Sunday, September 30, 2012

ဖို့ဝိန်းမြို့ကအင်တာနေရှင်နယ်လ်ဘလတ်စ် (မျိုးမြင့်ချို)

0 comments
ဖို့ဝိန်းမြို့ကအင်တာနေရှင်နယ်လ်ဘလတ်စ် (မျိုးမြင့်ချို)

ဒီနေ့ စက်တင်ဘာ ၂၉ ရက်၊ ဖို့ဝိန်းမြို့လည်ကောင် ဝိန်းနဲ့ကယ်လဟွန်း လမ်း (၂) ခုကြားမှာ International Blast လို့ဆိုတဲ့ ပွဲတော် အငယ်စားလေးတစ်ခုလုပ်တဲ့ရက်ပဲဗျို့။ ဒီနေ့လိုနေ့မျိုးက ခင်ဗျား မြို့ထဲသွားစရာရှိလို့ကတော့ တွေ့တဲ့ဘစ်ကားတက်သာစီး အလကားဗျာ။ ပိုက်ဆံမပေးရဘူး တနေကုန်ပဲ။ ပွဲခင်းထဲမှာ အစားအသောက်လည်း အတော်လေးစုံတယ် ပြောရမယ်ထင်တာပဲ။ ဗမာစာထဲက စမူဆာနဲ့ ကော်ပြန့်လိပ်တောင်ရသေး။ ပွဲခင်းကအပြန်လမ်းမှာ (ဗမာပြည်သား (၆)ထောင်လောက်နေတဲ့မြို့လေးမှာလုပ်တဲ့ပွဲကို ဗမာမိသားစု ခြောက်ဆယ်လောက်လာရင် ဘယ်လောက်ကောင်းမလဲ) လို့တွေးမိပါတယ်။

ကျနော်တို့ဇနီးမောင်နှံက Catholic Charitie(Refugee Resettlement) အေဂျင်စီအတွက်ယူထားတဲ့ စားပွဲမှာ အေဂျင်စီနဲ့ဆိုင်တဲ့အချက်အလက်တွေ၊ အင်ဖော်မေးရှင်းတွေ၊ မှတ်တမ်းမှတ်ရာတွေကို ပွဲတော်လာသူတွေကို ရှင်းပြပြောပြ၊ သကြားလုံးချိုချဉ်၊ ဘောလ်ပင်၊ မှတ်စုစာအုပ်၊ သော့ချိတ်စတာလေးတွေအပြင်  အတိုအထွာပစ္စည်းလေးတွေလည်း အခမဲ့ဝေငှတာပေါ့ဗျာ။ အင်တာနေရှင်နယ်လ်ဆိုတဲ့အတိုင်း ကိုယ့်ယဉ်ကျေးမှုသူများသိအောင်  အခင်းအကျင်းလည်းလုပ်တာကိုး။ ဘယ်ရမလဲ ကျနော်တို့လည်းအားကျမခံပေါ့။ ကက်သလစ်ချာရတီးစ်ကဝန်ထမ်း (ချင်းအမျိုသား) ကိုထောင်ပိတို့မောင်နှံက ချင်းရိုးရာအဝတ်အစားလေးတွေ၊ ခြုံထည်ပုဝါလေးတွေအပြင် ချင်းတိုင်းရင်းသားတွေအကြောင်း အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်( ၂) အုပ်ယူလာတယ်ဗျ။ ဒါ့အပြင် သူငယ်တန်းကနေ (၁ဝ) တန်းအထိ မြန်မာစာဖတ်စာအုပ်လေးတွေပါ ယူလာသေးဗျား။ ဒီက ကျောင်းစာအုပ်တွေနဲ့ အဆင်အပြင်မှာတော့ မယှဉ်သာဘူးပေါ့ဗျာ။ ဒါပေမယ့် (ဒါ ဗမာစာလေ..ဒါ ဘယ်နှတန်းစာအုပ်ပေါ့..ဒါက ကကြီး၊ ဒါက ခခွေး၊ ဒါက ဂငယ်) ဘာညာနဲ့ အမေရိကန်တွေကို ရှင်းပြခွင့်ပြောပြခွင့်ရတာတော့ မော်စရာလေးပေါ့လေ။ ကျနော့်ဇနီးက သနပ်ခါး၊ ကျောက်ပျဉ်၊ ဆင်ကနေပုံရွှေချည်ထိုးကား၊ ပုဂံရှုခင်းရေဆေးပန်းချီကားတချပ်၊ အိန္ဒိယဆီဆေးပန်းချီကားတစ်ချပ်နဲ့ ကချင်လွယ်အိပ်လေးတွေ ယူလာတယ်ဗျ။
အံမယ် သူက ထမီတောင် ဝတ်လိုက်သေး။

ကျနော်ကတော့ ထိုင်းနယ်စပ်ဒုက္ခသည်စခန်းကနေပါလာခဲ့တဲ့ အဝတ်အစားထည့်တဲ့ ရောင်စုံအစင်းကြားမြွေရေခွံအိပ်ကြီးရယ် (အိပ်လက်ကိုင်မှာ ကျနော်နံမည်နဲ့ဒုက္ခသည်ဆိုင်ရာ အချက်အလက်တွေရေးပြီး ကြိုးနဲ့တန်းလန်းချိတ်ထားတဲ့ ကဒ်ထူစာရွက်လည်းပါတာပေါ့ ထင်းနေတာပဲ)။ နောက်ပြီး အိုင်အိုအမ်(အိုအမ်အိုင်)လက်ဆွဲ ပလပ်စတစ်အိတ်ဖြူကြီးလည်း ယူသွားပြီးပြတာပေါ့. အမေရိကန်မိတ်ဆွေတွေကို (ငါလာတုန်းက ဒီလိုကွ) ဆိုပြီး သိရအောင်ပေါ့။

ပြီးတော့  Jaqmes Mackay စီစဉ်တဲ့ ABHAYA (အဘယ) (နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လက်ဝါးပေါ်နံမည်ရေးပြီး တောင်းဆိုတဲ့လှုပ်ရှားမှုဓါတ်ပုံစာကြီးအုပ်) ရယ်၊ Alan Clements and Leslie Kean တို့ နှစ်ဦးသားပြုစုတဲ့ (Burma’s Revolution of the Spirit; The Struggle for Democratic Freedom and Dignity) ဆိုတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုသမိုင်းနောက်ခံ ဓါတ်ပုံမှတ်တမ်းစာအုပ်ကြီးရယ်၊ (Richard K. Diran ပြုစုတဲ့ The Vanishing Tribes of Burma) စာအုပ်ကြီးရယ်ယူသွားပြီး ခင်းကျင်းပြတာပေါ့ဗျာ။ ဂျိမ်းစ်မက်ကေးစာအုပ်မျက်နှာဖုံးက ဒေါ်အောင်ဆန်းစုကြည်ပုံမဟုတ်လား။ လက်ဝါးမှာလည်း Soe Min Min လို့ရေးထားတာဆိုတော့ ပွဲလာသူတွေကို အတော်လေးဆွဲဆောင်နိုင်တယ်လို့ ဆိုရမယ်။ အင်္ဂါနေ့ကမှ ဒေါ်စုက ဒီလာသွားတာလည်းဖြစ်နေပြန်တော့ အမေရိကန်တချို့ကြားမှာ ဒေါ်စုအကြောင်းက သွေးနွေးနေတုန်းမဟုတ်လား။ မှတ်မိကြတာပေါ့။ စာအုပ်ကို ကောက်ကောက်ကိုင်ပြီးဗမာပြည်အကြောင်း၊ ဒေါ်စုအကြောင်းတွေ မေးကြတာလည်းမနည်းပါဘူး။ ကျနော်လည်း  မေးသမျှ ဒိုင်ခံရှင်းပြပြောပြပါတယ်။ နောက် Vanishing Tribes of Burma စာအုပ်လည်း အတော်စိတ်ဝင်စားကြတယ်ဗျာ။ စာအုပ်ထဲက ဗမာပြည်ကလူမျိုးစုငယ်တွေကို ဓါတ်ပုံမှတ်တမ်းတွေနဲ့တင်ပြထားတာကိုး။ ဓါတ်ပုံတွေကလည်းဘာကောင်းသလဲမမေးနဲ့လို့တောင် ပြောရလောက်ပါတယ်။ 

သနပ်ခါးနဲ့ကျောက်ပျဉ်ကတော့ ဒီနေ့ပွဲမှာ မျက်နှာပန်းအလှဆုံး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်။ တော်တော့ကိုစိတ်ဝင်စားကြတယ်ဗျ။ ကျနော့်ဇနီးက မေးလာသူတွေကိုရှင်းပြပြောပြတာနဲ့တင် မလုံလောက်တော့ ပွဲခင်းထဲရောက်နေတဲ့ အဘဦးမြစိန်တို့သားအဖတတွေပါ ဝိုင်းကူရှင်းပေးတာဗျို့။ ကိုမင်းမြတ်ကလည်း ဗမာပြည်ကလူမျိုးစုတွေအကြောင်း ဝင်ကူရှင်းပေးတယ်ဗျ။ ကိုသန့်ဇင် (ညိုထက်-လမ်းသစ်ဦး)ရဲ့ အကိုကြီးကဆို ခြေတုတစ်ဘက်နဲ့မတ်တပ်ရပ်ပြီး ကျောက်ပျဉ်နဲ့သနပ်ခါး သွေးတောင်ပြလိုက်သေး။ တချို့အဖြူမတွေကလည်း သွေးပြီးသားလေး အနံ့ရှူကြည့် ပါးပွတ်ကြည့်နဲ့။ နောက်ပိုင်းမှာ အဖြူမတစ်ယောက်က ကျနော့်ကို (ငါ့ဘာသာ သွေးပြီး လိမ်းကြည့်လို့ရမလား) လို့မေးတယ်။ (ရတာပေါ့)လဲဆိုရော မသွေးတတ်သွေးတတ်နဲ့ သွေးသွေးပြီး သနပ်ခါးတွေကို လိမ်းတာဗျာ မျက်နှာကြီးတစ်ခုလုံး ပွထပေကျံနေတာပဲ။ သနပ်ခါးတွေက သူ့နဖူးပေါ်ကဆံပင်တွေနဲ့ ထွေးနေတာဗျ။ လိမ်းရင်းပြောသေးတယ်(ဟား..မွှေးနေတာပဲ)တဲ့။ လိမ်းလည်းပြီးရော မှန်ယူကြည့်ပြီး သူ့ဘာသာသူ ဘာတွေသဘောကျတယ်မပြောတတ်ပါဘူး တဟီးဟီးနဲ့ရီသေးတယ်ဗျာ။ ကျနော့်ကိုလည်း (မဆိုးဘူးနော်) ဆိုတော့ ကျနော်လည်း ဘာပြန်ပြောရမှန်းမသိတာနဲ့ (အင်း..မဆိုးပါဘူး) လို့ပဲပြောလိုက်ပါတယ်။  

မွန်တိုင်းရင်းသူလေးတွေလည်း လာတယ်ဗျ၊ မွန်ဝတ်စုံလေးတွေဝတ်လို့။ မွန်အက ကတာပေါ့ဗျာ။ ဦးဆောင်တဲ့မိန်းကလေးက မကခင်မှာပရိသတ်ကို အင်္ဂလိပ်လိုရှင်းပြပေးတယ်ဗျ။ ဒီအကက ဘာခေါ်ပါတယ်ပေါ့… ဘာကိုသရုပ်ဖော်တာပါပေါ့..ကျနော်လည်း ပွဲတော်လာတွေမေးတာကိုဖြေနေရချိန်မို့ သူပြောနေတာတွေ သိတ်သေသေချာချာမကြားလိုက်သလို ကလေးမလေးတွေကနေတာကို မြင်နေရက်နဲ့ ဓါတ်ပုံရိုက်ခွင့်တောင် မကြုံလိုက်ဘူးဗျာ။ နို့မို့ဆို ဓါတ်ပုံတော့ရမှာပဲ။ 

အဲ..ထူးထူးခြားခြားပြောစရာကတော့ ကျနော့်သူငယ်ချင်း ဇော်ကိုကိုထွဋ် (ခေါ်) ဇော်ကြီး (ကဗျာရေးတဲ့ သစ်ကောင်းအိမ်)တစ်ယောက် ရောက်လာတာပဲဗျ။ ကျနော်ထင်တာတော့ သူ့မိန်းမ ဆွဲခေါ်လာတာနေမှာပါ။ သူ့ဇနီးကလည်း စားပွဲတခုနဲ့ထိုင်တယ်လေ။ ဇော်ကြီးသားက ကျနော်နဲ့ အရပ်တူဖြစ်နေပြီ။ ပွဲတော်လေးလုပ်တဲ့နေရာပတ်လည်ကသစ်ရွက်တွေ အရောင်ပြောင်းစပြုပြီဆိုတော့ သစ်ပင်တွေက ဝါတာတာစိမ်းတိမ်းတိမ်းလေးတွေပေါ့။ အစိမ်းဖျော့သစ်ရွက်လေးတွေနဲ့ အဝါဖျော့သစ်ရွက်လေးတွေနဲ့ အတော့်ကိုကြည့်လှပါတယ်။ ရုတ်တရက်ဓါတ်ပုံထဲမြင်ရင် မသိတဲ့သူအဖို့ ပိတောက်တွေလား ငုတွေလားလို့တောင် ထင်သွားနိုင်ပါတယ်။ ကျနော် မနှစ်က အဲသလိုသစ်ရွက်တွေနဲ့သစ်ပင်လေးတွေ ဓါတ်ပုံရိုက်တင်တော့ ဗမာပြည်ကလူငယ်တချို့က(ဦးမျိုးမြင့်တို့ဆီမှာလည်း ပိတောက်ပင်တွေရှိတယ်နော်) လို့မေးတယ်လေ။ မဟုတ်ကြောင်းပြန်ပြောပြတော့မှ(သြော်) တဲ့။ အဲဒီသစ်ပင်တွေကိုကြည့်ရင်း အဲဒီအကြောင်းလေးသူ့ပြန်ပြောပြတော့ ဇော်ကြီး(သစ်ကောင်းအိမ်က) က (ဟေ့လူရေ...မနေ့ကသတင်းစာထဲမှာ ဒီနှစ် သစ်ရွက်တွေအရောင်ပြောင်းချိန်စောတယ်၊ မြန်တယ်တဲ့ဗျ။ အရောင်ပြောင်းချိန်မကျသေးပဲ ပြောင်းကုန်ကြတာတဲ့ဗျ။ ကျနော်တို့ဆီလည်း လူတွေ အရောင်းပြောင်းချိန်မြန်တယ်ဗျနော်)တဲ့။ ကျနော်က (နိုင်ငံရေးရာသီ ဖေါက်ပြန်သလားမှမသိတာ)လို့ပြောပြီး ကျနော်တို့ ရီဖြစ်မောဖြစ်ကြတယ်လေ။ ကျနော်တို့နှစ်ယောက်ပြောဖြစ်ခဲ့တဲ့အထဲမှာ (လူစိမ်းတွေကြားမှာနေရတာ သက်သောင့်သက်သာပိုရှိတဲ့အကြောင်း) လည်းပါတယ်ဗျ။ (မျိုးမြင့်ချို)

0 comments:

Post a Comment