Thursday, September 27, 2012

ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ-၃ (မျိုးမြင့်ချို)

0 comments
ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ-၃ (မျိုးမြင့်ချို)

ဂျိုင်းထောက်နဲ့ပဲသွားမှာမို့ လေယဉ်လက်မှတ်ဖြတ်တုန်းက လေဆိပ်တိုင်းမှာ ဘီးတပ်ကုလားထိုင်စီစဉ်ပေးဖို့ တပါတည်းမှာထားပါတယ်။ မမှာမိလို့ကတော့ ကျနော့်အတွက် (သေပြီဆရာ)လို့ပဲပြောရမလိုပါ။ ပြောရဦးမယ် တခါတုန်းကဖြစ်ပုံများ။ နူးယော့ခ်ကိုသွားတဲ့တကြိမ်မှာ လေယဉ်လက်မှတ်ဖြတ်တော့ ဘီးတပ်ကုလားထိုင်မမှာမိဘူး။ နောက်ပြီး ဒီလေယဉ်ကဆင်းပြီး ဟိုလေယဉ်တက်ရမယ့်ကြားကအချိန်ကိုလည်း အမှတ်ကမှားသွားတယ်။ မှားတယ်ဆိုတာက နာရီပြောင်းတာကို သတိမထားမိတာလည်းပါပါတယ်။ အမေရိကန်က နိုင်ငံကြီးကျယ်တော့ အချိန်ဇုံတွေခွဲထားရပါတယ်။ လေယဉ်စီးတော့ အဲဒီအချိန်ဇုံတွေဖြတ်ရင်း လေထဲတင်နာရီတွေပြောင်း၊ အချိန်တွေပျောက်သွားတာမျိုးပေါ့။ ဥပမာ ရှီဂါးကိုးနဲ့ကျနော်တို့ဆီက တနာရီကွာတယ်။ ဒီက (၇) နာရီ ထွက်မယ်၊ လေထဲမှာလည်း တနာရီကြာမယ်ဆိုပါတော့။ ဟိုရောက်ရင် (၈) နာရီဖြစ်ရမှာပေါ့။ မဖြစ်ဘူး။ (၇) နာရီပဲ။ လက်ကိုင်ဖုံးကတော့ အချိန်ကိုသူ့ဘာသာလိုက်ပြောင်းပေးပေမယ့် လက်ပတ်နာရီရိုးရိုးက အချိန်လိုက်မပြောင်းပေးဘူးလေနော။ လက်ကိုင်ဖုံးကနာရီကိုမကြည့်ပဲ လက်ကနာရီကိုပဲကြည့်မိတာကလည်း ကျနော့်အမှား။ ရှီဂါးကိုးရောက်တော့ ပြောင်းစီးရမယ့်လေယဉ်အမှတ်နဲ့ ဂိတ်ကိုလည်းသိတယ်။ အဲဒီကို မသွားသေးပဲ (အေးဆေးပါအချိန်ရသေးတယ်)ဆိုပြီး ကော်ဖီတခွက်နဲ့ဆေးလိပ်သောက်ခန်းမှာနှပ်နေတုန်း ဘေးစုံတွဲကအထုတ်ပြင်ရင်း ကျနော့်ကို (မသွားသေးဘူးလား)ဆိုမှ (ဘယ်လဲ)ဆိုတော့ (တို့အတူစီးရမယ့်လေယဉ်ပေါ် တက်ချိန် Boarding Time ရောက်တော့မယ်လေ) တဲ့။ အဲတော့မှ လေဆိပ်ကနာရီကြည့်ပြီး ဟာကနဲ ဖြစ်သွားတာဗျ။ ဒါနဲ့ကမန်းကတမ်း သူတို့ကို (ငါ့လည်း ကူကြပါဦးဟ) ဆိုပြီး ဂျိုင်းထောက်ကြီးတကားကားနဲ့ လူလည်းတလွှားလွှားပေါ့၊ လေဆိပ်ထဲမှာ။ မပြေးရုံတမယ်ပေါ့။ ပြေးလို့မှလည်းမရတာလေနော။ လူတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့။ တချို့က ပြုံးစိစိ။ ရှက်လည်းရှက်ပါရဲ့။ မတတ်နိုင်ဘူးလေ လေယဉ်လွတ်သွားမှပြဿနာ။ ဘီးတပ်ကုလားထိုင် ကြိုမှာထားရင်တော့ အဲသလိုမဖြစ်ဘူးပေါ့လေ။ ဒီလေယဉ်ကဆင်း ဟိုလေယဉ်တက်ရမယ့်အချိန်က သိတ်နီးနေပြီး၊ လေဆိပ်ကသိတ်ကြီးနေရင်တောင် ကိစ္စမရှိဘူးဗျ။ တွန်းတဲ့လူက သိပါတယ်။ အချိန်မီအောင် သွက်သွက်လေးတွန်းပေးကြပါတယ်။ လက်ဘက်ရည်ဖိုးလည်း မတောင်းပါဘူး။ (ကော်ဖီသမားတွေမို့ ထင်ပါရဲ့ဗျာ) ပေးလည်း မပေးရပါဘူး။ ကိုယ်ကပေးချင်လို့ပေးတယ်ဆိုတောင် တစ်ချို့ကငြင်းတယ်။ မယူပါရစေနဲ့..တဲ့။ ထားပါတော့လေ။ ဒါနဲ့ ကျနော်လည်း ကျောပိုးအိပ်တလုံး၊ ဂျိုင်းထောက်တစုံနဲ့ ဝေါ်ရှင်တန်ကို တစ်ကိုယ်တော်ချီတက်တော့တာပါပဲ။ ကြေးမုံဦးသောင်း (အောင်ဗလအမည်နဲ့ရေးတဲ့) ဝေါ်ရှင်တန်သို့ဆိုတဲ့ စာအုပ်တောင်ပြန်အမှတ်ရစရာပါ။ စာအုပ်မျက်နှာဖုံးမှာ ပခုံးနှစ်ဘက်ကနေ အတောင်ပံလေးတွေပေါက်နေပြီး လေထဲပျံနေတဲ့ အောင်ဗလ၊ အောက်က မိုးထိတိုက်ကြီးတွေနဲ့တိမ်တွေ။ သူက မျက်မှန်လေးနဲ့၊ လည်ပင်းမှာကင်မရာလေးချိတ်လို့၊ ခေါင်းပေါင်းကပေါင်းထားသေး၊ လက်မှာလည်းစာရွက်လိပ်ကလေး ပါတယ်ထင်တယ်။

ရှီဂါးကိုးမှာလေယဉ်ပြောင်းရပါတယ်။ အဆင်ပြေပါတယ်။ ဝေါ်ရှင်တန်(ဒီစီ)ကျတော့ ရော်နယ်လ်ရေဂင်လေဆိပ်မှာ ဆင်းရတယ်ဗျာ။ လေယဉ်မဆင်းခင် ကောင်းကင်ကနေအောက်ကမြင်ကွင်းတွေကို ကြည့်ရတာလည်းအရသာတစ်မျိုးနော။ ဝေါ်ရှင်တန်(ဒီစီ)မှာ ပထမဆုံးသမ္မတကြီးကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့စိုက်ထူထားတဲ့ Washington Monument ဆိုတဲ့ ကျောက်တိုင်ကြီးရှိတယ်ဗျ။ အမြင့်က 555 feet 518 inches (169.294 m) မြင့်ပြီး ကွန်ဂရက်စ်အဆောက်အဦးကြီးနဲ့ မျက်နှာချင်းဆိုင်ထူထားတာပါ။ ထားပါတော့ အဲဒါကြီးတွေအကြောင်း နောက် လက်သင့်တဲ့အခါ ပြောကြတာပေါ့။ ခုပြောမှာက နူးယော့ခ်၊ ရှီဂါးကိုးစတဲ့မြို့ကြီးတွေမှာလို မိုးထိတိုက်ကြီးတွေ ဝေါ်ရှင်တန်(ဒီစီ)မှာမရှိတာပဲဗျ။ တခြားမြို့ကြီးတွေမှာတော့ဗျာ မြို့လည်ကောင်မှာ မိုးထိတိုက်ကြီးတွေက မိုးတိုးမတ်တပ်ကြီးတွေနဲ့ ထိုးထိုးထောင်ထောင်ကြီးတွေ။ အဲဒါကြီးတွေကြားများ လူက ဝင်သွားလို့ကတော့(သြော်..လူဆိုတာ ဘာမှမဟုတ်တဲ့ အကောင်သေးသေးလေးပါလားဆိုတဲ့ အားငယ်စိတ် ခံစားမှုနဲ့အတူ အဲဒီ အကောင်လေးကပဲ အဲဒါကြီးတွေကိုဆောက်တာပေါ့ကွ) ဆိုပြီး မာန်တက်တဲ့စိတ် နှစ်ခုလုံးရတတ်တယ်ဗျ။ တချို့ပြောတာကတော့ ဝေါ်ရှင်တန်(ဒီစီ) အုပ်ချုပ်ရေးအဖွဲ့က ခုနပြောတဲ့ (အထိမ်းအမှတ်ကျောက်တိုင်ကြီးထက်မြင့်ပြီး ဘယ်အဆောက်အဦးမှမဆောက်ရ) လို့ အမိန့်ရှိထားလို့ လို့ပြောကြပါတယ်။ ဟုတ်မယ်ထင်တယ်။ တမြို့လုံး အဲဒီကျောက်တိုင်ကြီးက အမြင့်ဆုံးလို့ထင်ရပါတယ်။

 

လေယဉ်ကဆင်း၊ ဘီးတပ်ကုလားထိုင်လေးပေါ် အငြိမ့်သားထိုင်၊ အောက်ထပ်ကိုဆင်း၊ အပြင်ထွက်ရမယ့်အခန်းကျယ်ကြီးထဲလည်းရောက်ရော မိန်းမငယ်လေးတစ်ယောက် ကျနော့်နားပြေးချလာပြီး (ဟေး…ဒီမှာ..ဒီမှာ..မယိုး မယိုး၊ ရောက်လာပြီဟေ့) ဆိုပြီး ဘေးကနေ တခြားသူတွေကိုလှမ်းအော်တော့တာပါပဲ။ သူက ဖာတူးမာအယ်လ်မီဆိုတဲ့ ကောင်မလေး။ ခေါင်းမှာလည်း ပုဝါလေးခြုံထားရဲ့။ (ဆိုမားလီယားသူ-ဆေးရုံအုပ်ချုပ်/စီမံခန့်ခွဲသူ)မင်နီဆိုးတားပြည်နယ်က ကိုယ်စားလှယ်။ အထူးဖိတ်ကြားခံရတဲ့ (၁ဝ) ဦးထဲက တစ်ဦး။  ဘီးတပ်ကုလားထိုင်ကို တွန်းလာသူလက်ထဲကနေယူတွန်းရင်း (မယိုး လမ်းခရီးအဆင်ပြေရဲ့လား) လို့မေးတယ်။ ကျနော်လည်း ပြေကြာင်း ဘာညာပြော သူ့ကိုလည်းနှုတ်ဆက်၊ ကျန်သူတွေလည်း နှုတ်ဆက်ရတာပေါ့လေ။ ကျနော် အသက်အကြီးဆုံးလို့ ထင်ရပါတယ်။ ကျနော့်ကိုလည်း ဒုက္ခိတဖြစ်နေတာရယ် အသက်ကြီးတာရယ်ကြောင့်ထင်ပါတယ် အားလုံးကခင်ခင်မင်မင်လေးလေးစားစားနဲ့ အနားလာပြီး နှုတ်ဆက်ကြ မိတ်ဆက်ကြပါတယ်။ လက်ဆွဲနှုတ်ဆက်တော့ ထုံးစံအတိုင်း ကျနော်က ဘယ်လက်ပဲရှိတော့ဘယ်လက်နဲ့ပဲ နှုတ်ဆက်ရတာပေါ့လေ။ ဒါကို သိတ်ဘဝင်ကျပုံမရတဲ့ (အီရတ်သား-အင်ဂျင်နီယာ) တင်နက်ဆီပြည်နယ်ကိုယ်စားလှယ် ဟိုင်းဒါအယ်လ်မောင်မိုရီ တစ်ယောက်ကတော့ တံတောင်ဆစ်အောက်ကစပြီး ပြတ်နေတဲ့ကျနော့်ညာလက် ငုံးတိုတိုလေးကို သူ့ရင်ဘတ်ထဲဆွဲကပ်ပြီး (တွေ့ရတာဝမ်းသာတယ် မျိုးရေ၊ ဒါပေမယ့် မင်းကိုမြင်ရတာ ငါ့စိတ်ထဲတစ်မျိုးပဲ၊ စိတ်မကောင်းဘူးကွာ) လို့ပြောရင်း သူ့မျက်နှာကို တစ်ဘက်လှည့်လိုက်တယ်။ တော်တော်နဲ့ပြန်လည်မလာဘူး၊ ပြန်လည်းလည်လာရော သူ့မျက်လုံးတွေမှာ မျက်ရည်တွေဝဲလို့၊ နှုပ်ခမ်းတွေလည်း တဆတ်ဆတ်တုန်လို့၊ ကျနော့်လက်ငုံးတိတိကို ရင်ဘတ်ထဲကနေပြန်ထုတ်၊ အပေါ်ကိုမြှောက်၊ သူ့ပါးနဲ့ကပ်ထားလိုက်ပြီး သူ့ဘာသာစကားနဲ့ဆုတောင်းပေးတယ်၊ အဓိပ္ပါယ်မသိပေမယ့် ကျနော့်ကို (ဘုရားသခင်စောင့်ရှောက်ပါစေ) စတာမျိုးဖြစ်မှာတော့ သေချာပါတယ်။ သူ့အပြုအမူကြောင့် စောစောကဆူနေတဲ့လူအုပ်လည်း မင်သက်မိသွားတယ်ထင်ပါရဲ့။ တိတ်သွားတယ်။ ကျနော်လည်း စိတ်ထဲမကောင်းဖြစ်မိတယ်။ ဒါနဲ့ ချက်ခြင်းပဲ ကျနော်က (အေးဟေ့..အားလုံးပဲ၊ တွေ့ရတာဝမ်းသာစရာပါ၊ ဒါနဲ့ လူက အယောက်(၂ဝ) ကြီးပါလားဟ၊ ဘယ်လိုတုန်း၊ များလှချည်လား၊ ဘယ်လိုသွားကြမယ်များ စီစဉ်တားတုန်းပြောပြပါဦး) ဘာညာလုပ်ပြီးလူအုပ်ကို ပြန်အသက်သွင်းရတာပေါ့လေ။ ကျနော့်စကား ဆုံးဆုံးခြင်းပဲ ဝစ္စကွန်ဆင်န်ပြည်နယ်ကိုယ်စားလှယ် (လာအိုအမျိုးသမီး-ဝစ္စကွန်ဆင်န်တက္ကသိုလ်လူမှုလုပ်သား) မိုင်ဇောင်ဗူးက (အေး..တို့လည်း ပထမတော့ တက္ကစီနဲ့အသုတ်လိုက် သွားကြမလို့ပဲ၊ နောက်တော့ အချိန်သိတ်မခြားပဲရောက်တဲ့လူက အယောက် (၂ဝ)လောက်ဆိုတော့ မထူးဘူးလေ စောင့်လက်စနဲ့ဆက်စောင့်နေတာပေါ့၊ ဘစ် Bus လို လေဆိပ်လွန်းပျံကားကြီး ငှားပြီးသွားကြတာပေါ့၊ တက္ကစီခထက်သက်သာမယ်၊ ပြီးတော့ လူချင်းလည်းမျက်နှာချင်းဆိုင်တွေ့ပြီး မိတ်ဆက်ရင်း စကားပြောရင်း ပျော်ပျော်ပါးပါးသွားကြရတာပေါ့)တဲ့။ သူတို့စိတ်ကူးကောင်းတဲ့အကြောင်းပြောပြီး ကျနော်လည်း တခြားသူတွေကို နည်းနည်းအကဲခတ်ရပါတယ်။ သူတို့လည်း ကျနော့်လိုပါပဲ။ တချို့ကတော့ မသိမသာ။ တချို့ကတော့ သိသိသာသာပေါ့လေနော။ ဒါပေမယ့် သိတ်တော့လည်း တစိမ်းပြင်ပြင်ကြီးတွေလို့ဖြစ်မနေကြပါဘူး။ ငယ်ရွယ်သူတွေအများစု ဖြစ်နေကြတာရယ်နဲ့ အွန်လိုင်းမှာရုပ်မြင်ဖူး၊ အသံကြားဖူးတွေဆိုတော့ လူရင်းတွေလိုမှတ်မိနေကြပါတယ်။ ကျနော့်ကိုတော့ ပိုမှတ်မိကြတယ်ထင်ပါတယ်။ ဂျိုင်းထောက်ကြီးနဲ့ကိုး။ လူခြင်းတခါမြင်ဖူးရုံနဲ့ ကျနော်ကသာမမှတ်မိရင်ရှိမယ်၊ ကျနော့်တော့ မှတ်မိတတ်ကြတယ်မို့လား။

(ဆက်ရေးပါဦးမယ်)

မျိုးမြင့်ချို(စက်တင်ဘာ ၂၇/၂ဝ၁၂)

0 comments:

Post a Comment