Wednesday, September 26, 2012

ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ-၂ (မျိုးမြင့်ချို)

0 comments

ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ-၂ (မျိုးမြင့်ချို) ခုနှစ်ဧပြီလလယ်လောက်မှာ ကျနော့်ဆီကို အင်ဒီယားနားပြည်နယ်အစိုးရရဲ့ ဒုက္ခသည်နေရာချထားရေးရုံးက အီးမေးလ်ရောက်လာပါတယ်။ စာထဲမှာ ဒုက္ခသည်များပြန်လည်နေရာချထားရေးရုံး (Office of Refugee Resettlement-ORR) က နှစ်စဉ်ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာနှီးနှောဖလှယ်ပွဲ (2011 National Refugee Consultation, Sponsored by ORR) ကိုသြဂုတ်လ (၁-၂) မှာ ၂ ရက်ကျင်းပရန်ရှိကြောင်းနဲ့တက်နိုင်မလားလို့ မေးပါတယ်။ အမှန်အတိုင်းပြောရရင် ကျနော်က Refugee Status နဲ့ ဒီကိုရောက်လာပြီး လိုအပ်ချက်ရှိနေတဲ့ဗမာပြည်သားတွေကို နိုင်သလောက်ကူနေတာမှန်ပေမယ့် အဲဒီရုံးနဲ့ တိုက်ရိုက်အဆက်အစပ်မရှိလှတော့  ORR အကြောင်း တယ်မသိလှပါဘူး။ ခု မေးလာတော့မှ National Refugee Consultation ဆိုတာဘာလဲ သိရတာပါ။
ဒီ့မတိုင်ခင် ဖေဖော်ဝါရီ (၂ဝ၁ဝ) ထဲမှာ  ပြည်နယ်အုပ်ချုပ်ရေးမှူး Mitchell E. Daniels Jr., Governor State of Indiana  ရုံးနဲ့ ပြည်နယ်အစိုးရဒုက္ခသည်ဆိုင်ရာတာဝန်ခံဆီက စာတစောင်လက်ခံဖူးပါတယ်။ စာက ကျနော် ဒီရောက်လာပြီးကထဲက ဒုက္ခသည်တွေအရေးဆောင်ရွက်နေတာတွေကို သိမှတ်ပြုဂုဏ်ယူကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ ဒီလိုစာမျိုးရဖို့ဆိုတာ သိတ်အခက်ကြီးမှမဟုတ်တော့ကာ ကျနော်လည်း ဒီလိုပဲထားလိုက်တာပေါ့လေ။ နောက်တော့မှ သိရတာက အဲ့ စာနဲ့ ခုဖိတ်ကြားမှုနဲ့ဆိုင်တယ် ဆိုတာပါပဲ။ နောက်တော့ Local Resettlement Agencies ကလည်းမေးလာပါတယ်။ သွားတက်နိုင်မလားပေါ့။ ကျနော့်လည်း တက်ချင်စိတ်ရှိတယ်၊ အခြေအနေကလည်းပေးလာတယ်၊ ဒါနဲ့တက်မယ်ပြောပြီး လက်ခံလိုက်တယ်ဆိုပါတော့ဗျာ။

အဲဒါအပြီး တပတ်လောက်အကြာမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကနေ အီးမေးလ် တစောင်ဝင်လာပါတယ်။ စာမှာပါတာက ဒီနှစ်(၂ဝ၁၁) ဟာ UNHCR ဖွဲ့စည်းတည်ထောင်ခြင်းပဋိဉာဉ်စာချုပ်ကို ဂျနီဗာမှာ အတည်ပြုခဲ့တာ နှစ်(၆ဝ) ပြည့်တဲ့နှစ်ပဲ..တဲ့။ ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ သြဂုတ်လ (၃-၄) ၂ ရက်ကို ဝေါ်ရှင်တန်(ဒီစီ)မှာ အခန်းအနားကြီးတခုကျင်းပမယ်..တဲ့။ အဲဒီကို ကမ္ဘာ့နိုင်ငံစုံကနေ အမေရိကားကို ဒုက္ခသည်အနေအထားနဲ့ရောက်လာသူတွေထဲက တစ်ပြည်နယ်တစ်ယောက်နှုန်းနဲ့ လူ(၅ဝ)ကို ကိုယ်စားလှယ်အဖြစ် ဖိတ်မယ်..တဲ့။ နောက်ပြီး အထူးဖိတ်ကြားသူ (၁ဝ)ဦးလည်းပါမယ်..တဲ့။ ဒါမှ နှစ်(၆ဝ) လူ (၆ဝ) အခန်းအနားဖြစ်အောင်.. တဲ့။ ကျနော့်ကို အင်ဒီယားနားကို ကိုယ်စားပြုတဲ့ ပြည်နယ်ကိုယ်စားလှယ်အနေနဲ့ တက်နိုင်မလား..တဲ့။ ကျနော် အတော်ဝမ်းသာမိတာပါပဲ။ ဒါနဲ့ (၂)ခုစလုံးကို လက်ခံလိုက်ပြီး တက်မယ်လို့အကြောင်းပြန်လိုက်ပါတယ်။ ရက်ကလည်း (၄)ရက် ဆက်တိုက်ဆိုတော့ ဟိုတစ်ဘက်ကလည်း တစ်ယောက်တည်းနဲ့ ကိစ္စ (၂)ခုလုံး ပြတ်စေချင်ပုံရပါတယ်။ (၂)ယောက်ဆိုရင် စရိတ်စခက (၂)ပြန် ကုန်မှာလည်း တွက်ပုံရပါတယ်။ ဒီလိုနဲ့ ဝေါ်ရှင်တန်သွားဖို့ အထုတ်ပြင်ပါတယ်။

ပထမတော့ ORR ကိစ္စတစ်ခုထဲပါ။ ခုတော့ ORR ရဲ့ 2011 National Refugee Consultation ရော UNHCR နှစ် (၆ဝ) အခန်းအနားရောဆိုတော့ ကြိုပြင်ရတာနည်းနည်းများပါတယ်။ ဟိုကျရင် ဘာတွေပြောမလဲ၊ ဘာတွေဆွေးနွေးမလဲ၊ ဘယ်ပုံစံနဲ့တင်ပြရမလဲ၊ ဒီမှာ ကိုယ်နေတဲ့ပြည်နယ်ကို ကိုယ်စားပြုရုံသက်သက်လား၊ ကိုယ်လာခဲ့ရာတိုင်းပြည်ကို ကိုယ်စားပြုရမှာလား၊ ဒီပြည်နယ်က ကိုယ့်တတိုင်းပြည်ထဲသားတွေကိုပဲ ကိုယ်စားပြုရမှာလား၊ နိုင်ငံစုံကရောက်နေတဲ့သူတွေကိုလား စသည်ဖြင့်လေ။ ပြီးတော့ (၄)ရက် ဆက်တိုက်တက်ရမှာဆိုတော့ နည်းနည်းပင်ပမ်းမှာပဲလို့လည်း ကြိုတွေးထားခဲ့ပါတယ်။ ပြောရရင် ORR နှီးနှောပွဲအခြေခံက ဒီကို ဒုက္ခသည်အနေအထားနဲ့ရောက်ပြီးသူတွေအရေးကို ဗဟိုပြုတာဖြစ်ပြီး UNHCR ကိစ္စကတော့ ဒီကို ရောက်မလာသေးတဲ့သူတွေနဲ့ UNHCR ကြီးတစ်စုံလုံးရဲ့ အရေးအရာတွေအပေါ် ဦးတည်တာဖြစ်ပါတယ်။ ဆိုတော့ Refugees outside and Inside of USA လိုဖြစ်နေတာပေါ့ဗျာ။

တခြားပြည်နယ်တွေက တက်လာမယ့်ကိုယ်စားလှယ်တွေနဲ့လည်း ဖုံး၊ အီးမေးလ်စတာတွေဖလှယ်ကြ၊ မိတ်ဆက်ကြ၊ ဟိုမှာ သူပြောမှာကိုယ်ပြောမှာတွေ ပြောကြ၊ ဟိုကသက်ဆိုင်သူတွေကလည်း အသေးစိတ်အစဉ်တွေချပြကြ၊ ကြိုတင်ပြင်တဆင်ကြနဲ့ အဲဒီ တလလောက်မှာ အတော်လေးအလုပ်များနေခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ဗီဒီယိုကွန်ဖရင့်စ်လေးတွေလုပ်တဲ့အခါလုပ်၊ ဂရုပ်ပုံစံနဲ့လုပ်ထားတဲ့ ချက်တင်န်းရွမ်းတွေထဲဝင်တဲ့အခါဝင် ပြောကြဆိုကြပေါ့လေ။ အားလုံး အင်္ဂလိပ်စကားပဲပြောကြတာပါ။ စကားလုံးအခက်ကြီးတွေမသုံးကြပဲ သာမန်နေ့စဉ်သုံး နားလည်လွယ်မယ့်ဝေါဟာရတွေပဲ လူတိုင်းက ရွေးသုံးကြတာပါ။ ဒါ့ကြောင့်မို့ ထင်ပါတယ်..အဲဒါတွေမှာ ပြောရကြားရတာတွေက ဒီလောက် ခက်လှတယ်မထင်မိပါဘူး။ ဒါပေမယ့် ဖုံးပေါ်ပြောကြတဲ့အခါတော့ နားမလည်လို့ Sorry တို့, Please, again, တို့ ခဏခဏလုပ်ရတာတော့ တစ်ဖက်သားကို အားနာစရာပါပဲ။ ဒါပေမယ့် အဲသလိုဖြစ်တာက ကိုယ်တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူး။ အားလုံးပဲ။ လူတွေက အစုံကိုး၊ နိုင်ငံစုံကိုး၊ ကိုယ့်မိခင် ဘာသာစကားရဲ့ လေယူလေသိမ်းနဲ့အသံထွက်တွေက အင်္ဂလိပ်လိုတွေအပေါ် လာထင်တာကိုး။ မိခင်စကားရဲ့အသံထွက်နဲ့ (အမေရိကန်ပြော) အင်္ဂလိပ်နဲ့ တည့်တည့်တိုးနေကြတာလေ။ ဒီလိုနဲ့ ကြိုးစားပမ်းစားလည်းပြောကြ၊ ကြိုးစားပမ်းစားလည်းနားထောင်ရမို့ ပျော်စရာလည်းကောင်းပြီး ရီစရာမောစရာလည်းဖြစ်နေတာပေါ့။ ဒါပေမယ့် အဲဒီအချိန်မှာ စိတ်ထဲကို အတွေးတခုက မပြတ်ဝင်ဝင်နေတယ်လေ။ အင်္ဂလိပ်စကားကို ခုထက်ပိုကျင်လည်ရင် ခုလောက်ပင်ပမ်းမှာမဟုတ်ဘူးလို့ ဆိုတာပါ။ အဲဒီအတွေးကပဲ စေ့ဆော်မှုဖြစ်လာပြီး အင်္ဂလိပ်စာလည်း ပိုလုပ်ဖြစ်သွားတယ်လို့ ဆိုရမယ်ထင်ပါတယ်။

ဒီလိုနဲ့ ကျနော်တို့တတွေ သက်ဆိုင်ရာပြည်နယ်တွေကနေထွက်ပြီး ဝေါ်ရှင်တန်မှာဆုံရမယ့်ရက်က ရောက်လာပါပြီ။ ဟိုကျရင် တတ်နိုင်သမျှ ချွေတာရေးလုပ်ကြဖို့ သက်ဆိုင်ရာတွေကလည်း တိုက်တွန်းတာမို့ အချင်းချင်းတွေ ညှိကြပါတယ်။ နေ့စဉ်အသုံးစားရိတ်က အကန့်အသတ်နဲ့ ကွက်တိဖြစ်အောင်သုံးမှ ဖြစ်မှာကိုး။ ပိုသုံးမိရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်လို့ပဲ ပြောရမယ်ထင်တာပါရဲ့။ ဒါနဲ့ ဘယ်သူ့လေယဉ်က ဘယ်အချိန် ဘယ်လေဆိပ်မို့ ဘယ်လေဆိပ်မှာ ဘယ်သူနဲ့ဘယ်သူတော့ဆုံမှာပဲ။ တစ်ပြိုင်တည်းဆိုက်မှာတွေနဲ့ နာရီဝက်တနာရီ ရှေ့ဆင့်နောက်ဆင့်ရောက်မယ့်သူတွေ တယောက်ကိုတယောက်စောင့်ပြီး တက္ကစီတစီးတည်းအတူစီးပြီး ဟော်တယ်လ်ကိုသွားဖို့လည်း လုပ်ရပါသေးတယ်။ ဝေါ်ရှင်တန်မြို့ကြီးသားတွေက မြေအောက်ရထားတို့ လိုင်းကားတို့အစီးများပေမယ့် ကျနော်တို့လို တောသားတွေအတွက်ကျတော့ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်က ဘယ်လောက်လွယ်အောင်လုပ်ထားထား ခက်တာပါပဲ။ တောသားဆိုတော့ လူကြောက်တာလည်းပါမှာပေါ့နော။ ဒါပေမယ့် ဗမာတွေပြောသလို (တောသားရဲဆွဲထုတ်)တွေလည်း ကျနော်တို့ (၆ဝ)ထဲမှာ ပါတယ်ဗျ။ အဲဒီလူတွေလုပ်ပုံကြောင့် ရီလည်းရီရ၊ ရင်တမမဖြစ်ရတာတွေလည်း ရှိသေးတယ်။ နောက်ပိုင်းမှာ ပြောပါ့မယ် ဒီလူတွေအကြောင်း။ ကျနော်ကမှ ဝေါ်ရှင်တန်ကို ဒီ့အရင်က  (၃)ခေါက်ကြီးတောင် ရောက်ဖူးထားသေး။ တချို့ဆို ဒါ ပထမဆုံးအကြိမ်။ ကျနော်လည်း ရောက်တာကရောက်တာပါပဲ၊ ကြောက်တာကကြောက်တာပါပဲ။ ပိုဆိုးတာက ဒီတခေါက်မှာ အဖော်မပါတော့ ဖုန်းမောင်တယောက်တည်း။ ဂျိုင်းထောက်ကြီး တကားကားနဲ့။
မျိုးမြင့်ချို(စက်တင်ဘာ ၂၆-၂ဝ၁၂)

0 comments:

Post a Comment