သစ်ရွက်တွေအရောင်ပြောင်းကြပြီ
ဒါ...ရာသီသစ်တခုရဲ့လက်ချက်ပဲ။
အငွေ ထောင်းထောင်းထ အသီးအရွက်ဟင်းချိုတခွက်
ဆင်ဂယ်မော့လ်တ် စကော့ခ်ျတစ်ပုလင်း
အမေရိကန်စပီးရစ် စီးကရက်တစ်ဘူး
ဘာဘီကျူးမီးဖိုပေါ်က တဖျစ်ဖျစ်မြည်နေတဲ့
လယ်မထွန်ဖူးတဲ့ နွားတကောင်ရဲ့အသည်း
အဆီတ၀င်းဝင်း ထွားထွားဖွံ့ဖွံ့
သုံးလလောက် လောကထဲမှာ နှာခေါင်းရှူံ့ခဲ့ဖူးတဲ့ဝက်
ဂိုးသွင်းမကောင်းနိုင်ခဲ့တဲ့ ကြက်ပေါင်တံများ
လေတွေတဟူးဟူးတိုက်နေတဲ့ နီဝါစိမ်းရောင်သစ်တောကြားမှာ
လရောင်ကိုကြိုဆိုနေတယ်။
ဝိဥာဉ်တစ်ခုနဲ့ တွေ့တယ်
ကျနော် ဘာမှမပြောနိုင်ခင်
သူက...." ချစ်လှစွာသော မောင်ဟ၀ှာ...
နီတိတွေ ကျင့်ဝတ်တွေဆိုတာ ငါတီထွင်လိုက်တာ...၊
ငြိမ်းချမ်းရေးဆိုတာ... ငါပိုင်တဲ့ဝေါဟာရ၊
မင်းကြားဖူးမှာပါ
အဲဒီ ပါ့ဘလိုပီကာဆို
ဆူဆူဖြိုးဖြိုးချိုးဖြူငှက်ရယ်
ငါးပိချက်နဲ့တို့စားမရတဲ့သစ်ကိုင်းရယ်ကို
ငါခိုင်းလို့ ဆွဲခဲ့ရတာ....
ပီကာဆိုခမျာ ရုပ်ဆိုးဆိုးမိန်းမပုံတွေတောင် ခနဘေးထားခဲ့ရတယ်"
လေအေးတွေတပွေ့ကြီး မွှေ့ပြန်ပြီ၊
သူ့စကား သူပြန်ကြားနေရတဲ့အပေါ်မှာ
သူဟာအင်မတန်ပီတိဖြာတတ်သူဆိုတာ
ကျနော့်လက်ခုတ်သံနဲ့ရင်းပြီး ကျနော်ရှာဖွေလိုက်နိုင်တယ်။
သူ ခန..နားတယ်..
ကျနော့်ကို အကဲခတ်တယ်..
ခေါင်းကိုခပ်မော့မော့ဖြစ်အောင်သူ့ မေးစေ့ကို ရှေ့ကိုငေါ့တယ်...
ခပ်ပြူးပြူးမျက်လုံးကို ပိုပြူးအောင် ကီသွင်းတယ်..
ပြီးတော့..ကျနော့်ကို အကဲခတ်ပြန်တယ်....၊
ကျနော်က ဘောင်းဘီချုပ်ရိုးကြားထဲက
သန်းဥတွေကို သတိရနေတယ်။
အဲဒီသန်းဥတွေကို ကြက်ဥတွေသာဆိုရင်
ဖျားသေသွားတဲ့ ငါ့သူငယ်ချင်းကို ပြုတ်ကျွေးလိုက်မိမှာ
သူ့ခမျာ အလံလေးတောင်အလွှမ်းမခံရရှာပဲ
တောနက်ထဲမှာသေရတာ.....
ငါလဲ မကျက်တကျက်လေးပြုတ်ပြီး ဆားဟင်းချိုလေးနဲ့
ဆန်ကြမ်းပူပူနွေးနွေးနဲ့
စစ်ကြောင်းမလျှောက်ခင် စားလိုက်ရရင်ကောင်းမှာ...
ကျနော် အဲသလိုတွေးမိလိုက်တယ် ။
"စစ်ဆိုတာမယဉ်ကျေးသူတွေရဲ့
ဖြေရှင်းနည်း၊
ခွင့်လွှတ်မှုနဲ့ ကြေးရေတတ်တစ်ဦးလို ပြုံးတတ်စမ်းပါ"
အဲလိုအပြောနဲ့ ကျနော့်အတွေးကို သူဖြတ်လိုက်တာများ
ငှက်ကြီးတောင်ဒါးနဲ့ ငှက်ပျောပင်ပေါက်စကို
ပိပိရိရိခုတ်ချလိုက်သလိုပဲ။
သူ မျက်မှောင်ကြုံ့တယ်၊
သူ့ ပါးနှစ်ဖက်သူဆေးထိုးအပ်နဲ့ အပြုံးတွေထိုးထည့်တယ်
ပြွတ်ကနဲပြွတ်ကနဲ...။
သူပြုံးလာပါပြီ
ကြည်ကြည်လင်လင်ပါပဲ
သူ အသင့်ဖြစ်နေပြီ၊
စတင်၍ ဆီမန်း မန်း ပါပြီ၊
ကျနော်ဟာ သူ့ မန်းမှုတ် သရဇ္ဇယ်မှုအားလုံးကို
အလွတ်လောက်နီးနီး သိနေတယ်
ဘာရယ်မဟုတ်ပါဘူး..။
သို့ပေသည့်...
သူ့ စကားတွေ သူ့ စေ့ဆော်မှုတွေနဲ့
ကျနော်တို့ ဘာကြောင့်သူပုန်ဖြစ်ခဲ့တယ်ဆိုတာ
မပြောချင်တော့ဘူး။
လမ်းမပေါ်မှာဖရိုဖရဲနဲ့ အလဲလဲအကွဲကွဲအလောင်းတွေဆိုတာ
အစစ်တွေမဟုတ်တော့ဘူး။
တောင်ကြား တောနက်မှာ အသက်ပါပျောက်အောင်
မုဒိန်းကျင့်ခံလိုက်ရတဲ့မိန်းမတွေအလောင်းဟာ
သူယောင်မယ်တွေအဖြစ်
အစစ်တွေမဟုတ်တော့ဘူး။
သူ့ရဲ့ လက်ခံမှုနဲ့ သူ့ရဲ့စကားတွေနဲ့
လူသတ်သမားတွေအားလုံးဟာ ကယ်တင်ရှင်တွေဖြစ်သွားကြပြီ ...ဆိုပဲ
ကျေးဇူးတော်ပေါ့ ...။
ချမ်းသာပြည့်စုံနေတဲ့ လူသတ်သမားကြီးတွေကို အာမခံတွေရောင်းနေတဲ့
အဲဒီ အရောင်းကိုယ်စားလှယ်တစ်ယောက်ရဲ့မျက်နှာကို ကျနော်မမြင်ချင်တော့ဘူး။
ကျနော်တို့ ပစ်ကွင်းထဲမှာပဲရှင်သန်မယ်
ခင်ဗျားစေ့ဆော်တဲ့ သားသတ်ရုံထဲကို
သြဘာသံပေးပြီးပြေးဝင်ဖို့ ဘယ်တော့မှ အသင့်မရှိဘူး။
ကျနော်တို့ဇက်ပိုးတွေပေါ်မှာ ခင်ဗျားခြေရာတွေရှိနေတုန်းပဲ
ကျနော်တို့ဘ၀တွေရဲ့ ကျိုးကြေမှုတွေကြားထဲမှာ ခင်ဗျားရဲ့ခြေရာတွေရှိနေတုန်းပဲ။
ကျနော်တို့ ရန်သူ့လက်နဲ့ မကျဆုံးခဲ့ဘူး ၊
ဒါပေမယ့် ခင်ဗျားလက်နဲ့သုတ်သင်နိုင်ခဲ့တယ်။
ခွင့်လွှတ်ပါ... နလပိန်းတုံး ငပိန်းတစ်ကောင်မဟုတ်တာ။
ခွင့်လွှတ်ပါ...ခင်ဗျားခြေသလုံးဖက်လို့ တက်လမ်းမရှာတတ်တာ။
ခွင့်လွှတ်ပါ...ခင်ဗျားကိုအသုံးချပြီး ငါးခုံးမတွေကြားမှာဖျတ်ဖျတ်မလူးတတ်တာ။
ခွင့်လွှတ်ပါ...ခင်ဗျားကျပျောက်သွားတဲ့...
ခင်ဗျား...ချဖျောက်ခဲ့တဲ့ ....
ခင်ဗျားရဲ့ပေတံတွေကို ကျနော် ခင်ဗျားကိုပြန်အပ်ပါရစေ......။
သူဟာသွေးရူးသွေးတန်းဖြစ်မှုကို
အက်စ်တီလောက်ဒါ မိတ်ကပ်နဲ့ဖုံးလိုက်ပြီး
ကျနော့်ကိုပြောလိုက်တယ်...."ငါ့ပေတံဟာ ငါ့ကိုယ်ငါ ပြန်တိုင်းဖို့မဟုတ်"
အဟုတ်ပါ
ကျနော်ဟာ
ခင်ဗျားရဲ့ ဗလောင်းဗလဲနိုင်မှုကို ခမ်းနားကြီးမြတ်တဲ့စကားလုံးတွေနဲ့အစားထိုးပြီး
ကျနော့်ကိုယ်ကျနော် အကြီးအကျယ်လိမ်ဖို့ ကြိုးစားဖူးတာပေါ့
ကျေးဇူးတွေတောင် အတင်ကြီးတင်လို့ ။
ဒီမယ် အချစ်ရေ...
ကျနော်ဟာ အသက်အာမခံမလိုတဲ့
အပြစ်မဲ့သူတယောက်ပါ
တသက်တာမှာအမှားဆိုလို့ ခင်ဗျားကိုချစ်ခဲ့တာ.....................။
အဲဒီမှာ...ခွေးအတွေဟာ စူးစူးဝါးဝါး
မဟားဒရားအူတော့တာပါပဲ။
တုတ်ကြီး( ခေတ္တ တာဝတိံသာ)
0 comments:
Post a Comment