ပြည်တွင်းအာဘော်ပိုင်းမှာပင်
(၂)ပိုင်းရှိတယ်လို့ ယူဆချင်ပါတယ်။ တစ်ပိုင်းက ဒီချုပ်နဲ့ပါတီစုံနယ်ပယ်က လာတာပါ။ ဒီအစုထဲမှာပင်
ပေါ်လစီကိုပြောနိုင်သူကအများကြီး မရှိပါဘူး။ ကျန်တာတွေက ထမင်းမစား ဟင်းမစားပါ။ ဒီချုပ်အပြင်
စူးစူးရှရှပြောနိုင်တဲ့အခြားပါတီများ မတွေ့မိသေးပါဘူး။ တိုင်းရင်းသားအမျိုးသားပါတီများအနေနဲ့ သူတို့ပြောမှဖြစ်မယ့်ကိစ္စမျိုး၊ ပြဿနာမျိုးကျမှပဲ ပြောကြတယ်။ လျှပ်တစ်ပြက်ဂျာနယ်ကိစ္စကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ မီဒီယာပြဿနာကိုကြည့်ပါ။ လစ်ဘရယ် ဒီမိုကရေစီစနစ်ရဲ့ဝိညာဉ်သုံးပါးထဲမှာ တစ်ပါးဖြစ်တဲ့ လွတ်လပ်စွာသဘောထားအမြင်ထုတ်ဖော်ခွင့်(ဝိညာဉ်)ဟာ
အကျဉ်းစံဘဝကမလွတ်မြောက်နိုင်ဘူး ဖြစ်နေပါတယ်။ ဒီနေရာမှာ သတိပြုမိတဲ့ အချက်နှစ်ချက် ရှိပါတယ်။
ပထမအချက်က မြန်မာ့လူ့အဖွဲ့အစည်းဟာ အခုမှ ပြုပြင်ရေးလမ်းကြောင်းပေါ်တက်ခါစပဲ ရှိပါသေးတယ်။
ရှိသမျှတံခါးတွေအကုန်ဖွင့်ပေးလို့မဖြစ်သေးပါဘူး။ တစ်ခုချင်း ဖြည်းဖြည်းပဲဖွင့်ရမယ်ဆိုတဲ့
လောဂျစ်ပါ။ ဒီလောဂျစ်က မိမိကိုယ်ကိုယ်ရော၊ ပတ်ဝန်းကျင်ကိုရော မယုံကြည်တာပါ။ အပျိုဖော်ဝင်စမိန်းကလေးလို သူ့ပတ်ဝန်းကျင်က ယောင်္ကျားလေးမှန်သမျှ သူ့အပေါ် ဟိုလုပ်နိုး၊ ဒီလုပ်နိုး ထင်နေတာမျိုး
ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် မလုံမလဲဖြစ်တာမျိုး၊ guilty conscious ဖြစ်တာမျိုး မိမိကိုယ်ကိုယ်မိမိမယုံကြည်တာပါ။ ဒုတိယအချက်ကတော့ democratic reform in Burma ဆိုတာဟာ အခြားတိုင်းပြည်များနဲ့
မတူညီနိုင်ပါဘူး။ ကိုယ့်ပုံစံနဲ့ကိုယ် ဖြစ်ရပါမယ်ဆိုတဲ့သဘောထားပါ။ ဒါက Burmese
way to democracy ပါ။ မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီပေါ့။ The Burmese Way to
Socialism မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာရဲ့လှည့်ဖြားမှုအောက်မှာ ၂၆ နှစ်တိုင်တိုင်
တွေ့ကြုံဖြတ်သန်းပြီးတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်းဟာ တိုင်းပြည်ရောလူထုပါ LDC နိုင်ငံ(အဆင်းရဲဆုံးနိုင်ငံ)ဘဝကို ကျရောက်ခဲ့ကြရပြီး ပါပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာရဲ့ (တကယ့်အဓိပ္ပာယ်က)
အစိုးရလက်ဝါးကြီးအုပ်အရင်းရှင်စနစ် ကျင့်သုံးတာပါပဲ။ ဒီမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြည်တွင်းက Legal Marxist များဖြစ်ကြတဲ့ ‘မလညပ’ (မြန်မာနိုင်ငံအလုပ်သမားညီညွတ်ရေးပါတီ
အင်အားစုများ)က ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ နိုင်ငံပြင်ပက ကမ္ဘာ့ဆိုရှယ်လစ်စနစ်ရဲ့မဏ္ဍိုင် နိုင်ငံကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုကလည်း မဆလစစ်အစိုးရကို ထောက်ခံခဲ့ပါတယ်။
မဆလလမ်းစဉ်ကို Non-Capita- list’s Way လို့ အဓိပ္ပာယ်ကောက်ယူပြီး ထောက်ခံခဲ့ကြတာပါ။
အခုအခါမှာတော့ ဆိုဗီယက်လည်းမရှိတော့ပါဘူး။ မလညပ (ဝိဓူရ) လည်း မရှိတော့ပါဘူး။ ‘မဆလပါတီ’လည်း မရှိတော့ပါဘူး။ မဆလဗဟိုနိုင်ငံရေးတက္ကသိုလ်ရဲ့ နည်းပြချုပ်ကြီးကတော့ ‘မဆလ’သမိုင်းစာမျက်နှာပေါ်မှာ မရှိတော့တာကိုတော့ သူနဲ့မဆိုင်သလိုနေပြီး ဟိုလူ့ကိုဝေဖန်၊ ဒီလူ့ကိုဝေဖန်တာမျိုး အရူးဘုံမြှောက်တာမျိုး လုပ်နေတာမျိုးတွေ တွေ့နေရပါသေးတယ်။
The
Burmese Way to Socialism ရဲ့ဒုက္ခမျိုးအောက်ကလွတ်မြောက်ဖို့ မြန်မာအမျိုးသားပေါင်းစုံ လူထုကြီးဟာ
အသက် သွေးချွေးနဲ့ဘဝတွေကိုပါ မြှုပ်နှံပေးဆပ်ပြီး ၂၆ နှစ်တိုင်တိုင် ရုန်းကန် တိုက်ပွဲ ဝင်ခဲ့ကြရပါတယ်။
၂ဝဝ၈ ခုနှစ် မေ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကမွေးထုတ်ပေးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်ပိုင်ရှင် ပြည်ခိုင်ဖြိုးအစိုးရနဲ့သူ့ State Apparatus များ သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ။ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့၊ အမျိုးသားတန်းတူခွင့်များရရှိဖို့၊ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးများဖော်ဆောင်ဖို့ မြန်မာဆင်းရဲသားလူထုကြီး ဆင်းရဲတွင်းက (တက်ခွင့်နဲ့ထွက်ခွင့်ရဖို့) အလင်းရောင်ကလေးများ ထွက်ပြူစမှာ The Burmese Way to Democracy တွေးခေါ်ပုံကို
စာနယ်ဇင်းမျက်နှာစာနဲ့ မီဒီယာမျက်နှာစာများမှာ ဒီ Line of Thinking ကို ပြန်တွေ့နေကြရပါတယ်။ လူ့ အာရုံငါးပါးအမှု ‘ဓမ္မာရုံ’ဆိုတဲ့ ‘ဆဋ္ဌမအာရုံ’(တွေးကြံခြင်းအမှု)၊ စုစုပေါင်းအာရုံ
၆ ပါးအမှုမှန်သမျှကို ဥပဒေနဲ့အညီ ပြုမူဆောင်ရွက်ဖို့ဆိုတဲ့ လှုံ့ဆော်မှုများကို
attentive ဖြစ်တဲ့သူတိုင်း သတိပြုချင်စရာဖြစ်လာနေပါတယ်။ The Burmese Way to (ဘာ)၊
The Burmese Way to (ညာ)ဆိုတာတွေကို မြင်ရကြားရတိုင်း ခေါင်းစွပ်တွေ၊ လက်ထိပ်တွေ၊ ခြေကျင်းတွေ၊
ပုံစံပေးသံတွေ၊ ကြိမ်းမောင်းမာန်မဲသံတွေ၊ သံချေးနံ့တွေ၊ ကြယ်လမမြင်ရတဲ့ နေ့ရက်တွေ၊
ငိုသံရှိုက်သံတွေ၊ နှုတ်ဆက်သံတွေ၊……ဒီအနိဋ္ဌာရုံတွေအားလုံးက မိမိတို့ကို မျက်စိမှိတ်၊
လျှာထုတ်ပြနေကြသလိုပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးစမှာ ဆိုရှယ်လစ်စနစ်လှိုင်း
အပုတ်ခံရပါတယ်။ ဆိုရှယ်လစ်စနစ်လှိုင်းဟာ စစ်ပြီးခေတ်ကမ္ဘာကြီးမှာ နိုင်ငံတည်ဆောက်ရေးလမ်းတစ်သွယ်ဖြစ်လာခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့တရုတ်ပြည်တို့ဟာ အမာခံဆိုရှယ်လစ်စနစ်နိုင်ငံကြီးများ ဖြစ်လာခဲ့ကြပါတယ်။ စစ်ပြီးခေတ်မှာ လွတ်လပ်ရေးရလာခဲ့ကြတဲ့ လွတ်လပ်စနိုင်ငံအများစုဟာ
ဆိုရှယ်လစ်စနစ်ဆိုတာကို စိတ်ဝင်စားလာခဲ့ကြပါတယ်။ နာဆာ (အီဂျစ်) ဆိုရှယ်လစ်စနစ်၊ နေရူး
(အိန္ဒိယ) ဆိုရှယ်လစ်စနစ်၊ ဆူကာနို(အင်ဒိုနီးရှား) ဆိုရှယ်လစ်စနစ်ဆိုတာမျိုးတွေ ရေပန်းစားလာကြပါတယ်။
မြန်မာ့ဆိုရှယ်လစ်စနစ် (၁၉၆၂) ဆိုတာမျိုးတွေ ကြွေးကြော်လာခဲ့ကြပါတယ်။ မြန်မာက သာမန်ကြွေးကြော်တာမဟုတ်ပါဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (၂)ချက်ဆိုတာကို ဖော်ထုတ်ပါတယ်။ ’အညမည’ အတွေးအခေါ်ကို ဖော်ထုတ်ခဲ့ပါတယ်။ မဆလပါတီ ဗဟိုနိုင်ငံရေးတက္ကသိုလ်ဆိုတာတွေကို ဖော်ထုတ်ခဲ့ပါတယ်။
ရှိရှိသမျှ စီးပွားရေးလုပ်ငန်းများအားလုံးကို နိုင်ငံပိုင်လုပ်ခဲ့ပါတယ်။ နိုင်ငံပိုင်လုပ်တာဟာ
ဆိုရှယ်လစ်စနစ်မဟုတ်ဘူးလို့ တရုတ်က ထွက်ပြောခဲ့ပါတယ်။ သိကြတဲ့အတိုင်းပါပဲ။ ၂၆ နှစ်
ကြာတဲ့အခါ လူ၊ လမ်းစဉ်၊ ပါတီ၊ အစိုးရအဖွဲ့အားလုံး ဇူလိုင် ၂၃၊ ၁၉၈၈ မှာ တစ်ခန်းရပ်သွားခဲ့ရပါတယ်။ မဆလ ဇာတ်ခေါင်းကွဲပြီး ၂၄ နှစ်အကြာမှာ
The Burmese Way to
Democracy ဆိုတာမျိုး (တည့်တည့်မပြောပေမယ့်) ထုတ်ဖော်ချက်များက ဒီလို Line of
Thinking မျိုးဖြစ်နေတာကို သတိပြုမိပါတယ်။ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဆိုတာမျိုးကို
၂ဝ၁ဝ ခုနှစ်မတိုင်မီအထိ ကြားနေရပါတယ်။ ဒီလို Line of Thinking ဟာ ဘယ်လိုရင်းမြစ်မျိုးက
လာနေတယ်ဆိုတာ လတ်ဆတ်တဲ့အတွေးအခေါ်ရှိသူတိုင်း သတိပြုမိကြမှာသေချာပါတယ်။ ဒီလို
Theory နဲ့ Practise အနီးအဝေးဖြစ်ကြတာကြောင့် နှာခေါင်းကျည်ပွေ့တွေ့သွားကြရတာမျိုးကို
မာ့က်စ်ဝါဒကိုင်စွဲခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုများအတွင်းမှာလည်း တွေ့ကြရပါတယ်။
မာ့က်စ်ဝါဒယုံကြည်တဲ့ နိုင်ငံရေးအင်အားစု လေးစုဖြစ်ပေါ်ခဲ့ကြောင်း သမိုင်းလက်တွေ့မှာ
တွေ့ရပါတယ်။
(၁) (မူလ)ဗမာပြည်ကွန်မြူနစ် ပါတီ (၁၉၃၉)၊
(၂) အလံနီကွန်မြူနစ်ပါတီ (သခင်စိုး/၁၉၄၇)၊
(၃) ပြည်သူ့ရဲဘော်အဖွဲ့(၁၉၄၆)၊ ပြည်သူ့ရဲဘော်ပါတီ(၁၉၅၃/၁၉၆ဝ)၊
(၄) ဗမာပြည်အလုပ်သမား/
လယ်သ မားပါတီ (၁၉၅၁) ဗမာပြည်အလုပ်သမားပါတီ (၁၉၅၆) ‘မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေးပါတီ’
(၁၉၆ဝ) [မူလအလုပ်သမားပါတီအစု(ဝိဓူရ)၊ ပြည်သူ့ရဲဘော်ပါတီ (၁၉၅၉အစု)၊ ဦးသိန်းဖေမြင့်၏
'ပြည်သူ့ညီညွတ်ရေးပါတီ အစုများကို စုစည်းထားသည့်ပါတီ] (၁၉၆ဝ/၁၉၆၄) စသည့်ပါတီများဟာ
မာ့က်စ်ဝါဒကို ယုံကြည်ကိုင်စွဲခဲ့ကြတဲ့ပါတီများဖြစ်ပါတယ်။ ဆရာကြီးသခင်စိုးခေါင်းဆောင်တဲ့
အလံနီကွန်မြူနစ်ပါတီဟာ မာ့က်စ်ဝါဒကို တရားသေဝါဒ၊ မင်းမဲ့ဝါဒ၊ ဂိုဏ်းဂဏဝါဒ၊ စွန့်စားရေးဝါဒများအဖြစ်ကျင့်သုံးခဲ့တဲ့အတွက် လူရောအဖွဲ့အစည်းပါ စခန်းသိမ်းခဲ့ရပါတယ်။ (ဒုတိယ
အစုကတော့) ဝိဓူရသခင်ချစ်မောင် (အဓိက) ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံအလုပ်သမားညီညွတ်ရေးပါတီ အစုပါ။ ဒီအစုဟာ (ပမညတ) (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)
၁၉၆ဝ ခုနှစ်များအတွင်းက ဥပဒေအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲများအတွင်းမှာ
လူထုများအပေါ် အလွန်သြဇာကြီးပါ တယ်။ ၁၉၅၆ အထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၄၆
ယောက်အရွေးခံရပြီး လူထုထံမှ ထောက်ခံမဲ ၁ ဒသမ ၅ သန်းကျေုာ် ရရှိခဲ့ဖူးပါတယ်။ ၁၉၆၂ ခုနှစ်မှာ
တော်လှန်ရေးကောင်စီက ပြည်ထောင်စုပါတီအစိုးရထံမှ အာဏာကိုသိမ်းယူလိုက်ပါတယ်။ ဒီအစုဟာ
အာဏာသိမ်းမှုနဲ့အတူ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုပါ ဘုံလုပ်ငန်းစဉ်အဖြစ်သဘောထားပြီး
ထောက်ခံရုံသာမက ၃၃ ဦး အကြံပေးအဖွဲ့အတွင်းပါဝင်ပြီး အကြံပေးချက်များကို ထပ်မံထောက်ခံပြီး
ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၄ ခု၊ မတ်လ ၂၈ ရက်နေ့မှာထုတ်ပြန်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးဥပဒေအရ ပါတီစုံစနစ်ကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းခဲ့ပါတယ်။ မာ့က်စ်ဝါဒကို ဥပဒေတွင်းဝါဒ
Legalism အဖြစ်ခံယူရပ်တည်ခဲ့တဲ့ ‘မလညပ’နဲ့ ဝိဓူရသခင်ချစ်မောင်ဟာ ဥပဒေတွင်းဝါဒီအဖြစ်နဲ့
ဘဝကိုနိဂုံးချုပ်ခဲ့ရပါတယ်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲရဲ့ အမာခံကျောရိုး အဖွဲ့အစည်းကြီးတစ်ခုအဖြစ်နဲ့ပါဝင်ခဲ့တဲ့ ဗကပဟာလည်း ကိုယ်ထူးကိုယ်ချွန် မရပ်တည်နိုင်ခဲ့မှုနှင့် တိုင်းရင်းသားအမျိုးသားများရဲ့လမ်းခွဲမှု၊ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ လက်ဝဲ၊ လင်္ကျာလမ်းစဉ်အမှားများကြောင့်
ဂျပန်ခေတ်ကလို ယူဂျီပါတီအဖြစ်ရပ်တည်နေရပါတယ်။
Theory and Practise ကို အသုံးချရာမှာ
ဝင်ကစွပ်လုပ်တာရော၊ ဖိနပ်နဲ့မတော်လို့ ဖနောင့်ကိုလှီးတာရော၊ အားလုံးဟာ အကျိုးမရှိကြောင်း၊
မြန်မာ့နိုင်ငံရေးဘဝလက်တွေ့များက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
မာ့က်စ်ဝါဒဆိုတာ
(Eclecticism) ‘လိုရာအသုံးချရေးဝါဒ’ မဟုတ်ကြောင်း နားလည်သဘောပေါက် ကျင့်သုံးနိုင်မှ
မျှော်လင့်တဲ့အကျိုးရလဒ်များ အကောင်အထည်ဖြစ်မှာပါ။
“Liberty, Equality and
Justice” ဆိုတာ လောကပါလတရားကြီးများပါ။ ကမ္ဘာစောင့်တရားကြီးများပါ။ ပထဝီအကန့်အသတ်၊
လူမျိုးအကန့်အသတ်၊ ယဉ်ကျေးမှုအကန့်အသတ် မရှိပါဘူး။
လွတ်လပ်မှုဆိုတာ ဒီမိုကရေစီပါ။ လွတ်လပ်မှုမရှိရင်
ကျန် လောကပါလတရားကြီးများ မရှင်သန်နိုင်ပါဘူး။ အလားတူပါပဲ။ တန်းတူမှုနဲ့တရားမျှတမှုကင်းမဲ့နေရင်လည်း လွတ်လပ်မှုဟာ မေးခွန်းကြီးတစ်ခု ဖြစ်နေပါလိမ့်မယ်။ အောင်သာ (ပီသုံးလုံး)
(ဒီနေရာကယူပါတယ်) http://mayaonlinemagazine.blogspot.com/2012/09/blog-post.html
0 comments:
Post a Comment