Tuesday, October 9, 2012

ဦးသိန်းစိန်ပြောပြတဲ့ ဦးသိန်းစိန်အကြောင်း (တူမောင်ညို)

0 comments

ဦးသိန်းစိန်ပြောပြတဲ့ ဦးသိန်းစိန်အကြောင်း (တူမောင်ညို၊ အောက်တိုဘာ ၇၊ ၂၀၁၂)ဦးသိန်းစိန်ပြောပြတဲ့ ဦးသိန်းစိန်အကြောင်းကို တကယ်တမ်းသိရှိလိုတယ်ဆိုရင် အောက်မှာဖေါ်ပြထားတဲ့ မေး/ဖြေ ၃ ခုကို လေ့လာကြည့်လိုက်ပါ။
- The New York Times သတင်းစာပင်တိုင်ဆောင်းပါးရှင် Mr.Bill Keller နဲ့ ဦးသိန်းစိန် မေး/ဖြေ
– (ဘီဘီစီ) ဌာနမှူး ဒေါ်တင်ထားဆွေနဲ့ဦးသိန်းစိန် မေး/ဖြေ
 – ဘီဘီစီ Hardtalk နဲ့ သမ္မတဦးသိန်းစိန် မေး/ဖြေ
တဆင့်စကား၊တဆင့်နားနဲ့ကြားကြရတာမျိုးဆိုရင် ပြန်ပြောတဲ့သူက (သူ့ဆန္ဒနဲ့)လိုတိုး ပိုလျော့လုပ်တာတွေလည်း ပါချင်ပါနိုင်တာပေါ့။ အခုဟာကတော့ ဦးသိန်းစိန်ကိုယ်တိုင် အရှင်လတ်လတ်ကြီး ထုတ်ဖေါ်ပြောပြထားတာတွေမို့ ကျနော်တို့အနေနဲ့ ဦးသိန်းစိန်သဘောထားကို ကွက်ကွက်ကွင်းကွင်းသိရှိကြရပါပြီ။ စကား၊ စကား ပြောပါများ စကားထဲကဇာတိပြတယ်လို့ ဆိုကြပါတယ်။ အခုအခါ သတိထားကြည့်မြင်တတ်သူမည်သူမဆို ဦးသိန်းစိန်ပြောတာတွေထဲကနေ စစ်အုပ်စုရဲ့ဇာတိကိုသာမက၊ စစ်အုပ်စုရဲ့မျိုးဗီဇ (DNA) ကို ပါ တွေ့မြင်ရပါလိမ့်မယ်။

ဦးသိန်းစိန်ပြောပြတာတွေထဲမှာ ဦးသိန်းစိန်က “(နအဖ) စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို ကာကွယ်ရုံတင်မကဘူး။ သိက္ခာထပ်ပြီး၊ သိဒ္ဓိပါတင်ပေးနေတာဖြစ်တယ်။
“လမ်းပြမြေပုံ ၇ ချက် ချမှတ်ပေးခဲ့တာ၊ ဒီကနေ့ ဒီမိုကရေစီကျင့်သုံးတဲ့ ကျွန်တော်တို့ အစိုးရဖြစ်လာတာ”
(နအဖ) စစ်အစိုးရက ချမှတ်ပေးခဲ့လို့၊ ပြောင်းလဲပေးခဲ့လို့ဖြစ်တယ်လို့ အတိအလင်းပြောပါတယ်။
ဒီလိုလုပ်ဆောင်နိုင်ဖို့
“ဆယ်စုနှစ် ၂ စု ခန့် အချိန်ယူခဲ့ရတယ်”
လို့ ပြောလည်းပြောပါတယ်။

ဒါကြောင့်အကြမ်းဖျင်းတွက်ကြည့်ရင် ၁၉၉၂ လောက်ကစတင်ခဲ့တာလို့ ပြောချင်ပုံပါပဲ။ ဟုတ်ပါတယ်။ အဲဒီအချိန်ကာလမှာပဲ “၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာအပ်ပြီး စစ်တပ်ကစစ်တန်းလျားပြန်မယ်”လို့ ပြောခဲ့တဲ့ ဗိုလ်စောမောင်ကိုဖြုတ်ပြီး ဗိုလ်သန်းရွှေ (နဝတ) ဥက္ကဋ္ဌဖြစ်လာခဲ့ချိန်ဖြစ်ပါတယ်။ အဓိကဆိုလိုချင်တဲ့အချက်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီးသားဖြစ်တယ်။ ဒီအပြောင်းအလဲကို ဗိုလ်သန်းရွှေကစတင်ခဲ့တာဖြစ်တယ်ဆိုတဲ့အချက်ကိုပေါ်လွင်စေဖို့ ဖြစ်ဟန်တူပါတယ်။

၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ (နဝတ) ကို (နအဖ) လို့ အမည်ပြောင်းခဲ့တယ်။ ဦးသိန်းစိန်ဟာ အဲဒီအချိန်က (နအဖ) စစ်ကောင်စီဝင် တြိဂံဒေသစစ်တိုင်းမှူး အဖြစ်ပါဝင်ခဲ့သူပါ။ နောက်ပိုင်းမှာ ဦးသိန်းစိန်ဟာ ဗိုလ်ခင်ညွန့်၊ ဗိုလ်စိုးဝင်းပြီးရင် အတွင်းရေးမှူး (၁)နဲ့ဝန်ကြီးချုပ်ရာထူး ဆက်ခံခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် “၂၀၀၈အခြေခံဥပဒေ” စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ (ညောင်နှစ်ပင်)အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌဟာ (နအဖ) အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန် ပဲဖြစ်ပါတယ်။

ဒီတော့ (နအဖ)စစ်အစိုးရရဲ့ “ဖိနှိပ်ရက်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နောင်တရပါသလား၊ ဝန်ချတောင်းပန်ဖို့ စိတ်ကူးရှိပါသလား၊ တာဝန်ယူပါသလား” စတဲ့မေးခွန်းတွေကို ဦးသိန်းစိန် ဆင်ဝှေ့ရန်ရောင်ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုထိပ်သီးတွေ၊ စစ်အုပ်စုဝင်တွေ လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးနဲ့ဘဏ္ဍာရေးကိစ္စတွေ မေးရာမှာလည်း ဦးသိန်းစိန်က သတ္တုတွင်းလုပ်ငန်းတစ်ခုသာရှိပါတယ်လို့ မျက်နှာပြောင်တိုက်ပြီးလိမ်ညာကာကွယ်သွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဝန်ကြီးချုပ်ဗိုလ်သန်းစိန်ကို အပြစ်ဖို့လို့ မဖြစ်နိုင်ဘူးမဟုတ်လား။ (နအဖ) စစ်အစိုးရလုပ်ခဲ့သမျှ မှားပါတယ်၊ နောင်တရပါတယ်၊ ဝန်ချတောင်းပန်ပါတယ်။ တာဝန်ယူပါတယ်လို့ပြောလိုက်ရင် (နအဖ) အတွင်းရေးမှူး(၁) အဖြစ်တာဝန်ယူခဲ့တဲ့ သူ့ကိုယ်သူ စွပ်စွဲအပြစ်တင်ရတော့မှာမဟုတ်ပါလား။ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်မှာပေါ့။ ဒီတော့သူဟာ ယခင်အစိုးရလုပ်ခဲ့သမျှတွေ ကို “ဘူးခံကာကွယ်” ခဲ့တော့တာပါပဲ။ ဒါကြောင့် “ဂိုဘာချော့ဗ်”နဲ့ မတူပါဘူးလို့ ပြာပြာသလဲငြင်းပယ်ခဲ့တာပါ။

သူ့ကိုယ်သူ “မြန်မာဂိုဘာချော့ဗ်” ပါလို့ဆိုလိုက်ရင် ကိုယ်လွတ်ရုန်းသလိုဖြစ်ပြီး (နအဖ)စစ်ကောင်စီဝင်တွေရဲ့ အမျက်မာန်ရှခြင်းကို ခံရပါလိမ့်မယ်။

ခင်ဗျားတို့ “ထိပ်ပြောင်တာခြင်း” တူမှာပါလို့ အထွန့်တက်ပြီးမေးခဲ့မယ်ဆိုရင် ဂိုဘာချော့ဗ်ထိပ်မှာ “အမှတ်”ပါတယ်၊ ကျနော့်မှာ မပါဘူးဗျလို့ ငြင်းပယ်ဦးမလားတော့မသိပါဘူး။

ဒါကြောင့် သူဒီလိုငြင်းပယ်ခဲ့တာတွေဟာမဆန်းပါဘူး။ သူဟာ တစ်ချိန်က(နအဖ) စစ်အုပ်စုဝင် ထိပ်သီးတစ်ဦးဖြစ်ခဲ့သလို ယခုလည်း (နအဖ)စစ်အုပ်စုရဲ့ အာဏာအမွေဆက်ခံထားသူသမ္မတတစ်ဦးပဲ မဟုတ်ပါလား။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ယခင် (နအဖ)စစ်အုပ်စုရဲ့အာဏာအမွေဖြစ်သလို၊ ယခင်(နအဖ) စစ်အုပ်စုဝင်ဟောင်းတွေရဲ့အကျိုးစီးပွား(ဟောင်း/သစ်) မှန်သမျှ အတိအလင်းကာကွယ်ပေးထားတဲ့ ခံကတုတ်ယန္တယားလည်းဖြစ်တယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ဟာ (နအဖ)စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေကို အသေအလဲခုခံကာကွယ်နေတာဖြစ်တယ်။ သိက္ခာထပ်၊ သိဒ္ဓိတင်ပေးနေတာဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေကိုကာကွယ်တဲ့နေရာမှာ ဦးသိန်းစိန်သဘောထား ဘယ်လောက်ထိပြတ်သားသလဲဆိုတော့ ဒီချုပ်ဥက္ကဋ္ဌ သမ္မတဖြစ်ရေး စိတ်ကူးယဉ်နေသူတွေရဲ့ဆောင်းအိပ်မက် မက်နေရာကနေ လန့်နိုးသွားစေခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာအပြတ်အသတ်နိုင်ရုံနဲ့မရဘူး။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှဖြစ်မယ်လို့ ယတိပြတ်ပြောသွားတယ်။ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်နိုင်မှသာ ဒီချုပ်ဥက္ကဋ္ဌသမ္မတဖြစ်ရေးကို စိတ်ကူးယဉ်နိုင်မှာဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာကလည်း ၂၀၁၅ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရုံနဲ့မဖြစ်သေးဘူး၊ ၂၅% စစ်သားအမတ်တွေကိုစည်းရုံးနိုင်မှ ပြင်ဆင်နိုင်မှာဖြစ်တယ်။

ဒီချုပ်ဥက္ကဌကလည်း “တပ်မတော်က သဘောမတူရင် အခြေခံဥပဒေကိုပြင်ဆင်နိုင်မှာမဟုတ်ဘူး” လို့ဝန်ခံထားပြီးသားပါ။

စစ်သားအမတ်တွေကိုစည်းရုံးဖို့ဆိုတာကလည်း ကျောက်ခဲရေညှစ်ရတာက ပိုလွယ်ဦးမယ်။ လွှတ်တော်အမတ် ဦးဘုန်းမြင့်အောင် ပြည်ပမီဒီယာတစ်ခုနဲ့ပြောတာမှာ “ကာချုပ်” က စစ်သားအမတ်တွေကို ဘာကို ထောက်ခံပြီး ဘာကိုကန့်ကွက်ရမယ်ဆိုတာ တစ်ခါထဲအမိန့်ပေးပြီး စေလွှတ်လိုက်တာလို့ကြားလိုက်ရတယ်။ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်လို့ အပြတ်မှာလိုက်ပုံပဲ။

ဒါ့အပြင် ဦးသိန်းစိန်က“ကာချုပ်” ဟာ “သူ့သဘောနဲ့သူအရေးပေါ်အခြေအနေ ကြေညာခြင်း/ အာဏာသိမ်းခြင်း/ အစိုးရတာဝန် လွှဲပြောင်းယူခြင်းတွေကို သူ့သဘောဆန္ဒအတိုင်းမလုပ်နိုင်ပါဘူး” ပြောပါတယ်။ ဒီကိစ္စမမှန်ဘူးလား။ မှန်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ထဲမှာ “ကာချုပ်” အနေနဲ့အာဏာဘယ်လိုသိမ်းရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို အတိအလင်းထည့်သွင်းပြဋ္ဌာန်းပေးထားပြီး မဟုတ်ပါလား။ ဒီအချက်ဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ထူးခြားချက်ဖြစ်သလို ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄အခြေခံဥပဒေတွေနဲ့ မတူခြားနားတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်က တရားဝင်အာဏာသိမ်းခွင့်ရှိတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဗြောင်လိမ်သွားတဲ့အချက်ကတော့
“ကျွန်တော်တို့တပ်မတော်ဟာ အင်မတန်မှစည်းကမ်းကြီးပါတယ်၊ မုဒိမ်းမှု၊ လူသတ်မှုတို့ဆိုတာ ဘယ်လိုမှ ကျွန်တော်တို့လုပ်စရာ အကြောင်းမရှိပါဘူး”
ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

အစိုးရစစ်တပ်များက တိုင်းရင်းသားဒေသတွေမှာ သတ်ဖြတ်ကျူးလွန်စော်ကားခဲ့တဲ့ များပြားလှသောလူသတ်မှု၊ မုဒိမ်းမှုတွေထဲက တိုင်းရင်းသားအင်အားစုတွေ နိုင်ငံတကာအဖွဲ့အစည်းများထံ တစ်ချိန်ကတင်ပြခဲ့ဖူးတဲ့ “license to rape” ဆိုတဲ့ အစီရင်ခံစာနဲ့ ထလရ ဗိုလ်အောင်လင်းထွဋ် ထုတ်ဖေါ်ဝန်ခံဖူးတဲ့ “ခရစ္စတီးကျွန်းလူသတ်မှု”ကို ကျနော် ဖျတ်ခနဲသတိရမိတယ်။

နိုင်ငံရေးအကျဉ်းသား/ယုံကြည်ချက်အကျဉ်းသားကိစ္စတွေနဲ့ပတ်သက်လို့လဲ ဦးသိန်းစိန်သဘောထားက ပြတ်သားလှပါတယ်။ တိုင်းပြည်အတွက် ကိုယ်ယုံကြည်တာကို လုပ်ခဲ့ကြတာဖြစ်တယ်တဲ့၊ သူတို့လည်း ယုံကြည်တာကိုလုပ်ခဲ့ကြတာလို့ဆိုတယ်။

ဒီတော့ “လွတ်ငြိမ်းချမ်းသာခွင့်” ကို ကလေးငယ် မုန့်တောင်းသလို တစာစာတောင်းနေသူတွေ သတိချပ်ဖို့ပါ။ ယုံကြည်ချက်အတွက် စွန့်လွှတ်စွန့်စားလုပ်ခဲ့ကြတာဟာ ဒူးထောက်ခယပြီး လွတ်ငြိမ်းချမ်းသာခွင့်တောင်းဖို့မဟုတ်ဘူး။

ဦးသိန်းစိန်ဟာ ဟိုင်းကြီးကျွန်းနားက ရွာသိမ်ရွာငယ်လေးမှာမွေးလို့၊ မိဘတွေက သာမန်လယ်သမားဖြစ်လို့ဆိုတာနဲ့လည်း မလုံလောက်ဘူး။ လက်ရှိဦးသိန်းစိန်ဟာ ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ်တယ်။ (နအဖ) စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်။ ပိုအရေးကြီးတဲ့အချက်က သမ္မတဦးသိန်းစိန်ဟာ (နအဖ)စစ်အုပ်စုနဲ့ ၂၀၀၈အခြေခံဥပဒေကို ခုခံကာကွယ်နေသူ၊ အမွှမ်းတင်၊ သိက္ခာထပ်၊ သိဒ္ဓိတင်ပေးနေသူသာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ စစ်အုပ်စုရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အကျိုးစီးပွားမှန်သမျှကို ၂၀၀၈အခြေခံဥပဒေနဲ့အညီကိုယ်စားပြုနေသူ၊ ဆက်ခံ၊ ထိန်းသိမ်း၊ ကာကွယ်၊ တိုးချဲ့နေသူသာဖြစ်တယ်။

နိဂုံးချုပ်ရရင် မည်သူမဆို၊မည်သည့် နိုင်ငံရေးပါတီအဖွဲ့အစည်းမဆို ဦးသိန်းစိန်ရဲ့ပြောလုံးလေးတွေ၊ “ဦးသိန်းစိန်ကိုယုံတယ်” ဆိုတဲ့စကားလုံးတွေအပေါ်မှာ ရေလိုက်လွဲ သာယာနေကြမယ်ဆိုရင် ဒီမိုကရေစီရေတိမ်နစ်ပြီး၊ တိုင်းရင်းသားအရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စတာတွေ ရေစုန်မျောပါလိမ့်မယ်။

0 comments:

Post a Comment