သွေးနုသားနု ဒီမိုကရေစီနိုင်ငံသစ်အား
သည်းခြေပျက်စေမည့် ဇာတ်လမ်း ယခုရက်ပိုင်းလပိုင်းအတွင်း တိုင်းပြည်၏အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့်တရားစီရင်ရေးအာဏာ၊
အာဏာ (၃)ရပ်တို့အကြားကြီးမားလှသောပဋိပက္ခ တစ်ရပ်ပေါ်ပေါက်လာခဲ့သည်။ နောက်ဆုံးတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုပြဿနာသည် ပြေလည်သောဖြေရှင်းဆောင်ရွက်မှု
တစ်စုံတစ်ရာမပေါ်ထွက်ခဲ့ဘဲ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် (၉)ဦး နုတ်ထွက်သွားသည်အထိ
ခရီးရောက်သွားခဲ့ကြပြီဖြစ်ပါသည်။
ဤပြဿနာသည် အမှိုက်ကစ၍ပြသာဒ်မီးလောင်သည့်ကိစ္စမဟုတ်ခဲ့ပါ၊ ရှင်ဘုရင်အိပ်ဆောင်မီးလောင်၍တိုင်းပြည်ပြာကျရမည့်ကိန်း ဖြစ်ပါသည်။အခြေပဲ့၍တောင်ပြိုကျရခြင်းမျိုးမဟုတ်ပါ၊
တောင်မကြီးကွဲပြို၍ မြက်မြေဇာပိပြားရသည့်ကိန်းဖြစ်ပါသည်။ အေးချမ်းစွာဖြေရှင်းနိုင်သည့်ကိစ္စကို ပြေလည်ရာပြေလည်ကြောင်းဖြေရှင်းရန်မကြိုးစားကြဘဲ တိုင်းပြည်အတွက်'ဆိုးရွားလှသော စီရင်ထုံးတစ်ခု'တိုးသွားစေရန်လုပ်ဆောင်ခဲ့ကြသည့် သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ရပ်ဟုပင် ဆိုချင်ပါသည်။
တောင်မကြီးကွဲပြို၍ မြက်မြေဇာပိပြားရသည့်ကိန်းဖြစ်ပါသည်။ အေးချမ်းစွာဖြေရှင်းနိုင်သည့်ကိစ္စကို ပြေလည်ရာပြေလည်ကြောင်းဖြေရှင်းရန်မကြိုးစားကြဘဲ တိုင်းပြည်အတွက်'ဆိုးရွားလှသော စီရင်ထုံးတစ်ခု'တိုးသွားစေရန်လုပ်ဆောင်ခဲ့ကြသည့် သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ရပ်ဟုပင် ဆိုချင်ပါသည်။
သည်ပြဿနာက ဒီမှာတင်ပြီးဆုံးသွားပါပြီလား၊ သည်အားစမ်းပွဲမှာ
မည်သည့်ဘက်ကအနိုင်ရလိုက်ပါသနည်း။ လွှတ်တော်က အနိုင်ရလိုက်သည်လား ၊ သမ္မတက အနိုင်ရလိုက်သည်လား
၊ ရေးရာကော်မတီများက အနိုင်ရလိုက်သည်လား ၊ Win- Win လား၊ Win - Lose လား
Lose - Lose လားဆိုသည်ကိုတော့ ပြန်လည်သုံးသပ်ကြဖို့လိုမည်ထင်ပါသည်။
ထိုသို့ဆန်းစစ်နိုင်ရန်အတွက်လည်း မေးခွန်းများစွာက အသင့်စောင့်ကြိုနေပါသည်။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့နုတ်ထွက်သွားသည်နှင့်
လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်သည်ဟု အလိုအလျောက်သဘောသက်ဝင်
အတည်ပြုနိုင်ပါသလား။
(၂) အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်(၉)ဦး
နုတ်ထွက်သွားတဲ့နေရာတွင် (တရားရေးမဏ္ဍိုင်လဲပြိုရာတွင်) မည်သူတို့အား ပြန်လည်ခန့်ထား
ကြမည်နည်း၊ ထိုခန့်ထားသော အခြေခံဥပဒေခုံရုံးအဖွဲ့သစ်သည် ''လွှတ်တော်ရေးရာကော်မတီများသည်
ပြည်ထောင်စုအဆင့်ဖြစ်ပါသည်'' ဆိုသည့်အချက်ကို (အခြေခံဥပဒေတွင် ပြဌာန်းထားချက်တစ်စုံတစ်ရာကို
ကိုးကားခြင်းမပြုနိုင်ဘဲ၊ သမ္မတ၏အမိန့်ကြောင့်ဖြစ်စေ လွှတ်တော်အားမလွန်ဆန်ရဲသောကြောင့်ဖြစ်စေ၊
ရှေ့ကဖြစ်ပွားခဲ့သောဖြစ်ရပ်အပေါ်တွင် စိုးရိမ်မှုဖြင့်ဘယာဂတိလိုက်စား၍ဖြစ်စေ) လက်ခံအတည်ပြုပေးကြပါမည်လား။
(၃) ထိုသို့ လွှတ်တော်ရေးရာကော်မတီများသည်
ပြည်ထောင်စုအဆင့်ဖြစ်သည်ဟူသောအချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်သောကြောင့်
လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ်ဟူ၍ပင် ဆုံးဖြတ်ခဲ့ကြသည်ရှိသော်
ထိုအခြေခံဥပဒေခုံရုံးအသစ်ကိုနုတ်ထွက်စေရန် စွပ်စွဲပြစ်တင်မှုများပြုလုပ်၍
ဖိအားပေးကြရဦးမည်လား။
ပြဿနာ၏အရင်းအမြစ်ကို ပြန်လှန်သုံးသပ်သော် ၂ဝဝ၈ခုနှစ်တွင်အတည်ပြုပြဌာန်းခဲ့သော
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂ဝ၁ဝတွင် ပြဌာန်းခဲ့သော လွှတ်တော်ဥပဒေများအကြား
ကွဲလွဲနေချက်ဖြစ်သည် (ဥပဒေ ၂ရပ်လုံးကို နဝတ/နအဖ အစိုးရကပင် ရေးဆွဲစေခဲ့သည်
ဆိုသည့်အချက်ကို အရင်ဦးစွာလက်ခံသိရှိထားရန်လိုသည်) အခြေခံဥပဒေ၏နိဒါန်းတွင် ''နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီက... အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး
ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု မရှိမဖြစ်လိုအပ်သည့်အတွက် ၁၉၉၃ခုနှစ်မှစ၍
အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊
စီးပွားရေး၊ လူမှုရေးနှင့်ဥပဒေရေးရာ ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသူများ
မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး...''
ဟု တိကျစွာ ဖော်ပြထားသကဲ့သို့ လွှတ်တော်ဥပဒေများ၏နိဒါန်းတွင်လည်း
''...ဖွဲ့စည်းပုံအခြေခံဥပဒေအကောင်အထည်ဖော်ရေးတွင် လိုအပ်သည့်လုပ်ငန်းများကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကဆောင်ရွက်ပေးရန်ပြဌာန်းထားသည့်အလျောက်
နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများကို
ချောမွေ့စွာဆောင်ရွက်နိုင်ရန် ဤဥပဒေကိုပြဌာန်းသည်၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သည့်နေ့မတိုင်မီ
ကြိုတင်ဆောင်ရွက်ရသည့်လုပ်ငန်းများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သည်ဟု
မှတ်ယူရမည်'' ဟု အတိအလင်းဖော်ပြပါရှိသည်။
ထိုသို့အားဖြင့် ဖော်ပြချက်များအရ ၂ဝ၁၁ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုနေ့မတိုင်မီကပင်ပြဌာန်းခဲ့သော၊ ထို ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့်အုပ်ချုပ်ရေးယန္တရားများ
လွယ်ကူချောမွေ့စေရန်ပြဌာန်းခဲ့သောလွှတ်တော်ဥပဒေများ (၂ဝ၁ဝ) ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၏ခက်မများ
(Parts of constitution)အဖြစ် လက်ခံအတည်ပြုပေးရမည်သာ ဖြစ်သည်။
ဤနေရာတွင် ရှင်းလင်းစွာနားလည်ရန်လိုအပ်သည်မှာ ဥပဒေများကိုရေးဆွဲသည့် အဖွဲ့အစည်း
မတူကွဲပြားခြင်းမဟုတ်၊ ရေးဆွဲခဲ့သော အခြေခံသဘောတရားများ မတူကွဲပြားခြင်းမဟုတ်၊
လွှတ်တော်ဥပဒေများတွင်ဖော်ပြထားသောအချက်အလက်များ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်
မတူခြားနားသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့် ဖွင့်ဆိုဖော်ပြထားသည့်
ကွဲလွဲခြင်းမျိုးမဟုတ်၊ လွှတ်တော်ဥပဒေများတွင်ပါဝင်သည့် အချက်များသည်
အခြေခံဥပဒေတွင်မပါဝင်ခြင်းဖြစ်သည်။ အခြေခံဥပဒေတွင် တိတိပပ ဖော်ပြမထားသည့် ဥပဒေအချက်အလက်များသည်
လွှတ်တော်ဥပဒေများတွင်ပါဝင်နေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် ကွဲလွဲချက်မဟုတ်၊
ခြားနားချက်မဟုတ်၊ ဆန့်ကျင်ချက်မဟုတ်၊ လစ်ဟာချက်သာလျှင်ဖြစ်သည်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟူသည်မှာ
ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားသော
(၁)
ပြည်ထောင်စု အစိုးရအဖွဲ့
(၂)
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)
(၃)
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့
(၄)
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
(၅)
ပြည်ထောင်စု တရားသူကြီးချုပ်
(၆)
ပြည်ထောင်စု တရားလွှတ်တော်ချုပ်
(၇)
ပြည်ထောင်စု ရှေ့နေချုပ်
(၈)
ပြည်ထောင်စု စာရင်းစစ်ချုပ်
(၉)
ပြည်ထောင်စု ရာထူးဝန်အဖွဲ့
(၁ဝ) ပြည်ထောင်စုလွှတ်တော်
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကဖွဲ့စည်းသည့် ကော်မတီ၊
ကော်မရှင်အဖွဲ့အစည်းများကိုဆိုလိုသည်ဟု ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်ပြည်ထောင်စုလွှတ်တော်၊
လွှတ်တော်(၃)ရပ်တို့၏ ဥပဒေများတွင် အတိအလင်းဖွင့်ဆိုထားပါသည်။ ထိုသို့
အခြေခံဥပဒေအရတည်ဆဲဖြစ်သော ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥပဒေများမှာ
လွှတ်တော်အသီးသီးမှဖွဲ့စည်းတာဝန်ပေးအပ်သောကော်မတီများ ကော်မရှင်များသည်
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဖြစ်သည်ဟုပြဌာန်းထားသည်မှာ အငြင်းထွက်ဖွယ်ရာမရှိပါ။
၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟူသည်မှာ
မည်သို့သောအဖွဲ့အစည်းများကိုဆိုလိုသည်ဟု တိတိပပပြဌာန်းထားခြင်း လုံးဝမပါရှိပါ။
သို့ဖြစ်ရာ လွှတ်တော်ကဆွဲကိုင်သောလွှတ်တော်ဥပဒေများနှင့် ခုံရုံးမှဆွဲကိုင်ခဲ့သော
၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့သည် ဆန့်ကျင်နေခြင်းမဟုတ်၊
မညီညွတ်ခြင်းမဟုတ်၊ တစ်ခုတွင် အသေးစိတ်ဖော်ပြထားသည့်အချက်သည် အခြားတစ်ခုတွင်
ဖော်ပြထားမှုမရှိခြင်းသာဖြစ်သည်။
ဤနေရာတွင် ခုံရုံး၏သုံးသပ်ချက်ကို ကိုးကား ၍ဖော်ပြရလျှင်လည်း
''လွှတ်တော်အသီးသီး၏ဥပဒေများတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသော်လည်း
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်ထောင်စုအဆင့်ဟူသောစကားရပ်နှင့်စပ်လျဉ်း၍
အဓိပ္ပာယ်ဖွင့်ဆိုထားမှုမရှိ'' ဟု ထည့်သွင်းသုံးသပ်ထားသည်ကိုထောက်ခြင်းအားဖြင့်
အမှန်တကယ် ချွတ်ယွင်းအားနည်းချက်သည် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုယ်၌ပင်ဖြစ်ကြောင်း
ရှင်းလင်းစွာသိမြင်နိုင်ကြမည် ဖြစ်ပါသည်။ (''နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက
... အနာဂတ်နိုင်ငံတော်တွင်ရေရှည်အကျိုးရှိပြီး ခိုင်မာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု
မရှိမဖြစ်လိုအပ်သည့်အတွက် ၁၉၉၃ခုနှစ်မှ စ၍ အမျိုးသားညီလာခံကိုခေါ်ယူကျင်းပပေးခဲ့ပြီး
နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ဥပဒေရေးရာရှုထောင့်မျိုးစုံမှ
အတွေ့အကြုံကြွယ်ဝသူများ မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များ
ပါဝင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ဤပြဿနာတွင် ပါဝင်ပတ်သက်ကြသော အုပ်ချုပ်ရေးမဏ္ဍိုင် (သမ္မတ)၊ ဥပဒေပြုရေးမဏ္ဍိုင်
(လွှတ်တော် ၃ရပ်)နှင့် တရားရေးမဏ္ဍိုင် (အခြေခံဥပဒေခုံရုံးအဖွဲ့) တို့သည်
ပြဿနာ၏အခြေခံအကြောင်းရင်းသည် မည်သည်ဖြစ်သနည်း ထိုအကြောင်းခြင်းရာကို
မည်သို့ညှိနှိုင်း၍ ဖြေရှင်းကြမည်နည်းဆိုသည့်လမ်းကြောင်းကို
ဦးတည်ရန်မျက်ကွယ်ပြုခဲ့ကြသည်။ သမ္မတသည် ခုံရုံးနှင့်လွှတ်တော်ကြားကပဋိပက္ခကို
အရှိန်မလျှော့နိုင်ခဲ့၊ အခြေခံဥပဒေခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်ကို အကြောက်အကန်ကိုင်ဆွဲ၍
မိမိတို့သည်တရားစီရင်ရေး၏ အမြင့်မားဆုံးအဆင့်အဓိကမဏ္ဍိုင်ဖြစ်သည်ဟူသောရပ်တည်ချက်ကို
တရားသေဆုပ်ကိုင်ခဲ့သည်။ လွှတ်တော်များဘက်ကလည်း
အခြေခံဥပဒေ၏လိုအပ်ချက်ကြောင့်ဖြစ်ရသည့်ပြဿနာကိုဖြေရှင်းရန် အခြေခံဥပဒေကိုဖြည့်စွက်ပြင်ဆင်ရန်
လုပ်ဆောင်ရမည်ဆိုသည့်အချက်ဆီသို့ဦးတည်၍မသွားဘဲ
ခုံရုံးအဖွဲ့ဝင်များနုတ်ထွက်စေရေးနှင့်စွပ်စွဲပြစ်တင်ရေးလမ်းကြောင်းသို့
ဦးတည်၍သွားခဲ့သည်။(ဤလွှတ်တော်သည်ပင်လျှင် ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်
အဆိုတင်သွင်းခဲ့သော 'ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့်သန့်ရှင်းသောအစိုးရ'
ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ တိုင်း၊ ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ်
တာဝန်ပေးအပ်ခြင်းခံရသူများ၏ ပြောင်းရွှေ့နိုင်သောပစ္စည်းများ၊ မပြောင်းရွှေ့နိုင်သောပစ္စည်းများစာရင်းနှင့်
၎င်းတို့၏အကျိုးစီးပွားများစာရင်းကိုထုတ်ဖော်ကြေညာ၍ မှတ်တမ်းတင်ထားရန်အဆိုကို
မဲအများစုဖြင့် တစ်ခဲနက်ကန့်ကွက်ခဲ့ကြဖူးကြောင်း ဤနေရာတွင် ထောက်ပြလိုပါသည်။)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ သမ္မတထံပေးပို့သောသဝဏ်လွှာတွင်ပါရှိသည့် ''သမ္မတ၏တင်သွင်းလွှာကို
ပြန်လည်ရုပ်သိမ်းပြီး ခုံရုံးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကလည်း ဆန္ဒအလျောက်တာဝန်မှအနားယူသွားစေရေး''
ဟူသော အချက်နှစ်ချက်အနက် ခုံရုံးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကလည်း ဆန္ဒအလျောက်
တာဝန်မှအနားယူသွားစေရေးဟူသောအချက်မှာ ခုံရုံးအဖွဲ့၏ဂုဏ်သိက္ခာကို
တိုက်ရိုက်ထိပါးလိုက်ခြင်းသာဖြစ်ပါသည်။ ထို သဝဏ်လွှာသည် ညှိနှိုင်းဆောင်ရွက်ရေးကိုလမ်းဖွင့်လိုက်သော
ကမ်းလှမ်းမှုတစ်ခုမဟုတ်ခဲ့ပါ၊ မိမိတို့ “အမှားမပြုလုပ်သောကြောင့်လိုက်လျောခြင်းမပြုလုပ်နိုင်”ဟူသောသဘောထားကို
ခုံရုံးအဖွဲ့က နောက်ဆုံးအချိန်ထိဆွဲကိုင်သွားစေသည့်ရာဇသံပေးခြင်းမျိုး ဖြစ်သွားခဲ့ပါသည်။
တစ်ဖန်တစ်လှည့်အားဖြင့် ခုံရုံးအဖွဲ့မှလည်း ''တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို
ဥပဒေပြုအမတ်များကမဲခွဲဆုံးဖြတ်ခြင်းသည် ကမ္ဘာတွင်အစဉ်အလာမရှိကြောင်း
အခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကို မျက်ကွယ်ပြုခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခြင်းဖြစ်ကြောင်း''
စသည်ဖြင့် ပြန်လည်တုံ့ပြန်မှုများပြုလုပ်ခြင်းအားဖြင့် တိုက်ပွဲခေါ်သံပေးလိုက်သည်။
လွှတ်တော်က ခုံရုံးအဖွဲ့နုတ်ထွက်မည့်အချိန်ကို စောင့်ခဲ့သည်။ ခုံရုံးအဖွဲ့ကလည်း
မနှုတ်ထွက်ခဲ့၊ သမ္မတကြီးက ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ရပ်တန့်မသွားစေရန်နှင့်
ပြည်သူသန်း ၆ဝ ၏ မျက်နှာကိုထောက်ထား၍
လွှတ်တော်ကစွပ်စွဲပြစ်တင်သည့်နည်းလမ်းဖြင့်ဆောင်ရွက်မည့်အစား အခြေခံဥပဒေအခန်း ၁၂
(ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းအခန်း) ပါ အခွင့်အလမ်းများကိုအသုံးပြု၍ဆောင်ရွက်ပါက
ပိုမိုသင့်လျော်ကောင်းမွန်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ သဝဏ်လွှာပြန်ပို့၍
လမ်းကြောင်းတစ်ခုခင်းခဲ့သည်။ သို့သော် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ထားကြပြီဖြစ်သော
'ဘက်နှစ်ဘက်' အနေဖြင့် သမ္မတကြီးခင်းပေးသည့်လမ်းကို မည်သူမျှမရွေးခဲ့ကြတော့ပါ။
ထိုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် တရားစီရင်ရေးကော်မတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ကလည်း “အငြင်းပွားစရာပေါ် ပေါက်ခဲ့ရခြင်းနှင့်ပတ်သက်၍
ညှိနှိုင်းဖြေရှင်းရေးသည်အဓိကကျကြောင်း ထို့အပြင် ပြည်သူ့လွှတ်တော်အတွင်းရှိသော
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် အချင်းချင်းနားလည်မှုရအောင်
ဆောင်ရွက်ကြရန် အရေးကြီးကြောင်း” ပြောဆိုခဲ့ပါသည်။ သို့သော် ခတ်ရန်
စောင်မာန်အသင့်ဖြစ်နေသည့်သူများကတော့ မြေစာပင်များကို ထည့်မတွက်ခဲ့ကြတော့ပါ။
ထိုသို့အားဖြင့် ပြင်းထန်သည့်ပဋိပက္ခ၏ အထွဋ်အထိပ်တွင် ခုံရုံးအဖွဲ့ဝင်များအားလုံး
နုတ်ထွက်သွားကြပါသည်။ သည်နေရာတွင် ဒီဇာတ်လမ်း ပြည်ဖုံးကားကျပြီလား၊ ဤမျှသာဟု
စာတန်းထိုး၍ ရပြီလား ၊ ဘယ်သူတွေနိုင်လိုက်ကြသနည်း ဘယ်သူတွေရှုံးကြသနည်း၊
စဉ်းစားဆုံးဖြတ်စေချင်ပါသည်။
တကယ်တမ်းတင်ပြရလျှင် အားလုံးရှုံးကြပါသည်၊ ယမ်းငွေ့များ၊ မီးတောက်များ၊
ဟစ်ကြွေးသံများ၊ ညည်းညူသံများ ပြီးဆုံးသွားသည့်နောက်တွင် မြို့ကြီးလည်း ညက်ညက်ကြေ၊
တပ်လည်းပြုတ်ပြုတ်ပြုန်း နှစ်ဦးနှစ်ဘက်အကျအဆုံးများလှသည့် တိုက်ပွဲတစ်ပွဲဟုပင်
တင်စားလိုပါသည်။ အုပ်ချုပ်ရေးမဏ္ဍိုင် ၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်၊ မဏ္ဍိုင်
(၃)ရပ်လုံး မည်သည့်အမြတ်မျှ မထွက်သည့်အပြင်၊ ပြည်သူများအဖို့လည်း
မည်သို့သောအကျိုးထူးရလဒ်မျှ ထွက်မလာခဲ့ပါ။ အဘယ်ကြောင့်နည် ဆိုပါလျှင်
ဤစာ၏နိဒါန်းပိုင်းမှ မေးခွန်း (၃)ခုမှ ထွက်ပေါ်လာဖွယ်ရှိသည့်အဖြေများကြောင့်ဖြစ်ပါသည်။
ထိုအဖြေများမှာ
(၁) အခြေခံဥပဒေခုံရုံးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနုတ်ထွက်သွားရုံမျှဖြင့်
ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်သည်ဟု အလိုအလျောက်သတ်မှတ်နိုင်လိမ့်မည်မဟုတ်သောကြောင့်
ဖြစ်ပါသည်။
(၂) အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် (၉)ဦး နုတ်ထွက်သွားတဲ့နေရာတွင် မည်သူတို့အား
ပြန်လည်ခန့်ထားကြသည်ဖြစ်စေ၊ အခြေခံဥပဒေခုံရုံးအဖွဲ့သစ်သည် လွှတ်တော်ရေးရာကော်မတီများသည်
ပြည်ထောင်စုအဆင့်ဖြစ်ပါသည်ဆိုသည့်အချက်ကို (အခြေခံဥပဒေတွင်ထည့်သွင်းထားချက်
တစ်စုံတစ်ရာကို ကိုးကားခြင်းမပြုနိုင်ဘဲ၊ သမ္မတ၏အမိန့်ကြောင့်ဖြစ်စေ လွှတ်တော်အားမလွန်ဆန်ရဲသောကြောင့်ဖြစ်စေ၊
ရှေ့က ဖြစ်ပွားခဲ့သောဖြစ်ရပ်အပေါ်တွင် ဘယာဂတိလိုက်စား၍ဖြစ်စေ) လက်ခံအတည်ပြုပေးကြမည်မဟုတ်ပါ
။ အကယ်၍ ပြုခဲ့သည်ရှိသော် ပင်မ မဏ္ဍိုင်(၃)ရပ်မှ တရားရေးမဏ္ဍိုင်ပြိုလဲခြင်းပင်
ဖြစ်ပါသည်။ ထိုသို့ဖြစ်လာပါက နိုင်ငံတော်သမ္မတအဆက်ဆက်၊ လွှတ်တော်ဥက္ကဋ္ဌအဆက်ဆက်နှင့်
လွှတ်တော်ကိုယ်စားလှယ်များသည်'' ...နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေကို
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကိုလည်းလိုက်နာပါမည်...''
ဟု ကျမ်းသစ္စာဆို/ ကတိသစ္စာပြုရမည့်အစား '' ... လွှတ်တော်ဥပဒေများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး
...'' ဟု ကျမ်းသစ္စာဆို/ကတိသစ္စာပြုရမည်သာ ဖြစ်ပါလိမ့်မည်။
(၃) “လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်သည်ဟူသောအချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မပါဝင်သောကြောင့်
ပြည်ထောင်စုအဆင့်မဟုတ်” ဟူ၍ပင် ဆုံးဖြတ်ခဲ့ကြသည်ရှိသော် အခြေခံဥပဒေခုံရုံးအသစ်ကို
စွပ်စွဲပြစ်တင်မှုများပြုလုပ်၍ နုတ်ထွက်စေရန်ဖိအားပေးခြင်းမှာ ဖြစ်နိုင်တော့မည်မဟုတ်ပါ၊
သို့ဖြစ်ပါက ယခင် အခြေခံဥပဒေခုံရုံးအဖွဲ့အား နုတ်ထွက်စေရန်ဖိအားပေးခဲ့ခြင်းမှာ
အဟောသိကံသာဖြစ်ပါလိမ့်မည်။
ဤသို့ဆိုလျှင် အဘယ်ကြောင့် ဒုတိယနည်းလမ်းဖြစ်သည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ
အခန်း(၁၂) အရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဟူသောလမ်းကြောင်းကို
မရွေးချယ်ခဲ့ကြပါသနည်း။
(၁) ဤအချက်ကိုပြင်ဆင်လျှင် “နောက်ထပ်ပြင်ဆင်စရာအချက်များအတွက်
ပိတ်ထားသောတံခါးများပွင့်သွားမည်” ကို စိုးရိမ်ကြသောကြောင့်လော။
(၂) အခြေခံဥပဒေ ၄၃၆(ခ)တွင်
အခြေခံဥပဒေအားပြင်ဆင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅
ရာခိုင်နှုန်းကျော်၏ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်ဆိုသည့်အချက်ကိုပြဌာန်းထားမှုကြောင့်
(လက်ရှိလွှတ်တော်များ၏ အခြေအနေအရ ၇၅ ရာခိုင်နှုန်း မည်သို့မျှကျော်နိုင်မည်မဟုတ်ဟူသော
ပုံသေနည်းကျ စိုးရိမ်မှုများကြောင့်) ပင်လော ဟူသော မေးခွန်းများအားထပ်မံမေးမြန်း
ရမည်ဖြစ်ပါသည်။
ထိုအခန်း၁၂ ပါ ပုဒ်မ ၄၃၆(က)တွင် ပြဌာန်းထားချက်အရ '' .... အခန်း(၄)ပုဒ်မ ၇၄၊ ၁ဝ၉၊
၁၄၁၊၁၆၁၊... တို့ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏
၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရပါမည်
ဆိုသည့်အချက်ကိုဖော်ပြထားပြီး ပုဒ်မခွဲ(ခ)တွင် ပုဒ်မခွဲ (က)ပါ ထိုပြဌာန်းချက်များမှအပ
ကျန်ပြဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏
၇၅ ရာခိုင်နှုန်းကျော်ထောက်ခံဆန္ဒမဲဖြင့်သာပြင်ဆင်နိုင်သည်ဟု ဖော်ပြထားရာ၊ ဤအချက်ကိုဆွဲကိုင်၍
ပြင်ဆင်ဖြည့်စွက်ချက်ဥပဒေမူကြမ်းကိုတင်သွင်းခြင်းကို ပြုနိုင်သည်။
ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲခြင်းကို ပြုနိုင်သည်၊ ဤသို့ ဆောင်ရွက်ရာတွင် တပ်မတော်သားကိုယ်စားလှယ်များနှင့်ညှိနှိုင်းဆောင်ရွက်မှုများကို
လုပ်ဆောင်နိုင်မည်ဖြစ်ပြီး “အရေးကြုံလာလျှင် တပ်မတော်သည် လွှတ်တော်တွင် မည်သည့်သဘောထားဖြင့်ရပ်တည်မည်ဆိုသည်ကို
ပြည်သူများမျက်ဝါးထင်ထင် မြင်တွေ့ကြရမည့်အခွင့်အရေး” ဖြစ်သကဲ့သို့ တပ်မတော်သားကိုယ်စားလှယ်များသည်လည်း
တိုင်းပြည်အတွက်လိုအပ်သော အရေးပါသည့် ကဏ္ဍတစ်ရပ်အလှည့်အပြောင်းတွင်
မည်သို့တော်တည့်မှန်ကန်စွာ ရပ်တည်ကြမည်၊ မည်သို့မှန်မှန်ကန်ကန်ဆုံးဖြတ်ကြမည်ဆိုသည်ကို
ပြည်သူတို့အား သက်သေပြနိုင်မည့်အခွင့်အရေးဖြစ်ပါသည်။ ဤသို့အားဖြင့် လက်တွေ့တွင်
ဖြစ်သင့်ဖြစ်ထိုက်သော အကျိုးကျေးဇူးတစ်စုံတစ်ရာထွက်ပေါ်နိုင်သော ဤလမ်းကို
အဘယ်ကြောင့်မရွေးခဲ့ကြပါသနည်း။ မရွေးလိုခဲ့ကြပါသလား၊ မရွေးရဲခဲ့ ကြပါသလား ။
အချုပ်ဆိုရသော် ဤပြဿနာတွင် ပါဝင်ပတ်သက်သူအားလုံး အနိုင်မရခဲ့ပါ။
အားလုံးရှုံးခဲ့ကြပါသည် Lose - Lose -Lose သာဖြစ်ခဲ့သည်။ သမ္မတနှင့်အုပ်ချုပ်ရေးမဏ္ဍိုင်သည်လည်း
အနိုင်မရခဲ့ပါ ၊ တရားရေးမဏ္ဍိုင်သည် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ပါသည်၊ ဥပဒေပြုမဏ္ဍိုင်သည်ကော
နိုင်ခဲ့ပါသလား။ အခြေခံဥပဒေ၏ ပြင်ဆင်ရန်ဖြည့်စွက်ရန်လိုအပ်ချက်များကို
မြင်တွေ့နေပါလျက်နှင့် မည်သို့မျှလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ
လုပ်ဆောင်ရန်လည်းအားမထုတ်ခဲ့ကြဘဲ ၊ ခုံရုံးအဖွဲ့ကို
စွပ်စွဲပြစ်တင်လျှက်နုတ်ထွက်စေခဲ့ခြင်းသည် ပြည်သူများအားကိုယ်စားပြုသည့်လွှတ်တော်တစ်ရပ်အနေဖြင့်
ဂုဏ်ယူဖွယ်ရာအောင်မြင်မှုတစ်ခုမဟုတ်ခဲ့ပါ။
ဤနေရာတွင် ငယ်စဉ်ကဖတ်ဖူးသော စာတိုပေစလေးများကို မျှဝေလိုပါသည်။
တိုင်ကိုဖက်၍ငိုနေသောကလေးအား အငိုတိတ်စေရန် ကလေးလက်ထဲသို့ ပဲလှော်ထည့်ပေးခဲ့သည်။
ကလေးက လက်ကိုဖြုတ်လျှင် ပဲလှော်များလွတ်ကျမည်စိုး၍ ငိုပြန်သည်။ ထိုအခါ ညဏ်ကြီးရှင်က
ပဲလှော်ကိုပြန်ယူ၍ ကလေးလက်ကိုဖြုတ်စေပြီးမှ လက်ခုပ်ထဲသို့ပြန်ထည့်ပေးနိုင်သည်ကိုမစဉ်းစားဘဲ
တိုင်ကိုဖြတ်၍ ကလေးလက်ကိုဖြုတ်ယူစေခဲ့သည့်ပုံပြင်တစ်ပုဒ်ကို ဖတ်ဖူးခဲ့သည်။ တစ်ဖန်
ဆိတ်တစ်ကောင်သည် အိုးထဲသို့ခေါင်းထိုးလျှိုပြီး အစားစားရာ ခေါင်းတစ်ပြီးပြန်မထွက်နိုင်ဖြစ်နေသည်ကို
အိုးမကွဲစေရန်ဆို၍ ဆိတ်၏ခေါင်းကိုဖြတ်စေပြီးမှ ခေါင်းထုတ်၍မရပြန်သဖြင့်
အိုးကိုခွဲရပြန်သောအကြောင်းကိုလည်း ဖတ်ခဲ့ရဖူးပါသည်။ လွှတ်တော်နှင့်ခုံရုံးပြဿနာတွင်လည်း
တိုင်တစ်လုံးဆုံးရုံမျှသာဆိုလျှင် တော်ရော့မည်။ ဆိတ်လည်းခေါင်းပြတ် အိုးလည်းကွဲဆိုလျှင်တော့
တိုင်းပြည်မှာ မိအေးအခါခါ နာရော့မည်။
နိုင်ငံတစ်နိုင်ငံတွင် ပြဿနာများစွာရှိပါသည်။ အထူးသဖြင့် ဒီမိုကရေစီသို့ကူးပြောင်းကာစ
နိုင်ငံတစ်နိုင်ငံတွင် ပြဿနာများမှာ ပို၍ပင်များမြောင်လှပါသည်။ အဘက်ဘက်မှ
ယိုယွင်းနေသောနိုင်ငံတော်အား ပြန်လည်တည်ဆောက်ခြင်း၊ ပျက်ပြားနေသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအား
ပြန်လည်တည်ဆောက်ခြင်း၊ အမျိုးသားအကျိုးစီးပွားများကို မြှင့်တင်ဆောင်ရွက်ခြင်း
စသည့်လုပ်ငန်းများကို အင်တိုက်အားတိုက် အရှိန်မြှင့်လုပ်ဆောင်နိုင်ရန်မှာ
နိုင်ငံတော်တည်ငြိမ်မှုရှိရန်လိုအပ်ပါသည်။ ပင်မ မဏ္ဍိုင် ၃ရပ်ဖြစ်သော အုပ်ချုပ်ရေး၊
ဥပဒေပြုရေးနှင့်တရားရေးမဏ္ဍိုင်တို့သည် တစ်ခုကိုတစ်ခု အပြန်အလှန်သဟဇာတဖြစ်လျက် အခြေ ၃ချောင်းထောက်
(Tripod) သဖွယ် အမှီသဟဲပြုထိန်းကျောင်းနေကြရပါမည်။ သို့မှသာ နိုင်ငံတော်အား
တည်ငြိမ်သောထောက်တိုင်အဖြစ် အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။ အခြေတစ်ချောင်းလဲကျလျှင်
ကျန်အခြေနှစ်ချောင်းလည်း ထောင်မတ်ကျန်နေမည်မဟုတ်သကဲ့သို့
ထိုမဏ္ဍိုင်များပဋိပက္ခဖြစ်လျက်မညီမညွတ်ဖြစ်နေကြပါလျှင် နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားပါလိမ့်မည်။
နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားခဲ့လျှင် မလိုလားအပ်သောပြဿနာများ
နောက်ဆက်တွဲပေါ်ပေါက်လာနိုင်ပါသည်။ ထိုအခါ နှစ်ပေါင်းများစွာ ဒုက္ခပင်လယ်ဝေခဲ့ရသည့်
သန်း ၆ဝ သော ပြည်သူတို့၏မျှော်လင့်ချက်များ ပျက်ပြားသွားရပါလိမ့်မည်။ နောက်ပြန်
လှိုင်းတံပိုးများ၏ရိုက်ခတ်မှုတို့ကို ပြင်းထန်စွာကြုံတွေ့ ကြရပါလိမ့်မည်။ ပြည်သူတို့ကယုံကြည်အားထား၍
ရွေးချယ်တင်မြှောက်ထားသော ပြည်သူတို့ကိုယ်စား တိုင်းပြည်၏အဓိကမဏ္ဍိုင်ကြီးများတွင်
တာဝန်ထမ်းဆောင်နေကြသောပုဂ္ဂိုလ်များသည် အမိနိုင်ငံတော်အား
ထိုသို့သောဖြစ်ရပ်ဆိုးများ ထပ်မံမကြုံတွေ့ကြစေလိုသောစေတနာ မှန်ကြပါလျှင်၊ ပြည်သူ
သန်း ၆ဝ တို့၏အနာဂတ်ဘဝကို တည်ငြိမ်စွာဦးဆောင်မှုပေးလိုသောစိတ်ရင်း မှန်ကြပါလျှင်
မဏ္ဍိုင် ၃ ရပ်တို့အကြား စေ့စပ်ခြင်း၊ ညှိနှိုင်းခြင်းများဖြင့် သဟဇာတဖြစ်စွာ အပြန်အလှန်ထိန်းကျောင်း၍
တိုင်းပြည်ကိုညီညီညွတ်ညွတ်ဦးဆောင်ကြစေလိုပါကြောင်း သုံးသပ်အကြံပြုလိုက်ရပါသည်။
ထင်လင်းဦး (Wisdom Villa)
(ကျနော့်အမြင်မှာ ဖွဲ့စည်းပုံတိုင်းမှာ
အစိုးရတွေမျက်ဖြူဆိုက်ရင်ကုစားဖို့ ထွက်ပေါက်ပေးထားရပါတယ်။ - ၄၇
ဖွဲ့စည်းပုံရဲ့ထွက်ပေါက်ဟာ လွှတ်တော်နဲ့တရားရုံး (ဥပဒေပြုရေးနဲ့တရားစီရင်ရေးအာဏာ-လွှတ်တော်မှာအစိုးရကိုအယုံအကြည်မရှိအဆိုတင်
မဲခွဲဆုံးဖြတ် တရားရုံးက အတည်ပြုပေး)။ ၇၄ ဖွဲ့စည်းပုံကျတော့ မဆလပါတီ
(တစ်ပါတီစနစ်နဲ့ ဗဟိုချုပ်ကိုင်မှု-ဦးဆောင်ပါတီက အစိုးရလွှတ်တော်နဲ့ တရားစီရင်ရေးတွေ
ဆက်ရှိဆိုရှိ ပျောက်တော့ဆိုပျောက်)ဖြစ်ပြီး ၂ဝဝ၈ ကျတော့ အရေးပေါ် အခြေအနေကြေငြာတာ (ကာချုပ်လက်ထဲအာဏာထိုးပေးရတာ
တနည်းပြောရရင် စစ်အာဏာတရားဝင်သိမ်းယူခွင့်- ဖြစ်ပါတယ်-မျိုးမြင့်ချို)
(ယူတာက) http://www.facebook.com/notes/messenger-news-journal/%E1%80%B1%E1%80%9E%E1%80%BC%E1%80%B8%E1%82%8F%E1%80%AF%E1%80%9E%E1%80%AC%E1%80%B8%E1%82%8F%E1%80%AF-%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%9E%E1%80%85%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9E%E1%80%8A%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%81%E1%80%95%E1%80%BA%E1%80%80%E1%80%B9%E1%80%B1%E1%80%85%E1%80%99%E1%80%8A%E1%80%B9%E1%80%B7-%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%9C%E1%80%99%E1%80%B9%E1%80%B8/416512541743397
0 comments:
Post a Comment