ညိုမြ သို့မဟုတ် မတုန်မလှုပ်(၁) တက်ဘုန်းကြီးသိန်းဖေ၏ ”တက်ခေတ်နတ်ဆိုး” ဝတ္ထုတွင်
“မောင်နှင့်အဖြူတို့ကားမတုန်မလှုပ် ကျောက်ရုပ်”ဟူ၍ အဆုံးသတ်လိုက်၏။ ဤစကားချုပ်လင်္ကာကလေးကို
တက်ခေတ်နတ်ဆိုးဖတ်ဖူးသူတိုင်းပင်အမှတ်ရလျက် ရှိကြပေသည်။ ကျွန်တော်ကား ဤလင်္ကာကိုသွား၍သတိရတိုင်း ညိုမြကို ပြေး ၍မြင်လိုက်သည်။ အကယ်၍သာ ညိုမြကို လူအဖြစ်လင်္ကာတပုဒ်ဖွဲ့ကျူးပါဆိုလျှင်
အခြားထွေထွေထူးထူးမစဉ်းစားတော့ဘဲ သည် ကိုသိန်းဖေ၏ စကားချုပ်လင်္ကာ ကလေးကိုပင်ရွတ်ဆိုရပေလိမ့်မည်။
မတုန်မလှုပ် ကျောက်ရုပ် ... ညိုမြဆိုသောနံမည်ကို ၁၉၃၆ ခု
ကျောင်းသားသပိတ် မှ မွေးဖွားလိုက်၏။ ညိုမြသည် သပိတ်မှောက်ကောင်စီ၏ပြန်ကြားရေးမှူးဖြစ်၏။ သို့ဖြစ်၍ သပိတ်မှောက်လုပ်ငန်းနှင့်ပတ်သက်သော ကျေညာချက်စသည်များကို
ပြန် ကြားရေးဌာနမှထုတ်ပြန်၏။ သည်ကစ၍ ညိုမြ၏အမည်ကို တိုင်းပြည်ကတွေ့မြင်စပြုလာ၏။ ကျွန်တော်တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈က
ညိုမြသည် တက္ကသိုလ်သမဂ္ဂအသင်း၏ကြွေးကြော်သံအိုးဝေမဂ္ဂဇင်းတွင် အထွေထွေအယ်ဒီတာဖြစ်လေ၏။
(၂) သထုံကျောင်းဆောင်
မဖြူဖွေး မသန့်ရှင်းသောအိပ်ရာခင်းတစ်စသည် တဘက်မွေ့ရာပေါ်သို့ လွှားလျက်၊ တစ်စကား
သံကုတင်ကြားတွင် ညပ်၍နေသည်။ မွေ့ရာအောက်မှခံ၍ခင်းထားသောကော်ဇောသည် တဘက်အောက်သို့
လျောကျလျက်ရှိသည်။ ဇာခြင်ထောင်မှာ တိုးလိုတွဲလောင်းနှင့် ရော့ရဲစွာ
ဘိုသီဘတ်သီတင်ထားသည်။ တင်ထားသည်ဆိုသော်လည်း ခြေရင်းဘက်တွင်
အောက်သို့ပုံကျ၍နေပေသည်။
ကြမ်းပြင်သမံတလင်းပေါ်တွင် စာအုပ်များသည် ဟိုတချို့ဒီတချို့ ပြန့်ကျဲ၍နေသည်။
စာရေးစားပွဲပေါ်တွင်လည်း စာရွက်စာတမ်းတို့သည် နွေဦးပေါက်သစ်ရွက်ခြောက်ပမာ
ရုန်းရင်းဆန်ခတ်လွင့်၍နေသည်။
အဝတ်ဘီဒိုပေါ်၌ ဦးဘဥာဏ်ရေးသော သပိတ်မှောက်အိုးဝေမဂ္ဂဇင်းအဖုံးသည် မှန်ဘောင်ကားထဲမှ
ကြွားဝင့်၍နေသည်။ ဆေးပေါ့လိပ်အတိုအစနှင့် ဆေးလိပ်ပြာပုံကလေးတို့သည် အခန်းကို
ဆေးစက်ချ၍တန်ဆာဆင်ထားသည်။
ဤလို အပေါစားပြည့်တန်ဆာမခန်း၏ပုံသဏ္ဌာန်ကဲ့သို့ ရော့တိ ရော့ရဲ၊ မသေမသပ်ပတ်ဝန်းကျင်ကား
ညိုမြ၏ အခန်းဖြစ်ပေ၏။ ညိုမြသည် အဆီဖြင့်ပြောင်လက်သော အညာမျက်နှာပေးဖြင့် `အော ...
အော´ ဟု လေးလေးတွဲ့တွဲ့ မြွက်ဟတော်မူ၏။ ဒါဘဲ သူပြော၏။ ထို့နောက် မတုန်မလှုပ်
ကျောက်ရုပ်။
သူ၏ အသွင်အပြင်နှင့်ပတ်သက်၍ အင်္ဂလိပ်စာပါမောက္ခ ပရိုဖက်ဆာရုတ်စ်က သူ့ကို `သေငယ်ကျောနစ်မျောနေသော
အိမ်မြှောင်´ ဟု နိဒါန်းတစောင်တွင်ရေးထား၏။
သူသည် ဘယ်တော့မျှ ပြာပြာသလဲ ရှိလိမ့်မည်မဟုတ်၊ မတုန်မလှုပ်ပင်၊ ငေးမောကာ အားမရစရာကောင်းအောင်ငြိမ်သက်၍
နေလိမ့်မည်။ စကားပြောသည့်အခါလည်း လေးလေးနှင့်တလုံးချင်း ပြောသည်။ ၄င်းနောက်
တိတ်ဆိတ်၍သွားလိမ့်မည်။ သူနှင့် စတင်တွေ့ဆုံရသည်မှာ ဂိမန္တဥတုအခါ
အညာရှုမြှော်ခင်းနှင့်မိတ်ဆက်ရသည်နှင့် တူပေသည်။
မတွေ့ခင်က ရယ်စရာ မောစရာ စာပြောင်စာလှောင်များကိုရေးသူဖြစ်သဖြင့် ဟာသကိုတွေ့ရမည်ဟု
မှန်းထား၏။ တွေ့ရသောအခါ ဟာသကို မမြင်ရ။ ငြီးငွေ့ပျင်းရိဘွယ်ကိုသာတွေ့ရ၏။
လူအဖြစ်ကား ခြောက်သွေ့လှ၏။ ဟာသကား သူ၏စာပေတွင်သာရှိ၏။
(၃)
မောင်တက်တိုးနှင့်ကျွန်တော်တို့သည် ညိုမြအခန်းသို့လည်ပတ်ကာ ထွေရာသောင်းပြောင်းစကား
ပြောလျက်ရှိကြသည်။ မောင်တက်တိုးသည် ဂန္ထလောကမဂ္ဂဇင်းအယ်ဒီတာလုပ်ရင်း ဘီအေတန်းတက်နေစဉ်က
ဖြစ်သည်။ ညိုမြကား ဣစ္ဆိတံဆေးလိပ်ကိုသာ တွင်တွင်ဖွာယင်း
တအင်းအင်းတအဲအဲဖြင့်တုံ့ပြန်ကာ မောင်တက်တိုးပြောသည်ကို နားထောင်၍နေသည်။
အခန်းတွင်းမှစကားသံသည် လျှပ်စစ်မီးရောင်နှင့်အတူ ကော်ရစ်ဒေါသို့လျှံထွက်သွားသည်။
ခါတိုင်းကဲ့သို့ ကော်ရစ်ဒေါတွင် အသွားအလာမများ၊ ဒုတိယနှစ်ဖြစ်သဖြင့်
ကျောင်းသားတို့သည် စာကြည့်၍နေကြသည်။
`စကားပြောရင်း ကမာရွတ်ဘက် တခုခုသွားစားရအောင်ဗျာ၊ ကျွန်တော်လဲ ကြက်ဥသောက်ချင်တယ်
ဟု ညိုမြသည် လဲလျောင်းနေရာမှထ၍ ဘလေဇာအင်္ကျီကို ကောက်၍ဝတ်သည်။
သုံးဦးသားသည် သထုံလမ်းမှ တက္ကသိုလ်ရိပ်သာလမ်းဘက်သို့ထွက်ခဲ့ကြသည်။ လ မရှိသော ည။
သို့သော် တိမ်စွန်းမှကြယ်တို့သည် အစုံအညီ ထွန်းတောက်၍ နေကြသည်။
ကြယ်ရောင်ရိပ်ဝယ် ဟေမန္တမြူနှင်းသည် မှိုင်းပြာပြာပေါ်နေသည်။
တက္ကသိုလ်ရှိသစ်ပင်တောတောင်တို့ကား ဘေးတိုက်ပုံသဏ္ဌာန်ဖြင့်သာ ၀ိုးတ၀ါးထင်နေကြသည်။
ကျွန်တော်တို့ အဓိပတိလမ်းသို့ရောက်လျှင် ကျောင်းဆောင်မှမီးတို့သည် ဟုတ်ကနဲ
ငြိမ်းသွားသဖြင့် စောစောက လျှပ်စစ်မီးပွင့်တို့ဖြင့်ပြိုးပြက်သော ကျောင်းဆောင်တို့သည်
ည၏အမှောင်နှင့်အရိပ်ကြားရောက်ကာ မှုန်ဝါး၍ သွားလေသည်။
ပြည်လမ်းမကြီးနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံ ကမာရွတ်ထိပ်ရှိကုလားဆိုင်မှာ
ကျောင်းသားများအဖို့ အတော်နေရာကျ၏။ သည်ကုလားဆိုင်၏ဘေးရှိ လမ်းကြားကလေးမှသွားလျှင်
ကမာရွတ်ရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပေသည်။
မောင်တက်တိုးနှင့်ကျွန်တော်တို့ကား ပလာတာ၊ ဆိတ်သားခပတ်တို့ကို စား၍နေစဉ် ညိုမြသည်
ကြက်ဥသောက်လျက် ရှိသည်။ ကျွန်တော်တို့သည် စာပေအကြောင်းပြောယင်းက
အမျိုးသားယဉ်ကျေးမှုအကြောင်း ရောက်သွား၏။ ညိုမြသည် အမျိုးသားယဉ်ကျေးမှုတွင်
စိတ်ထက်သန်၏။
`ကျွန်တော်တို့ ဗမာပြည်မှာ အမျိုးသားယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်ဖို့
အသင်းအဖွဲ့လိုတယ်ဗျ။ တကယ်တန်း ယဉ်ကျေးမှု လုပ်ငန်းတွေမှာ အားပေးချီးမြှောက်ဖို့ရာလိုတယ်။
အခု ရှိနေတာက နိုင်ငံရေးအသင်းတွေချည်းပဲ။ ဒိပြင် ပြည်တွေမှာတော့ ယဉ်ကျေးမှု
အသင်းတွေရှိကြတာပဲ။ ကျွန်တော်တို့ဆီမှာလဲ ပညာကျော်အဖွဲ့ဆိုတာမျိုးလုပ်ဖို့
ကောင်းပြီ။ ဗမာမှုအဖွဲ့ကြီးလို့ ဆိုရမှာပေါ့´
တတွတ်တွတ်ပြောရင်း သူသည် ကမာရွတ်ဘက်သို့ငေးမြှော်၍ နေသည်။ သူ ငေးမြှော်၍နေသော
ကမာရွတ်သွား လမ်းကြားကလေးကား ကြယ်ရောင်တွင် ပျံ့ပျံ့ပျူး၍ နေသည်။
ဘလေဇာအနက်ကိုဝတ်ထားသော ကျောင်းသားနှစ်ဦးသည် ကုပ်ကုပ်ကုပ်ကုပ်နှင့် ထိုလမ်းကြားမှ
ကမာရွတ်ဘက်သို့ဝင်သွားသည်ကို တွေ့လိုက်ရ၏။
သည် ကမာရွတ်ဒေသကား နာမည်ကြီးဖြစ်၏။ ကျောင်းသားတို့၏ညရေးရာသည် ကမာရွတ်ရွာတွင်
ရှက်လိမ်ရောထွေးလျက် ရှိတတ်သည်။
ညိုမြသည် ကြက်ဥကိုသောက်ကာ ကမာရွတ်ဘက်သို့ ငေးမြှော်၍နေသည်ကို သူရေးသော Ennui
အမည်ရှိ စာတိုကလေးတပုဒ်နှင့် ဆက်စပ်မိ၏။
အင်္ဂလိပ်ဘာသာဖြင့်ရေးထားသော ဂန္ထလောကမဂ္ဂဇင်းမှ စာကောင်းတပုဒ်ဖြစ်၏။ သူရေးသမျှစာတို့တွင်
အသက်အပါဆုံးဟု ထင်၏။ ငယ်စဉ်ကအဖြစ်အပျက်များကို ပြန်ပြောင်းသတိရချက်များဖြင့်
အစပျိုးကာ အချစ်ဇာတ်လမ်းတခုဖြင့် အဆုံးသတ်ထားလေ၏။
`နှင်းနု´အမည်ရှိ လမ်းမပေါ်မှမိန်းမတဦးနှင့် မွန်ဂိုမာရီလမ်းဒေါင့် ကွမ်းယာဆိုင်တွင်
သွားတွေ့ကြ၏။ နှင်းနုကိုမြင်မြင်ချင်း အတော် စွဲလမ်းသွား၏။ နှင်းနုကား
သူရေးလေ့ရေးထရှိသော စကားလာ တိုင်း `မွေး၏၊ လှ၏၊ ကောင်း၏´ ဆိုသော ၀ိသေသနမျိုးဖြင့်ပြည့်စုံ၏။
နှင်းနုအတွက်ကြောင့် သူ၏ ပိုးလုံချီ၊ ပိုးအင်္ကျီတို့သည် ပေါက်ဖေါ်၏အပေါင်ဆိုင်သို့
ရောက်ကုန်၏။ နောက်ဆုံး နှင်းနုက သူ့ကို `စိမ်း´၍သွားကာ သူလည်း တေယင်း၊ ပေယင်းနှင့်ပင်
စာမေးပွဲဖြေလိုက်ရ၏။ အင်္ဂလိပ်စာ တတိယတန်း ဂုဏ်ထူးဖြင့်ထွက်လာ၏။ သို့သော် သူသည်
နှင်းနုကို တသသအောင့်မေ့၍ ကျန်ရစ်ခဲ့သည်။
ဤကား နှင်းနုဇာတ်လမ်း ဖြစ်၏။
ညိုမြသည် လူဖြစ်၍ လူကဲ့သို့ကျင့်မည်၊ ကြံမည် ဖြစ်၏။ ထို့ကြောင့်ပင် `နှင်းနု´လို
လမ်းပေါ်မှမိန်းမမျိုးနှင့်တွေ့လျက် စွဲလမ်းကာ နေချင်လည်း နေပေမည်။
(၄)
ဤလောကဇာတ်ခုံတွင် မှန်ကန်ခြင်းနှင့်မမှန်ကန်ခြင်း၊
ပြည့်စုံခြင်းနှင့်ချို့ယွင်းခြင်း၊ အချစ်နှင့်အမုန်း၊ ဓမ္မနှင့်အဓမ္မ စသည်တို့ဖြင့်
ရောပြွမ်းလျက်ရှိကုန်သည်။ သည် ရောပြွမ်းနေသည့်အထဲမှ အမှန်အမှားကို
ခွဲခြမ်းစိတ်ဖြာ၍ တရားသဘောကို ဆင်ခြင်သုံးသပ်ရပေ၏။ သုံးသပ်ပြီးလျှင် လူတို့၏လောကအတ္ထုပ္ပတ်ကို
တွေ့မြင်ရသည့်အတိုင်း ပြောပြသည်။ အပြစ်ကိုရှုမြင်သော ရဲရင့်သူအချို့က ဝေဘန်သည်။
ချို့ယွင်းချက်ကို ပြောင်လှောင်သည်။ သည်လို သရော်သော ပြောင်လှောင်သောစာကို
စာပြောင်ဟုခေါ်ရပေမည်။
စာပြောင်ကိုဖတ်လျှင် ရယ်မောရပေမည်။ သို့သော် လူပြက် ပြက်လုံးကိုကြားရ၍ရယ်မောရခြင်းတို့ကား
မဟုတ်ပေ။ လောက၏ အမြီးအမောက် မတည့်သည့်သဘောကိုတွေ့မြင်ရ၍ ရယ်မောရခြင်းမျိုးသာ
ဖြစ်ပေသည်။ စာပြောင်သည် ခေတ်တခေတ်၏အမှားတို့ကို ရှုမြင်တတ်ပေသည်။ ထို့ကြောင့်
စာပြောင်သည် ခေတ်၏ချို့ယွင်းချက်တို့ကို ညွှန်ပြပေသည်။
စာဗင်တီး အမည်ရှိသော စပိန်စာရေးဆရာသည် သံချပ်ကာဝတ်ကာ ဒါးကို ဝင့်ကာ မြင်းတစီးနှင့်ဟန်ရေးပြတတ်သော
သူရဲကောင်းခေတ်၏ အမြီးအမောက်မတည့်သောအခြင်းအရာတို့ကို ၀တ္ထုစာပြောင်ဖြင့် သရော်ကာဝေဖန်ခဲ့ပေသည်။
ထိုစာပြောင်သည် ကမ္ဘာကျော်ခဲ့လေသည်။
ခေတ်သစ်ဗမာစာပေတွင် စာပြောင်သည်အလွန်နည်းပါးပေသည်။ သည်နည်းပါးသော စာပြောင်
ရေးသူများ အနက် ညိုမြလည်း အပါအ၀င် ဖြစ်သည်။
သူ၏ စာပြောင်တို့သည် သူကြုံတွေ့နေထိုင်သောခေတ်၏ လူမှုဆက်ဆံရေးအခြေအနေများကို
အရင်းခံထားပေသည်။ သူသည် ဗမာစာရေးရာတွင် ရှေးဗမာစာရေးနည်းကိုအတုယူ၍ ရေးလေ့ရှိသည်။
တခါတရံ သခင်ကိုယ်တော်မှိုင်း၏လေသံမျိုးနှင့် ရေးတတ်သည်။ သူ၏ ဟန်သည် ရွင်သည်။
သူ၏ စာပြောင်များထဲတွင် “နွားနှင့် သပိတ်”သည် စူးရှလှသည်။ တက္ကသိုလ်မဂ္ဂဇင်းတွင်ပါသော
“အရူး”ကား ၁၉၃၈- အရေးတော်ပုံကြီးဘက်မှနေ၍ ကာကွယ်ထားသည်။ အရူးတွင် အရူးကလေးဘဟိန်းသည်
မရူးပေ။ သို့သော် နားမလည်သဖြင့် အရူးဟူ၍ခေါ်ကြပုံကို ရေးထားပေသည်။
မူစလင်အသင်းမဂ္ဂဇင်းတွင်ပါသော `အောက်တန်းစားသူခိုးနှင့်တွေ့ခဏ်း´ကား ဟာသဖြင့်
ကြွယ်ဝ၏ ။ အောက်တန်းစားသူခိုးသည် ခေတ်ပညာကိုမသင်ခဲ့ရသဖြင့် ထမိန်၊ ဇွန်း၊
ခရင်းစသော အသေးအဖွဲကလေးများကိုသာ ခိုးခဲ့သည်။ အကယ်၍သာ အထက်တန်း
ခေတ်ပညာကိုသင်ကြားခဲ့ရပါလျှင် သည်လိုအသေးအဖွဲကိုမခိုးဘဲ လူဂုဏ်တန်အရေခြုံကာ တကဲ့
ထောင်သောင်းချီ၍ခိုးခြင်းအမှုကိုပြုပေမည်ဟု အောက်တန်းစားသူခိုးက ဖွင့်ဟ၀န်ခံထားပေ၏။
ဂန္ထလောကတွင်ပါသော `မီးတုတ်- မီးတုတ် ရှို့ရှို့မှာ ဒို့ဗမာသခင်များ၏နိုင်ငံရေးကို
ပြောင်လှောင်ထားသည်။
ဒဂုန်မဂ္ဂဇင်းတွင်ပါသော `ညိုမင်းလွင်´အမည်ရှိဝတ္ထုတိုသည် ဝတ္ထုတိုသည် စာပြောင်မဟုတ်။
စာပန်းချီကားချပ် ဖြစ်၏။ အနုပညာပါ၏။ ဝတ္ထုတိုဂုဏ်ဖြင့် ပြည့်ဝ၏။
ညိုမြသည် သထုံကျောင်းဆောင်တွင်ရှိစဉ်က တက္ကသိုလ်စာရေးဆရာများစုပေါင်း၍ နဝဒေးအဖွဲ့ဟု
ဖွဲ့ကာ ၂ ပြားတန် `နန်းကြာညို´ အမည်ရှိစာအုပ်ကလေးထုတ်လိုက်သေး၏။ ထုတ်ဝေသူမှာ
ကိုသန်းထွတ်ဖြစ်၏။ ညိုမြအမည်ကား ယခုအခါ စာနယ်ဇင်းလောကတွင် ထင်ရှားလျက်ရှိ၏။
ထင်ရှားရခြင်းမှာ သူ၏စာပေကြောင့် မဟုတ်။ အမေရိကန်မှ သတင်းစာအတတ်မဟာသိပ္ပံဘွဲ့ကိုရလာသဖြင့်
သတင်းစာအားလုံးက ၀ိုင်းဝန်း၍ကြော်ငြာပေးသဖြင့်သာ နာမည်ထင်ရှားလာခြင်း ဖြစ်၏။
စင်စစ် ညိုမြ၏စာပေကိုဖတ်ဖူးသူကား အလွန်ရှားလှ၏။ သူ၏စာကို တက္ကသိုလ်ကျောင်းသားများလောက်သာ
ဖတ်ဖူးကြသည်။ အဘယ်ကြောင့်ဆိုသော် သူရေးသောစာများမှာ လူဖတ်နည်းလှသော ဂန္ထလောက၊
အိုးဝေ၊ မျိုးညွှန့်၊ တက္ကသိုလ်မဂ္ဂဇင်းစသည်တို့တွင်သာ ပါသောကြောင့်ဖြစ်သည်။
အမေရိကန်တက္ကသိုလ်မှ အမ်-အက်စ်-ဂျေ ခေါ် သတင်းစာအတတ်မဟာသိပ္ပံဘွဲ့ကိုရ၍ ဗမာပြည်သို့ပြန်လာသောအခါ
လူတွေက ညိုမြကို အတော်ထင်ကြ၏။ မော့၍ ကြည့်ကြ၏။
ကျွန်တော်ကား အထင်မကြီးမိ၊ အမ်-အက်စ်-ဂျေ ကို ကျွန်တော်မသိ။ ကျွန်တော်သိသည်မှာ သူ၏
အနုပညာကိုသာ ဖြစ်၏။
အမေရိကန်ကိုမရောက်ခင်က ညိုမြတွင်အနုပညာရှိ၏။ ညိုမြသည် အမေရိကန်သို့ အနုပညာသမား
စာပေသမားအဖြစ်သွား၏။ ဗမာပြည်သို့ ပြန်လာသောအခါ သတင်းစာဆရာအဖြစ်ရောက်လာ၏။ အနုပညာသမားအဖြစ်
မဟုတ်တော့ပေ။ ယခင်ကကဲ့သို့ အနုပညာပါသောစာပေကို မတွေ့ရတော့ပေ။
တလောက အိုးဝေသတင်းစာတိုက်ခန်းတွင်တွေ့၍ ကျွန်တော်က `လုပ်ပါအုံးဗျာ။ တရာမဂ္ဂဇင်းဖို့
ရေးပေးပါအုံး။ အရင် ခင်ဗျားရေးတဲ့ ညိုမင်းလွင်တို့လိုဟာမျိုး လုပ်ပါအုံး´ဟု
ပြုံးကာ ပြော၏။
ညိုမြသည် ပြောင်လက်သောအညာသားမျက်နှာပေးဖြင့် `ဟိုဟာမျိုး မရတော့ဘူး။ အခုပျက်ပြီ´
ဟု ပြော၏။
ဟုတ်သည်။ ယခု ပျက်လေပြီ။
လူအဖြစ်ကား အမေရိကန်ကပြန်လာသော်လည်း မပျက်။ အယင်မူအတိုင်းပင်။ ခါတိုင်းကဲ့သို့ပင်
စကားတလုံးချင်း လေးလေးတွဲ့တွဲ့ ပြော၏။ ခါတိုင်းကဲ့သို့ပင် အေးအေးဆေးဆေးနှင့်
တွေ့ဆုံရသူအဖို့ အားမရစရာ။ ငြီးငွေ့စရာ ကောင်းလှ၏။ ခါတိုင်းကဲ့သို့ပင်
ဂိမန္တရှုမျှော်ခင်းကဲ့သို့ ခြောက်သွေ့၏။ ခါတိုင်းကဲ့သို့ပင် မတုန်မလှုပ် ကျောက်ရုပ်။
တလောက သမာဓိသတင်းစာ ပန်းချီအယ်ဒီတာကိုညီညီနှင့် သူ၏ စစ်အတွင်းရပ်စဲထားရသော
ကာတွန်းရုပ်စုံ ပြန်လည်ထုတ်ဝေရေး အတွက် ပွဲဦးထွက်စာစောင်တွင်ထည့်သွင်းရန် ညိုမြထံ
ဆောင်းပါးသွားတောင်း၏။ ကျွန်တော်တို့လည်း ပါ၏။ သူကား ဘေးက တွန်းနိုင်မှ
တော်ရုံကျသည်။
သူနှင့်တွေ့သောအခါ ကိုညီညီနှင့်အဖေါ်များသည် အမေရိကန်ပြန်ထံမှ စကားပဒေသာကိုမျှော်လင့်၏။
သို့သော် သူသည် အသိဖွဲ့ပေးသူများကို အင်းအင်းအဲအဲနှင့်နှုတ်ဆက်ပြီးနောက် တဖန် တိတ်ဆိတ်ငြိမ်သက်၍သွားလေ၏။
သို့သော် သူသည် အောက်ပါ ကဗျာလေးကို ပေးလိုက်လေသည်။
သတ္တ၀ါ အစုံစုံ
ဘေးဘျမ်းမခလို့
အေးချမ်းကြဘို့
စေတနာရည်။ ။
ရတနာအဖုံဖုံ
ချွတ်မယွင်းတွေ့ဘို့
ဇွတ်အတင်းရှေ့သို့
ရွှေဗမာချီ။ ။
(၅)
တာရာမဂ္ဂဇင်းထွက်စက သူနှင့် သုဓမ္မ၀တီပုံနှိပ်တိုက်ရှေ့တွင် သွားတွေ့၏။ သူသည်
ဂျစ်ကားထဲမှနေ၍ စကားပြော၏။
`ဘယ့်နဲ့လဲဗျ ... တာရာမဂ္ဂဇင်း´ဟု သူ့ထင်မြင်ချက်ကို ကျနော်က တောင်း၏။ သူက
`ကျွန်တော်တော့ ကြိုက်တယ်´ဟု ဖြေ၏။ ဒါပဲ သူပြော၏။ ဘယ်လောက် အေးစက်သလဲ။ ဘယ်လောက်
အားမရစရာကောင်းသလဲ။
သူ အမေရိကန် ပြန်ကြားရေးဋ္ဌာနတွင်ရှိစဉ် သူ၏ဓါတ်ပုံစာအုပ်ကို ငှားကြည့်ဖူးသည်။
ဒီဓါတ်ပုံစာအုပ်မှာ စာလုံးဖြင့်မရေးသော သူ၏ အမေရိကန်သွားမှတ်တမ်းပင်ဖြစ်၏။
ပဋ္ဌမစာမျက်နှာ၌ အမျိုးသမီးတဦး၏ပုံကို တွေ့ရ၏။ ပုံ၏ အောက်မှ `မန္တလေး၏ ဟယ်လင်မင်းသမီး´
ဟု စာတမ်းထိုးထား၏ ဟယ်လင်မင်းသမီးကား အင်မတန်လှပ၍ သူ့ကြောင့်
ဂရိတ်ပြည်ထရွိုင်မြို့ကြီးမှာ မီးလောင်ကာပျက်စီးသွားခဲ့၏။ ဓါတ်ပုံနောက်မှ
အဖြစ်အပျက်ကိုကား ကျွန်တော်မသိ။
ထို့နောက် မိုးသားတိမ်တိုက်ထဲသို့ တိုးလုလု နယူးယောက်တိုက်ကြီးများကို တွေ့ရ၏။
ရုပ်ရှင်မြို့တော်ဟောလီးဝုဒ်၏ ပုံကားချပ်အထွေထွေနှင့်
သတင်းစာလုပ်ငန်းနှင့်ပတ်သက်သောနေရာများ ပေါ်လာ၏။ အဆုံးဘက်တွင်ကား ညိုမြသည်
ရွက်လှေတစင်းပေါ်၌ သူ၏မွေးစားသော အမေရိကန် `အမေ´နှင့် တွဲကာထိုင်နေသည်။
အကယ်၍ သင်သည် ကံဆုံ၍ ညိုမြနှင့်သွားတွေ့လျှင် ညိုမြသည်
သင်ပြောသမျှကိုငေးမောနားထောင်ကာ အင်းအဲနှင့် လေးတွဲ့စွာတုံ့ပြန်လိမ့်မည်။
ထို့နောက် ငြိမ်သက်သွားလိမ့်မည်။
တခါတရံ သူသည် သင်ရှိသည်ကို မေ့ဟန်ဖြင့် သီချင်းအလိုက်တခုကိုညည်းကာ
လေချွန်နေလိမ့်မည်။ ရင်းနှီးသူဖြစ်၍ မျက်နှာချင်းဆိုင်ကာစကားပြောလျှင် သင်းမြသော
ဝီစကီရနံ့အရက်ငွေ့သည် သင်၏မျက်နှာပေါ်သို့ ဖြတ်သန်း၍သွားလိမ့်မည်။ ထို့နောက်
မတုန်မလှုပ် ...။ ။
ဒဂုန်တာရာ
ဧပြီလ၊ ၁၉၄၇
0 comments:
Post a Comment