Thursday, September 13, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၉ (မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၉ (မျိုးမြင့်ချို) 
စက်တင်ဘာ ၁၃ ရက်
၂၀၁၂ နေ့အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး။ေ သာတရွင္မ်ားခင္ဗ်ား…
ဗမာ့တပ်မတော်ခေါင်းဆောင်တွေဟာ (၁၉၈၈) လူထုလှုပ်ရှားမှုကြီးကို အကြမ်းဖက်ဖြိုခွဲအာဏာသိမ်းခဲ့ပြီးတဲ့နောက် အမိန့်အာဏာနဲ့ကြေညာချက်အမျိုးမျိုးတွေထုတ်ပြန်ပြီး တိုင်းပြည်ကိုဖိနှိပ်ခဲ့သလို တဘက်ကလည်း ရွေးကောက်ပွဲလုပ်ပေးမယ်၊ ပြီးရင်အနိုင်ရပါတီကိုအာဏာအပ်ပြီး စစ်တန်းလျားပြန်မယ်လို့ ကမ္ဘာသိကတိကဝတ်တွေပေးခဲ့ပါတယ်။ ဒီ့နောက်ပိုင်းပေါ်လာခဲ့ကြတဲ့ နိုင်ငံရေးပါတီပေါင်း (၂ဝဝ) ကျော် ထဲမှာ အင်န်အယ်လ်ဒီဟာ လူထုထောက်ခံမှုအရဆုံးပါတီကြီးအနေနဲ့ စစ်အာဏာရှင်စနစ်ကို အန်တုရင်ဆိုင်မယ့်အနေအထားအထိ ရောက်ခဲ့ပါတယ်။ အင်န်အယ်လ်ဒီရဲ့ဦးဆောင်မှု၊ အခြားအင်အားစုတွေရဲ့ဝန်းရံမှု၊ (၁၉၈၈) အရေးတော်ပုံစိတ်ဓါတ်နဲ့အရှိန်အဟုန်စတာတွေ
အကုန်ပြန်ပေါင်းစပ်မိပြီး လူထုရဲ့နိုင်ငံရေးရေချိန်ပြန်မြင့်လာခဲ့သလို နိုင်ငံရေးမျက်နှာစာမှာလည်း လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။

တစ်ပြိုင်ထဲမှာ တောထဲမှာရှိနေကြတဲ့ ဗကပအပါအဝင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေလည်းရှိနေတာမို့ စစ်အစိုးရဟာမြေပေါ်နိုင်ငံရေးတိုက်ပွဲနဲ့ တောတွင်းလက်နက်ကိုင်တိုက်ပွဲ 
တိုက်ပွဲ(၂)ခု ညှပ်အတိုက်ခံရပြီး အကျပ်ဆိုက်နေချိန်လည်းဖြစ်ပါတယ်။ ဒီတော့ ဒီအကျပ်အတည်းကနေထွက်ပေါက်ရဖို့ မျက်နှာစာတစ်ခုကို ယာယီပဲဖြစ်ဖြစ် အတိုက်ရပ်ထားနိုင်ရေး ဦးတည်စဉ်းစားရပါတော့တယ်။ ဒီနေရာမှာ သပ်လျှိုသွေးခွဲရေးလုပ်ငန်းဟာ အခရာကျလာပါပြီ။ ဒီလိုလုပ်ငန်းမျိုးတွေကို ထောက်လှမ်းရေးကကိုင်တွယ်တာ ပိုသင့်တော်တဲ့အလျှောက် ဗိုလ်ချုပ်ခင်ညွန့်ရဲ့အခန်းကဏ္ဍနဲ့ စစ်ထောက်လှမ်းရေးရဲ့အရေးပါမှုဟာ ရှေ့တန်းရောက်လာပါတော့တယ်။ နဝတဟာ မြေပေါ်အင်အားစုတွေကို နည်းမျိုးစုံနဲ့နှိပ်ကွပ်နေသလို တောတွင်းအင်အားစုတွေကြားမှာလည်း လူမွေးရင်း၊ သွေးတိုးစမ်းရင်း၊ ပြင်ဆင်ရင်း အချိန်ကောင်းကိုစောင့်နေခဲ့ပါတယ်။

အဲသလိုနဲ့ (၁၉၈၉) ခု အစောပိုင်းမှာ လက်နက်ကိုင်အင်အားစုတွေထဲက အကြီးဆုံးဖြစ်တဲ့ဗကပထဲကနေ ကိုးကန့်နဲ့ ဝ လူမျိုးစုလက်နက်ကိုင်တပ်တွေ ခွဲထွက်သွားခဲ့ပါတယ်။ နောက်သိပ်မကြာခင်မှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ ကေအင်န်ယူထဲကနေလည်း ဗုဒ္ဓဘာသာကရင်တွေက ဒီကေဘီအေဆိုပြီး ခွဲထွက်လာပြန်ပါတယ်။ ကိုးကန့်နဲ့ ဝ ရဲ့ ခွဲထွက်မှုတွေကြောင့် ဗကပရဲ့စစ်ရေးလှုပ်ရှားမှုတွေ နိဂုံးချုပ်သွားခဲ့ရပြီး ဗကပပါတီလည်း တဘက်နိုင်ငံမှာအခြေချလိုက်ရတဲ့ယူဂျီပါတီဘဝ ဆိုက်သွားခဲ့ရပါတယ်။ ဒီကေဘီအေခွဲထွက်ပြီး နဝတနဲ့ပူးပေါင်းသွားတာဟာလည်း ကေအင်န်ယူအတွက် စစ်ရေးနိုင်ငံရေး စည်းရုံးရေးတွေမှာ အထိနာရုံတင်မကတော့ပဲ အင်အားအရပါ အကြီးအကျယ်ချိနည့်သွားခဲ့ရပါတယ်။ (၁၉၉၃) ခုနှစ်ထဲမှာတော့ ကေအိုင်အိုလို အင်အားအတန်အသင့်တောင့်တင်းတဲ့ အစုအစည်းတွေတင် မကတော့ပဲ အဖွဲ့အစည်းငယ်တွေပါ အပစ်အခတ်ရပ်စဲရေးတွေ ဆက်တိုက်လုပ်လာကြပါတယ်။ တချို့ အင်အားသေးတဲ့အဖွဲ့လေးတွေဆိုရင် အကြွင်းမဲ့လက်နက်ချလိုက်ရတဲ့ အဖြစ်မျိုးအထိတောင်ရှိခဲ့ပါတယ်။

တကယ်တော့ (၁၉၈၈) နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးဆိုတာတွေက  (၁၉၈ဝ) ခုနှစ်က ဗကပနဲ့လျှို့ဝှက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးစဉ်က ဗကပဘက်ကတင်ပြခဲ့တဲ့ အဖွဲ့အစည်းတည်ရှိခွင့်၊ တပ်တည်ရှိခွင့်နဲ့နယ်မြေတည်ရှိခွင့် ဆိုတာတွေအပေါ်မှာပဲ အခြေခံခဲ့တာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးပြောကြချိန်တွေမှာ န၀တ က အဲဒီ (၃)ချက်အတိုင်း သဘောတူ လိုက်လျောတယ်ဆိုတဲ့သဘောမျိုးနဲ့ စတင်ခဲ့တာပါ။ စစ်အုပ်စုဟာ ဒါတွေကို လတ်တလောနိုင်ငံရေး လိုအပ်ချက်အရ တက်သုတ်ရိုက်လုပ်ခဲ့ပေမယ့် ကေအိုင်အိုနဲ့ကလွဲလို့ ဘယ်အဖွဲ့နဲ့မှ စာချုပ်စာတမ်းနဲ့လုပ်ခဲ့တာမဟုတ်ဘဲ Gentlemen Agreement လို့ဆိုတဲ့ နှုတ်ကတိနဲ့သာ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ မတော်တဆဖြစ်ခဲ့မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိကို လုပ်ခဲ့တာဖြစ်ပါတယ်။

(၁၉၈၈) ခုနှစ်အပြီး နဝတရဲ့ စစ်တစ်မျက်နှာယာယီရပ်စဲရေးလိုအပ်ချက်နဲ့ ဒီ အုပ်စုတွေခွဲထွက်မှုတွေဟာ အချိန်ကိုက်ဖြစ်သွားခဲ့ပါတယ်။ ဒီ အခွင့်အလမ်းကို လက်လွတ်မခံနိုင်တဲ့စစ်အစိုးရဟာ ခြေလှမ်းသွက်သွက်နဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့အကွက်ကို ကျကျနနကြီးကို ရွှေ့ပြလိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ်လို့ အပစ်ရပ်တယ်ဆိုတဲ့အပေါ် နဝတနဲ့တစ်ဘက်အင်အားစုတွေကြားမှာ ခံယူမှုနဲ့မျှော်မှန်းချက်တွေ မတူကြပါဘူး။ နှစ်လေးဆယ်ကျော်စစ်တိုက်လာခဲ့ပြီး အပြတ်မဖြတ်နိုင်လို့စစ်ပန်းနေတဲ့ တောတွင်းအင်အားစုတွေအတွက်တော့ အပစ်အခတ်ရပ်စဲရေးဆိုတာဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကနဦးခြေလှမ်းဆိုတဲ့အဓိပ္ပါယ်ကိုဆောင်ပြီးတော့၊ စစ်အစိုးရအတွက်ကျတော့ အကျပ်အတည်းကနေ ယာယီထွက်ပေါက်ရှာတဲ့အနေနဲ့ စစ်မျက်နှာတွေလျှော့ချထားဖို့လို့ ဖြစ်နေပါတယ်။  အဖွဲ့တစ်ဖွဲ့နဲ့အပစ်ရပ်ပြလိုက်တော့ တခြားအဖွဲ့တွေကြားထဲမှာလည်း အချင်းချင်း စိတ်ဝမ်းကွဲသွားစရာတွေဖြစ်လာပြီး စိတ်ဝမ်းတွေလည်းကွဲကြပါတယ်။

အပစ်ရပ်ကိစ္စတွေအပြီး စစ်အစိုးရရဲ့ နောက်ပိုင်းလုပ်ဆောင်ချက်တွေက ပိုပြီးစနစ်ကျလာသလို မဟာဗျူဟာမြောက်ရည်မှန်းချက်တွေကို တစထက်တစ အကောင်အထည်ဖော်လာတာတွေ့ရပါတယ်။ အပစ်ရပ်စဉ်ကမပါခဲ့တဲ့ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲရေး၊ ဋ္ဌာနေပြည်သူ့စစ်အသွင်ပြောင်းရေးတွေကို လက်ခံဖို့ အဓမ္မဖိအားပေးလာခဲ့ပါတယ်။ ဥစ္စာဓနပိုင်ဆိုင်မှုတွေနဲ့အတူ ကိုယ်ကျိုးစီးပွားတွေမှာ သာယာယစ်မူးသွားကြတဲ့အဖွဲ့တွေနဲ့ အင်အားချိနည့်တဲ့အဖွဲ့လေးတွေဟာ စစ်အစိုးရအလိုကျပြောင်းလဲ ပေးလိုက်ကြရပါတယ်။ တချို့ကတော့ လက်နက်ချဘဝရောက်တဲ့အထိ ဖြစ်ကုန်ကြရပါတယ်။ နိုင်ငံရေးရပ်တည်ချက်နဲ့အင်အားအရှိန်ဝါ အထိုက်အလျှောက်ရှိကြတဲ့ အဖွဲ့အစည်းတွေကတော့ စစ်အစိုးရအလိုကျလုပ်ပေးဖို့ငြင်းဆန်ပြီး သူတို့ သဘောထားတွေကို အကျိုးအကြောင်းရှိရှိ ပြန်လှန်တင်ပြခဲ့ ကြပါတယ်။ ဒီတင်ပြချက်တွေကို စစ်အုပ်စုကအပြတ်ပယ်ချပြီး သူ့တို့လက်အောက် ဒူးထောက်ခေါင်းလျှို ဝင်လာရေးကိုပဲ ဖိအားအမျိုးမျိုးပေးပြီး တစိုက်မတ်မတ် ဆောင်ရွက်ပါတော့တယ်။

ဒီလိုအနေအထားတွေရောက်လာတဲ့အခါ အဖွဲ့အစည်းတွေအတွင်းမှာလည်း ကိုယ်ကျိုးစီးပွားနဲ့ နိုင်ငံရေးရပ်တည်ချက်တွေ ထိပ်တိုက်တိုးမိကြပြီး အတွင်းပဋိပက္ခတွေ ကြီးထွားလာတတ်ကြပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုတဲ့အခါကျမှ စစ်အုပ်စုက သူ့အစီအမံလက်ခံမယ့်ဘက်ကနေ ဝင်ပင်းပြီး တစ်ဖက်ကို စစ်ရေးနဲ့အပြုတ်တိုက်တတ်ပါတယ်။ ပြီးတော့မှ သူတင်ချင်သူကို ခေါင်းဆောင်အဖြစ်ထားပြီး အဖွဲ့အစည်းတခုလုံးကို ချယ်လှယ်တော့တာပါပဲ။ အဲဒီအတိုင်းဖြစ်ခဲ့ရပြီး စစ်အုပ်စုရဲ့ ကိုယ့်လက်ကိုယ့်ခြေဖြစ်သွားခဲ့တဲ့ အဖွဲ့အစည်းကတော့ ဒီကနေ့ ကိုးကန့်အဖွဲ့လို့သိနေကြတဲ့ ဖုန်ကြာရှင်း ဖုန်ကြာဖူးညီနောင်ဦးဆောင်တဲ့ MNDAA  ခေါ် မြန်မာပြည်အမျိုးသားညီညွတ်ရေးတပ်မတော်ပဲဖြစ်ပါတယ်။
နောက်တစ်ပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment