်သမားတွေဟာ အရင်းရှင်များပေးတဲ့ လုပ်ခနိမ့်နိမ့်ကလေးတွေ၊ အဆက်မပြတ်လျော့ပါးလာနေတဲ့ လူမှုအာမခံချက်တွေကိုပဲ မလွဲမရှောင်သာ လက်ခံကြရပါတယ်။ 

 

ဒါတွေရဲ့အကျိုးဆက်အနေနဲ့  ရှေ့တန်းရောက်တိုင်းပြည်များအတွင်းမှာ ဆင်းရဲချမ်းသာကွာဟမှုတွေ  ကြီးမားလာတယ်။ ဥရောပသမဂ္ဂစာရင်းအင်းဌာနရဲ့(၁၉၉၅)ခုနှစ် မေလ အစီရင်ခံစာအရ ဥရောပသမဂ္ဂလူဦးရေ စုစုပေါင်းရဲ့(၁၇)ရာခိုင်နှုန်းဖြစ်တဲ့ ဥရောပသား(၅၇)သန်းတို့ဟာ ဆင်းရဲကြပ်တည်းနေကြပြီး “အခု ဥရောပဟာ (၁၉) ရာစုက စခဲ့တဲ့သမိုင်းအစဉ်အလာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါပြီ။  အခုဥရောပ(ဥရောပသမဂ္ဂ)ဟာ ပထမဆုံးအကြိမ်အဖြစ် ဆင်းရဲမှု မပြတ်နက်ရှိုင်းကြီးထွားတဲ့ဒေသကြီး ဖြစ်နေပါပြီ။  အဲ့ဒီအကြောင်းရင်းကြောင့်ပဲ အမျိုးမျိုးအဖုံဖုံသောဆင်းရဲသားတွေ ဘေးဖယ်ခံရ၊ ထုတ်ပယ်ခံရတာတွေကိုတွေ့နေကြရတာပါ”လို့ ပြင်သစ်သမ္မတ ရှီးရပ်က ငြီးတွားပြောဆိုခဲ့ဖူးပါတယ်။

 

အရင်းရင်စနစ်ရင်ဆိုင်နေရတဲ့ လွတ်လပ်မှုနဲ့ဒီမိုကရေစီအကြား၊ အရင်းအနှီးနဲ့အလုပ်အကြားပဋိပက္ခများ သည်းသန်လာခြင်းဆိုတဲ့ပြဿနာကို တိုင်းပြည်အသီးစီးအစိုးရတွေက အလေးထားမိလာကြပါပြီ။ အစိုးရတွေဘက်ကကြည့်မယ်ဆိုရင် ပဋိပက္ခနှစ်ခုဟာ ဘယ်ယန္တရားစနစ်မျိုးကိုသုံးပြီး စီးပွားရေးကို စီမံခန့်ခွဲမလဲဆိုတဲ့ပြဿနာ(တနည်းအားဖြင့် လူမှုဖူလုံရေးနိုင်ငံတော်စနစ်ကိုပဲ ဆက်လက်တွန်းဆော်ပေးရမလား၊ ဈေးကွက်ကိုမှီခိုအားထားတဲ့စနစ်ကိုပဲ ပြောင်းလဲကျင့်သုံးရမလားဆိုတဲ့ပြဿနာ) မှာစုစည်းဖော်ပြနေတယ်။ 

 

ဒီပြဿနာနဲ့ပတ်သက်ရင်လည်း အနောက်ဥရောပနဲ့အမေရိကန်တို့ကိုင်စွဲထားတဲ့ ရပ်တည်ချက်ချင်းက လုံးဝကွဲပြားနေကြတယ်။  နောက်ပြီး သူတို့ရရှိတဲ့အကျိုးဆက်တွေကလည်း မတူညီဘူး။ အနောက်ဥရောပမှာ ရှည်ကြာတဲ့ လူမှုဖူလုံရေးအစဉ်အလာတွေကလည်းရှိခဲ့ပြီး ပြည့်စုံတဲ့လူမှုဖူလုံရေးစနစ်ကို ကျင့်သုံးတာကြောင့် အနောက်ဥရောပနိုင်ငံတွေဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်းမှာကျတော့ လှုပ်ရှားမှုခြေလှမ်း နှေးကွေးတာတို့၊ စီးပွားရေးထိရောက်စွမ်းရည် ကျဆင်းတာတို့၊ စီးပွားရေးတက်နှုန်း နှေးတာတို့၊ အလုပ်လက်မဲ့နှုန်း ငွေကြေးဖောင်းပွမှုနှုန်းတွေကလည်း တက်ပြီးရင်းတက်နေတာတို့၊ ဆင်းရဲချမ်းသာကွာဟမှုကလည်း ကြီးနေတာတို့စတဲ့ရလာဒ်တွေ အထင်အရှားဖြစ်လာပါတယ်။ 

 

ဒါပေမဲ့ အမေရိကန်မှာတော့ ရီဂင်ဝါဒ’ အရ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီးတဲ့နောက်ပိုင်းမှာ လူမှုဖူလုံရေးစနစ်ကို အကြီးအကျယ်လျှော့ပစ်တယ်။ ဈေးကွက်အပေါ် ကန့်သတ်ချုပ်ချယ်တဲ့အစီအမံအများကြီးကို ဖယ်ရှားပစ်တယ်။ ဒါကြောင့် အမေရိကန်ဟာ (၉၀)စုနှစ်များတလျှောက်လုံးအတွင်းမှာ ငွေကြေးဖောင်းပွမှုနိမ့်ခြင်း၊ အလုပ်လက်မဲ့နှုန်း နိမ့်ခြင်းနဲ့ စီးပွားရေးတိုးတက်မှုနှုန်းမြင့်ခြင်းဆိုတဲ့ ကောင်းမွန်တဲ့စီးပွားရေးရလာဒ်များကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ အနောက်ဥရောပနဲ့အမေရိကန် ပုံစံနှစ်မျိုးရဲ့မတူတဲ့အကျိုးဆက်တွေကိုကြည့်ပြီး နိုင်ငံအများအပြား(အထူးသဖြင့် အနောက်ဥရောပတိုင်းပြည်များဟာ) မိမိတို့ရဲ့အနာဂတ်ရေးပေါ်လစီများအပေါ် အသစ်တဖန်သုံးသပ်လာကြပါတယ်။ 

 

အနောက်ဥရောပနိုင်ငံတွေဟာ အမေရိကန်ရဲ့အောင်မြင်ချက်တွေကို အသိအမှတ်ပြုကြပေမယ့်လည်း အမေရိကန်ပုံစံကို မိမိတို့အတုယူရမယ့်အရာအဖြစ် သဘောမထားကြသေးပါဘူး။ ပြင်သစ်၊ ဂျာမဏီတို့လို အနောက်ဥရောပအစိုးရအချို့က သဘောထားကြတာကိုပြောရမယ်ဆိုရင် အမေရိကန်ရဲ့ ဂျင်း (Jean)အရင်းရှင်စနစ်” ကိုယ်တိုင်က ပြဿနာတွေ တပုံတခေါင်းကြီးရှိနေတယ်၊ စီးပွားရေးဘက်မှာလည်း လုံခြုံမှုမရှိ၊ တန်းတူမှုမရှိတဲ့ အစိတ်အပိုင်းတွေ ရှိနေတယ်။  အမေရိကန်ပုံစံကို မျက်ကန်းလိုက်လုပ်ရင် စီးပွားရေးကြီးထွားမှုတော့ ရချင်ရမှာဖြစ်ပေမယ့် ဒါအတွက်တန်ဖိုးပေးရမှာအနေနဲ့ အနောက်ဥရောပပြည်သူတွေ ပင်ပန်းတကြီးတည်ဆောက်ခဲ့ရတဲ့ လူမှုဖူလုံရေးစနစ်ကွယ်ပျောက်သွားကာ ပိုမိုရက်စက်တဲ့၊ လူမဆန်တဲ့သွေးစုပ်မှု၊ ဆင်းရဲမွဲတေမှုတွေ တဖန်ပြန်ပေါ်လာနိုင်တာတွေဖြစ်လာလိမ့်မယ်။ အနောက်ဥရောပအစိုးရအချို့က အဲ့ဒီလို မြင်ကြပါတယ်။ (ဆက်လက်ဖော်ပြပါမယ်)

Saturday, September 17, 2022

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းထဲက တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်နဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်”အပိုင်းကိုဆက်လက်ဖော်ပြတာဖြစ်ပါတယ်။

 

စီးပွားရေးတကမ္ဘာလုံးလက္ခဏာဆောင်မှုက အရင်းရှင်လူ့အဖွဲ့အစည်းကြီးအတွင်းမှာ တန်ဖိုးထားချက်တွေနဲ့ပတ်သက်တဲ့ အတိုက်အခံဖြစ်မှုတွေကိုဖြစ်ပေါ်စေရုံမက လူမှုအဆောက်အအုံဘက်မှာလည်း အရင်းအနှီးပိုင်းကိုအားကောင်းစေပြီး အလုပ်(အလုပ်သမားပိုင်းကို)အားနည်းစေတဲ့အခြင်းအရာကိုလည်း ဖြစ်ပေါ်စေတယ်လို့  တနေ့တခြားထင်ရှားလာပါတယ်။ ကျနော်တို့သိကြတာကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အရင်းရှင်လူ့အဖွဲ့အစည်းအတွင်းမှာပေါ်ထွက်လာခဲ့တဲ့ လူမှုဖူလုံရေးနိုင်ငံတော်စနစ်ဆိုတာဟာ အနှစ်သာရအရ  ပြောရရင် အရင်းအနှီးပိုင်းနဲ့အလုပ်(အလုပ်သမားအပိုင်း)တို့ဆက်ဆံရေးကို ထိန်းညှိပေးတဲ့စနစ်ဖြစ်တယ်။ ဒီစနစ်ဟာ အရင်းအနှီးအင်အားတွေအလွန်အကျွံဖောင်းပွ မကြီးထွားသွားအောင် တစုံတရာအတိုင်းအတာအရ ကန့်သတ်ပေးပြီး အလုပ်(အလုပ်သမားပိုင်း)အတွက် မရှိမဖြစ်လိုအပ်တဲ့ ဘဝလုံခြုံရေးအာမခံချက်ကိုပေးပါတယ်။  ဒါပေမဲ့ စီးပွားရေးတကမ္ဘာလုံးလက္ခဏာဆောင်မှုဟာ နက်ရှိုင်းလာတာနဲ့အမျှ အရင်းအနှီးရဲ့ နိုင်ငံဘောင်ကျော် ရွှေပြောင်းစီးဆင်းနိုင်မှုစွမ်းရည်ဟာလည်း ကြာလေအားကောင်းလေဖြစ်လာပြီး နိုင်ငံတော်စနစ်က မူလ ထောက်မပေးထားတဲ့ဒေါက်တိုင်တွေကို  ဖယ်ရှားပစ်လာနိုင်ရုံမက နိုင်ငံတော်အစိုးရနဲ့ဆွေးနွေးတဲ့ ဆက်ဆံရေးအတွင်းမှာလည်း ပိုမိုကြီးမားတဲ့ဈေးဆစ်နိုင်အားတွေ ပိုင်ဆိုင်လာပါတယ်။ 

 

ဘာကြောင့်လဲဆိုတော့ ယှဉ်ပြိုင်မှုတွေ တနေ့တခြားသည်းသန်လာနေတဲ့ကမ္ဘာကြီးမှာ အရင်းအနှီးစီးဆင်းဝင်ရောက်သွားတဲ့နေရာမှန်သမျှဟာ စီးပွားရေးတိုးတက်လာပြီး အလုပ်အကိုင်တွေလည်း ပေါများလာတတ်လို့ ဒီလိုအခြေအနေမျိုးကို အစိုးရတိုင်းက ရရှိနေချင်ကြလို့ဖြစ်တယ်။ 

 

အရင်းအနှီးပိုင်းဟာ အကြပ်ကိုင်နိုင်အားတွေမြင့်တက်လာတာကြောင့်  အရင်းအနှီးဝင်ရောက်မြုပ်နှံနိုင်ရေးအတွက်ဆိုရင်  အစိုးရတွေဟာ အခွန်နှုန်းတွေ လျှော့ပေးဖို့၊  ထိန်းချုပ်ခန့်ခွဲရေးစနစ်တွေ ပယ်ဖျက်ပေးဖို့၊ လူမှုဖူလုံရေးစနစ်တွေ ပြုပြင်ပြောင်းလဲပေးဖို့၊ ဦးစားပေးပေါ်လစီတွေ ချမှတ်ပေးဖို့ အကြပ်ကိုင်တာခံကြရပြီး ဒါတွေကို လုပ်လည်းလုပ်ပေးလာရပါတယ်။ ဒါတွေကိုလုပ်ရတာလည်း အလုပ်(အလုပ်သမား)အပိုင်းရဲ့အကျိုးစီးပွားများကို အတိုင်းအတာကြီးမားစွာ စွန့်ပယ်တန်ဖိုးပေးပြီးမှ ဖြစ်မြောက်တာပါ။  

 

ဂျာမဏီနိုင်ငံက တောက်ပသောကြေးမုံပြင်မဂ္ဂဇင်းထဲမှာရေးထားတာအရပြောရမယ်ဆိုရင်  ဂျာမဏီနိုင်ငံ လက်ရှိကျင့်သုံးနေတဲ့အခွန်တော်စနစ်ဟာ အရင်းအနှီးအတွက်အကျိုးဖြစ်ထွန်းစေတာ ထင်ရှားပါတယ်တဲ့။  ဘာကြောင့်လဲဆိုတော့ ကျွမ်းကျင်သူများက ဘဏ္ဏာရေးခန့်ခွဲခြင်းဆိုတဲ့စနစ်ကို အားကိုးအားထားပြုပြီး အခွန်အကောက်ဟာကွက်တွေကို အသုံးချလို့ရတယ်။ နိုင်ငံဘောင်ကျော်ရင်နှီးမြုပ်နှံမှုတွေကိုလည်း အသုံးချလို့ရတယ်။ ဒီလိုအသုံးချပြီး အခွန်ကိုရှောင်ရှားနိုင်ပါတယ်။  နောက်တခုက အခွန်နှုန်းတွေပြုပြင်ပြောင်းလဲတာတွေက အရင်းအနှီးအတွက်အကျိုးရှိပါတယ်။  အဲ့ဒီအတွက်ကြောင့်ပါတဲ့။

 

စစ်ဆေးလေ့လာမှုများအရ  ဂျာမဏီရဲ့အစုရယ်ယာကုမ္ပဏီကြီးတွေဆီကရတဲ့အခွန်ဟာ တနိုင်ငံလုံးရတဲ့အခွန်စုစုပေါင်းနဲ့ နှိုင်းယှဉ်ရင် (၁၉၆၀)ခုနှစ်မှာ (၉.၅)ရာခိုင်နှုန်းရှိရာက (၁၉၉၈)မှာ (၃.၈)ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။ အခွန်စုစုပေါင်းထဲမှာ လုပ်ခဝင်ငွေရဲ့ပါဝင်မှုအချိုးအစားကတော့ ထိုနှစ်များအတွင်းမှာ (၁၂) ရာခိုင်နှုန်းကနေ (၂၈) ရာခိုင်နှုန်းအထိ  တက်သွားခဲ့တယ်။

(ဆက်လက်ဖော်ပြပါမယ်)

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းထဲက တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်နဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်”အပိုင်းကိုဆက်လက်ဖော်ပြတာဖြစ်ပါတယ်။

 

ယန်ရွယ်တုန်း။ အရင်းအနှီးက အားကောင်းတဲ့နေရာကိုရရှိသွားတာကြောင့် စီးပွားရေးတိုးတက်မှုအရှိန်အဟုန် မြန်လာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်း အထွေထွေဖွံ့ဖြိုးမှုတွေဖြစ်လာဖို့ကတော့ အတော်ခက်ပါတယ်။ ဘာလို့လဲဆိုရင် အရင်းအတနှီးတိုးချဲ့လာတာတွေရဲ့နောက်ဆုံးရည်မှန်းချက်က ဘာလဲ။  တခြားဘာတွေမှမဟုတ်ဘူး။ အမြတ်အစွန်း မြင့်မြင့်မားမာရရှိဖို့သာဖြစ်ပါတယ်။  ‘မာ့က်စ်က ဒါကို စောစောကတည်းကထောက်ပြခဲ့တာပါ။  နောက်ပြီး မာ့က်စ်ရဲ့အမြင်ဟာ သူ့နောက်ပိုင်း အရင်းရှင်စနစ်အားဝေဖန်ကြသူတို့အပေါ် ကြီးမားတဲ့ဂယက်လည်း ရှိခဲ့ပါတယ်။

 

ဝမ်လျဲ့။ (၉၀)ခုနှစ်များအတွင်းမှာ အရင်းအနှီးနဲ့ဈေးကွက်အပေါ် ဂယက်ရိုက်အားအကြီးဆုံးဝေဖန်မှုတွေ ပေါ်ခဲ့တယ်။ အရင်းရှင်စနစ်လူ့အဖွဲ့အစည်းအတွင်းကအကျိုးစီးပွားတွေတရားဝင်ရနေတဲ့ လူ့အလွှာတွေထဲကလူတချို့က ဝေဖန်ကြတာပါ။ ဥပမာ- ပရက်ကင်စကီး၊ အယ်လ်ဘေး၊ ဆိုးရော့စ် စတဲ့သူများဖြစ်ပါတယ်။ သူတို့ကို အရင်းရှင်စနစ်လူ့အဖွဲ့အစည်းအတွင်းရှိ လူ့မလိုင်တွေအဖြစ်ယူဆလို့ရပါတယ်။ သူတို့ဟာ ဘက်သုံးဘက်က အလေးထားဝေဖန်ကြတယ်။  

 

ပထမဘက်က ဈေးကွက်ဩဇာဂယက် ကျယ်ပြန့်လာတာကြောင့်ပဲ အရင်းရှင်ဒီမိုကရေစီစနစ်ဟာ အားနည်းလာတယ်။ အနည်းတကာ့အနည်းစုဖြစ်တဲ့ စီးပွားရေးနယ်ပယ်ကလူ့မလိုင်တွေအနေနဲ့  အများဆိုင်ရာအခွင့်အာဏာတွေကို ခိုးယူအပိုင်စီးကြမယ်အန္တရာယ်အလားအလာတွေ ထွက်ပေါ်လာတယ်။ ထိရောက်မှုစွမ်းရည်မြင့်မားရေးဆိုတဲ့ ဆိုင်းဘုတ်ကိုသုံးပြီး ဒီမိုကရေစီနဲ့တရားဝင်လက္ခဏာတွေကိုအားနည်းအောင်လုပ်နေကြတာလည်းရှိတယ်။

 

ဒုတိယအချက်ကတော့ လူ့အဖွဲ့အစည်းအတွင်းရှိ တန်ဖိုးထားချက်ဆိုင်ရာ၊ ဒီမိုကရေစီအမြင်ဆိုင်ရာ အဓိကရေစီးကြောင်းတွေဟာလည်း ဈေးကွက်ကြောင့် လုံးပါး ပါးလာနေတယ်။ အချို့ပညာရှင်တွေယူဆတာကိုပြောရမယ်ဆိုရင် ဈေးကွက်ကြောင့်ပဲ ပစ္စည်းလောဘတွေကြီးထွားလာတယ်။ စားသုံးရေးဝါဒလည်း ပျံ့နှံ့လာတယ်။ ဒါ့ကြောင့် သန့်စင်သောပရိုတက်စတင့်ဘာသာပုံစံ ကြိုးစားလုပ် ချွေတာသုံးနေရာမှာ အထိန်းအကွပ်မဲ့အပျော်အပါးလိုက်စားရေးက အစားထိုးလာတာတွေ၊ လူ့အဖွဲ့အစည်း ဘုံအကျိုးစီးပွား အလုပ်အကျွေးပြုရေးနေရာမှာ တဦးချင်းကျေနပ်မှုရရေးက အစားထိုးလာတာတွေ၊ အခွင့်အရေးလိုက်စားမှုကို တာဝန်ယူလုပ်ကိုင်မှုနဲ့ပေါင်းစပ်ကျင့်သုံးတဲ့အစဉ်အလာဝါဒနေရာမှာ တဦးချင်းအလွန်အကျွံကိုယ်ကျိုးကြည့်ဝါဒက အစားထိုးလာတာတွေဖြစ်လာတယ်။  ဓနဥစ္စာဘယ်လောက်များများပိုင်ဆိုင်သလဲဆိုတဲ့အချက်က လူတဦးချင်းရဲ့အောင်မြင်မှုကိုတိုင်းတာတဲ့ တခုတည်းသောပုံစံဖြစ်လာတယ်။ နှိုင်းရဝါဒ (Relativism)နဲ့ အပျော်အပါးဝါဒတို့ကို ဘဝရဲ့အခြေခံလမ်းညွှန်များအဖြစ် ဦးထိပ်ပန်ဆင်နေကြလို့ကတော့ ခိုင်ခံ့တဲ့ ဘယ်လိုလူမှုဒေါက်တိုင်ကိုမှ တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတခုမှာ အများကလိုက်နာကြရမယ့် တကယ့်ကိုတိကျတဲ့မူတွေမရှိဘဲ တဦးချင်းပုဂ္ဂလိက ကျေနပ်မှုရရှိရေးတွေသာ ကြီးထွားနေမယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းဟာ ပြိုကွဲသွားနိုင်တဲ့အန္တရာယ်ရှိပါတယ်လို့ ပရက်ကင်စကီးက အမေရိကန်နိုင်ငံသားတွေကို သတိပေးပြောကြားပါတယ်။ 

 

တတိယဘက်ကတော့  ဈေးကွက်က လူ့အဖွဲ့အစည်းကြီးတခုလုံးတည်ရှိမှုကိုလည်း ခြိမ်းခြောက်လာနိုင်ပါတယ်။  ဈေးကွက်ဟာ အချို့သောလူပုဂ္ဂိုလ်များ၊ အချို့သောအဖွဲ့အစည်းများရဲ့အင်အားတွေကို ကြီးထွားစေကာ ပုံစံသစ်အာဏာရှင်စနစ်တွေ ဖြစ်ပေါ်စေတာ၊ တဦးချင်းလွတ်လပ်မှုကို ဖိနှိပ်တာ၊ အရင်းရှင်စနစ်ရဲ့ တံခါးဖွင့်ထားသောလူ့အဖွဲ့အစည်း’ ကို ခြိမ်းခြောက်တာ စတာတွေဖြစ်လာမယ့်အလားအလာတွေ အများကြီးရှိနေပါတယ်လို့ ဆိုရော့စ်က ယူဆပါတယ်။ နောက်ပြီး ဈေးကွက်ဂယက်ကျယ်ပြန့်လာမှုဟာ ဇီဝဝန်းကျင်ပျက်စီးမှုရဲ့ အရေးပါတဲ့အကြောင်းရင်းလည်း ဖြစ်ပြန်ပါတယ်။ (ဒီအခန်းကို ဆက်လက်တင်ပြပေး သွားပါမယ်)