Friday, October 12, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ-အပိုင်း ၂၃ (မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ-အပိုင်း ၂၃ (မျိုးမြင့်ချို)  အောက်တိုဘာ ၁၂ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး။ သောတရှင်များခင်ဗျား
ဒီတပတ်တော့ အပစ်အခတ်ရပ်အဖွဲ့တွေထဲက ကယားပြည်နယ်ခေါ် ကရင်နီနယ်ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေအကြောင်း တတ်နိုင်သမျှ ချုပ်ပြီးတင်ပြပါရစေ။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ ၁၉၄၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပေမယ့် ၁၉၅၈ ခုနှစ် ဧပြီလမှာမှ တရားဝင်နိုင်ငံရေး ပါတီအဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပါတီသက်တမ်းတစ်လျှောက် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့ပေမယ့်လည်း ၁၉၉၅ ခုနှစ် မတ်လ (၁)ရက်နေ့မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် (၃)လသာခံပြီး ဇွန်လထဲမှာ ပြန်ပျက်သွားခဲ့ပါတယ်။ နောက်ပိုင်းလည်း တွေ့ဆုံခဲ့တာတွေရှိတာမို့ ဒီအဖွဲ့ဟာ အစိုးရနဲ့အကြိမ်အများဆုံး ဆွေးနွေးခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒီလိုနဲ့ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး၊ ဗဟိုကော်မီတီဝင် ခူဖဲဘူးတို့အပါအဝင် အခြားအဖွဲ့တွေကပုဂ္ဂိုလ်တွေနဲ့ အစိုးရ၀န်ကြီး ဦးအောင်မင်းတို့ ဦးဆောင်တဲ့အဖွဲ့တို့ထိုင်းနယ်စပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ KNPP ဟာ လက်နက်ကိုင် တိုင်းရင်းသား (၁၂)ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ (UNFC) ခေါ် ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်တပ်ပေါင်းစုရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ အစိုးရဘက်က တဖွဲ့ချင်းကိုပဲဆွေးနွေးရေးကိစ္စ ကိုဇောင်းပေးပြောပေမယ့် ကေအင်ပီပီဘက်က တနိုင်ငံလုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေးမူကို ကိုင်စွဲထားခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ၂ဝ၁၂ ခုနှစ် မတ်လ (၇) ရက်နေ့မှာ ဦးအောင်မင်းတို့နဲ့လွိုင်ကော်မှာ ထပ်ပြီး တွေ့ဆုံပြီးတဲ့နောက်မှာတော့ အပစ်အခတ်ရပ်စဲထားဖို့၊ နှစ်ဖက်ဆက်ဆံရေးရုံးတွေထားဖို့၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိစ္စတွေ သဘောတူခဲ့ကြပါတယ်။ ဒါနဲ့ပဲ ၂ဝ၁၂ ခု ဇူလိုင်၂၅ မှာကယားပြည်နယ်လွိုင်ကော်မြို့မှာ ဆက်ဆံရေးရုံးကိုဖွင့်ခဲ့ပြီး ဒီ့မတိုင်ခင်လေးမှာပဲ အစိုးရနဲ့ (၁၄)ချက်ပါ သဘောတူညီမှုတခုလည်းရခဲ့တယ်လို့ ဆိုပါတယ်။ 
သောတရှင်များခင်ဗျား…(KNLP) လို့ဆိုတဲ့ ကယန်းပြည်သစ်ပါတီဟာ ၁၉၆၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ မှာ ဖယ်ခုံရွာလူကြီး ဗိုလ်ပျံ စတင်ထူထောင်ခဲ့တဲ့ကယန်းတပ်ဖွဲ့ကို  ကယန်းလက်နက်ကိုင်တော်လှန်ရေး အဖြစ် စနစ်တကျဦးဆောင်မှုပေးနိုင်ဖို့အတွက် ဗိုလ်ပျံက ဥက္ကဋ္ဌ၊ ဦးရွှေအေးကအတွင်းရေးမှူးအဖြစ် တာဝန်ယူဖွဲ့စည်းခဲ့ပြီး ပေါ်ပေါက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ဦးရွှေအေးကို ငိန်းကယန်းထန်အမည်နဲ့လည်း သိကြပါတယ်။ ၁၉၆၄ ခုနှစ်အတွင်း မိုးဗြဲကိုတိုက်ပြီးတဲ့နောက် ပီကင်းဒေသကို စစ်ဆင်ရေးဆက်လုပ်ရာမှာ ရှူံးနိမ့်ခဲ့ရပြီးတဲ့နောက် ထိပ်ပိုင်းခေါင်းဆောင်အများစုဟာ အစိုးရဆီလက်နက်ချသွားကြပေမယ့်လို ဦးရွှေအေးနဲ့တချို့ကတော့ ကယန်းတော်လှန်ရေးကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗကပနဲ့အဆက်အသွယ်ယူပြီး လက်နက်ခဲယမ်းနဲ့စစ်သင်တန်း အကူအညီတချို့ယူခဲ့တာရှိပါတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့စခဲ့တဲ့ ကယန်းလက်နက်ကိုင်တော်လှန်ရေးဟာ ၁၉၉၄ ခု ဇွန်လထဲမှာ စစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးလုပ်ပြီး နိဂုံးချုပ်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် သိက္ခာရဆရာတော်ဆိုတေးရိုဖားမိုနဲ့ ဒုဥက္ကဋ္ဌဦးသန်းစိုးနိုင်တို့ရဲ့ဆောင်ရွက်မှုပါပဲ။ အဲဒီအချိန်မှာ ဘေးနံဆက်စပ်နေတဲ့ တော်လှန်ရေးမဟာမိတ်တွေအကုန် အပစ်ရပ်ကုန်တာကြောင့် ရပ်တည်ဖို့ ခက်ခဲသွားတာတွေလည်းရှိသလို အဖွဲ့တွင်းကအပစ်ရပ်လိုသူအများစုရဲ့အောင်ပွဲလို့လည်း ပြောနိုင်ပါလိမ့်မယ်။ အပစ်ရပ်ပြီးတဲ့နောက် ၁၉၉၈ ထဲမှာ လက်ငင်းအကြပ်အတည်းတွေကိုဖြေရှင်းရေး အတွက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲလုပ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ အိပ်ဖွင့်ပေးစာနဲ့တောင်းဆိုခဲ့ကြတဲအဖွဲ့ ၃ ဖွဲ့ထဲမှာ ကယန်းပြည်သစ်ပါတီလည်းပါပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိစ္စတွေမှာ လည်း (ကလလတ)အဖွဲ့တွင်းက သဘောထားတင်းမာတဲ့အဖွဲ့အစည်းဆိုပြီး စစ်အစိုးရဘက်က သတ်မှတ်ခံခဲ့ရပါတယ်။ ခု လောလောဆယ်မှာတော့ ကယားပြည်နယ်အထူးဒေသ (၃)အဖြစ် လွိုင်ကော်မှာ ရုံးစိုက်ထားပါတယ်။

သောတရှင်များခင်ဗျား..(ကလလတ)လို့ဆိုတဲ့ KNPLF ဟာ KNPP ဆီကနေ ၁၉၇၈ နှစ် နှစ်လယ်ပိုင်းမှာ နိုင်ငံရေးအရကွဲလွဲပြီး ခွဲထွက်လာခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဦးဆောင်သူတွေကတော့ ဦးသန်းညွန့်နဲ့ ဦးညာမောင်မဲတို့ ဖြစ်ကြပါတယ်။ ၈ဝ ခုနှစ် မေလထဲမှာတော့ (ကလလတ)အဖြစ် ဖွဲ့စည်းခဲ့ပြီး ဗကပဆီကနေ လက်နက်ခဲယမ်းနဲ့ စစ်သင်တန်းအကူအညီတွေယူခဲ့ပါတယ်။ ဗကပ ပြိုကွဲခဲ့ပြီးနောက် ကယန်းပြည်သစ်ပါတီ၊ SNPLO လို့ခေါ်တဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ) တို့နဲ့ပူးပေါင်းပြီး လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု(လပဒတ) အမည်နဲ့ဆက်လက်လှုပ်ရှား ခဲ့ပါသေးတယ်။ ၁၉၉၄ ခုနှစ်ထဲမှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီး ကယားပြည်နယ်အထူးဒေသ (၂)အဖြစ်နဲ့ ဟွေဆိုင်းမှာ ထိုင်ထားပါတယ်။ အပစ်ရပ်စဲရေးလုပ်ချိန်က အဖွဲ့ကိုဦးဆောင်သူတွေဟာ ဦးစန္ဒာနဲ့ဦးထွန်းကျော်တို့ ဖြစ်ကြပါတယ်။ အပစ်ရပ်ပြီးနောက်ပိုင်းမှာ ဦးစန္ဒာကအသက်အရွယ်နဲ့ ကျန်းမာရေးကြောင့်ဆိုပြီး အစိုးရဆီလက်နက်အပ်၊ သာမန်ပြည်သူအဖြစ်နေသွားခဲ့ပေမယ့် ဦးထွန်းကျော်ကတော့ စီးပွားရေးတွေနဲ့ချမ်းသာကြွယ်ဝနေတဲ့အလျှောက် ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ နိုင်ငံရေးရာထူးတခုခုကိုမျှော်မှန်းနေသူလို့ လူပြောသူပြောများလှပါတယ်။ အဖွဲ့ပိုင်အဖြစ်နဲ့ ရှိခဲ့တဲ့ငွေကြေးနဲ့ စီးပွားရေးလုပ်ငန်းတွေတွေနဲ့ပတ်သက်ပြီး အဖွဲ့အတွင်းမှာ ကတောက်ကဆတွေလည်း အများကြီးဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်။

သောတရှင်များခင်ဗျား..KNG လို့ခေါ်တဲ့ ကယန်းအမျိုးသားလုံခြုံရေးတပ်ဆိုတာက ကယန်းပြည်သစ်ပါတီ (KNLP) ဆီကနေ ၁၉၉၁ ခုနှစ်ထဲ မှာ ခွဲထွက်လာခဲ့ပြီးတဲ့နောက် ကယားပြည်နယ် မိုးဗြဲ၊ ဖယ်ခုံစတဲ့ဒေသတွေမှာ လှုပ်ရှားခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ခေါင်းဆောင်သူကတော့ ဦးဂေဘရယ်ပျံ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအကျိုးတော်အဖြစ် ဦးစံအောင်ကကြားဝင်ဆောင်ရွက်ပေးပြီး ၁၉၉၂ ခုနှစ် ၂ လပိုင်း ၂၇ ရက်နေ့မှာ စစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တာဖြစ်ပါတယ်။ ဦးဂေဘရယ်ပျံမိသားစု လုပ်ကြံခံခဲ့ရပြီးတဲ့နောက်မှာတော့ အဖွဲ့အစည်းကို ဦးဋ္ဌေးကိုဆိုသူက ဆက်လက်ဦးဆောင်ပါတယ်။ အပစ်ရပ်ပြီးတဲ့နောက်ပိုင်းမှာ ကယားပြည်နယ်အထူးဒေသ(၁)အဖြစ်နဲ့ ဖယ်ခုံ၊ မိုးဗြဲဒေသမှာရုံးစိုက် ထားပါတယ်။

သောတရှင်များခင်ဗျား..ကယားပြည်နယ်ဟာ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကြားမှာရှိပြီး ပြည်နယ်တွေအနက်အသေးဆုံးလို့ဆိုပေမယ့် ကိုယ်စားပြုအဖွဲ့တွေက ၄ ဖွဲ့လောက်ဖြစ်နေတာမို့လို့ ဖရုံသီး လေးစိတ်စိတ်သလို အစိတ်ခံနေရတယ်လို့ ပြောကြတာလည်းရှိပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment