Saturday, October 13, 2012

ကာလပေါ်ငရဲခွေးကြီးတွေ လွတ်နေသေး (ဟံသာဝတီ-ဦးဝင်းတင်)

0 comments
ကာလပေါ်ငရဲခွေးကြီးတွေ လွတ်နေသေး(ဟံသာဝတီ-ဦးဝင်းတင်) အောက်တိုဘာ ၁၃၊ ၂၀၁၂
( Myanmar Independence Journal )


ဒီရက်ပိုင်းအတွင်း မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တိုတိုပြောရရင် ဒီလိုဗျာ။  ဂျာနယ်ထဲမှာဖတ်လိုက်ရတဲ့စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း “ကျောင်းသားလှုပ်ရှားမှု”ဆိုတဲ့ ဧရာမကျမ်းကြီးကိုပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။ ကိုအောင်ထွန်းကို စစ်အာဏာရှင်အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံအတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲသွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲပိတ်ထားခိုက် စစ်ထောက်လှမ်းရေးယမမင်းတို့ လုပ်ကြံမှုတွေစိတ်ကြိုက် လုပ်ကြတယ်။
ဒီလို မတရားချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ ၊ ငရဲခန်းသွင်းပိတ်မှုတွေ ထောင်တွင်းလုပ်ကြံမှုတွေ၊ လွတ်ချိန်သင့်လို့ လွတ်ခွင့် ကြုံလာရင်တောင် အကျဉ်းသားရဲ့လူ့သိက္ခာ၊ နိုင်ငံရေးသိက္ခာ၊ ယုံကြည်ချက်သိက္ခာကိုဖဲ့ခြွေချိုးဖျက်တဲ့ ခံဝန်ချက်အမျိုးမျိုးကို လက်မှတ်ထိုးခိုင်းတာတွေ၊ အဲဒါတွေအားလုံးအတွက် စစ်အာဏာရှင်ပါးကွက်သားတွေ ငါတို့ (နိုင်ငံရေးအကျဉ်းသားတွေ)ကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ဘက်ကရပ်တည်ခဲ့တဲ့ ပြည်သူလူထုတွေကို ဝန်ချတောင်းပန်ရမယ်တဲ့။
မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်မှာလွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့အသံက ကြေညာချက်ပုံစံနဲ့ထွက်လာတယ်။ သူ့အသံက စစ်အာဏာရှင်ဟောင်းကြီး ချုပ်နှစ်ချုပ်ကို နာမည်နှင့်တကွ လူကောင်ဆွဲထုတ်စွပ်စွဲတာဖြစ်တယ်။ သူ့အသံက ပြည်သူလူထုကြီး တစ်ရပ်လုံးကို သိကြားစေသက်သေညွှန်းတဲ့ပုံစံမျိုးနဲ့ ဖွင့်ချတာဖြစ်တယ်။
အဲသလို နိုင်ငံရေးအကျဉ်းသားဟောင်း အကျော်ဇေယျတစ်ဦးရဲ့အသံကို ကျွန်တော် ထွေထွေထူးထူးပြောစရာမရှိပါဘူး။
ထပ်ဆင့် သဘောတူတယ်။
ထပ်ဆင့် ထောက်ခံတယ်။
ထပ်ဆင့် ဆန္ဒပေးတယ်။
ဒီလိုပဲ လိုရင်းကိုတိုတိုရှင်းရှင်း ပြောစရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုအောင်ထွန်းလိုပဲ လူ့ငရဲကိုဖြတ်သန်းခဲ့သူ။ ဒီတော့ နောက်ထပ် ထပ်ဆင့်ပြောစရာတွေရှိတယ်။ နည်းနည်းပြောပါရစေ။ အားနာလို့ နည်းနည်းပြောပါရစေ ခွင့်တောင်းတာ။ ပြောစရာတွေကတော့အများကြီး။
၁၉၈၉ ဇူလိုင် ၃ ရက်မှာ ကျွန်တော်ထောင်ထဲရောက်တယ်။ အဲဒီနှစ် စက်တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ်အပြစ်ပေးခံရတယ်။ ၃ လလောက် အကြားကာလမှာ ကျွန်တော်ဟာ အချုပ်သား။ ပြစ်ဒဏ်ကျခံရတဲ့ထောင်သား မဟုတ်သေးဘူး။ အပြစ် တစ်စုံတစ်ရာ ရှိတယ်လို့ သတ်မှတ်ခြင်းခံရတဲ့သူ မဟုတ်သေးဘူး။ ဒါပေမယ့် ကျွန်တော်ညှဉ်းပန်းမှုတွေခံရတယ်။ နှိပ်စက်မှုတွေခံရတယ်။ အများကြီးခံရတယ်။ ကြိမ်ဖန်များစွာခံရတယ်။ ညမအိပ်နေ့မနား ရက်ပေါင်းများစွာခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့ လည်စင်းခံရတယ်။ ဒါက အချုပ်သားဘဝ(အပြစ်မဲ့ဘဝ)နဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။
ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်တော့ကော။ မေးနေစရာမလိုပါဘူး။ ပိုလို့သာ ဆိုးလာတော့တာပေါ့။ စစ်ထောက်လှမ်းရေးက ထောင်ထဲမှာပဲ တပ်စွဲနေတာကိုး။ လာချင်ရင်အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင်ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ်နေတယ်။ ဒီတော့ ထောင်ထဲမှာ ကျွန်တော်တို့ဖွတ်ဖွတ်ညက်ညက် ကြေနေကြရတော့တာပေါ့။ စစ်ခွေးတိုက် သွင်းခံရလိုခံရ။ ရဲဘက်စခန်း သွင်းခံရလိုခံရ။ စစ်ထောက်လှမ်းရေးက ကျောချင်တိုင်းကျောတဲ့ စစ်ကြောရေးရုံး သွင်းခံရလိုခံရ။ ကျန်ကောင်းကျန်ရာ လူ့သိက္ခာဗလာကျင်းအောင် ဖဲ့ခြွေချွတ်ခွာ ခံရလိုခံရ။ ဖဲ့တာ ခြွေတာ ခံရတာတွေထဲမှာ အဆိုးဆုံးက ကျွန်တော့်ပါးစပ်ထဲက မွေးရာပါသွားတွေ ချောင်ခြွေ ချိုးချွတ်ခံရတာပဲ။ စစ်ထောက်လှမ်းရေးလက်ချက်နဲ့ ကျွန်တော့်သွားတွေအကုန်ကြွေကုန်တယ်။ ၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ်စားလစ်ပါးစပ်နဲ့ ထောင်ထမင်းကြမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှ သွားတုတပ်ခွင့်ပေးတယ်။
ပိုဆိုးတာ နောက်တစ်ခုရှိသေးတယ်။
၁၉၉ဝ ဇန်နဝါရီမှာ ကျွန်တော် အူကျရောဂါရတယ်။ အိပ်ရာထဲ ဗုန်းဗုန်းလဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာပိုင်တွေက ဘာကုသမှုမှ မလုပ်ပေးဘူး။ ပြောမရဆိုမရဘဲ။ ၅ နှစ်တိတိ ကြာတယ်။ နောက်ဆုံး အူတွေခေါက် သေမလောက်ဖြစ်မှ ဆေးရုံပို့ တယ်။ ရန်ကုန်ဆေးရုံကြီးခွဲစိတ်ခန်းထဲကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိတ်ရတယ်။ လူတော့မသေဘူး။  မွေးရာပါတစ်ရှဉ်းတော့ “နတ်သင်း” ဖြစ်ရတယ်။ အဆိုးတကာ့ထိပ်ခေါင် လူ့ငရဲမီး လောင်ခံရတဲ့အဖြစ်က ဒီလို။
၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျွန်တော့်ကိုလွှတ်ပေးမယ်လို့ လာပြောတယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်းသား ၁ဝဝ ကျော်နဲ့ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျွန်တော်တို့တစ်တွေကို ကိုယ်မှတ်စစ်တယ်။ ထောင်ကျတုန်းက မှတ်တမ်းယူထားခဲ့တဲ့ ကိုယ်အင်္ဂါအမှတ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံးပြီးတော့ လွှတ်ဝရမ်းပေးတယ်။ ညျွန်မှူးရုံး အစည်းအဝေးခန်းမထဲသွင်းတယ်။ အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီးဇော်မင်းက ဩဝါဒပေးတယ်။
နောက်ဆုံးအတန်းမှာထိုင်နေတဲ့ကျွန်တော့်ကို `ညွှန်ချုပ်က နာမည်ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ် တယ်။ ရှေ့ဆုံးရဲ့ ရှေ့ မှာ အပြင်က တရားသူကြီးတွေ၊ ဥပဒေ အရာရှိ ကြီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင်အရာရှိကြီးတွေ ထိုင်နေတယ်။ညွှန်ချုပ်က သူ့ဩဝါဒထဲမှာ ကျွန်တော့်နာမည်ကို တကြော်ကြော် ခေါ်-အော်-ဖော်တယ်။ “ဆရာကြီးဦးဝင်းတင်လည်း ဒီနေ့လွတ်ပြီ။ ကျွန်တော်တို့က ဆရာကြီးစာတွေကိုဖတ်ပြီး ကြီးခဲ့တာ။ ဆရာကြီး ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ပါစေ”
ညွှန်ချုပ်ဩဝါဒဆုံးတော့ အားလုံးခန်းမထဲကထွက်ကြတယ်။
ထောင်ဘူး(တံခါးမကြီးခန်းမ)ထဲကို ဝင်ကြတယ်။ အားလုံးတန်းစီ လွတ်လမ်းချီကြတယ်။ လွတ်လူတွေထဲမှာ ဒီချုပ်က လူငယ်တာဝန်ခံ(၂) မြင့်ဋ္ဌေးပါတယ်။ လွတ်လူတွေ တော်တော်လေးထွက်ကုန်တော့ ဒုတိယညွှန်ကြားရေးမှူးချုပ်က လာပြောတယ်။ ဆရာကြီးနဲ့ ဒီလူတွေ ဒီလူတွေ ခဏနေကြပါဦး။ ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦး လာတွေ့ချင်တယ် ပြောလို့ပါ။ ဝန်ကြီး စောင့်ရင်း ထမင်းလေးစားပါဦးတဲ့။
ကျွန်တော်တို့ လူသိုက်က ၁ဝ ယောက်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင်တစ်ယောက် ပါတယ်။ တောင်ငူမြို့က ဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခု နေပြည်တော်မှာ လွှတ်တော်တက်နေတယ်)။ ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျွန်တော့်ကို လာခေါ်တယ်။ အကျရုံးကို လိုက်သွားရတယ်။ အကျရုံးမှာ တစ်အောင့်လောက်မကြာဘူး။ ခေါင်းစွပ်စွပ်ပြီး အပြင်ခေါ် ထုတ်ပြန်တယ်။ တစ်နေရာရောက်လို့ ခေါင်းစွပ်ချွတ်တော့။ လားလား ကျွန်တော်မနက်ကထွက်လာခဲ့တဲ့ ထောင်ခန်း။ မနက် ထွက်လာတုန်းက ရှိရှိသမျှ ဘုဉ္ဇာဟိလုပ်ခဲ့လို့ အခန်းက ပြောင်တလင်းခါနေတယ်။ စားစရာနတ္တိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။ ရေသောက်စရာ ခွက်မှ မကျန်။ မိုးသာ စုန်းစုန်းချုပ်သွားတယ်။ ဘယ်သူဘယ်ဝါမှ ကျွန်တော့်အခန်း ပေါ်မလာ။ ကျွန်တော့်ကို ဘာစကားတစ်ခွန်းမှ လာမပြော။ ဒီလိုနဲ့ နောက်ထပ်ထောင်ထဲ မှာ ၂နှစ်ကျော်အပိတ်ခံခဲ့ရပြန်တယ်။ ၂ဝဝ၈ စက်တင်ဘာ ၂၃ မှကျွန်တော် ထောင်က တကယ်လွတ်တယ်။
ထောင်သမိုင်းမှာ ကျွန်တော့်လို ရာဇဝင်ရိုင်းခဲ့တဲ့သူ မရှိခဲ့ဘူး။ ကျွန်တော် ကြားဖူးနားဝရှိသလောက် တစ်ယောက်မှမရှိခဲ့ဘူး။ လူထုဦးလှလိုပုဂ္ဂိုလ် ထောင်ဒဏ်ပြန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက်ရောက်တော့ သူ့ကိုထောင်ဗူးဝရုံးပို့တယ်။ လွှတ်ဝရမ်းပေးတယ်။ နောက်ထပ် ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ ထောင်ထဲပြန်သွင်းတယ်။  ထောင်ပြန်ကျတယ်။
ကျွန်တော် အင်းစိန်ထောင်မှာ ရှိနေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက်ခိုင်လည်း ထောင်ကျနေတယ်။ တစ်ရက်မှာ သူ့လွတ်နေ့ စေ့တယ်။ စစ်ထောက်လှမ်းရေးတွေ သူ့အခန်းရှေ့ရောက်လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ(ဃ) ကပ်တယ်။ သူလည်း တစ်ကျော့ပြန် ထောင်ကျတယ်။ ဒီကိစ္စတွေ ကျွန်တော်သိသားပဲ။ ကြားဖူးသားပဲ။ ဒါပေမယ့် ကျွန်တော့်အဖြစ်နဲ့ မတူကြဘူး။ ကျွန်တော်က လွတ်ပြီးသားလူ။ လွတ်တာမှ ကွင်းလုံးကျွတ်လွတ်ပြီးသားလူ။ ထောင်လုပ်ငန်း သဘောအရ အားလုံး၊ အကုန်လုံး၊ အူတွင်းချေးခါးမကျန် စစ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသားလူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။  နောက်ထပ် ဘာတရားမှ မစွဲ။ နောက်ထပ် ဘယ်ရုံးမှ မတင်။ ကျွန်တော့်ကို နောက်ထပ် ၂ နှစ်ကျော် ထောင်ထဲသွင်း ပိတ်ထားခဲ့တာဟာ ဘာသဘောလဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ခုခံချေပမလဲ။ ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် “ဘလိုင်း” မတရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတရား၏ချုပ်နှောင်တာ။ စစ်အာဏာရှင်တွေ မတရားလုပ်တာ။ စစ်အစိုးရက နိုင်ငံသားတစ်ဦးအပေါ် တရားမဲ့ပြုတာ။ ကိုင်း… ဥပဒေ ပညာရှင်တွေ ကျွန်တော့်အမှုကို ဘယ်လိုအဆုံးအဖြတ် ပေးကြမလဲ။ စစ်အာဏာရှင်တွေကို ဘယ်လို ခုခံကာကွယ်ကြမလဲ။ ကျွန်တော့်ကို ဘယ်လိုစောင့်ရှောက်ကြမလဲ။ တရားဥပဒေစိုးမိုးရေးမရှိခဲ့လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြမှာလား။ စစ်အာဏာရှင်ခေတ်က တရားဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောကြမှာလား။
ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်အစိုးရတွေ၊ စစ်အာဏာရှင်ပါးကွက်သားတွေ၊ စစ်အာဏာရှင်လက်ပါးစေတွေ၊ စစ်အာဏာရှင်လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင်ကပ်ပါးတွေ၊ မတရားလုပ်ခဲ့ကြတာတွေ တရားမဲ့ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေပစ်လိုက်ရမှာလား။
သူတို့အားလုံးကို ဝန်ချတောင်းပန်ခိုင်းကြမှာလား။
သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေးအပြစ်ပေးကြမှာလား။
သူတို့အားလုံးကို နိုင်ငံတကာခုံရုံးတင် စစ်ဆေးအပြစ်ပေးကြမှာလား။
နိုင်ငံရေးအကျဉ်းသားတွေအားလုံးအတွက် သူတို့အားလုံးဆီက နစ်နာကြေး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေး တောင်းကြမှာလား။
စစ်အာဏာရှင်တွေကို နိုင်ငံရေးအမွေဆက်ခံတဲ့ စစ်တစ်ပိုင်းအစိုးရတစ်ခုလုံးကို သမဝါယမအစိုးရအဖွဲ့လုပ်ခိုင်းကြမှာလား။
လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လုပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။
ကောင်းတာချည်းပါပဲ။ ကျွန်တော် ထောက်ခံပါတယ်။
အရေးတော်ပုံတပ်သားတစ်ယောက်အနေနဲ့ သဘောထားပြောပါလို့ မေးမလား။ နိုင်ငံရေးအကျဉ်းသားဟောင်းတိုင်းက ဒီလို ပြောကြလိမ့်မယ်ထင်တယ်။
စစ်အာဏာရှင်တွေ တစ်မြုံလုံးကို
ကမ္ဘာမကျေဘူးဟေ့။
ဗမာမကျေဘူးဟေ့။
ငါမကျေဘူးဟေ့။
ကျွန်တော်တစ်ယောက်ထဲရဲ့ထပ်ဆင့်သဘောထား ဘယ်လိုလဲလို့ ထပ်ဆင့်မေးမလား။ ဒီလို ဖြေမိမယ်ထင်တယ်။
စစ်အာဏာရှင်တွေဟာ သမိုင်းကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့်ရနေကြတယ်။ တရားဥပဒေ ကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့်ရနေကြတယ်။ ကွယ်လွန်သူစာရေးဆရာကြီး သတင်းစာဆရာကြီး အိုးဝေဦးညိုမြစကားလုံးအတိုင်း “ငရဲခွေးကြီးလွတ်နေဆဲ” (Hell Hound at Large) လို့ ပြောရမှာပေါ့။
နောက်တစ်မျိုးပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။
“ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးတယ်”။
ဟံသာဝတီ ဦးဝင်းတင်
( Myanmar Independence Journal )
www.myanmarij.com

0 comments:

Post a Comment