Tuesday, October 9, 2012

ဘက်လိုက်တဲ့ဂီတ(သို့မဟုတ်)အဓမ္မ၏တစ်ဖက်ကမ်းကလူ (အောင်ခွန်းဆက်)

0 comments
ဘက်လိုက်တဲ့ဂီတ(သို့မဟုတ်)အဓမ္မ၏တစ်ဖက်ကမ်းကလူ
တစ်ခါတစ်ရံမှာတော့ လူတစ်ယောက်၏အသွင်အပြင်နှင့် ဆင်ယင်ထုံးဖွဲ့မှုက သူဖြတ်သန်းခဲ့သောခေတ်စနစ်နှင့် အုပ်စိုးဖိနှိပ်မှုအပေါ်တုန့်ပြန်သောတော်လှန်မှု (သို့မဟုတ်)ယုံကြည်ချက်နှင့်ပဋိပက္ခတို့၏သင်္ကေတဖြစ်သည်ဟု ဦးရဲလွင်နှင့် စကားတစ်ဝက်မကျိုးခင်မှာပင် ကျွန်တော် ခံစားလိုက်ရသည်။ လက်ဖျံတစ်ဝက်ထိ ခေါက်လိပ်ထားသော ချည်သားအင်္ကျီဖြူ၊ ပုခုံးပေါ်ကျော်ကျနေသောဆံပင် ရှည်များ၊ နောက်ငွေရောင်မုတ်ဆိတ်နှင့် နှုတ်ခမ်းမွေး။ ထို့ထက်ပိုလွန်သော အဆောင်အယောင်တစ်ခုမှရှိမနေခြင်းကပင် ဦးရဲလွင်ဖြစ်သည်ဟု ကျွန်တော်ထင်သည်။ ဖြည်းဖြည်းလေးလေးပြောနေသောစကားတွေထဲ သူ့ကို ရိုးရိုးစင်းစင်း၊ ပကတိအတိုင်းအလွယ်တကူမြင်နေရသည်။
”အဲဒီတုန်းက ဦးနေဝင်းလက်ထက်။ ကိုယ်တို့ဂီတသမားတွေကို လမ်းသရဲတွေ၊ သရုပ်ပျက်ယဉ်ကျေး မှုတွေလို့ပြောတယ်။ ကိုယ်တို့က အာဏာရှင်စနစ်ကိုမကြိုက်ဘူး။ ကွန်မြူနစ်တို့၊ ဆိုရှယ်လစ်တို့လည်း မကြိုက်ဘူး။ မတရားတာကိုပဲသိတယ်။ အဲဒီတော့ မတရားတာကိုဆန့်ကျင်တော်လှန်တယ်။ ရွဲ့တာပေါ့။ ဆံပင်ရှည်ထားတယ်။ ဟိုးတုန်းကတည်းက ဒီပုံစံပါပဲ” ရှည်လျားသောမုတ်ဆိတ်ကို လက်ဖြင့်သပ်ရင်းမှ သူကပြောသည်။


ဆံပင်ရှည်ထားခြင်းမှာ မထူးဆန်းသောပုဂ္ဂိုလ်ရေးကိစ္စဖြစ်သော်လည်း ဦးရဲလွင်၏ဆံပင်တွေမှာတော့ ပြန်ပြောပြစရာစကားတွေရှိပါသည်။ သမိုင်း၏မှန်ကူကွက်။ မြန်မာ့နိုင်ငံရေးစာမျက်နှာများကိုလှန်လှောကြည့်ပါက ခေတ်ကာလတိုင်းတွင် တက္ကသိုလ်ကျောင်းသားထု၏အရွေ့နှင့်မလွတ်။ ၁၉၇၄ဦးသန့်အရေးအခင်းပြီးနောက် ကျောင်းသားများအား အိမ်ပြန်စေသည်။ အာဏာပိုင်များကတာဝန်ယူ၍ သင်္ဘောဆိပ်၊ ကားဂိတ်များသို့လိုက်ပို့သည်။
”သူတို့က ကျောင်းသားတွေကို လိုက်ပို့တယ်။ အဲဒီ သင်္ဘောဆိပ်၊ ကားဂိတ်တွေမှာ ဆံပင်အရှည်နဲ့ကျောင်းသားတွေဆို ဆံပင်ကို ဘက်နက်နဲ့ဖြတ်တယ်” ဟု သူက ပြန်ပြောင်းပြောသည်။
ထိုကာလတွင်E-machine အဖွဲ့၌ ဘေ့စ်ဂီတာသမားအဖြစ် သူတီးနေပြီ။ ဦးသန့်အရေးအခင်း ကာလတစ်လျှောက် အင်းစိန်မှ အစ်မဖြစ်သူထံနေရင်း ဘယ်ကိုမှသွားလာခွင့်မရ။ ကာဖြူးအမိန့်ကလည်း သက်ဝင်နေချိန်။ သူ့ဆံပင်တွေ ပိုမိုရှည်လျားလာခဲ့နေသည်။
”သုံးလလောက်ကြာတော့ ပျဉ်းမနားက နှစ်ကျိပ်ရှစ်ဆူလှည့်ပွဲမှာ သွားတီးရတယ်။ သီချင်းတိုက်နေတုန်းမှာလာပြောတယ်။ ဆံပင်ညှပ်ပါ။ တိုက်ပုံနဲ့ပုဆိုးနဲ့ ဘုရားပွဲမှာ တီးရမှာဆိုတာမျိုး ပြောတယ်။ ကိုယ်က မြန်မာ့ယဉ်ကျေးမှုအရ ဝတ်ရမှာလား။ ဒါဆို မြန်မာကေပဲ ထားမယ်။ ဘိုကေတော့မထားနိုင်ဘူးဆိုပြီး သျှောင်ထုံး ထုံးလိုက်တယ်။ သူတို့ဘာမှ မပြောနိုင်တော့ဘူး။ အဲဒီအတိုင်း တီးခဲ့တာပဲ။ ဆံပင်တွေ ပြန်ပြေကြတော့လည်း ပြေတဲ့အတိုင်းပဲထားပြီး တီးခဲ့တာ” ရယ်ရယ်မောမောပြောပြနေသော သူနှင့်အတူ ကျွန်တော်လည်း လွတ်လပ်ပေါ့ပါးမှုတစ်ခုကို ခံစားနေရသည်။
ရိုးသားမှုနှင့်အမှန်တရား တွင် ကြောက်စိတ်မရှိ။ နာရေးကူညီမှုအသင်း (ရန်ကုန်) ဝင်းအတွင်းမှ စားသောက်ဆိုင်လေး၏စားပွဲတစ်ခုပေါ်တွင် စကားလုံးများစွာရှိနေသည်။ ဖခင်ဖြစ်သူ စက်ရှင်တရားသူကြီး၏ အစိုးရဝန်ထမ်းဘဝ နယ်ပေါင်းစုံအပြောင်းအရွှေ့ခရီးများ။ ၁၉၆၂ အင်းစိန်တွင်နေပြီး အလုံမြို့နယ်၌ ၉ တန်းကို အပြင်ကျောင်းမှတက်ချိန်။ နယ်ခံကျောင်းသားတစ်စုနှင့် ရန်ဖြစ်သည်။
”ကိုယ်က အဲဒီအချိန်ဂစ်တာတီးတတ်စ ပြုနေပြီ။ အလုံကျောင်းမှာပဲတက်ခဲ့တဲ့ကျော်ဟိန်းနဲ့ စင်ပေါ်မှာတွဲပြီး တီးခဲ့ကြတယ်။ အဲဒါကို နယ်ခံကျောင်းသားတွေက မျက်စိစပါးမွေးစူးကြတယ်။ အခုမှ နယ်ကတက်လာပြီး စတားဖြစ်နေတာကိုပေါ့။ အဲဒါနဲ့ သူတို့တွေဝိုင်းထိုးခဲ့ကြတယ်။ အဲဒါဖြစ်တော့ ကိုယ့်ကိုအိမ်က ကျောင်းကနေထုတ်ခဲ့တယ်”ဟု ဦးရဲလွင်က ငယ်ဘဝကိုခြေရာပြန်ကောက်သည်။
နောက်တော့ရန်ကုန် စက်မှုတက္ကသိုလ် အာရ်အိုင်တီတွင်ကိုမောင်မောင်၊ ကိုခင်မောင်တိုးတို့နှင့်ဂီတထဲဘဝကို နှစ်ပစ်ခဲ့သည်။ ခုနှစ်သက္ကရာဇ်တို့က သူ့မှတ်ဥာဏ်ထဲ အစီအစဉ်တကျမရှိတော့သော်လည်း အဓိကအရာများကိုတော့ သူမမေ့ပါ။
သူတို့အဖွဲ့၏ ပထမဆုံးနာမည်ဖြစ်သည့် ‘ပြဿနာအုပ်စု’ က’ကျေးဇူးတင်တယ်ကမ္ဘာကြီး’ စီးရီးကို ထုတ်ခဲ့သည်။ နောက်တော့ အဖွဲ့နာမည်က ‘လိစ္ဆဝီများ’။ လေဆန်သောကောင်းကင်ဝယ် ကိုယ်ပိုင်သံစဉ်ငှက်များ၏ပျံသန်းမှုက နောက်ဆုံးတော့ ‘မဟာဆန်သူ’ဖြင့် အောင်မြေနင်းခဲ့သည်။
‘မဇ္ဈိမလှိုင်း’ က ကမ်းပေါ်တက်လာနိုင်ခဲ့သည်။ ၁၉၇၄ သည် ၂၇ နှစ်သား ကိုရဲလွင်အတွက် အမှောင်နှင့်အလင်းတွဲနေသော အချိုးအကွေ့။
”ကိုယ့်အဖေ ကင်ဆာရောဂါနဲ့အသည်းအသန်ဖြစ်ခဲ့တယ်။ ကိုယ် ဆုတောင်းတယ်။ သူစက်ရှင်တရားသူကြီးဘဝမှာ တရားမျှတခဲ့တယ်လို့ ယုံကြည်တယ်လေ။ အဲဒီအတွက် ကိုယ်ဆုတောင်းတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ မရခဲ့ဘူး”
အဖြစ်အပျက်တွေက သူ့ကို တစ်စုံတစ်ရာခံစားစေနိုင်သေးလား။ ကျွန်တော်မသိပါ။ စားသောက်ဆိုင်လေးထဲ နေ့လယ်စာ စားနေသူတွေ။ ဝင်ထွက်သွားလာနေသူတွေ၊ စကားသံတွေ။ ဆိုင်အတွင်းဘက်ဆီ သူ ငေးနေသော်လည်း ဘာကိုမြင်နေရသည်ကို ကျွန်တော်မသိ။ သူ့စကားသံတွေထဲ ထိုအချိန်က ဝမ်းနည်းနာကျင်မှု၊ အယုံအကြည်မဲ့မှုနှင့်သံသယများဖြင့်ရှိနေခဲ့သော ကိုရဲလွင်ကိုတွေ့ရသည်။
”အဖေဆုံးပြီး မကြာဘူး။ တစ်နေ့ အမေလေဖြတ်ပြီး အိမ်ကိုသတိမေ့လျက်သားနဲ့ပြန်ရောက်လာတယ်။ အမေနဲ့ခဏလေး စကားပြောခွင့်ရချင်တယ်။ သတိပြန်ရပြီး စကားပြောခွင့်ပေးဖို့ ကိုယ်ဆုတောင်းတယ်။ ဒါပေမဲ့ မရပြန်ဘူး။ အဲဒီကစပြီး ယုံကြည်မှုတွေပြောင်းလာခဲ့တယ်”
မိသားစုနှင့် ဆွေမျိုးသားချင်းများ၏ အစဉ်အဆက်ကိုးကွယ်မှုကိုစွန့်လွှတ်ခဲ့ပြီးနောက် ယုံကြည်ရပ်တည်ရာအတွက် သူရှာဖွေခဲ့သည်။ သူ၏ ဂီတရဲဘော်ရဲဘက်များက ကူညီခဲ့ပါသည်။ သို့သော် နှစ်ကာလအတန်ကြာကိုယ်တိုင် ထဲထဲဝင်ဝင်လေ့လာမှုဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်ကို စူးနစ်ယုံကြည်စွာ သူ ရွေးချယ်ခဲ့သည်။
”ဗုဒ္ဓရဲ့မေတ္တာတရားနဲ့ သစ္စာလေးပါးကိုယုံကြည်တယ်။ ဆရာကြီး ဦးဂိုအင်ကာရဲ့တရားစခန်းမှာ ရိပ်သာဝင်ခဲ့တုန်းက နာခဲ့ရတဲ့ဗုဒ္ဓတရားတော်နဲ့သာ ဒီမိုကရေစီအစစ်အမှန်ကို ရနိုင်တယ်ဆိုတာကိုလည်း ယုံကြည်တယ်” ဟု ဦးရဲလွင်ကဆိုပါသည်။
ဒါသည်ပင် သူယုံကြည်သောနိုင်ငံရေးဟု ကျွန်တော်ခံစားမိသည်။ သူတစ်လျှောက်လုံး မြတ်မြတ်နိုးနိုးတီးခတ်ခဲ့သည့် ဘေ့စ်ဂစ်တာသံလိုပင် သူ့စကားတွေက ထူထဲခိုင်မာနေသည်။ သူ့မှာ ပန်းတိုင်ရှိသည်။
”ကိုယ်အလုပ်ချင်ဆုံးက တောထွက်ပြီး တရားအားထုတ်ချင်တယ်။ ဒါပေမဲ့ ကိုယ်မလုပ်နိုင်သေးဘူး။ ဒါကလည်းအများအတွက် လောကီကိစ္စတွေမကျေသေးလို့ ထင်ပါတယ်”ဟု တည်ငြိမ်သောအသံဖြင့်သူပြောသည်။
တကယ်တော့ ဦးရဲလွင်သည် တိတ်ဆိတ်သောအနုပညာသမား။ သူတီးခတ်သောဂီတ၊ သူရေးခဲ့သော သီချင်းများနှင့် သူရွေးချယ်ခဲ့သောဘေ့စ်ဂစ်တာသမားဘဝမှ ဒီ့ထက်ရှေ့မထွက်ခဲ့။ သို့သော်တစ်ချိန်မှာတော့ သူ့နှလုံးသားအတွင်းမှလျှို့ဝှက်သောဂီတက သူ့ကမ္ဘာကိုဖွင့်ချပြခဲ့သည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာ။ ထိုနေ့က ရန်ကုန်သည် ရွှေဝါရောင် တောက်နေခဲ့သည်။ ဓမ္မသည် တစ်ကိုယ်ရည်လွတ်မြောက်ရန် သက်သက်မဟုတ်သည့်အဓိပ္ပာယ်ဖြင့် လင်းနေခဲ့သည်။ ယုံကြည်ကိုးစားမှုက အားလုံးကိုခွန်အားပေးခဲ့သည်။ သို့သော် မျက်ရည်များ၊ နာကျင်မှုများနှင့် ယမ်းနံ့ဝေသောအမဲလိုက်ပွဲတွင် ရွှေဝါရောင်က အနီစွန်းခဲ့သည်။ သူထွက်မပြေးပါ။ တုန်လှုပ်ခြင်းကင်းသောစိတ်ဖြင့် ထိုနေ့က ဆူးလေလမ်းမကြီး၏တစ်နေရာတွင်ထိုင်ကာ သူစွမ်းနိုင်သမျှ ကြိုးစားခဲ့သည်။ ‘မေတ္တာတရား’။
”ကိုယ်မေတ္တာပဲ ပို့နေခဲ့တယ်။ လူတွေ ရုတ်ရုတ်သဲသဲ ပြေးနေကြတယ်။ ကိုယ့်ကိုဆွဲခေါ်သွားတယ်။ ကိုယ်မကြောက်ပါဘူး။ မေတ္တာပို့တာအထဲမှာလည်း ပို့လို့ရတာပဲ။ သူတို့ ကိုယ့်ကိုမနှိပ်စက်ပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက စစ်တဲ့ပုဂ္ဂိုလ်က ကိုယ်နဲ့မျက်လုံးချင်းမဆိုင်ရဲဘူး။ မျက်နှာခပ်လွှဲလွှဲထားပြီး မေးတယ်။ ပြောတယ်။ မကြောက်တဲ့သူကို သူတို့ဘာမှမလုပ်ရဲဘူးလေ” ယုံကြည်လေးနက်မှုဖြင့် ခွန်အားအပြည့်ပါသောစကားဟု ကျွန်တော်ရိုးသားစွာ ခံစားရသည်။
ထိုစဉ်က သူ တီးခတ်ခဲ့သောဂီတကြောင့် သူ့ကိုအားလုံးသိခဲ့သည်။ ၂၁ ရက်တာအချုပ်ကာလပြီးနောက် သူ့ဘဝသည် အခြားသောအဓိပ္ပာယ်များထံ ပျံသန်းခဲ့ပါသည်။ သူ ထိန်းသိမ်းခံရစဉ် မိတ်ဆွေအပေါင်းအသင်းနှင့် ဆွေမျိုးသားချင်းများက စိုးရိမ်ပူပန်နေခဲ့ကြသည်။ ဒါ ဗုဒ္ဓဘာသာကြောင့်လားဟု သူ့ကိုမေးခဲ့သည် ဆိုပါသည်။
”ဆွေမျိုးတွေက မေးခဲ့တယ်။ ဒါ ဗုဒ္ဓဘာသာကြောင့်မို့ လုပ်ခဲ့တာလားပေါ့။ ကိုယ်က မဟုတ်ဘူး။ ဒါ အမှန်တရားအတွက်လုပ်ခဲ့တာလို့ ပြောခဲ့တယ်” ထိုစကားသည်ပင် ဦးရဲလွင်၏ နှလုံးသားထဲမှဂီတဖြစ်ပါလိမ့်မည်။
ထိုကံတရားသည်ပင် မြန်မာနိုင်ငံ၏ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကျွမ်းဝင်စေခဲ့သော ခရီးအစ။ နေရောင်က ကျွန်တော်တို့ထိုင်နေသောဆိုင်လေး၏ တံစက်မြိတ်အောက်သို့တိုးဝင်နိုင်ရန် ကြိုးစားနေသည်။ သူ့အင်္ကျီပေါ်က နာရေးကူညီမှုအသင်းတံဆိပ် ရင်ထိုးလေးကို ကျွန်တော် ငေးနေမိသည်။ ဒီအလုပ်က သူလုပ်ချင်ခဲ့သော ပရဟိတ။ ထို့အတွက် ကိုကျော်သူတို့၏ ဖိတ်ခေါ်နေရာပေးမှုက သူ့ကို နွေးထွေးစေခဲ့ပါသည်။
”ကိုယ်တို့က သူပုန်လိုနေခဲ့တာလေ။ သူ့လို အဖွဲ့အစည်းနဲ့ စနစ်တကျ မလုပ်တတ်ဘူး။ မလုပ်နိုင်ဘူး။ ဒါက ကိုယ်လုပ်ချင်တဲ့အလုပ်ပဲ။ ကိုယ့်အသက်အရွယ်နဲ့ ကျန်းမာရေးအရ သူတို့လည်း မခိုင်းပါဘူး။ လုပ်နိုင်တဲ့လူငယ်တွေလုပ်ကြ။ ကိုယ်က ဝင်ရပ်ပေးရုံပါ”ဟု နာရေးကူညီမှုအသင်းထဲ အချိန်ပြည့်နီးပါးရှိနေသော ဦးရဲလွင်က သူ့ရပ်တည်မှုကိုရှင်းပြသည်။
ဘာသာလူမျိုးနှင့်မဆိုင်။ သေမှုနှင့်နေမှုတို့တွင် ငွေနှင့်ဆက်နိုင်မှ ဟင်းချနိုင်သည့် ရန်ကုန်တွင် ဒီ အသင်း၏ကူညီမှုက အားလုံး၏လေရှူပေါက်။ သို့သော် အများအတွက်ရည်မှန်းချက်တူသူချင်း လက်တွဲမိသောအခါတွင် ပရဟိတသည် နိုင်ငံရေး၏အရောင်အသွေးအောက်တွင်လိုလို အချို့ကယိုးစွပ်ချင်သည်။ ကျွန်တော်က သူရပ်နေသည့်ဘက်ကို သိချင်ခဲ့သည်။
”တရားမျှတမှုနဲ့မမျှတမှုမှာ မတရားတဲ့ဘက်ကတော့ မရပ်နိုင်ဘူး။ မှားတာကိုလည်း မထောက်ခံနိုင်ပါဘူး။ ပျက်စီးပါစေလို့လည်း ဆုမတောင်းဘူး။ မေတ္တာပဲပို့ပါတယ်။ အမှန်နဲ့အမှားကြားထဲကနေ ပြေလည်အောင်လုပ်ပေးဖို့လိုအပ်ရင် လုပ်မယ်။ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမရှိပါဘူး”ဟု ဦးရဲလွင်က သူ့ခံယူချက်နှင့် သူရပ်နေသည့်ဘက်ကို အဓိပ္ပာယ်ဖွင့်ခဲ့သည်။
ထိုယုံကြည်မှုဖြင့်ပင် သူလျှောက်နေခြင်းဖြစ်သည်။ လမ်းတူသူချင်းမို့ ဒေါ်အောင်ဆန်းစုကြည်၏ လူမှုရေးနှင့် ပရဟိတ၊ေ နောက် နိုင်ငံရေးလှုပ်ရှားမှုထဲတွင် သူလက်တွဲပါဝင်ခြင်းဖြစ်သည်။ သူ ပါတီဝင်မဟုတ်ဟု ဦးရဲလွင်က ဆိုပါသည်။ ယခင်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးအနေဖြင့်သာ သိခဲ့သော်လည်း ၈၈ နောက်ပိုင်းမှစ၍ သူမ၏အရင်းအနှီးများကြောင့် လေးစားယုံကြည်ခဲ့သည်ဟု ဦးရဲလွင်ကပြောသည်။
”အရင်က သီချင်းဆိုခဲ့တာ မဟုတ်ဘူး။ အခုအသက် ၆ဝကျော်မှ အမေစုရဲ့ပညာရေးရန်ပုံငွေပွဲမှာ ဂစ်တာပြန်ကိုင်တီးပြီး ဆိုရတာ။ သူ့မျက်နှာနဲ့သူ့စကားတွေကြားတဲ့အခါ သူအကူအညီတောင်းတာကို ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ ပြီးတော့ တိုင်းပြည်အတွက်သူ့ဘဝကိုတောင် စွန့်လွှတ်နိုင်တာတွေ၊ ကိုယ်တွေထက် အမောခံနိုင်တာတွေ၊ အနစ်နာခံခဲ့တာတွေကိုလည်း လေးစားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ တန်ဖိုးထားမှုကိုပြောသည်။
သို့သော် သူကတော့ပြည်သူတစ်ယောက်အနေနဲ့သာ ပါတီအတွက်ကူညီနိုင်သည်ကို ကူညီမည်။ ဝေဖန်စရာရှိလျှင်ဝေဖန်မည်။ အမှန်တရားအတွက်သာလုပ်မည်ဟု ဦးရဲလွင်က ခိုင်ခိုင်မာမာ ဆိုပါသည်။ ”နောက်ဆုံး ဗုဒ္ဓတရားကိုအားထုတ်ရင်း အမှန်တရားနဲ့ဒီမိုကရေစီအတွက် ကူညီပေးနိုင်ရင်လည်း ပေးချင်ပါတယ်။ နှစ်ဖက်ကြားထဲကနေ ဖြေရှင်းပေးချင်တယ်။ ကိုယ့်ကို ရိုက်ချင်လည်း ရိုက်သွားပေါ့”ဟုဆိုရင်း တစ်ချိန်က မိတ်ဆွေနှစ်ဦး၏ပဋိပက္ခကြား ဝင်ရောက်ဖြန်ဖြေရင်း ခဲမှန်ကာ ပွဲပြီးသွားခဲ့ဖူးသည့်အကြောင်းကို နှုတ်ခမ်းအပေါ်မှဒဏ်ရာကိုပြကာ ဦးရဲလွင်ကပြန်ပြောင်းပြောသည်။
အပြင်မှာ နေက စူးစူးရဲရဲပူနေပါသည်။ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း လက်မှတ်တစ်ချက်နှင့် မြေကွက်များ၊ ဂီတအစည်းအရုံးဝင်ခွင့်နှင့် တယ်လီဖုန်းလျှောက်လွှာ၊ အိမ်ထောင်ကျစ ဘဝလိုအပ်ချက်နှင့် သူ ငြင်းပယ်ခဲ့သောအရာများ။
နောက် ဆုတောင်းဖက်ဟု သူသုံးနှုန်းခဲ့သည့် ဂီတရဲဘော်ရဲဘက်များကြား ပျောက်ဆုံးသွားသော မိသားစုဆက်ဆံရေးနှင့်မဇ္ဈိမလှိုင်း၏ပဋိပက္ခများ။
”သူငယ်ချင်းတွေကို ကိုယ်ချစ်ပါတယ်။ အဲဒီတုန်းကလည်း သူတို့ရဲ့အခက်အခဲတွေ၊ လိုအပ်ချက်တွေကြောင့် သူတို့ရွေးချယ်ခဲ့တာတွေကို အပြစ်မပြောပါဘူး။ အဲဒီ ချည်နှောင်မှုတွေထဲမှာ သူတို့တော်တော်ပြန် ပေးဆပ်ခဲ့ကြရတယ်။ ကိုယ်သူတို့ကို မုန်းလို့မရပါဘူး”ဟုဆိုခဲ့သည့် ဦးရဲလွင်၏စကားကြောင့် ထိုအရာများစွာကို စားပွဲပေါ်တွင် ထိုနေ့ကအတိုင်း ကျွန်တော်ထားခဲ့လိုက်ပါသည်။
တစ်ချိန်က ဂီတခရီးထဲ သူနှစ်သက်ထိတွေ့ခဲ့သော မူးယစ်ဆေး၊ သူတို့၏ အာရ်အိုင်တီကျောင်းအနီးမှာပင်ရှိခဲ့သော ဆေးဆိုင်များ၊ အလွယ်တကူရရှိသုံးစွဲနိုင်အောင် ဖန်တီးပေးခဲ့မှု၊ ရိုးသားပွင့်လင်းစွာပြောခဲ့သောစကားများစွာက လေထုထဲအလွယ်တကူပျောက်သွားမည့်အရာများမဟုတ်။ ထို့အတွက်လည်း သူပြန်ပေးဆပ်ခဲ့ရသည်က ကျန်းမာရေး။ အာရုံကြောများအားနည်းမှုနှင့် မှတ်ဥာဏ်။ အဆုံးမသတ်နိုင်သောရေးလက်စတန်းလန်းစာများနှင့် သူရေးခဲ့သောသီချင်းများကို မမှတ်မိတော့ဟု ဦးရဲလွင်က ဆိုပါသည်။ သို့သော် သူကျေနပ်နေခဲ့ပြီ။
”ဘဝက လုံလောက်ပြီလို့ ထင်တယ်။ ဒီ့ထက်လည်း အသက်မရှည်ချင်တော့ဘူး။ အောင်မြင်မှုတွေဘာတွေလည်း မလိုတော့ပါဘူး။ ဖြစ်နိုင်ရင် တရားအားထုတ်ပြီး အများအတွက်ပဲလုပ်ချင်တော့တယ်”ဟု သူပြောပါသည်။
မြင့်မားသွယ်ပျောင်းသောအရပ်အမောင်းနှင့် ကိုယ်ဟန်တွင် အင်္ကျီက ပကတိအဖြူ။ လွယ်အိတ်ကိုလွယ်လိုက်ရင်း ကန်းထရီးစတိုင် ကောင်းဘွိုင်ဦးထုပ်အရောင် မှိုင်းမှိုင်းအောက်တွင် သူ့အသွင်က တည်ငြိမ်လှသည်။ သူ့ကိုအနုပညာသမားဟုဆိုလျှင် လုံလောက်ပြည့်စုံပါမည်လား ကျွန်တော်မသိ။ ခေါင်းစဉ်များကိုလည်း သူ စိတ်ဝင်စားလိမ့်မည်ဟု ကျွန်တော်မထင်။ ကျွန်တော်တို့သည် ဘဝကို ရွေးချယ်နိုင်သည်။ ပုထုဇဉ်တို့၏လောကသစ္စာတွင် အစွန်းများစွာရှိပါသည်။ အလယ်ဟုရပ်မိသည့်နေရာသည်ပင် အခြားသူများ၏အစွန်းတစ်ဖက် ဆန့်ကျင်ဘက်။ သို့သော် ကျွန်တော်တို့ ယုံယုံကြည်ကြည် လိုက်ရမည့်ဘက်များလည်း ရှိပါသည်။ လာကြိုသည့်ကားဆီ လျှောက်သွားသော ဦးရဲလွင်၏ကျောပြင်ကိုငေးကာ ကျွန်တော် တွေးနေမိသည်။ ဖြစ်နိုင်လျှင် အဓမ္မ၏တစ်ဖက်ကမ်းတွင် သူဖန်တီးသော အမှန်တရားဘက်လိုက်သည့်ဂီတနှင့်အတူ ကျွန်တော်လည်းယုံယုံကြည်ကြည်ဘရပ်နေချင်ပါသည်။
ဟိုမှာဘက်ကမ်းတွင် ရောင်နီလော…ဆည်းဆာလော…။

အောင်ခွန်းဆက်
(ယူတာက ဒီနေရာကပါ) http://www.facebook.com/nyeinchanaye81

0 comments:

Post a Comment