Sunday, September 30, 2012

ဖို့ဝိန်းမြို့ကအင်တာနေရှင်နယ်လ်ဘလတ်စ် (မျိုးမြင့်ချို)

0 comments
ဖို့ဝိန်းမြို့ကအင်တာနေရှင်နယ်လ်ဘလတ်စ် (မျိုးမြင့်ချို)

ဒီနေ့ စက်တင်ဘာ ၂၉ ရက်၊ ဖို့ဝိန်းမြို့လည်ကောင် ဝိန်းနဲ့ကယ်လဟွန်း လမ်း (၂) ခုကြားမှာ International Blast လို့ဆိုတဲ့ ပွဲတော် အငယ်စားလေးတစ်ခုလုပ်တဲ့ရက်ပဲဗျို့။ ဒီနေ့လိုနေ့မျိုးက ခင်ဗျား မြို့ထဲသွားစရာရှိလို့ကတော့ တွေ့တဲ့ဘစ်ကားတက်သာစီး အလကားဗျာ။ ပိုက်ဆံမပေးရဘူး တနေကုန်ပဲ။ ပွဲခင်းထဲမှာ အစားအသောက်လည်း အတော်လေးစုံတယ် ပြောရမယ်ထင်တာပဲ။ ဗမာစာထဲက စမူဆာနဲ့ ကော်ပြန့်လိပ်တောင်ရသေး။ ပွဲခင်းကအပြန်လမ်းမှာ (ဗမာပြည်သား (၆)ထောင်လောက်နေတဲ့မြို့လေးမှာလုပ်တဲ့ပွဲကို ဗမာမိသားစု ခြောက်ဆယ်လောက်လာရင် ဘယ်လောက်ကောင်းမလဲ) လို့တွေးမိပါတယ်။

ကျနော်တို့ဇနီးမောင်နှံက Catholic Charitie(Refugee Resettlement) အေဂျင်စီအတွက်ယူထားတဲ့ စားပွဲမှာ အေဂျင်စီနဲ့ဆိုင်တဲ့အချက်အလက်တွေ၊ အင်ဖော်မေးရှင်းတွေ၊ မှတ်တမ်းမှတ်ရာတွေကို ပွဲတော်လာသူတွေကို ရှင်းပြပြောပြ၊ သကြားလုံးချိုချဉ်၊ ဘောလ်ပင်၊ မှတ်စုစာအုပ်၊ သော့ချိတ်စတာလေးတွေအပြင်  အတိုအထွာပစ္စည်းလေးတွေလည်း အခမဲ့ဝေငှတာပေါ့ဗျာ။ အင်တာနေရှင်နယ်လ်ဆိုတဲ့အတိုင်း ကိုယ့်ယဉ်ကျေးမှုသူများသိအောင်  အခင်းအကျင်းလည်းလုပ်တာကိုး။ ဘယ်ရမလဲ ကျနော်တို့လည်းအားကျမခံပေါ့။ ကက်သလစ်ချာရတီးစ်ကဝန်ထမ်း (ချင်းအမျိုသား) ကိုထောင်ပိတို့မောင်နှံက ချင်းရိုးရာအဝတ်အစားလေးတွေ၊ ခြုံထည်ပုဝါလေးတွေအပြင် ချင်းတိုင်းရင်းသားတွေအကြောင်း အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်( ၂) အုပ်ယူလာတယ်ဗျ။ ဒါ့အပြင် သူငယ်တန်းကနေ (၁ဝ) တန်းအထိ မြန်မာစာဖတ်စာအုပ်လေးတွေပါ ယူလာသေးဗျား။ ဒီက ကျောင်းစာအုပ်တွေနဲ့ အဆင်အပြင်မှာတော့ မယှဉ်သာဘူးပေါ့ဗျာ။ ဒါပေမယ့် (ဒါ ဗမာစာလေ..ဒါ ဘယ်နှတန်းစာအုပ်ပေါ့..ဒါက ကကြီး၊ ဒါက ခခွေး၊ ဒါက ဂငယ်) ဘာညာနဲ့ အမေရိကန်တွေကို ရှင်းပြခွင့်ပြောပြခွင့်ရတာတော့ မော်စရာလေးပေါ့လေ။ ကျနော့်ဇနီးက သနပ်ခါး၊ ကျောက်ပျဉ်၊ ဆင်ကနေပုံရွှေချည်ထိုးကား၊ ပုဂံရှုခင်းရေဆေးပန်းချီကားတချပ်၊ အိန္ဒိယဆီဆေးပန်းချီကားတစ်ချပ်နဲ့ ကချင်လွယ်အိပ်လေးတွေ ယူလာတယ်ဗျ။
အံမယ် သူက ထမီတောင် ဝတ်လိုက်သေး။

ကျနော်ကတော့ ထိုင်းနယ်စပ်ဒုက္ခသည်စခန်းကနေပါလာခဲ့တဲ့ အဝတ်အစားထည့်တဲ့ ရောင်စုံအစင်းကြားမြွေရေခွံအိပ်ကြီးရယ် (အိပ်လက်ကိုင်မှာ ကျနော်နံမည်နဲ့ဒုက္ခသည်ဆိုင်ရာ အချက်အလက်တွေရေးပြီး ကြိုးနဲ့တန်းလန်းချိတ်ထားတဲ့ ကဒ်ထူစာရွက်လည်းပါတာပေါ့ ထင်းနေတာပဲ)။ နောက်ပြီး အိုင်အိုအမ်(အိုအမ်အိုင်)လက်ဆွဲ ပလပ်စတစ်အိတ်ဖြူကြီးလည်း ယူသွားပြီးပြတာပေါ့. အမေရိကန်မိတ်ဆွေတွေကို (ငါလာတုန်းက ဒီလိုကွ) ဆိုပြီး သိရအောင်ပေါ့။

ပြီးတော့  Jaqmes Mackay စီစဉ်တဲ့ ABHAYA (အဘယ) (နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လက်ဝါးပေါ်နံမည်ရေးပြီး တောင်းဆိုတဲ့လှုပ်ရှားမှုဓါတ်ပုံစာကြီးအုပ်) ရယ်၊ Alan Clements and Leslie Kean တို့ နှစ်ဦးသားပြုစုတဲ့ (Burma’s Revolution of the Spirit; The Struggle for Democratic Freedom and Dignity) ဆိုတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုသမိုင်းနောက်ခံ ဓါတ်ပုံမှတ်တမ်းစာအုပ်ကြီးရယ်၊ (Richard K. Diran ပြုစုတဲ့ The Vanishing Tribes of Burma) စာအုပ်ကြီးရယ်ယူသွားပြီး ခင်းကျင်းပြတာပေါ့ဗျာ။ ဂျိမ်းစ်မက်ကေးစာအုပ်မျက်နှာဖုံးက ဒေါ်အောင်ဆန်းစုကြည်ပုံမဟုတ်လား။ လက်ဝါးမှာလည်း Soe Min Min လို့ရေးထားတာဆိုတော့ ပွဲလာသူတွေကို အတော်လေးဆွဲဆောင်နိုင်တယ်လို့ ဆိုရမယ်။ အင်္ဂါနေ့ကမှ ဒေါ်စုက ဒီလာသွားတာလည်းဖြစ်နေပြန်တော့ အမေရိကန်တချို့ကြားမှာ ဒေါ်စုအကြောင်းက သွေးနွေးနေတုန်းမဟုတ်လား။ မှတ်မိကြတာပေါ့။ စာအုပ်ကို ကောက်ကောက်ကိုင်ပြီးဗမာပြည်အကြောင်း၊ ဒေါ်စုအကြောင်းတွေ မေးကြတာလည်းမနည်းပါဘူး။ ကျနော်လည်း  မေးသမျှ ဒိုင်ခံရှင်းပြပြောပြပါတယ်။ နောက် Vanishing Tribes of Burma စာအုပ်လည်း အတော်စိတ်ဝင်စားကြတယ်ဗျာ။ စာအုပ်ထဲက ဗမာပြည်ကလူမျိုးစုငယ်တွေကို ဓါတ်ပုံမှတ်တမ်းတွေနဲ့တင်ပြထားတာကိုး။ ဓါတ်ပုံတွေကလည်းဘာကောင်းသလဲမမေးနဲ့လို့တောင် ပြောရလောက်ပါတယ်။ 

သနပ်ခါးနဲ့ကျောက်ပျဉ်ကတော့ ဒီနေ့ပွဲမှာ မျက်နှာပန်းအလှဆုံး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်။ တော်တော့ကိုစိတ်ဝင်စားကြတယ်ဗျ။ ကျနော့်ဇနီးက မေးလာသူတွေကိုရှင်းပြပြောပြတာနဲ့တင် မလုံလောက်တော့ ပွဲခင်းထဲရောက်နေတဲ့ အဘဦးမြစိန်တို့သားအဖတတွေပါ ဝိုင်းကူရှင်းပေးတာဗျို့။ ကိုမင်းမြတ်ကလည်း ဗမာပြည်ကလူမျိုးစုတွေအကြောင်း ဝင်ကူရှင်းပေးတယ်ဗျ။ ကိုသန့်ဇင် (ညိုထက်-လမ်းသစ်ဦး)ရဲ့ အကိုကြီးကဆို ခြေတုတစ်ဘက်နဲ့မတ်တပ်ရပ်ပြီး ကျောက်ပျဉ်နဲ့သနပ်ခါး သွေးတောင်ပြလိုက်သေး။ တချို့အဖြူမတွေကလည်း သွေးပြီးသားလေး အနံ့ရှူကြည့် ပါးပွတ်ကြည့်နဲ့။ နောက်ပိုင်းမှာ အဖြူမတစ်ယောက်က ကျနော့်ကို (ငါ့ဘာသာ သွေးပြီး လိမ်းကြည့်လို့ရမလား) လို့မေးတယ်။ (ရတာပေါ့)လဲဆိုရော မသွေးတတ်သွေးတတ်နဲ့ သွေးသွေးပြီး သနပ်ခါးတွေကို လိမ်းတာဗျာ မျက်နှာကြီးတစ်ခုလုံး ပွထပေကျံနေတာပဲ။ သနပ်ခါးတွေက သူ့နဖူးပေါ်ကဆံပင်တွေနဲ့ ထွေးနေတာဗျ။ လိမ်းရင်းပြောသေးတယ်(ဟား..မွှေးနေတာပဲ)တဲ့။ လိမ်းလည်းပြီးရော မှန်ယူကြည့်ပြီး သူ့ဘာသာသူ ဘာတွေသဘောကျတယ်မပြောတတ်ပါဘူး တဟီးဟီးနဲ့ရီသေးတယ်ဗျာ။ ကျနော့်ကိုလည်း (မဆိုးဘူးနော်) ဆိုတော့ ကျနော်လည်း ဘာပြန်ပြောရမှန်းမသိတာနဲ့ (အင်း..မဆိုးပါဘူး) လို့ပဲပြောလိုက်ပါတယ်။  

မွန်တိုင်းရင်းသူလေးတွေလည်း လာတယ်ဗျ၊ မွန်ဝတ်စုံလေးတွေဝတ်လို့။ မွန်အက ကတာပေါ့ဗျာ။ ဦးဆောင်တဲ့မိန်းကလေးက မကခင်မှာပရိသတ်ကို အင်္ဂလိပ်လိုရှင်းပြပေးတယ်ဗျ။ ဒီအကက ဘာခေါ်ပါတယ်ပေါ့… ဘာကိုသရုပ်ဖော်တာပါပေါ့..ကျနော်လည်း ပွဲတော်လာတွေမေးတာကိုဖြေနေရချိန်မို့ သူပြောနေတာတွေ သိတ်သေသေချာချာမကြားလိုက်သလို ကလေးမလေးတွေကနေတာကို မြင်နေရက်နဲ့ ဓါတ်ပုံရိုက်ခွင့်တောင် မကြုံလိုက်ဘူးဗျာ။ နို့မို့ဆို ဓါတ်ပုံတော့ရမှာပဲ။ 

အဲ..ထူးထူးခြားခြားပြောစရာကတော့ ကျနော့်သူငယ်ချင်း ဇော်ကိုကိုထွဋ် (ခေါ်) ဇော်ကြီး (ကဗျာရေးတဲ့ သစ်ကောင်းအိမ်)တစ်ယောက် ရောက်လာတာပဲဗျ။ ကျနော်ထင်တာတော့ သူ့မိန်းမ ဆွဲခေါ်လာတာနေမှာပါ။ သူ့ဇနီးကလည်း စားပွဲတခုနဲ့ထိုင်တယ်လေ။ ဇော်ကြီးသားက ကျနော်နဲ့ အရပ်တူဖြစ်နေပြီ။ ပွဲတော်လေးလုပ်တဲ့နေရာပတ်လည်ကသစ်ရွက်တွေ အရောင်ပြောင်းစပြုပြီဆိုတော့ သစ်ပင်တွေက ဝါတာတာစိမ်းတိမ်းတိမ်းလေးတွေပေါ့။ အစိမ်းဖျော့သစ်ရွက်လေးတွေနဲ့ အဝါဖျော့သစ်ရွက်လေးတွေနဲ့ အတော့်ကိုကြည့်လှပါတယ်။ ရုတ်တရက်ဓါတ်ပုံထဲမြင်ရင် မသိတဲ့သူအဖို့ ပိတောက်တွေလား ငုတွေလားလို့တောင် ထင်သွားနိုင်ပါတယ်။ ကျနော် မနှစ်က အဲသလိုသစ်ရွက်တွေနဲ့သစ်ပင်လေးတွေ ဓါတ်ပုံရိုက်တင်တော့ ဗမာပြည်ကလူငယ်တချို့က(ဦးမျိုးမြင့်တို့ဆီမှာလည်း ပိတောက်ပင်တွေရှိတယ်နော်) လို့မေးတယ်လေ။ မဟုတ်ကြောင်းပြန်ပြောပြတော့မှ(သြော်) တဲ့။ အဲဒီသစ်ပင်တွေကိုကြည့်ရင်း အဲဒီအကြောင်းလေးသူ့ပြန်ပြောပြတော့ ဇော်ကြီး(သစ်ကောင်းအိမ်က) က (ဟေ့လူရေ...မနေ့ကသတင်းစာထဲမှာ ဒီနှစ် သစ်ရွက်တွေအရောင်ပြောင်းချိန်စောတယ်၊ မြန်တယ်တဲ့ဗျ။ အရောင်ပြောင်းချိန်မကျသေးပဲ ပြောင်းကုန်ကြတာတဲ့ဗျ။ ကျနော်တို့ဆီလည်း လူတွေ အရောင်းပြောင်းချိန်မြန်တယ်ဗျနော်)တဲ့။ ကျနော်က (နိုင်ငံရေးရာသီ ဖေါက်ပြန်သလားမှမသိတာ)လို့ပြောပြီး ကျနော်တို့ ရီဖြစ်မောဖြစ်ကြတယ်လေ။ ကျနော်တို့နှစ်ယောက်ပြောဖြစ်ခဲ့တဲ့အထဲမှာ (လူစိမ်းတွေကြားမှာနေရတာ သက်သောင့်သက်သာပိုရှိတဲ့အကြောင်း) လည်းပါတယ်ဗျ။ (မျိုးမြင့်ချို)

Thursday, September 27, 2012

ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ-၃ (မျိုးမြင့်ချို)

0 comments
ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ-၃ (မျိုးမြင့်ချို)

ဂျိုင်းထောက်နဲ့ပဲသွားမှာမို့ လေယဉ်လက်မှတ်ဖြတ်တုန်းက လေဆိပ်တိုင်းမှာ ဘီးတပ်ကုလားထိုင်စီစဉ်ပေးဖို့ တပါတည်းမှာထားပါတယ်။ မမှာမိလို့ကတော့ ကျနော့်အတွက် (သေပြီဆရာ)လို့ပဲပြောရမလိုပါ။ ပြောရဦးမယ် တခါတုန်းကဖြစ်ပုံများ။ နူးယော့ခ်ကိုသွားတဲ့တကြိမ်မှာ လေယဉ်လက်မှတ်ဖြတ်တော့ ဘီးတပ်ကုလားထိုင်မမှာမိဘူး။ နောက်ပြီး ဒီလေယဉ်ကဆင်းပြီး ဟိုလေယဉ်တက်ရမယ့်ကြားကအချိန်ကိုလည်း အမှတ်ကမှားသွားတယ်။ မှားတယ်ဆိုတာက နာရီပြောင်းတာကို သတိမထားမိတာလည်းပါပါတယ်။ အမေရိကန်က နိုင်ငံကြီးကျယ်တော့ အချိန်ဇုံတွေခွဲထားရပါတယ်။ လေယဉ်စီးတော့ အဲဒီအချိန်ဇုံတွေဖြတ်ရင်း လေထဲတင်နာရီတွေပြောင်း၊ အချိန်တွေပျောက်သွားတာမျိုးပေါ့။ ဥပမာ ရှီဂါးကိုးနဲ့ကျနော်တို့ဆီက တနာရီကွာတယ်။ ဒီက (၇) နာရီ ထွက်မယ်၊ လေထဲမှာလည်း တနာရီကြာမယ်ဆိုပါတော့။ ဟိုရောက်ရင် (၈) နာရီဖြစ်ရမှာပေါ့။ မဖြစ်ဘူး။ (၇) နာရီပဲ။ လက်ကိုင်ဖုံးကတော့ အချိန်ကိုသူ့ဘာသာလိုက်ပြောင်းပေးပေမယ့် လက်ပတ်နာရီရိုးရိုးက အချိန်လိုက်မပြောင်းပေးဘူးလေနော။ လက်ကိုင်ဖုံးကနာရီကိုမကြည့်ပဲ လက်ကနာရီကိုပဲကြည့်မိတာကလည်း ကျနော့်အမှား။ ရှီဂါးကိုးရောက်တော့ ပြောင်းစီးရမယ့်လေယဉ်အမှတ်နဲ့ ဂိတ်ကိုလည်းသိတယ်။ အဲဒီကို မသွားသေးပဲ (အေးဆေးပါအချိန်ရသေးတယ်)ဆိုပြီး ကော်ဖီတခွက်နဲ့ဆေးလိပ်သောက်ခန်းမှာနှပ်နေတုန်း ဘေးစုံတွဲကအထုတ်ပြင်ရင်း ကျနော့်ကို (မသွားသေးဘူးလား)ဆိုမှ (ဘယ်လဲ)ဆိုတော့ (တို့အတူစီးရမယ့်လေယဉ်ပေါ် တက်ချိန် Boarding Time ရောက်တော့မယ်လေ) တဲ့။ အဲတော့မှ လေဆိပ်ကနာရီကြည့်ပြီး ဟာကနဲ ဖြစ်သွားတာဗျ။ ဒါနဲ့ကမန်းကတမ်း သူတို့ကို (ငါ့လည်း ကူကြပါဦးဟ) ဆိုပြီး ဂျိုင်းထောက်ကြီးတကားကားနဲ့ လူလည်းတလွှားလွှားပေါ့၊ လေဆိပ်ထဲမှာ။ မပြေးရုံတမယ်ပေါ့။ ပြေးလို့မှလည်းမရတာလေနော။ လူတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့။ တချို့က ပြုံးစိစိ။ ရှက်လည်းရှက်ပါရဲ့။ မတတ်နိုင်ဘူးလေ လေယဉ်လွတ်သွားမှပြဿနာ။ ဘီးတပ်ကုလားထိုင် ကြိုမှာထားရင်တော့ အဲသလိုမဖြစ်ဘူးပေါ့လေ။ ဒီလေယဉ်ကဆင်း ဟိုလေယဉ်တက်ရမယ့်အချိန်က သိတ်နီးနေပြီး၊ လေဆိပ်ကသိတ်ကြီးနေရင်တောင် ကိစ္စမရှိဘူးဗျ။ တွန်းတဲ့လူက သိပါတယ်။ အချိန်မီအောင် သွက်သွက်လေးတွန်းပေးကြပါတယ်။ လက်ဘက်ရည်ဖိုးလည်း မတောင်းပါဘူး။ (ကော်ဖီသမားတွေမို့ ထင်ပါရဲ့ဗျာ) ပေးလည်း မပေးရပါဘူး။ ကိုယ်ကပေးချင်လို့ပေးတယ်ဆိုတောင် တစ်ချို့ကငြင်းတယ်။ မယူပါရစေနဲ့..တဲ့။ ထားပါတော့လေ။ ဒါနဲ့ ကျနော်လည်း ကျောပိုးအိပ်တလုံး၊ ဂျိုင်းထောက်တစုံနဲ့ ဝေါ်ရှင်တန်ကို တစ်ကိုယ်တော်ချီတက်တော့တာပါပဲ။ ကြေးမုံဦးသောင်း (အောင်ဗလအမည်နဲ့ရေးတဲ့) ဝေါ်ရှင်တန်သို့ဆိုတဲ့ စာအုပ်တောင်ပြန်အမှတ်ရစရာပါ။ စာအုပ်မျက်နှာဖုံးမှာ ပခုံးနှစ်ဘက်ကနေ အတောင်ပံလေးတွေပေါက်နေပြီး လေထဲပျံနေတဲ့ အောင်ဗလ၊ အောက်က မိုးထိတိုက်ကြီးတွေနဲ့တိမ်တွေ။ သူက မျက်မှန်လေးနဲ့၊ လည်ပင်းမှာကင်မရာလေးချိတ်လို့၊ ခေါင်းပေါင်းကပေါင်းထားသေး၊ လက်မှာလည်းစာရွက်လိပ်ကလေး ပါတယ်ထင်တယ်။

ရှီဂါးကိုးမှာလေယဉ်ပြောင်းရပါတယ်။ အဆင်ပြေပါတယ်။ ဝေါ်ရှင်တန်(ဒီစီ)ကျတော့ ရော်နယ်လ်ရေဂင်လေဆိပ်မှာ ဆင်းရတယ်ဗျာ။ လေယဉ်မဆင်းခင် ကောင်းကင်ကနေအောက်ကမြင်ကွင်းတွေကို ကြည့်ရတာလည်းအရသာတစ်မျိုးနော။ ဝေါ်ရှင်တန်(ဒီစီ)မှာ ပထမဆုံးသမ္မတကြီးကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့စိုက်ထူထားတဲ့ Washington Monument ဆိုတဲ့ ကျောက်တိုင်ကြီးရှိတယ်ဗျ။ အမြင့်က 555 feet 518 inches (169.294 m) မြင့်ပြီး ကွန်ဂရက်စ်အဆောက်အဦးကြီးနဲ့ မျက်နှာချင်းဆိုင်ထူထားတာပါ။ ထားပါတော့ အဲဒါကြီးတွေအကြောင်း နောက် လက်သင့်တဲ့အခါ ပြောကြတာပေါ့။ ခုပြောမှာက နူးယော့ခ်၊ ရှီဂါးကိုးစတဲ့မြို့ကြီးတွေမှာလို မိုးထိတိုက်ကြီးတွေ ဝေါ်ရှင်တန်(ဒီစီ)မှာမရှိတာပဲဗျ။ တခြားမြို့ကြီးတွေမှာတော့ဗျာ မြို့လည်ကောင်မှာ မိုးထိတိုက်ကြီးတွေက မိုးတိုးမတ်တပ်ကြီးတွေနဲ့ ထိုးထိုးထောင်ထောင်ကြီးတွေ။ အဲဒါကြီးတွေကြားများ လူက ဝင်သွားလို့ကတော့(သြော်..လူဆိုတာ ဘာမှမဟုတ်တဲ့ အကောင်သေးသေးလေးပါလားဆိုတဲ့ အားငယ်စိတ် ခံစားမှုနဲ့အတူ အဲဒီ အကောင်လေးကပဲ အဲဒါကြီးတွေကိုဆောက်တာပေါ့ကွ) ဆိုပြီး မာန်တက်တဲ့စိတ် နှစ်ခုလုံးရတတ်တယ်ဗျ။ တချို့ပြောတာကတော့ ဝေါ်ရှင်တန်(ဒီစီ) အုပ်ချုပ်ရေးအဖွဲ့က ခုနပြောတဲ့ (အထိမ်းအမှတ်ကျောက်တိုင်ကြီးထက်မြင့်ပြီး ဘယ်အဆောက်အဦးမှမဆောက်ရ) လို့ အမိန့်ရှိထားလို့ လို့ပြောကြပါတယ်။ ဟုတ်မယ်ထင်တယ်။ တမြို့လုံး အဲဒီကျောက်တိုင်ကြီးက အမြင့်ဆုံးလို့ထင်ရပါတယ်။

 

လေယဉ်ကဆင်း၊ ဘီးတပ်ကုလားထိုင်လေးပေါ် အငြိမ့်သားထိုင်၊ အောက်ထပ်ကိုဆင်း၊ အပြင်ထွက်ရမယ့်အခန်းကျယ်ကြီးထဲလည်းရောက်ရော မိန်းမငယ်လေးတစ်ယောက် ကျနော့်နားပြေးချလာပြီး (ဟေး…ဒီမှာ..ဒီမှာ..မယိုး မယိုး၊ ရောက်လာပြီဟေ့) ဆိုပြီး ဘေးကနေ တခြားသူတွေကိုလှမ်းအော်တော့တာပါပဲ။ သူက ဖာတူးမာအယ်လ်မီဆိုတဲ့ ကောင်မလေး။ ခေါင်းမှာလည်း ပုဝါလေးခြုံထားရဲ့။ (ဆိုမားလီယားသူ-ဆေးရုံအုပ်ချုပ်/စီမံခန့်ခွဲသူ)မင်နီဆိုးတားပြည်နယ်က ကိုယ်စားလှယ်။ အထူးဖိတ်ကြားခံရတဲ့ (၁ဝ) ဦးထဲက တစ်ဦး။  ဘီးတပ်ကုလားထိုင်ကို တွန်းလာသူလက်ထဲကနေယူတွန်းရင်း (မယိုး လမ်းခရီးအဆင်ပြေရဲ့လား) လို့မေးတယ်။ ကျနော်လည်း ပြေကြာင်း ဘာညာပြော သူ့ကိုလည်းနှုတ်ဆက်၊ ကျန်သူတွေလည်း နှုတ်ဆက်ရတာပေါ့လေ။ ကျနော် အသက်အကြီးဆုံးလို့ ထင်ရပါတယ်။ ကျနော့်ကိုလည်း ဒုက္ခိတဖြစ်နေတာရယ် အသက်ကြီးတာရယ်ကြောင့်ထင်ပါတယ် အားလုံးကခင်ခင်မင်မင်လေးလေးစားစားနဲ့ အနားလာပြီး နှုတ်ဆက်ကြ မိတ်ဆက်ကြပါတယ်။ လက်ဆွဲနှုတ်ဆက်တော့ ထုံးစံအတိုင်း ကျနော်က ဘယ်လက်ပဲရှိတော့ဘယ်လက်နဲ့ပဲ နှုတ်ဆက်ရတာပေါ့လေ။ ဒါကို သိတ်ဘဝင်ကျပုံမရတဲ့ (အီရတ်သား-အင်ဂျင်နီယာ) တင်နက်ဆီပြည်နယ်ကိုယ်စားလှယ် ဟိုင်းဒါအယ်လ်မောင်မိုရီ တစ်ယောက်ကတော့ တံတောင်ဆစ်အောက်ကစပြီး ပြတ်နေတဲ့ကျနော့်ညာလက် ငုံးတိုတိုလေးကို သူ့ရင်ဘတ်ထဲဆွဲကပ်ပြီး (တွေ့ရတာဝမ်းသာတယ် မျိုးရေ၊ ဒါပေမယ့် မင်းကိုမြင်ရတာ ငါ့စိတ်ထဲတစ်မျိုးပဲ၊ စိတ်မကောင်းဘူးကွာ) လို့ပြောရင်း သူ့မျက်နှာကို တစ်ဘက်လှည့်လိုက်တယ်။ တော်တော်နဲ့ပြန်လည်မလာဘူး၊ ပြန်လည်းလည်လာရော သူ့မျက်လုံးတွေမှာ မျက်ရည်တွေဝဲလို့၊ နှုပ်ခမ်းတွေလည်း တဆတ်ဆတ်တုန်လို့၊ ကျနော့်လက်ငုံးတိတိကို ရင်ဘတ်ထဲကနေပြန်ထုတ်၊ အပေါ်ကိုမြှောက်၊ သူ့ပါးနဲ့ကပ်ထားလိုက်ပြီး သူ့ဘာသာစကားနဲ့ဆုတောင်းပေးတယ်၊ အဓိပ္ပါယ်မသိပေမယ့် ကျနော့်ကို (ဘုရားသခင်စောင့်ရှောက်ပါစေ) စတာမျိုးဖြစ်မှာတော့ သေချာပါတယ်။ သူ့အပြုအမူကြောင့် စောစောကဆူနေတဲ့လူအုပ်လည်း မင်သက်မိသွားတယ်ထင်ပါရဲ့။ တိတ်သွားတယ်။ ကျနော်လည်း စိတ်ထဲမကောင်းဖြစ်မိတယ်။ ဒါနဲ့ ချက်ခြင်းပဲ ကျနော်က (အေးဟေ့..အားလုံးပဲ၊ တွေ့ရတာဝမ်းသာစရာပါ၊ ဒါနဲ့ လူက အယောက်(၂ဝ) ကြီးပါလားဟ၊ ဘယ်လိုတုန်း၊ များလှချည်လား၊ ဘယ်လိုသွားကြမယ်များ စီစဉ်တားတုန်းပြောပြပါဦး) ဘာညာလုပ်ပြီးလူအုပ်ကို ပြန်အသက်သွင်းရတာပေါ့လေ။ ကျနော့်စကား ဆုံးဆုံးခြင်းပဲ ဝစ္စကွန်ဆင်န်ပြည်နယ်ကိုယ်စားလှယ် (လာအိုအမျိုးသမီး-ဝစ္စကွန်ဆင်န်တက္ကသိုလ်လူမှုလုပ်သား) မိုင်ဇောင်ဗူးက (အေး..တို့လည်း ပထမတော့ တက္ကစီနဲ့အသုတ်လိုက် သွားကြမလို့ပဲ၊ နောက်တော့ အချိန်သိတ်မခြားပဲရောက်တဲ့လူက အယောက် (၂ဝ)လောက်ဆိုတော့ မထူးဘူးလေ စောင့်လက်စနဲ့ဆက်စောင့်နေတာပေါ့၊ ဘစ် Bus လို လေဆိပ်လွန်းပျံကားကြီး ငှားပြီးသွားကြတာပေါ့၊ တက္ကစီခထက်သက်သာမယ်၊ ပြီးတော့ လူချင်းလည်းမျက်နှာချင်းဆိုင်တွေ့ပြီး မိတ်ဆက်ရင်း စကားပြောရင်း ပျော်ပျော်ပါးပါးသွားကြရတာပေါ့)တဲ့။ သူတို့စိတ်ကူးကောင်းတဲ့အကြောင်းပြောပြီး ကျနော်လည်း တခြားသူတွေကို နည်းနည်းအကဲခတ်ရပါတယ်။ သူတို့လည်း ကျနော့်လိုပါပဲ။ တချို့ကတော့ မသိမသာ။ တချို့ကတော့ သိသိသာသာပေါ့လေနော။ ဒါပေမယ့် သိတ်တော့လည်း တစိမ်းပြင်ပြင်ကြီးတွေလို့ဖြစ်မနေကြပါဘူး။ ငယ်ရွယ်သူတွေအများစု ဖြစ်နေကြတာရယ်နဲ့ အွန်လိုင်းမှာရုပ်မြင်ဖူး၊ အသံကြားဖူးတွေဆိုတော့ လူရင်းတွေလိုမှတ်မိနေကြပါတယ်။ ကျနော့်ကိုတော့ ပိုမှတ်မိကြတယ်ထင်ပါတယ်။ ဂျိုင်းထောက်ကြီးနဲ့ကိုး။ လူခြင်းတခါမြင်ဖူးရုံနဲ့ ကျနော်ကသာမမှတ်မိရင်ရှိမယ်၊ ကျနော့်တော့ မှတ်မိတတ်ကြတယ်မို့လား။

(ဆက်ရေးပါဦးမယ်)

မျိုးမြင့်ချို(စက်တင်ဘာ ၂၇/၂ဝ၁၂)

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၂၁-(မျိုးမြင့်ချို)

0 comments

ငိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၂၁-(မျိုးမြင့်ချို) စက်တင်ဘာ ၂၇ ရက်၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ သောတရှင်များခင်ဗျား.. မိုင်းလားတပ်ဖွဲ့လို့လူသိများတဲ့ NDAA နဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေးကိစ္စတွေကို အကျဉ်းသဘောတင်ပြလိုပါတယ်။ မိုင်းလားအဖွဲ့ဟာ ၁၉၈၉ခုနှစ်မှာ အရင် ဗကပ (၈၁၅)စစ်ဒေသ လက်အောက်ခံတပ်တွေနဲ့ တပ်မဟာ(၇၆၈)တို့ ပူးပေါင်းပြီး  ဗကပဆီကနေ တတိယမြောက် ခွဲထွက်လာတဲ့အဖွဲ့ဖြစ်ပါတယ်။ ဦးစိုင်းလင်းခေါ်လီမင်းရှင်နဲ့ ဦးကြည်မြင့်ခေါ်ကျန်ဇီမင်းတို့ ဦးဆောင်ပါတယ်။ နဝတနဲ့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီးတဲ့နောက်မှာ ဘိန်းဘုရင်ဟောင်းလော်စစ်ဟန်ရဲ့ညီ လော်စစ်မင်းရဲ့ ကြားဝင်ဆက်သွယ်မှုနဲ့ အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။ (၁၉၈၉) ခု ဇွန်လထဲမှာ နဝတက မိုင်းလားအဖွဲ့ကို မတရားသင်းကနေပယ်ဖျက်ပေးခဲ့သလို ကျိုင်းတုံအရှေ့ဘက် လာအိုမြန်မာနယ်စပ်ကို ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)လို့သတ်မှတ်ပြီး မိုင်းလားဒေသမှာ ဋ္ဌာနချုပ်ထားခွင့်လည်းရခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ နိုင်ငံရေးအရစစ်အာဏာသိမ်းအစိုးရကို အကြီးအကျယ်ထောက်ခံခဲ့လို့ နိုင်ငံခြားသတင်းဋ္ဌာနတွေနဲ့တွေ့ပြီး  သတင်းစာရှင်းလင်းပွဲတွေဘာတွေတောင် လုပ်ခွင့်ရခဲ့ပါတယ်။ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ကနေ စီးပွားရေးနဲ့ဘိန်းလုပ်ငန်းတွေ အကြီးအကျယ်လုပ်ခဲ့လေတော့ ငွေကြေးတောင့်တင်းလာတာနဲ့အမျှ လက်နက်အင်အား၊ တပ်အင်အားပါတိုးချဲ့ခဲ့ပါတယ်။ ခေါင်းဆောင်ပိုင်းကိုယ်ကျိုးရှာမှုတွေနဲ့ မကောင်းသတင်းတွေလှိုင်နေပေမဲ့၊ စစ်အစိုးရက ဦးစိုင်းလင်းကို လူမှုထူးချွန်ပထမအဆင့်ဆုတောင်ချီးမြှင့်ခဲ့ပါသေးတယ်။ နောက်တော့ ဘိန်းစိုက်ပျိုးမှု မတန်တဆကြီးထွားလာပြီး ကမ္ဘာ့ဘိန်းအထွက်ဆုံးဒေသလို့ပြောလာကြတော့မှပဲ စစ်အစိုးရဟာ မိုင်းလားဒေသကို ဘိန်းစိုက်ပျိုးမှုပပျောက်ရေး (၆) နှစ်စီမံကိန်းနဲ့ (၁၉၉၇)မှာ မူးယစ်ကင်းစင်ဒေသဆိုပြီး ကြေညာခဲ့ပါတယ်။ မိုင်းလားအဖွဲ့ဟာ စစ်အစိုးရနဲ့အဆင်အပြေဆုံးအဖွဲ့လို့ ပြောရမလိုပါပဲ။

ဒါပေမဲ့ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်အသွင်ပြောင်းရမယ်ဆိုပြီး စစ်အစိုးရဘက်က ဇွတ်ဖိအားပေးရာကနေ ပြဿနာတွေစတက်လာခဲ့ပါတော့တယ်။  (၂ဝ၁ဝ) ခုနှစ် ဇန်နဝါရီ (၂၇) ရက်နေ့မှာ အမည်မသိသေနတ်သမားများရဲ့လက်ချက်ကြောင့်ဆိုပြီး အဖွဲ့ရဲ့အတွင်းရေးမှူးဦးမင်းအိမ် လုပ်ကြံခံလိုက်ရပါတယ်။ ဦးမင်းအိမ်ဟာ စစ်အစိုးရအမျိုးသားညီလာခံတက်ခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်ဖြစ်ပြီး၊ လုပ်ကြံခံရချိန်မှာ မိုင်းလားအဖွဲ့နဲ့စစ်အစိုးရအကြား ဆွေးနွေးပွဲတွေဟာလည်း သည်းသန်ပြင်းထန်နေချိန်လည်းဖြစ်နေပါတယ်။ ဒီ လုပ်ကြံမှုဟာစစ်အစိုးရရဲ့ပယောဂဖြစ်ပြီး၊  မိုင်းလားအဖွဲ့အတွက် နိုင်ငံရေးအရဆုံးရှူံးမှုကြီးမားခဲ့ရတယ်လို့ ပြောဆိုကြတာလည်းရှိပါတယ်။ ဦးမင်းအိမ်လုပ်ကြံခံရပြီးတဲ့နောက်  အဖွဲ့အစည်းရဲ့နိုင်ငံရေးအရဦးဆောင်မှု အထိုက်အလျှောက်ရွေ့သွားတာလည်း အထင်အရှားမြင်နေရပါတယ်။ နောက်ပိုင်းမှာ စစ်အစိုးရက တဆင့်ထပ်တက်လာပြီး မိုင်းလားအဖွဲ့ကိုနယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့တောင် လက်မခံနိုင်တော့ဘူး၊ အခွင့်အရေးမပေးနိုင်တော့ဘူး၊ တပ်ဖျက်ပြီးလက်နက်ချတော့လို့ ရာဇသံပေးခဲ့တာတောင်ရှိပါတယ်။ နှစ်ဖက်ဆက်ဆံရေးရုံးတွေ ပိတ်ပစ်တာမျိုး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေရပ်ပစ်တာအပြင်၊ စစ်အစိုးရကသူ့ဝန်ထမ်းတွေကိုပါ ပြန်ခေါ်ယူလိုက်ပါတယ်။
ဒါပေမယ်လို့ (၂ဝ၁၁)ခုနှစ်ကုန်ပိုင်းရောက်တော့ နဂိုအတိုင်း စစ်အစိုးရနဲ့ မိုင်းလားအဖွဲ့ကြားမှာ ပိုနေမြဲကျားနေမြဲအတွက် အစိုးရနဲ့ပြန်ဆွေးနွေးခဲ့ကြပြန်ပါတယ်။

သောတရှင်များခင်ဗျား..
၁၉၈၉ မှာ စစ်အစိုးရနဲ့ စတုတ္ထမြောက်အပစ်အခတ်ရပ်ခဲ့တဲ့အဖွဲ့ကတော့  နောက်ပိုင်းမှာ SSA (မြောက်ပိုင်း)အဖြစ်လူသိများတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဖြစ်ပါတယ်။ အပစ်ရပ်ခါစက SSA ရှမ်းပြည်တပ်မတော်ကိုရော၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPကိုပါ ဗိုလ်ချုပ်ဆေထင်နဲ့ ကျောက်လွယ်မောင်းတို့ ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အပစ်ရပ်ဖို့ကြားဝင်ပေးသူကတော့ ဘိန်းဘုရင်လော်စစ်ဟန်လို့ပဲ ဆိုကြပါတယ်။ ဗိုလ်ချုပ်ဆေထင်ဟာ SSA နဲ့ SSPP ကို ခေါင်းဆောင်ပြီး (၁၉၈၉)ခုနှစ် လားရှိုးမြို့မှာ စစ်အစိုးရကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ရေးဆွေးနွေးခဲ့သူဖြစ်ပါတယ်။ ဒီအဖွဲ့ကိုလည်း (၁၉၈၉)မှာ မတရားသင်းအဖြစ်ကနေပယ်ဖျက်ပေးခဲ့ပြီး၊ သီပေါမြို့နယ် စိန်ကျော့ဒေသမှာ ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ(၃)အဖြစ် အခြေစိုက်ခွင့်ပေးခဲ့ပါတယ်။ (၂ဝဝ၅)ခုနှစ်မှာတော့ ဗိုလ်ချုပ်ဆေထင်ကို ပြည်ထောင်စုပြိုကွဲအောင်လုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ထောင် (၁ဝ၆) နှစ် ချလိုက်ပါတယ်။ (၂ဝဝ၉) ဧပြီလကစပြီး အပစ်ရပ်အဖွဲ့အစည်းတွေအားလုံး ပြည်သူ့စစ် ဒါမှမဟုတ် နယ်ခြားစောင့်တပ်လုပ်ဖို့လို့ ဖိအားပေးလာတဲ့အခါ ဒီအဖွဲ့မှာရှိတဲ့ တပ်မဟာ (၃)ခုအနက် တပ်မဟာ (၃)နဲ့ တပ်မဟာ(၇)တို့ဟာ သူတို့မှာရှိတဲ့အင်အား (၁၂ဝဝ)လောက်နဲ့အတူ ကျောက်လွယ်မောင်းနဲ့ စပ်ကိုင်ဖတို့ရဲ့ဦးဆောင်မှုနဲ့ ပြည်သူ့စစ်အသွင်ပြောင်းခဲ့ကြပြီး အဲဒီ ဒေသမှာပဲ စိန်ကျော့ဋ္ဌာနေပြည်သူ့စစ်ဆိုပြီး ပြည်သူ့စစ်တွေအဖြစ်ရှိနေကြပါတယ်။ 

ဗိုလ်ချုပ်ပန်ဖဦးဆောင်တဲ့ အင်အား (၃ဝဝဝ)လောက်ရှိတဲ့ တပ်မဟာ(၁)ကတော့ အဲဒီကိစ္စကို သဘောမတူခဲ့ပါဘူး။ ဒါ့ကြောင့် စစ်အစိုးရက ဒီနှစ်ဖွဲ့ကို ပေးတဲ့အခွင့်အရေးတွေကို သိသိသာသာကြီး ခွဲခြားပေးလိုက်ပြီး၊ နှစ်ဖွဲ့ကြားကရှိပြီးသားပြဿနာတွေ ပိုကြီးထွားလာအောင် ဖန်တီးခဲ့တာတွေလည်း ရှိပါတယ်။ ဒီလိုနဲ့ (၂ဝ၁ဝ)ထဲမှာ ဗိုလ်ချုပ်ပန်ဖတို့က ရှမ်းပြည်မြောက်ပိုင်းမှာ ညီလာခံတရပ်ခေါ်ယူပြီး ပါတီလုပ်ငန်းတွေရပ်ဆိုင်းနေတဲ့ SSPP ကို ပြန်စုဖွဲ့ခဲ့သလို၊ SSA (မြောက်ပိုင်း)ကိုလည်း တပ်မဟာ (၅)ခုနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး စစ်ဒေသတွေခွဲဝေခဲ့ကြပါတယ်။ ဗိုလ်ချုပ်ပန်ဖဟာ ပါတီအထွေထွေအတွင်းရေးမှူးဖြစ်လာပြီး ဋ္ဌာနချုပ်ကို ကျေးသီးမြို့နယ်ဝမ်ဟိုင်းမှာ အခြေစိုက်လိုက်ပါတယ်။ (၂ဝ၁၁)ခုနှစ် ဖေဖေါ်ဝါရီလရောက်တဲ့အခါမှာတော့ ပြည်သူ့စစ်အသွင်ပြောင်းရေးကိုလက်မခံတဲ့ SSA မြောက်ပိုင်းထိန်းချုပ်ရာဒေသတွေကို စစ်အစိုးရက ဖြတ်လေးဖြတ်သဘောမျိုး စလုပ်လာပါတယ်။ ကုန်စည်စီးဆင်းမှုနဲ့ အရပ်သားဝင်ထွက်ခွင့်တွေကိုလည်း အတိအလင်းပိတ်ပင်ခဲ့သလို ဝမ်ဟိုင်းဋ္ဌာနချုပ်တဝိုက်မှာလည်း စစ်အစိုးရက သူ့အင်အားတွေတိုးချဲ့ဖြည့်တင်းလိုက်တဲ့အတွက် နှစ်ဘက် စစ်ရေးတင်းမာမှုတွေဖြစ်လာပါတယ်။

(၂ဝ၁၁)ခုနှစ် ဧပြီလထဲမှာတော့ ပြည်သူ့စစ်အဖြစ်ကိုလက်ခံသွားတဲ့ တပ်မဟာ(၇)က ခေါင်းဆောင်တွေကြားဝင်ပေးလို့ စစ်အစိုးရနဲ့ SSA (မြောက်ပိုင်း) ခေါင်းဆောင်တွေ လျှို့ဝှက်တွေ့ဆုံခဲ့ကြပေမယ့်လည်း အဆင်တော့မပြေခဲ့ကြပါဘူး။ ခုလောလောဆယ်မှာတော့ SSA မြောက်ပိုင်းနဲ့အစိုးရကြားကပဋိပက္ခဟာ မပြေလည်သေးသလို တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေဆဲပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ် ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

Wednesday, September 26, 2012

ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ-၂ (မျိုးမြင့်ချို)

0 comments

ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ-၂ (မျိုးမြင့်ချို) ခုနှစ်ဧပြီလလယ်လောက်မှာ ကျနော့်ဆီကို အင်ဒီယားနားပြည်နယ်အစိုးရရဲ့ ဒုက္ခသည်နေရာချထားရေးရုံးက အီးမေးလ်ရောက်လာပါတယ်။ စာထဲမှာ ဒုက္ခသည်များပြန်လည်နေရာချထားရေးရုံး (Office of Refugee Resettlement-ORR) က နှစ်စဉ်ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာနှီးနှောဖလှယ်ပွဲ (2011 National Refugee Consultation, Sponsored by ORR) ကိုသြဂုတ်လ (၁-၂) မှာ ၂ ရက်ကျင်းပရန်ရှိကြောင်းနဲ့တက်နိုင်မလားလို့ မေးပါတယ်။ အမှန်အတိုင်းပြောရရင် ကျနော်က Refugee Status နဲ့ ဒီကိုရောက်လာပြီး လိုအပ်ချက်ရှိနေတဲ့ဗမာပြည်သားတွေကို နိုင်သလောက်ကူနေတာမှန်ပေမယ့် အဲဒီရုံးနဲ့ တိုက်ရိုက်အဆက်အစပ်မရှိလှတော့  ORR အကြောင်း တယ်မသိလှပါဘူး။ ခု မေးလာတော့မှ National Refugee Consultation ဆိုတာဘာလဲ သိရတာပါ။
ဒီ့မတိုင်ခင် ဖေဖော်ဝါရီ (၂ဝ၁ဝ) ထဲမှာ  ပြည်နယ်အုပ်ချုပ်ရေးမှူး Mitchell E. Daniels Jr., Governor State of Indiana  ရုံးနဲ့ ပြည်နယ်အစိုးရဒုက္ခသည်ဆိုင်ရာတာဝန်ခံဆီက စာတစောင်လက်ခံဖူးပါတယ်။ စာက ကျနော် ဒီရောက်လာပြီးကထဲက ဒုက္ခသည်တွေအရေးဆောင်ရွက်နေတာတွေကို သိမှတ်ပြုဂုဏ်ယူကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ ဒီလိုစာမျိုးရဖို့ဆိုတာ သိတ်အခက်ကြီးမှမဟုတ်တော့ကာ ကျနော်လည်း ဒီလိုပဲထားလိုက်တာပေါ့လေ။ နောက်တော့မှ သိရတာက အဲ့ စာနဲ့ ခုဖိတ်ကြားမှုနဲ့ဆိုင်တယ် ဆိုတာပါပဲ။ နောက်တော့ Local Resettlement Agencies ကလည်းမေးလာပါတယ်။ သွားတက်နိုင်မလားပေါ့။ ကျနော့်လည်း တက်ချင်စိတ်ရှိတယ်၊ အခြေအနေကလည်းပေးလာတယ်၊ ဒါနဲ့တက်မယ်ပြောပြီး လက်ခံလိုက်တယ်ဆိုပါတော့ဗျာ။

အဲဒါအပြီး တပတ်လောက်အကြာမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကနေ အီးမေးလ် တစောင်ဝင်လာပါတယ်။ စာမှာပါတာက ဒီနှစ်(၂ဝ၁၁) ဟာ UNHCR ဖွဲ့စည်းတည်ထောင်ခြင်းပဋိဉာဉ်စာချုပ်ကို ဂျနီဗာမှာ အတည်ပြုခဲ့တာ နှစ်(၆ဝ) ပြည့်တဲ့နှစ်ပဲ..တဲ့။ ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ သြဂုတ်လ (၃-၄) ၂ ရက်ကို ဝေါ်ရှင်တန်(ဒီစီ)မှာ အခန်းအနားကြီးတခုကျင်းပမယ်..တဲ့။ အဲဒီကို ကမ္ဘာ့နိုင်ငံစုံကနေ အမေရိကားကို ဒုက္ခသည်အနေအထားနဲ့ရောက်လာသူတွေထဲက တစ်ပြည်နယ်တစ်ယောက်နှုန်းနဲ့ လူ(၅ဝ)ကို ကိုယ်စားလှယ်အဖြစ် ဖိတ်မယ်..တဲ့။ နောက်ပြီး အထူးဖိတ်ကြားသူ (၁ဝ)ဦးလည်းပါမယ်..တဲ့။ ဒါမှ နှစ်(၆ဝ) လူ (၆ဝ) အခန်းအနားဖြစ်အောင်.. တဲ့။ ကျနော့်ကို အင်ဒီယားနားကို ကိုယ်စားပြုတဲ့ ပြည်နယ်ကိုယ်စားလှယ်အနေနဲ့ တက်နိုင်မလား..တဲ့။ ကျနော် အတော်ဝမ်းသာမိတာပါပဲ။ ဒါနဲ့ (၂)ခုစလုံးကို လက်ခံလိုက်ပြီး တက်မယ်လို့အကြောင်းပြန်လိုက်ပါတယ်။ ရက်ကလည်း (၄)ရက် ဆက်တိုက်ဆိုတော့ ဟိုတစ်ဘက်ကလည်း တစ်ယောက်တည်းနဲ့ ကိစ္စ (၂)ခုလုံး ပြတ်စေချင်ပုံရပါတယ်။ (၂)ယောက်ဆိုရင် စရိတ်စခက (၂)ပြန် ကုန်မှာလည်း တွက်ပုံရပါတယ်။ ဒီလိုနဲ့ ဝေါ်ရှင်တန်သွားဖို့ အထုတ်ပြင်ပါတယ်။

ပထမတော့ ORR ကိစ္စတစ်ခုထဲပါ။ ခုတော့ ORR ရဲ့ 2011 National Refugee Consultation ရော UNHCR နှစ် (၆ဝ) အခန်းအနားရောဆိုတော့ ကြိုပြင်ရတာနည်းနည်းများပါတယ်။ ဟိုကျရင် ဘာတွေပြောမလဲ၊ ဘာတွေဆွေးနွေးမလဲ၊ ဘယ်ပုံစံနဲ့တင်ပြရမလဲ၊ ဒီမှာ ကိုယ်နေတဲ့ပြည်နယ်ကို ကိုယ်စားပြုရုံသက်သက်လား၊ ကိုယ်လာခဲ့ရာတိုင်းပြည်ကို ကိုယ်စားပြုရမှာလား၊ ဒီပြည်နယ်က ကိုယ့်တတိုင်းပြည်ထဲသားတွေကိုပဲ ကိုယ်စားပြုရမှာလား၊ နိုင်ငံစုံကရောက်နေတဲ့သူတွေကိုလား စသည်ဖြင့်လေ။ ပြီးတော့ (၄)ရက် ဆက်တိုက်တက်ရမှာဆိုတော့ နည်းနည်းပင်ပမ်းမှာပဲလို့လည်း ကြိုတွေးထားခဲ့ပါတယ်။ ပြောရရင် ORR နှီးနှောပွဲအခြေခံက ဒီကို ဒုက္ခသည်အနေအထားနဲ့ရောက်ပြီးသူတွေအရေးကို ဗဟိုပြုတာဖြစ်ပြီး UNHCR ကိစ္စကတော့ ဒီကို ရောက်မလာသေးတဲ့သူတွေနဲ့ UNHCR ကြီးတစ်စုံလုံးရဲ့ အရေးအရာတွေအပေါ် ဦးတည်တာဖြစ်ပါတယ်။ ဆိုတော့ Refugees outside and Inside of USA လိုဖြစ်နေတာပေါ့ဗျာ။

တခြားပြည်နယ်တွေက တက်လာမယ့်ကိုယ်စားလှယ်တွေနဲ့လည်း ဖုံး၊ အီးမေးလ်စတာတွေဖလှယ်ကြ၊ မိတ်ဆက်ကြ၊ ဟိုမှာ သူပြောမှာကိုယ်ပြောမှာတွေ ပြောကြ၊ ဟိုကသက်ဆိုင်သူတွေကလည်း အသေးစိတ်အစဉ်တွေချပြကြ၊ ကြိုတင်ပြင်တဆင်ကြနဲ့ အဲဒီ တလလောက်မှာ အတော်လေးအလုပ်များနေခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ဗီဒီယိုကွန်ဖရင့်စ်လေးတွေလုပ်တဲ့အခါလုပ်၊ ဂရုပ်ပုံစံနဲ့လုပ်ထားတဲ့ ချက်တင်န်းရွမ်းတွေထဲဝင်တဲ့အခါဝင် ပြောကြဆိုကြပေါ့လေ။ အားလုံး အင်္ဂလိပ်စကားပဲပြောကြတာပါ။ စကားလုံးအခက်ကြီးတွေမသုံးကြပဲ သာမန်နေ့စဉ်သုံး နားလည်လွယ်မယ့်ဝေါဟာရတွေပဲ လူတိုင်းက ရွေးသုံးကြတာပါ။ ဒါ့ကြောင့်မို့ ထင်ပါတယ်..အဲဒါတွေမှာ ပြောရကြားရတာတွေက ဒီလောက် ခက်လှတယ်မထင်မိပါဘူး။ ဒါပေမယ့် ဖုံးပေါ်ပြောကြတဲ့အခါတော့ နားမလည်လို့ Sorry တို့, Please, again, တို့ ခဏခဏလုပ်ရတာတော့ တစ်ဖက်သားကို အားနာစရာပါပဲ။ ဒါပေမယ့် အဲသလိုဖြစ်တာက ကိုယ်တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူး။ အားလုံးပဲ။ လူတွေက အစုံကိုး၊ နိုင်ငံစုံကိုး၊ ကိုယ့်မိခင် ဘာသာစကားရဲ့ လေယူလေသိမ်းနဲ့အသံထွက်တွေက အင်္ဂလိပ်လိုတွေအပေါ် လာထင်တာကိုး။ မိခင်စကားရဲ့အသံထွက်နဲ့ (အမေရိကန်ပြော) အင်္ဂလိပ်နဲ့ တည့်တည့်တိုးနေကြတာလေ။ ဒီလိုနဲ့ ကြိုးစားပမ်းစားလည်းပြောကြ၊ ကြိုးစားပမ်းစားလည်းနားထောင်ရမို့ ပျော်စရာလည်းကောင်းပြီး ရီစရာမောစရာလည်းဖြစ်နေတာပေါ့။ ဒါပေမယ့် အဲဒီအချိန်မှာ စိတ်ထဲကို အတွေးတခုက မပြတ်ဝင်ဝင်နေတယ်လေ။ အင်္ဂလိပ်စကားကို ခုထက်ပိုကျင်လည်ရင် ခုလောက်ပင်ပမ်းမှာမဟုတ်ဘူးလို့ ဆိုတာပါ။ အဲဒီအတွေးကပဲ စေ့ဆော်မှုဖြစ်လာပြီး အင်္ဂလိပ်စာလည်း ပိုလုပ်ဖြစ်သွားတယ်လို့ ဆိုရမယ်ထင်ပါတယ်။

ဒီလိုနဲ့ ကျနော်တို့တတွေ သက်ဆိုင်ရာပြည်နယ်တွေကနေထွက်ပြီး ဝေါ်ရှင်တန်မှာဆုံရမယ့်ရက်က ရောက်လာပါပြီ။ ဟိုကျရင် တတ်နိုင်သမျှ ချွေတာရေးလုပ်ကြဖို့ သက်ဆိုင်ရာတွေကလည်း တိုက်တွန်းတာမို့ အချင်းချင်းတွေ ညှိကြပါတယ်။ နေ့စဉ်အသုံးစားရိတ်က အကန့်အသတ်နဲ့ ကွက်တိဖြစ်အောင်သုံးမှ ဖြစ်မှာကိုး။ ပိုသုံးမိရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်လို့ပဲ ပြောရမယ်ထင်တာပါရဲ့။ ဒါနဲ့ ဘယ်သူ့လေယဉ်က ဘယ်အချိန် ဘယ်လေဆိပ်မို့ ဘယ်လေဆိပ်မှာ ဘယ်သူနဲ့ဘယ်သူတော့ဆုံမှာပဲ။ တစ်ပြိုင်တည်းဆိုက်မှာတွေနဲ့ နာရီဝက်တနာရီ ရှေ့ဆင့်နောက်ဆင့်ရောက်မယ့်သူတွေ တယောက်ကိုတယောက်စောင့်ပြီး တက္ကစီတစီးတည်းအတူစီးပြီး ဟော်တယ်လ်ကိုသွားဖို့လည်း လုပ်ရပါသေးတယ်။ ဝေါ်ရှင်တန်မြို့ကြီးသားတွေက မြေအောက်ရထားတို့ လိုင်းကားတို့အစီးများပေမယ့် ကျနော်တို့လို တောသားတွေအတွက်ကျတော့ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်က ဘယ်လောက်လွယ်အောင်လုပ်ထားထား ခက်တာပါပဲ။ တောသားဆိုတော့ လူကြောက်တာလည်းပါမှာပေါ့နော။ ဒါပေမယ့် ဗမာတွေပြောသလို (တောသားရဲဆွဲထုတ်)တွေလည်း ကျနော်တို့ (၆ဝ)ထဲမှာ ပါတယ်ဗျ။ အဲဒီလူတွေလုပ်ပုံကြောင့် ရီလည်းရီရ၊ ရင်တမမဖြစ်ရတာတွေလည်း ရှိသေးတယ်။ နောက်ပိုင်းမှာ ပြောပါ့မယ် ဒီလူတွေအကြောင်း။ ကျနော်ကမှ ဝေါ်ရှင်တန်ကို ဒီ့အရင်က  (၃)ခေါက်ကြီးတောင် ရောက်ဖူးထားသေး။ တချို့ဆို ဒါ ပထမဆုံးအကြိမ်။ ကျနော်လည်း ရောက်တာကရောက်တာပါပဲ၊ ကြောက်တာကကြောက်တာပါပဲ။ ပိုဆိုးတာက ဒီတခေါက်မှာ အဖော်မပါတော့ ဖုန်းမောင်တယောက်တည်း။ ဂျိုင်းထောက်ကြီး တကားကားနဲ့။
မျိုးမြင့်ချို(စက်တင်ဘာ ၂၆-၂ဝ၁၂)

Sunday, September 23, 2012

ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ- ၁ (မျိုးမြင့်ချို)

0 comments
ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ- ၁ (မျိုးမြင့်ချို) ဘယ်အစွန် ကျနော့်ဘေးက Mr. Claude Mabudu ပါ။ သူ့တိုင်းပြည်ကအာဏာရှင်ကိုဆန့်ကျင်လို့ မိသားစုလိုက်ကြီး မာလီနိုင်ငံကိုထွက်ပြေးခဲ့ရပြီး အဲဒီမှာ ၇ နှစ်ကျော် ရင်တမမနဲ့ ပုန်းအောင်းနေခဲ့ရတယ်။၂ဝဝ၈ ခုနှစ်မှာ ယူအင်န်ဒုက္ခသည်ရုံးအစီအစဉ်နဲ့ တွန်ဂိုကနေ အမေရိကားကိုရောက်လာတယ်။ အခုတော့ Land of the midnight sun သန်းကောင်ယံသူရိယမြေလို့ဆိုတဲ့ Alaska အလက်စကာမှာ နေနေတယ်။ သူလည်း အကြံပေးဘုတ်အဖွဲ့ဝင် (၉)ဦးထဲကတစ်ဦးပါ။ သူကိုယ်စားပြု တဲ့ပြည်နယ်တွေက အလက်စကာ၊ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ နူးမက္ကဆီကို၊ ဟာဝိုင်ယီနဲ့ကော်လိုရာဒိုတို့ဖြစ်ပါတယ်။ ကျနော့်ကို (မယိုးမယင့်ရာ.. မင်းနံမည်က ခေါ်ရခက်တယ်ကွ၊ ဒီတော့ ဘားမားဆိုးလ်ဂျားလို့ပဲခေါ်မယ်)ဆိုပြီး ဘယ်တော့မှ ကျနော့်အမည်ကို မခေါ်သူပါပဲ။ ကျနော်ကလည်း နောက်တဲ့သဘောနဲ့ သူ့ကို (မင်းနံမည်မျိုးတော့ ဒို့ဆီလည်းမှဲ့တတ်ပါတယ်) ဆိုပြီးပြောတော့ မျက်ခုံးကြီးပင့်ပြီး (ဟုတ်လား) တဲ့။ ကျနော်က (အေးပေါ့.. အသံထွက်လေးပဲ နည်းနည်းကွာတာပါ) လို့ ပြောပြတယ်။ သူက (ဘယ်လိုထွက်သလဲကွ၊ မင်းတို့စကားနဲ့) ဆိုပြီးမေးတယ်လေ။ ကျနော်က (မပူတူး..လို့ ထွက်တယ်) ပြောပြီးရီတော့ သူလည်း လိုက်ရီလေ။ မပူတူးဆိုတာ ဘာမှန်းသိလို့တော မဟုတ်ပါဘူး။ ဘုမသိဘမသိ လိုက်ရီတဲ့သဘော နေမှာပါ။ ဒီလူက စာကြည့်တိုက်မှူးနဲ့ကျောင်းဆရာပီပီ သူတစ်ပါးခံသာအောင် ဆရာလုပ်တတ်ပေမယ့် လူတတ်ကြီးပုံတော့ ဘယ်တော့မှ မဖမ်းဘူးဗျ။ မပြန်ခင်ညနေမှာ (မင်း..အာဖရိကန်အစားအစာတွေကြိုက်လား) လို့မေးတော့ ကျနော်က (ကြိုက်တာပေါ့..စားလည်းစားတယ်။ တစ်ခါတလေပေါ့) ဆိုတော့ (ငါလည်း ဗမာစာတွေ စမ်းစားချင်ပါတယ်။ ဒါပေမယ့် အလက်စကာမှာ ဗမာစာမရဘူးကွ)တဲ့။

ဟုတ်သားပဲ ဒီလောက်အေးခဲပြီး လူနေကျဲလှတဲ့အရပ်မှာ ဗမာပြည်သားဒုက္ခသည်တွေလည်း ရှိမယ်တော့မထင်ပါဘူး။

ကျနော့်ညာဘက်က Mr. Vincent Cochetel ပါ။ သူက ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့ ဒေသဆိုင်ရာအကြီးအကဲဖြစ်ပါတယ်။ ကမ္ဘာ့ဒုက္ခသည်များအရေးကို နှစ်ပေါင်းများစွာကတည်းက နိုင်ငံပေါင်းများစွာမှာတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သူစကားပြောရင် သူ့မိခင်ဘာသာစကား(ပြင်သစ်သံ)နဲ့မို့ စတွေ့တွေ့ခြင်းမှာ(မနှစ်တုန်းက) မနည်းနားစိုက်ထောင်ရပါတယ်။ သူ Something လို့ပြောရင် ကျနော့်နားထဲ  Somesings လို့ချည်းကြားတယ်ဗျ။ ခုတော့ နားနည်းနည်းယဉ်လာတာမို့ သိတ်မခက်တော့ဘူးလို့ ဆိုရမှာပဲ။ ကျနော့် နံမည်ကို အပီဆုံးထွက်နိုင်တာ သူတစ်ယောက်ပဲရှိတယ်။ သူကတော့ အမေရိကနတစ်ပြည်လုံးကိုကိုယ်စားပြုရတဲ့ ကုလဒုက္ခသည်ဆိုင်ရာဝန်ထမ်းတွေထဲက အကြီးဆုံးလို့ပြောရမှာဖြစ်ပါတယ်။ လူမျိုးပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနေရသူမို့လို့လား မပြောတတ် ဘူးဗျ။ ဘာသံဝဲဝဲနဲ့အင်္ဂလိပ်လိုပြောပြော အကုန်နားလည်တယ်ဗျာ။ အံ့ရောပဲ ကျနော်ဖြင့်။ နောက်ပြီး မနှစ်တုန်းကကျင်းပခဲ့တဲ့ ကုလဒုက္ခသည်များဆိုင်ရာ ပဋိဉာဉ်စာချုပ်ချုပ်ဆိုခြင်း နှစ်ခြောက်ဆယ်ပြည့်မြောက်ခြင်းနဲ့ ဒုက္ခသည်များညီလာခံကျင်းပတော့ တစ်ပြည်နယ် တစ်ယောက်နှုန်းနဲ့ လူ(၅ဝ)ရယ်၊ ဒီရောက်ပြီးနယ်ပယ်တစ်ခုခုမှာ အောင်မြင်နေတဲ့ဒုက္ခသည် (၁ဝ)ဦးရယ်၊ ပေါင်း လူ (၆ဝ)ကိုဖိတ်တော့ ကျနော်လည်း သွားတက်ရပါတယ်။ ညီလာခံမှာ သူက အဖွင့်စကားအမှာနဲ့အပိတ်ကျေးဇူးတင် စကားတွေပြောတယ်ဗျ။ ညီလာခံ နောက်ဆုံးနေ့ညနေပိုင်းမှာ ကျနော်တို့ လူ(၆ဝ) ကွန်ဂရက်စ်အဆောက်အဦးကြီးထဲသွားပြီး ကြည့်ရှူလေ့လာရေးလုပ်တော့လည်း သူပဲ ဦးဆောင်တာပါ။ သူ့လက်ထောက်တွေနဲ့ ကွန်ဂရက်စ်ဝန်ထမ်းတွေက လိုက်ရှင်းပြပြောပြ၊ ကျနော်တို့ကလည်း မေးကြမြန်းကြပေါ့လေ။ အပြန်ကျတော့ အမှတ်တရဓါတ်ပုံရိုက်ကြတယ်ဗျ။ လူတိုင်းလိုလို ကင်မရာပါတော့ တယောက်က ဒိုင်ခံပြီးကင်မရာတွေအကုန်ရိုက်ရတာ ဆိုတော့ အကြာကြီးမတ်တပ်ရပ်ပေးရတာလေ။ အဲဒါကိုကျနော်က (ဒါမှတကယ့်ဒုက္ခ) လို့တွေးမိပြီးပြုံးတာကို (၄)ယောက်ကျော်ကနေ သူမြင်တော့ လက်မလေးလှမ်းထောင်ပြီး(တောင့်ထား)ဆိုတဲ့သဘော အချက်ပြခဲ့တာလေး မှတ်မိနေတယ်။ သူလည်းမှတ်မိတယ်ဗျာ အဲဒီအခိုက်အတန့်လေးကို။ ခု တနှစ်ကြာပြီးပြန်တွေ့ချိန်မှာ အဲဒါပြန်ပြောပြီး ကျနော်တို့ရီမောဖြစ်သေးတယ်လေ။

ရှေ့က အမျိုးသမီးက Hadidja Nyiransekuye ဖြစ်ပါတယ်။ ရဝမ်ဒါကနေ ရောက်လာပြီး (၂ဝဝဝ) ခုနှစ်မှာ နိုင်ငံရေးခိုလှုံခွင့်ရသူဖြစ်ပါတယ်။ (၁၉၉၄) ရဝမ်ဒါမှာ ဟူတူနဲ့တွတ်ဆီတွေ လူမျိုးတုန်းသုတ်သင်ပွဲဖြစ်ချိန်က မျက်မြင်သက်သေဖြစ်ခဲ့ပြီး The lances were looking down အမည်ရှိ အောက်မေ့ဖွယ်အဖြစ်ဆိုးတွေအကြောင်း စာအုပ်ပြုစုရေးသားခဲ့သူပါ။ သူက ဟူတူ၊ သူ့အမျိုးသားကတွတ်ဆီ။ ခုတော့ ကွယ်လွန် ရှာပါပြီ။ အဲဒီတုန်းက လူမျိုးစု (၂)ဘက် စလုံးက  သူတို့မောင်နှံကို ရန်သူလို့သတ်မှတ်ပြီး အပြတ်ရှင်းမယ်ကြံနေကြတုန်း အမေရိကန်က အထူးပညာသင်ဆုပေးပြီး သူတို့ကို ခေါ်ထုတ်လိုက်ပါတယ်။ ဆွာဟီလိ၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ရဝမ်ဒါဘာသာစကား (၄) မျိုးစလုံးကို အပီအပြင် ပြောနိုင် ရေးနိုင်ဖတ်နိုင်သူပါပဲ။ ခု သူက ဒုက္ခသည်အမျိုးသမီး အရေးအရာများဘာသာရပ်နဲ့ ပီအိပ်ခ်ျဒီတက်နေပါတယ်။   ဖြေတစ်ဖက်မသန် ရှာတော့ လမ်းလျှောက်အားပြုကိရိယာတပ်ပြီး တုတ်ထောက်နဲ့လမ်းလျှောက်ရတယ်။ ကျနော်က ဂျိုင်းထောက်နဲ့ဆိုပေမယ့် သူ့ထက်မြန်မြန လျှောက်နိုင်ရွှေ့နိုင်တော့ သူကပြောတယ်ဗျ။ (မျိုး..ငါက ခြေလက်အပြည့်အစုံရှိပေမယ့် မင်းလောက်မြန်မြန်မသွားနိုင်တော့ ခက်တာ ပဲနော်) တဲ့။ တနေ့ သူနဲ့ကျနော် တက္ကစီတစင်းနဲ့ ဟော်တယ်လ်ကိုအတူပြန်တယ်။ ကားပေါ်ကဆင်းချိန်မှာ ကျနော်ကနောက်ခန်းက အရင်ထွက်ပြီး ရှေ့ခန်းတံခါးကိုသွားဖွင့်ပေးတော့ မျက်လုံးနှစ်ဖက်လုံး မျက်ရည်တွေအပြည့်နဲ့ (မျိုးရေ.. ရုပ်ပိုင်းအရမသန်သူ Handicap ဖြစ်ရုံနဲ့ အဲဒီသူကို မသန်မစွမ်းသူ Disable ပြောရင်မမှန်နိုင်ဘူးဆိုတာ တို့လိုလူတွေကသက်သေပြနိုင်အောင် ကြိုးစားကြရမှာပဲ)တဲ့။ ခုလောလောဆယ် ကော်လိုရာဒိုပြည်နယ် ဒင်န်ဗာမြို့မှာနေပြီး ရာဇဝတ်မှုအကျူးလွန်ခံရသူတွေကိုအကာအကွယ်ပေးတဲ့ အေဂျင်စီမှာအလုပ်လုပ်ရင်း လိုသူတွေကို အကူအညီနေပါတယ်။ တရားရုံး၊ အကျဉ်းထောင်၊ ရဲစခန်း၊ ဆေးရုံဆေးခန်းတွေမှာ စကားပြန် ဘာသာပြန်နဲ့လူမှုလုပ်သား အဖြစ်ပေါ့ဗျာ။ သူက အရံဘုတ်အဖွဲ့ဝင်အဖြစ်နဲ့ ကော်လိုရာဒိုပြည်နယ်ကို ကိုယ်စားပြုပါတယ်။

အဲဒီအမျိုးသမီးနောက်တည့်တည့်ကရပ်နေသူက Omar Bah တဲ့။ ကျနော်က သူ့ကို အိုမာလို့မခေါ်ပဲ ဥမ္မာလို့ခေါ်တော့ (ဘာအဓိပ္ပါယ်လဲ) လို့မေးတယ်လေ။ ကျနော်က (ယဉ်ယဉ်လေးပြောရရင်..အလွန်ချောမောလှပပြီး တွေ့သမျှပုရိဿတွေကို ရူးသွပ်သွားစေနိုင်တဲ့အလှပိုင်ရှင် အိန္ဒိယတိုက်ဖွား ရာဇဝင်ထဲကမိန်းမလှတစ်ယောက်ပေါ့လေ) ဆိုတော့ သူက ထပ်မေးတယ်(ရိုင်းရိုင်းလေးပြောရင်ရော)တဲ့။ ကျနော်က (ပုထုဇနောဥမ္မတကော) လို့ဘုရားဟောရှိတဲ့အကြောင်း၊ ဒါပေမယ့် အဲသလိုဆိုတာနဲ့ လူတိုင်းဟာသွက်သွက်ခါရူးနေကြတဲ့ အရူးကြီးတွေလို့ တော့ မှတ်ယူဖို့မဟုတ်ကြောင်း၊ လူသားဟာ သူ စူးစိုက်ပျော်ဝင်ရာတစ်ခုခုမှာ ရူးသွပ်နေကြတာဆိုတာကို မြတ်ဗုဒ္ဓကဥဒဟာရုံသဘော ဆောင်တာဖြစ်ကြောင်းရှင်းပြတော့ အားရပါးရရီပြီး( ဟုတ်တယ်..ငါက ကမ္ဘာကျော် ဂျာနယ်လစ်ကြီးဖြစ်ချင်လို့ရူးနေ Crazy ဖြစ်နေတာကွ၊ ဗုဒ္ဓဝါဒကို အလွန်သဘောကျပေမယ့် ထဲထဲဝင်ဝင်တော့ ငါ မလေ့လာခဲ့ဖူးဘူး။ ခု မင်းပြောတော့ ငါ့လေ့လာချင်စိတ်ကို ပြန်ဆွပေးလိုက် သလိုပဲ) လို့ပြောတယ်လေ။ သူလည်း (၂ဝဝ၇) ထဲမှာ Gambia ဂမ်ဘီယာနိုင်ငံရောက်လာတာပါ။ အသက်က ခုမှ(၃၃) နှစ်သား၊ ဒါပေမယ့် Rhode Island ပြည်နယ်မှာ နိုင်ငံတကာဒုက္ခသည်များအကျိုးဆောင်နဲ့ ကူညီထောက်ပံ့ရေးအေဂျင်စီကိုစထူထောင်ခဲ့သူပါပဲ။ သူ့ တိုင်းပြည် ဟောင်းမှာနေတုန်းက အာဏာရှင်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖေါက်တာ၊ အကျင့်ပျက်ချစားတာ၊ တိုင်းပြည်နဲ့လူထုအပေါ်နှိပ်ကွပ်တာတွေကို ကမ္ဘာသိအောင်ဖွင့်ချဖော်ထုတ်ခဲ့လို့ အစိုးရက အသေရရအရှင်ရရ ဖမ်းဝရမ်းထုတ်တာနဲ့ အိမ်နီးခြင်း ဆီနီဂေါလ်နိုင်ငံကိုထွက်ပြေး အဲဒီမှာ ကုလအကူအညီနဲ့ (၁၁) လလောက်နေခဲ့၊ နောက်ဆုံး ဒီကို ဒုက္ခသည်အဖြစ်နဲ့ရောက်လာတာပါ။ ခုလောလောဆယ်မှာ အိမ်ခြံမြေအပေါင်ခံ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်၊ ကျောင်းလည်းတက်နေတယ်၊ လူမှုကူညီရေးတွေလုပ်တယ်။ ကမ္ဘာကျော်ဂျာနယ်လစ်ကြီးဖြစ်ချင်တဲ့ အိပ်မက်တွေတပွေ့တပိုက်နဲ့ ဘာသာစကား (၄) မျိုးလောက် ကျွမ်းကျင်တတ်မြောက်သူပါပဲ။ ပြန်ခါနီး နှုတ်ဆက်တော့ (မျိုး..မင်း ငါ့ကို ဗုဒ္ဓဝါဒနဲ့ပတ်သက်လို့လေ့လာစရာ အင်္ဂလိပ်လိုရေးထားတဲ့၊ အွန်လိုင်းကနေဝယ်လို့ရမယ့် Sources တွေပို့ပေးပါလား) တဲ့။ သူက ရိုဒ်အိုင်လင်းန်ဒ်၊ ကွန်နက်တီကပ်၊ မက်ဆာချူးဆက်၊ မိန်း Maine၊ နူးဟမ့်ရှိုင်းယား၊ နူးဂျာစီနဲ့ဗားမောင့်ပြည်နယ်တွေကို ကိုယ်စားပြုပါတယ်။

သူ့ဘေးက ဝတ်စုံပြည့်နဲ့မျက်မှန်နဲ့ စတိုင်ကျကျပုဂ္ဂိုလ်ကတော့ Thon Moses Chol တဲ့ဗျ။ ဆူဒန်သားဗျ။ ဒီကို (၂ဝဝဝ) ခုကရောက်တာပါ။ သူတို့အကြောင်း “Lost Boys” ဆိုပြီးရိုက်ထားတဲ့ ဖြစ်ရပ်မှန်မှတ်တမ်းကားလည်းရှိသဗျ။ သူက ဝေါ်ရှင်တန်ဒီစီမှာ အမေရိကန်အစိုးရရဲ့ ဒုက္ခသည်များဆိုင်ရာအကျိုးဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းနဲ့ လူမှုလုပ်သားအဖြစ်လည်း အသက်မွေး ဝမ်းကြောင်းပါတယ်။ လူကောင်ကြီးပြီး အရပ်ကြီးသာမိုးထိုးနေတာ စကားပြောရင် တိုးတိုးညင်ညင်သာသာပြောသူဆိုတော့ ဘုတ်အဖွဲ့ အစည်းအဝေးမှာ သူပြောတဲ့အခါတိုင်း မနည်းနားစိုက်ထောင်ရပါတယ်။  တစ်ခါမတော့ အိုင်ဒါဟိုပြည်နယ်သား (အိုင်ဒါဟို၊ မွန်တာနာ၊ နီဗားဒါး၊ အော်ရီဂွန်၊ ယူတာခ်၊ ဝေါ်ရှင်တန်ပြည်နယ်နဲ့ ဝိုင်ယိုမင်းပြည်နယ်တွေကို ကိုယ်စားပြု ဘုတ်အဖွဲ့ဝင်ဖြစ်တဲ့) Mr. Fidel Nshombo က သူနဲ့တစ်ယောက်ကျော်မှာ ထိုင်နားထောင်နေရာက (မစ္စတာသွန်ခင်ဗျား..အသံနည်းနည်းကျယ်ပြီး ပြောပေးပါလားဗျာ) လို့ပြောတော့မှ ခနလေး နည်းနည်းကျယ်လာတယ်။ နောက်တော့လည်း နဂိုအတိုင်းပြန်တိုးသွားတာပါ။ သူအသက် (၄) နှစ်သားမှာ ဆူဒန်ပြည်တွင်းစစ် ကြီးက သူ့အိမ်ဝရောက်ချလာတာလေ။ ဒီတင် သူနဲ့ သူ့သူငယ်ချင်းတွေလည်း မိတကွဲဖတကွဲနဲ့ အုပ်စုလိုက်ကြီး ခြေဦးတည့်ရာထွက်ပြေး ကြတော့တာပဲ။ ဆူဒန်တပြည်လုံးအနှံ့ပဲ။ နောက်တော့ ကပ်ရက်က အီသီယိုးပီးယား၊ ကင်န်ညာ စတဲ့နိုင်ငံတွေထဲအထိရောက်။ ဒုက္ခတွေ အစုံတွေ့။ အဲသလို နှစ်ပေါင်းများစွာ ဒုက္ခပင်လယ်တွေဝေနေခဲ့ပြီးနောက်ဆုံး ယူအင်န်က အဲဒီကလေးအုပ်ကြီးကိုရှာတွှေ၊ အဆက်အသွယ်ရပြီး သူလည်း အမေရိကန်ရောက်လာတာပါ။ (ဘားတော့ဘရက်ရဲ့- ကလေးတွေအမေပျောက်စဉ်က-ကဗျာတောင်ပြန်သတိရချင်စရာ) ခုတော့ Social Work ဘာသာတွဲနဲ့ ရိုးရိုးဘွဲ့ရပြီးလို့ မာစတာတန်း ဆက်တက်နေပါတယ်။ သူ့အကြောင်းက ပြောစရာအများသားဗျ။ အတော်ကြိုးစား ပြီး အတော်လည်း ထူပေထာပေ တုံးပေကပ်သပ်နိုင်သူလို့ ပြောရမှာပဲ။ ဒီလောက် ဘဝဒုက္ခတွေရင်စည်းခံခဲ့တာတောင် ခုချိန်ထိအပြုံးက မပျက်ဘူး။ အစိုးရအလုပ်ထဲမှာတင် မကပါဘူး အပြင်က လူမှုရေးလုပ်ငန်းတွေ မြို့နဲ့ဆိုင်တဲ့ အသင်းအပင်းအဖွဲ့အစည်းတွေမှာလည်း အချိန်ပြည့်စေတနာ့ဝန်ထမ်းလုပ်တာဗျ။ ကျနော်က သူ့ကိုနောက်ပြီး (မင်းကို သူများတွေက သွန် Thon လို့ခေါ်ပေမယ့် ငါကတော့ ဖြစ်နိုင်ရင် ချို Cho လို့ခေါ်ပါရစေ) ပြောတော့သူက (မင်းခေါ်တဲ့ Cho က L အသံမပါဘူးနော်) လို့ဆိုပါတယ်။ ကျနော်က (အေးလေ ငါ့ ကလောင်အမည် က မျိုးမြင့်ချို ဆိုတော့ မင်းနံမည်ကိုလည်း ငါက ဗမာလိုခေါ်တာပေါ့ကွ) ဆိုတော့ အသံတိုးတိုးလေးနဲ့ရီပြီး(ကောင်းသားပဲ)လို့ပြောတယ်ဗျ။ သူ့မှာ IPad လေးပါလာတော့ ဓါတ်ပုံတွေလည်း သူပဲဒိုင်ခံရိုက်နေသလားတောင်မှတ်ရပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ ဧည့်သည်ပါ။ ကျနော်တို့ Refugee Congress Advisory Board (RCAB) လည်းမဟုတ်တာရယ် တွေ့ချိန်က နည်းလွန်းတော့ နံမည်မေးမိတ်ဆက်တာလေးတောင် လုပ်ချိန်မရလိုက်ပါဘူးဗျာ။
အမှန်တကယ် ဒီအစည်းအဝေးကိုတက်လာရမှာက စုစုပေါင်း ဘုတ်အဖွဲ့ဝင် (၈) ဦး၊ အရံအဖွဲ့ဝင် (၁)ဦးနဲ့ ကုလသမဂ္ဂအမေရိကန် ပြည်ထောင်စုဒေသဆိုင်ရာရုံးက တာဝန်ခံအပါအဝင် အခြားအရာရှိ(၃) ဦးဖြစ်ပါတယ်။ ကုလတာဝန်ရှိသူတွေ အကုန်တက်ခဲ့ပါတယ်။ ဘုတ်အဖွဲ့ဝင်တွေထဲက (၂)ဦးက ပျက်ကွက်ခွင့် ကြိုတင်တောင်းခံထားပြီးသားဆိုတော့ သူတို့ဆီအစည်းအဝေးမှတ်တမ်းနဲ့ ဆုံးဖြတ်ချက်တွေကို ပို့ပေးခဲ့ပါတယ်။ အွန်လိုင်းကနေ၊ အီးမေးလ်ကနေ တယ်လီဖုန်းစပီကာဖွင့်ပြီး တဆင့်ဝင်ဆွေးနွေးကြပါတယ်။  ကျနော်တို့ (RCAB-Members)တွေကို ဘယ်လို ရွေးချယ်ခဲ့သလဲဆိုတာရယ် အခန်းကဏ္ဍနဲ့တာဝန်ရှိမှုတွေ Roles and Responsibilities အကြောင်းရယ်၊ ကျနော်တို့ ဘာတွေလုပ်ခဲ့ကြ ပြောခဲ့ဆိုခဲ့ဆွေးနွေးခဲ့ဆိုတာတွေကို နောက်ပိုင်းဆက်ပြီး ပြောပြပေးသွားမယ် စိတ်ကူးထားပါတယ်ခင်ဗျား။  
မျိုးမြင့်ချို