Thursday, October 11, 2012

အာအက်ဖ်အေ..ဘယ်ဆီကိုရွေ့နေလဲ?(ကိုညို)

0 comments
မူလလမ်းကြောင်းနဲ့သွေဖီနေပြီ RFA မြန်မာပိုင်းမှာ ၁၄ နှစ်ကျော် ဆက်တိုက်သတင်းလုပ်လာတဲ့ကျနော့ကို၊ ဒီနှစ်အောက်တိုဘာမှာ ဘာမပြောညာမပြောထုတ်ပစ်လိုက်တဲ့အတွက် မိတ်ဆွေတွေ၊ သောတရှင်တွေက ဖုန်းနဲ့ရော၊ ချက်တင်တွေရော၊ Facebook စာမျက်နှာတွေကပါ နှစ်သိမ့်အားပေးတာ၊ စာဆက်ရေးနေဘို့တိုက်တွန်းတာတွေအပြင်၊ ဘာကြောင့်အလုပ်ထုတ် ခံရတာလဲ? အာအက်ဖ်အေက မြန်မာ့ဒီမိုကရေစီအရေး အားပေးတာဘဲ မို့လား?.နောက်ထပ်လူတွေထုတ်အုံးမယ်ဆို..?ဘာညာသတင်းတွေမေးကြတယ်။ အလုပ်ကထုတ်ခံရတဲ့ ဒီလိုကာလမှာ ကျနော်အာအက်ဖ်အေအကြောင်း သိတ်မရေးချင်ဘူး။ ဆန္ဒဇောတွေပါမှာစိုးလို့ပါ။ တဘက်ကလည်း ကိုယ့်စာဖတ်ပရိသတ်သိသင့်တာ၊ သိချင်တာကိုအသိမပေးဘဲ ထိန်ချန်ထားရင် သတင်းသမားအာပတ်သင့်တာမို့ အတော်လေးစဉ်းစားပြီးရေးလိုက်ပါပြီ။ ဟိုးတုန်းက.. အာအက်ဖ်အေမြန်မာပိုင်းဋ္ဌာနဟာ မြန်မာပြည်ဒီမိုကရေစီရေးအတွက်ရော ပြည်သူတွေအတွက်ရော လာခြင်းကောင်းခဲ့တယ်။

သတင်းလွတ်လပ်ခွင့်ပျက်သုန်းနေတဲ့တိုင်းပြည်အတွက် အားကောင်းမောင်းသန်ဖြစ်ခဲ့တယ်။ သတင်းမှန်တွေနဲ့အများပြည်သူ သိသင့်သိထိုက်တဲ့သတင်းတွေကို စစ်အာဏာရှင်တွေ သံကွန်ခြာအထပ်ထပ်ကာ၊ ပြည်သူတွေကိုပါးစပ်ပိတ်နားပိတ်ပြီး ဓားမိုးခြိမ်းခြောက်တဲ့ကြားက ဖောက်ထုတ်နှိုက်ယူခဲ့ကြတယ်။ သတင်းထောက်တွေနဲ့ အဖိနှိပ်ခံပြည်သူတွေ၊ ပြည်သူ့ရှေ့ဆောင်နိုင်ငံရေးသမားတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကိုအားပေးတဲ့ နိုင်ငံအရေးလှုပ်ရှားတက်ကြွသူတွေအတူလက်တွဲပြီး အချိတ်အဆက်မိမိနဲ့ သတင်းတွေဖော်ထုတ်နိုင်ခဲ့တယ်။ ပြည်တွင်းပြည်ပသာမက နိုင်ငံတကာသတင်းလောကမှာပါ အသိအမှတ်ပြုမှု၊ ကိုးကားတင်ပြမှုတွေရခဲ့သလို အာဏာရှင်တွေဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့တဲ့ မီဒီယာတခုအဖြစ် ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ခဲ့တာအားလုံးသိကြတယ်။

ဒါပေမဲ့..ဒီကနေ့အာအက်ဖ်အေ(မြန်မာပိုင်း)ဟာအရင်ကလျှောက်ခဲ့တဲ့လမ်းနဲ့ ပြောင်းပြန်လျှောက်နေတာကိုမြင်နေရပြီ။ အဖိနှိပ်ခံ ပြည်သူတွေဘက်ကသတင်းတွေ မထုတ်နိုင်ဘဲ၊ ဖိနှိပ်အုပ်ချုပ်နေသူတွေရဲ့ဝါဒဖြန့်တာတွေကို ဦးစားပေးလာတယ်။ ပြည်သူတွေ သိသင့်သိထိုက်တဲ့သတင်းတွေ၊ ဘယ်လောက်ပိတ်ဆို့ထားထား ကြိုးစားဖော်ထုတ်ရမဲ့အစား၊ ပြည်တွင်းအပတ်စဉ်ထုတ်သတင်းစာနဲ့မဂ္ဂဇင်း၊ ဂျာနယ်တွေမှာဖော်ပြနေတဲ့ ထူးမခြားနားသတင်းတွေကိုပဲ အချိန်ကုန်၊ ငွေကုန်ခံအသံလွှင့်နေတယ်။

တနည်းပြောရရင် ပြည်တွင်းမှာအာအက်ဖ်အေရုံးလေးတရားမ၀င်(နားလည်မှုလေးနဲ့)ဖွင့်နိုင်ဘို့အတွက်ကိုပဲ အစိုးရအသားပေးသတင်းတွေလွှင့်ထုတ်ပြီး အာအက်ဖ်အေရဲ့ဂုဏ်သိက္ခာကိုရောင်းစားနေတယ်။ သတင်းအချက်အလက်မှန်တွေ၊ ပြည်သူတွေရဲ့အသံစစ်စစ်တွေကို ပြည်သူတွေလွတ်လွတ်လပ်လပ်ရွေးကောက်ထားတာမဟုတ်တဲ့၊ တရားဝင်အစိုးရမဟုတ်တဲ့ဝါဒဖြန့်အသံတွေနဲ့ဖုံးအုပ်နေတယ်။ ပြောချင်တာက အာအက်ဖ်အေလမ်းလွဲကို ဦးတည်နေတယ်။ မူလဦးတည်ထားတဲ့လမ်းကြောင်းမှန်ကနေ သွေဖီနေတယ်။ လမ်းမှားကိုသွားနေတယ်ဆိုတာပဲ။

အာအက်ဖ်အေဘယ်ကလာတာလဲ
ဒုတိယကမ္ဘာစစ်ပြီး စစ်အေးခေတ်ကာလမှာ ကိုလိုနီလက်အောက်က လွတ်မြောက်စနိုင်ငံတွေပေါ်လာတာကြောင့် ၀ါဒရေးရာအားပြိုင်မှုတွေက ရှေ့တန်းရောက်လာတယ်။ အားလုံးသိတဲ့အတိုင်း အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုက ဆိုဗီယက်ဦးဆောင်တဲ့ ကွန်မြူနစ်အတွေးအခေါ်ကရှေ့ဆောင်တဲ့ အရှေ့ဥရောပနိုင်ငံတေ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေကို ဒီမိုကရေစီအတွေးအခေါ်နဲ့ဝါဒဖြန့်ဘို့ ကျိုးပမ်းတယ်။ ဒီလိုနည်းနဲ့ ၁၉၅၀လောက်မှာ RFE(Radio Free Europe)ဆိုတာ ပေါ်လာတယ်။ ရေဒီယိုတွေကနေ အဲဒီနိုင်ငံတွေကသတင်းတွေ၊ ဒီမိုကရေစီနိုင်ငံတွေရဲ့အောင်မြင်ဖွံ့ဖြိုးမှုတွေကို သတင်းဆောင်းပါးတွေ၊ တေးသီချင်းတွေနဲ့ဝါဒဖြန့်တယ်။ အဲဒီအတွေးအခေါ်တိုက်ပွဲမှာ အမေရိကန်ကအကြီးအကျယ်အောင်မြင်တယ်။ ကွန်မြူနစ်ဝါဒကိုဆင်းရဲသားဝါဒလို မြင်သွားကြတယ်။ 
နောက်ပိုင်းနှစ်တွေမှာ နိုင်ငံတော်တော်များများ ကွန်မြူနစ်ဆန့်ကျင်ရေးတွေ ကြွေးကြော်လာတဲ့ အထိဖြစ်လာတယ်။ အနှစ် (၄၀) နီးပါးကြာတော့အရှေ့ဥရောပတခုလုံး ဒီမိုကရေစီနိုင်ငံတွေဖြစ်ကုန်တယ်။ ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားတယ်။ RFE ရေဒီယိုရဲ့အောင်မြင်မှုဟာ အဲဒီမှာတင်မရပ်သွားဘူး။ အာရှတိုက်ကနဂါးတကောင်ရဲ့အန္တရာယ်ကလည်းရှိနေပြန်တော့ လေလှိုင်းစစ်ပွဲကို အဲဒီဘက်ဦးတည်ဖို့ အမေရိကန်ကပြင်ဆင်တယ်။ ဒါနဲ့ဘဲ(၁၉၉၆)မှာRFA လွတ်လပ်သောအာရှအသံပေါ်လာတယ်။ RFA ရဲ့ မဟာဗျူဟာကတရုတ်ကွန်မြူနစ်ဝါဒဖြစ်တယ်။ မန်ဒရင်း၊ ကန်တုန်၊ ဝီဂေါ်..ဆိုတဲ့တရုတ်ဘာသာချည်း (၃)မျိုးနဲ့ ၂၄နာရီအသံလွှင့်ပြီး ၀ါရှင်တန်ဒီစီမှာတင် တရုတ်ဝန်ထမ်းပေါင်း (၁၀၀)ကျော်လောက်ရှိတယ်။ အကြီးဆုံးဘဲ။ သိတ်လည်းအောင်မြင်နေတယ်။ တရုတ်အစိုးရက(တချိန်က မြန်မာစစ်ခေါင်းဆောင်တွေ လိုပဲ) RFA အင်တာနက်လိုင်းကို ပိတ်ထားတယ်။ ဒါပေမဲ့ တရုတ်တခုထဲရည်ရွယ်ပြီး ရေဒီယိုဋ္ဌာနကြီးထောင်ထားတာဆိုရင်လည်း RFA ပေါ်လစီနဲ့မညီတော့ တခြားအာရှက ကွန်မြူနစ်သြဇာခံတွေနဲ့အာဏာရှင်နိုင်ငံတွေကို ဦးနှောက်ဆေးကြောဖို့ဖြစ်လာတယ်။ ဒါကြောင့်တိဘက်၊ မြန်မာ၊ လာအို၊ ကမ္ဘောရီးယား၊ ဗီယက်နမ်၊ မြောက်ကိုးရီးယားနိုင်ငံတွေရော.. ဘာသာစကား(၉)မျိုးနဲ့လွှင့်ပါတယ်။

မြန်မာပိုင်းဌာနအဦးအစ 
မြန်မာဌာနက(၁၉၉၇)အစောပိုင်းမှာ စထူထောင်ဖြစ်တယ်။ ပထမဆုံး(၄)ဦးနဲ့စတယ်။ ညွှန်ကြားရေးမှုးဦးစိုးသင်း(မြန်မာသံတမန်ဟောင်း)၊ ဦးဝင်းဖေ(စာရေးဆရာ၊ရုပ်ရှင်ဒါရိုက်တာ)၊ ဦးသိန်းထိုက်ဦး(ယခုVOA)၊ဦးမြင့်သိန်း(ယခင်မြန်မာ့အလင်း)တို့ဖြစ်တယ်။ နောက်ပိုင်းမှာ 
ဒေါ်ငြိမ်းရွှေ(လက်ရှိမြန်မာပိုင်းဌာနမှုး)၊ ဒေါ်ခင်မျိုးထွေး(ခေတ်ပြိုင်သတင်းစာအယ်ဒီတာဟောင်း)တို့နဲ့
အားဖြည့်ပြီး မြန်မာနိုင်ငံနဲ့ဆိုင်တဲ့နိုင်ငံခြားသတင်းတွေ၊ အာရှသတင်းတွေဘာသာပြန် လွှင့်တယ်။ နောက်တော့ကိုအောင်ဇော်(ဧရာဝတီမဂ္ဂဇင်း)၊ ဦးတင့်ဇော်(စာရေးဆရာ၊ တကသခေါင်းဆောင်ဟောင်း)တို့လို ထိုင်းနိုင်ငံက သတင်းထောက်တွေနဲ့အားဖြည့်ပြီးပြည်တွင်းနဲ့၊ နယ်စပ်သတင်းတွေ၊ အတိုက်အခံလှုပ်ရှားမှုသတင်းတွေ ဖော်ပြလာတယ်။
အဲဒီနောက်ပိုင်းဦးခင်မောင်ငြိမ်း(ယခင်မြန်မာ့အသံရုပ်မြင်သံကြား)၊ ဒေါ်တင်ထားဆွေ(ယခုဘီဘီစီဌာနမှုး)
တို့ ၀င်လာသလို ၁၉၉၈ထဲမှာ ကျနော်လည်းအိန္ဒိယနဲ့ မြန်မာပြည်အနောက်ဘက်ခြမ်း သတင်းထောက်အဖြစ်တာဝန်ထမ်းခဲ့တယ်။ (ဒါပေမဲ့ကျနော်ဟာအာအက်ဖ်ရဲ့ ပုံမှန်လခစားဝန်ထမ်း မဟုတ်သလို၊ အာအက်ဖ်အေ၀ိုင်းတော်သားလည်း မဟုတ်ခဲ့ပါ၊ အာအက်ဖ်အေကတနှစ်တခါစာချုပ် ချုပ် ဌားရမ်းတဲ့ အကြီးတန်းသတင်းထောက်တယောက်သာဖြစ်တယ်) နောက်ပိုင်းတော့ ၀န်ထမ်းတွေ တဖြည်းဖြည်းတိုးချဲ့လာတာ အခုဆို ၀ါရှင်တန်ဒီစီရုံးချုပ်မှာတင် ၀န်ထမ်းဦးရေ(၃၀)လောက်ရှိတယ်။ အာအက်ဖ်အေရေဒီယိုဟာ အသံလှိုင်းကြည်လင်ပြီး မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေချည်းပဲ မနက်တခါညတခါ တနာရီစီအသံလွှင့်တာမို့ မြန်မာပြည်ထဲကသောတရှင်တွေရဲ့ အားပေးထောက်ခံမှုတွေရခဲ့တယ်။ စစ်အာဏာရှင်တွေ အမျိုးမျိုးပိတ်ဆို့နှောင့်ယှက်ပြီး ဒုက္ခမျိုးစုံပေးတဲ့ကြားက မျိုးချစ်ပြည်သူတွေအကူအညီနဲ့ ကျနော်တို့ ပြည်ပကနေ တယ်လီဖုံးလိုင်းတခုထဲအားကိုးပြီး ပြည်တွင်းသတင်းတွေရယူခဲ့ကြတယ်။ ထားပါတော့…..ပြည်တွင်းသတင်းတွေကို အဲဒီကာလက ဘယ်လိုနှိုက်ထုတ်ခဲ့ရတယ်ဆိုတာကို နောက်ကြုံမှပြောတော့မယ်။
အခုပြောချင်တာက RFA ဘယ်ကလာပြီး ဘယ်သွားနေလဲဆိုတာပါ။

အာအက်ဖ်အေရဲ့မူလလမ်းကြောင်းမှန် 
အရင်ကရော ဒီကနေ့အထိ အာအက်ဖ်အေရဲ့မပြောင်းမလဲချထားတဲ့ မူဝါဒကဘာလဲ၊
ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်ကိုဦးတည်မလဲဆိုတာ အာအက်ဖ်အေမြန်မာပိုင်း အင်တာနက်ဝက်ပ်ဆိုဒ်ထဲမှာအခုလိုအတိအကျဖော်ပြ ထားပါတယ်။

“လွတ်လပ်သောအာရှအသံ၊ အာအက်ဖ်အေရဲ့တာဝန်နဲ့ရည်ရွယ်ချက်မှာ..
သက်ဆိုင်ရာအစိုးရများ၏ပိတ်ပင်ဟန့်တားမှုများကြောင့် သတင်းလွတ်လပ်ခွင့်မရှိသော အာရှနိုင်ငံများမှသောတရှင်များထံ၊ တိကျမှန်ကန်ပြီး၊ အချိန်ကိုက်ဖြစ်သော သတင်းနှင့်သတင်းအချက်အလက်များအား ထုတ်လွှင့်ပေးရန်ဖြစ်သည်။ လွတ်လပ်သောအာရှအသံသည်
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ချမှတ်ထားသည့် ပဓာနကျသည့်ကျင့်ဝတ်စည်းကမ်းများအား တစိုက်မတ်မတ်လိုက်နာကျင့်သုံးသွားမည်။ ကိစ္စများဆုံးဖြတ်ဆောင်ရွက်ရာ၌ မရှိမဖြစ်လိုအပ်သောသတင်းအချက်အလက်များအား၊ သောတရှင်များ အကြားအမြင်များစေရန်အတွက် လွတ်လပ်သောအာရှအသံက ထုတ်လွှင့်ပေးနေပါသည်။ ကျွန်ုပ်တို့၏တာဝန်မှာ တိကျမှန်ကန်သော၊ အချိန်ကိုက်လည်းဖြစ်သောသတင်း၊ သတင်းအချက်အလက်များနှင့်ဝေဖန်သုံးသပ်ချက်များကို ထုတ်လွှင့်ပေးရန်၊ အာရှနိုင်ငံများကပြည်သူများအနေဖြင့် မိမိတို့၏အမြင်အယူအဆအမျိုးမျိုးကို လွတ်လပ်သောအာရှအသံမှတဆင့် ထုတ်ဖော်ပြောဆိုနိုင်ရန်ဖြစ်သည်”
ဒီနေရာမှာ စာဖတ်ပရိသတ်တွေနှိုင်းယှဉ်နိုင်ဘို့ တချိန်က RFA ရဲ့ မူဝါဒမှန်နဲ့အညီဘယ်လိုလှုပ်ရှားခဲ့လို့ ဘယ်လိုအကျိုးသက်ရောက်လာခဲ့တယ်ဆိုတာ နည်းနည်းပြောပြဖို့လိုမယ်။
ကျနော်တို့အားလုံး နားလည်ခံယူထားတာက RFA ဟာ သတင်းအမှောင်ချခံနေရတဲ့လူ့အဖွဲ့အစည်းထဲကပြည်သူတွေ သတင်းအချက်အလက်မှန်တွေရရှိစေဘို့၊ ပြီးတော့ ဒီမိုကရေစီရဲ့အခြေခံရေသောက်မြစ်လည်းဖြစ်၊ အရေးကြီးတဲ့အစိတ်အပိုင်းတခုလည်းဖြစ်တဲ့ လွတ်လပ်စွာပြောရဲဆိုရဲချင်တဲ့စိတ်တွေ ပေါ်လာအောင်မြှင့်တင်ပေးဘို့၊ အကြောက်အလန့်ကင်းကင်းနဲ့ မိမိတို့လိုအင်ဆန္ဒကိုထုတ်ဖော်ဘို့၊ အထူးသဖြင့်ပြောခွင့်ဆိုခွင့်မရတဲ့အသံတွေ၊ အဖိနှိပ်ခံအသံဖော်ထုတ်ပေးဘို့ဆိုတာ RFA ရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်။

အာအက်ဖ်အေဘာတွေလုပ်နိုင်ခဲ့လဲ?
အာအက်ဖ်အေထူထောင်လာတာ အခုဆို ၁၆ နှစ်ရှိသွားပြီ။ အောင်မြင်တယ်လို့ပြောရမယ်။
မြန်မာအပါအ၀င် အာအက်ဖ်အေအသံလွှင့်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေ(မြောက်ကိုးရီးယားနဲ့ တရုတ်ကလွဲလို့) ထိရောက်တဲ့အပြောင်းအလဲ တွေဖြစ်သွားပြီ။ တရုတ်နဲ့မြောက်ကိုးရီးယားလည်း ဒီမိုကရေစီမုန်တိုင်းဒဏ်ကို အလူးအလဲခံနေရတာပါ။ မြန်မာပြည်မှာဆို.. ကျနော်တို့သတင်းထောက် လုပ်ခါစက အခုလို လက်ကိုင်ဖုန်းတွေဝေေ၀ဆာဆာ ပေါ်နေတာမဟုတ်ဘူး။ လမ်းဘေးဖုံးနဲ့ချိန်းဆက်ပြောရတာ။ ဖုန်းလိုင်းဖျက်တာ၊ ဆူညံတာ၊ အသံခိုးနားထောင်တာ၊ ပြည်ပရေဒီယိုနဲ့စကားပြောရင် ဖုံးလိုင်းဖြတ်တောက်တာ...ဒုက္ခပေးတာအစုံအစုံ..။
ပြည်သူတွေသတင်းပေးချင်၊ ပြောချင်ပေမဲ့ကြောက်ရတယ်၊ ကိုယ်သိတာတောင် မပြောမဆိုရဲတဲ့ ဘ၀။ ပြည်တွင်းထဲလူလွှတ်ပြီးတနည်း၊ လူမွေးပြီးတသွယ် သတင်းတွေယူရတယ်။ ကိုယ်မိသားစုနဲ့ကိုယ်ပါဒုက္ခရောက်ပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတောင် ပြည်ပရေဒီယိုကမေးရင် ရေလုံနှုတ်ပိတ်နေနေကြတဲ့ဘ၀။
ရေဒီယိုသတင်းတောင် ကျယ်ကျယ်နားမထောင်ရဲတဲ့ဘ၀။ သတင်းမေးတာတောင် ကြိမ်းမောင်းပြစ်တင်ခံရတဲ့ဘ၀တွေကနေ
“ဟိုကတော့..ပြောနေပြီ၊ ငါတို့လည်းပြောမှဖြစ်မယ်”၊
“ရေဒီယိုကသတင်းပါရင် စစ်တပ်ကမလုပ်ရဲဘူး”၊
“ရေဒီယိုကအသံလွှင့်လိုက်လို့ ရဲကငွေမတောင်းရဲတာ”။
“အာအက်ဖ်အေသတင်းကြောင့် အဖမ်းမခံလိုက်ရတာ”.. ဆိုတာမျိုးတွေအထိပြည်သူတွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာတာ၊ပြောရဲဆိုရဲနဲ့အမြင်ကျယ်လာတာ။ လူ့အခြေခံအခွင့်အရေးကို သဘောပေါက်လာတာ၊ ဒီမိုကရေစီလိုလားစိတ် ပိုမိုပြင်းထန်လာတာဟာ ရေဒီယိုတွေရဲ့မှန်ကန်တဲ့ လမ်းစဉ်နဲ့စေတနာတွေ အားထုတ်မှုတွေကြောင့်ပါ။

အာအက်ဖ်အေမြန်မာပိုင်းပေါ်လာပြီးတဲ့နောက် ထင်ရှားကြီးမားတဲ့သမိုင်းဖြစ်စဉ်တွေကို အများပြည်သူသိအောင် သတင်းဖော်ထုတ်နိုင်ခဲ့တယ်။ အကုန်အစင်မမှတ်မိဘူး ဥပမာတချို့တော့ ထုတ်ပြပါ့မယ်။
၁၉၉၅ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး ပြည်တွင်းလှုပ်ရှားမှုခရီးစဉ်သတင်းတွေ၊
၁၉၉၈ ပြည်သူ့လွှတ်တော်ခေါ်ယူရေး NLD အမတ်ကျိုးပမ်းလို့ဖမ်းခံရတာ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ ၂၀၀၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်လမ်းပိတ်ခံရတဲ့သတင်းတွေ၊ ၂၀၀၃ ဒီပဲရင်းရာဇ၀တ်မှုနဲ့ တိမ်းရှောင်သူတွေနဲ့ဖော်ထုတ်ချက်တွေ၊ အစိုးရခေါင်းဆောင်တွေခြစားမှု၊ ရာဇ၀တ်မှု၊ လူ့အခွင့်အရေး၊ အကျဉ်းထောင်ထဲကလူ့အခွင့်အရေးချိုးဖောက်မှုသတင်းဖော်ထုတ်ချက်တွေ
၈၈ ကျောင်းသားလှုပ်ရှားမှုတွေ ၈၈ကျောင်းသားခေါင်းဆောင်ဖမ်းခံရသတင်း၊ စစ်ထောက်လှမ်းရေးတွေ အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြောင်း၊ ဒုက္ခသည်ဘ၀၊ ပြည်ပနိုင်ငံရေးလှုပ်ရှားမှုတွေ၊ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွေ၊
ကျောင်းသားလှုပ်ရှားမှုတွေ၊ ခေါင်းဆောင်ဖမ်းခံရသတင်း၊ အကျဉ်းထောင်ထဲကသတင်းဖော်ထုတ်မှုတွေ၊
အစိုးရခေါင်းဆောင်တွေ၊ ခြစားမှု၊ ရာဇ၀တ်မှု၊ လူ့အခွင့်အရေးပြသနာတွေ အဆက်မပြတ်ဖော်ထုတ်ခဲ့ ကြတယ်။ ပြည်ပသတင်းလောကနဲ့ အမေရိကန်ကသတင်းစာတွေမှာတောင် အာအက်အေသတင်းတွေကို ကိုးကားရေးသားခဲ့ကြတယ်။ နိုင်ငံရေးအဖွှဲ့အစည်းတွေ၊ လူ့အခွင့်ရေးအဖွဲ့တွေ၊ NGO တွေလည်း အချက်အလက်တွေယူရတယ်။ အဲလိုသတင်းတွေဖော်ပြနိုင်ဘို့ ကျနော်တို့နယ်သတင်းထောက်တွေဟာ
တယ်လီဖုန်းခတွေအိတ်ဆိုက်အကုန်ခံ၊ အန္တရာယ်ရှိမှန်းသိရက်နယ်စွန်နယ်ဖျား၊ သူပုန်စခန်းတွေ၊ စစ်ပွဲတွေရှိရာသွားပြီးသတင်းယူရတယ်။ ပြည်တွင်းထဲခိုးဝင်ရတယ်။ အသက်အန္တရာယ်တွေကြုံခဲ့တယ်။ အဖမ်းဆီးခံခဲ့ရတယ်။ အဲလို စွန့်စွန့်စားစားလုပ်ကြတဲ့အရာတွေဟာ ၀ါသနာတခုထဲကြောင့်မဟုတ်ဖူး၊
ပြည်သူတွေသတင်းမှန်၊အဖြစ်အပျက်မှန်တွေသိစေချင်လို့။ မြန်မာပြည် သတင်းလွတ်လပ်ခွင့်ရချင်လို့၊ ဒီမိုကရေစီရချင်လွန်းလို့ဆိုတဲ့ တွန်းအားတွေလည်းပါတယ်။
ဒါပေမဲ့ လွမ်းစရာပါပဲ။
တချိန်တုန်းက
ကျနော်တို့တတွေ ယုံကြည်ချက်တွေနဲ့လုံ့လစိုက်ထုတ်တည်ဆောက်ခဲ့ကြတဲ့ အာအက်ဖ်အေရဲ့အနှစ်သာရနဲ့ Image ဟာ တဖြည်းဖြည်းမှေးမှိန်လာနေပါပြီ။

ဒီနေ့အာအက်ဖ်အေဘယ်သွားနေလဲ?
ဆရာဗန်းမော်တင်အောင်ရဲ့“ကျနော်”ဆိုတဲ့ဝတ္တုလေး ကျောင်းသားဘ၀ကဖတ်ဖူးတယ်။
သတင်းစာသမားတယောက်က ကိုယ့်အတ္တကို ကိုယ်ပြန်စစ်ဆေးတဲ့ဝတ္တုလို့ မှတ်မိတယ်။
ပြည်သူ့ဘက်ကရပ်တဲ့သတင်းစာလို့ ကြော်ငြာကောင်းပြီးမှ အစိုးရမင်းစိုးရာဇာတွေရဲ့ စားသောက်ဧည့်ခံပွဲတွေတက်၊ ၀န်ကြီးတွေ သာပေါင်းညာစားကုမ္မဏီပိုင်ရှင်တွေနဲ့ပေါင်း (ဒီခေတ်အခေါ်ခရိုနီပေါ့) သူတို့ကောင်းကြောင်းနဲ့စီးပွားရေးသတင်း၊ ရေပေါ်ဆီသတင်းတွေကို အမည်ခံ ပြည်သူ့သတင်းစာမှာ လှိုင်လှိုင်ကြီးဖော်ပြ၊ ပြည်သူ့အာဘော်တွေမေ့နေတဲ့ သတင်းစာဆရာကြီးဟာ ညစဉ်သံတမန်တွေနဲ့ ၀န်မင်းတွေ၊ ခရိုနီတွေရဲ့ဧည့်ခံပွဲကအပြန် အင်းယားကန်ဘောင်ဘက်လေညှင်းခံတယ်။ အဲဒီအချိန် သူ့ရဲ့ကိုယ်ပွား(သူ့နာမည်တူနဲ့ နာမ်ဝိဥာဉ်) က သူ့လုပ်ရပ်တွေအားလုံးကို တခုချင်းစီဝေဖန်တိုက်ချွတ်တဲ့အကြောင်းပါ။
ကျနော်မှတ်မိနေတာလေးက..
အဲဒီသတင်းစာဆရာကြီးရဲ့ကိုယ်ပွားကြီး မလာခင် အမြဲတမ်းအင်္ဂလိပ်တေးသွားလေးတပုဒ်ကို လေချွန်ပြီးပေါ်လာတာလေးဘဲ။
သူလေချွန်တဲ့တေးသွားရဲ့စာသားက
“ဂျောက်ကမ္ဘားတွေထူပေါတဲ့လမ်းပေါ်မှာ မျက်မမြင်ကလမ်းပြနေတာ အဓိပ္ပါယ်ရှိပါ့မလားကွယ်” ဆိုတဲ့အပိုဒ်တဲ့။
အခုလည်း ဆရာဗန်းမော်တင်အောင်ဝတ္တုထဲကသီချင်းလို...
မီဒီယာမျက်ကန်းတွေလမ်းပြတာကြောင့် ပြည်သူတွေ ဂျောက်ကမ္ဘားထဲဒလိမ့်ခေါက်ကွေးကျတော့မဲ့ပုံစံမျိုး မြင်နေရလို့ပါ။
သတိထားမြင်ကြည့်ရင် အတော်လေးအန္တရာယ်ကြီးတာတွေ့ရမယ်။ တချိန်တုံးက အာဏာရှင်တဖြစ်လဲအစိုးရနဲ့ ၀န်ကြီးတွေ၊ ခရိုနီတွေကိုပြောချင်ရာပြောဆိုပြီး မိုက်ကရိုဖုံးပါးစပ်ထဲတေ့လွှတ်နေတဲ့ကိစ္စဘဲ။
စဉ်းစားကြည့် လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)လောက်ကတည်းက မီဒီယာလောကကြီးတခုလုံးကို ထင်သလိုကြဲအနိုင်ယူဘို(ဗိုလ်)ကျခဲ့သလို၊ ရှိတဲ့သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားကိုလည်း အပိုင်စီးလိုက်ရုံနဲ့အားမရ၊ စာပေကင်ပေတိုင်တွေဖွဲ့ပြီး စာနယ်ဇင်းလောကကို အမျိုးမျိုးချယ်လှယ် ဒုက္ခပေးခဲ့ကြတယ်။ ဒါနဲ့တောင်…ပြည်ပကရေဒီယို(၄)လေးလုံးကို မယှဉ်နိုင်ခဲ့ဘူး။ နောက်ဆုံး အဲဒီရေဒီယိုတွေကို အထဲ ခန၀င်ခွင့်ပေး၊ တရားမ၀င်အခန်းလေးငှားနေခိုင်းပြီး သူတို့အာဘော်တွေ ထဲ့ဝါဒဖြန့်ဘို့ကျိုးစားတယ်။ (ကိုယ်ကအနိုင်ကနေရှုံးရအုံးမယ်)။ ကိုယ့်ရေဒီယိုတွေကလည်း ကိုယ့်သောတရှင်တွေကိုရော ပြည်သူတွေကိုရော တိုင်းပြည်ကိုရော ကိုယ့်ရေဒီယိုမူဝါဒနဲ့ ရပ်တည်ချက်ကိုရော သစ္စာမဲ့လိုက်တယ်။ ဒါနဲ့တောင်မကြေနပ်ဘူး ကိုယ့်အသားတောင် ကိုယ်လှီးထုတ် လိုက်သေးတယ်။ သတင်းဌာနရုံးဖွင့်ခွင့် တရားဝင်သဘောတူညီချက်နဲ့ရပြီဆိုလဲတော်သေးရဲ့။
အခုတော့ အစိုးရက သိသာသိစေမမြင်စေနဲ့ပုံစံမျိုး(သူခိုးဂျပိုးပုံစံ) ကုမ္မဏီလိမိတက်လိုလိုဘာလိုလို နာမည်ခံခိုင်းပြီး တရားမ၀င်ရုံးခန်းဖွင့်ရတာမျိုး။
ဒါပေမဲ့ ကိုယ်ပေးလိုက်ရတာကအချီကြီး။
အစိုးရသဘောမတွေ့တဲ့သတင်း၊ စစ်တပ်မလိုလားတဲ့သတင်းဆိုသတင်းမလုပ်ရဘူး။ ပါးစပ်ပိတ်နေရတယ်။
ကချင်စစ်ဒေသကိုသတင်းသွားယူခွင့်မပေးဘူး။
ခလေးစစ်သားသတင်း ရှိနေတာတောင်မလုပ်ကြဘူး။
တကယ်တော့ ခလေးစစ်သားတွေရှိနေတုံး။ ပြည်သူတွေအတွက်အကျိုးရှိပြီး
လုပ်သင့်လုပ်ထိုက်တဲ့သတင်းတွေကအများကြီး။
သတင်းလွတ်လပ်ခွင့်ရှိနေပြီလို့ ပြောနေတဲ့အသံကအကျယ်ကြီး၊
လုပ်ကြပါတော့လား..။
အထဲမှာပိုတောင်သိနိုင်၊ ပိုတောင်လုပ်နိုင်သေးတယ်။ အစိုးရ၀န်ကြီးတွေနဲ့ခရိုနီတွေအပါအ၀င် နိုင်ငံခြားကုမ္မဏီတွေရဲ့
ပြည်သူ့အကျိုးစီးပွား၏မျက်ကွယ်ပြုစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပွင့်လင်းမြင်သာမှုမရှိတာတွေကို ဖော်ထုတ်ရအုံးမယ်။
ဦးပိုင်လိမိတက်ရဲ့လဘ်စားမှု၊ ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီးဦးမြင့်လှိုင်နဲ့ အရင်ဝန်ကြီးဟောင်းဦးဋ္ဌေးဦးတို့ လဘ်စားမှုနဲ့ဓနအင်အားတွေ၊  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရင်စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ ပိုင်ဆိုင်မှုမပြရဲတာတွေ ဘာကြောင့်လဲဆိုတာတွေ။ ရန်ကုန်မြို့လည် လူကုံတန်ရပ်ကွက်က ၅လောင်းပြိုင် လူသတ်မှု၊ဘိန်းဘုရင်တွေ၊ ခရိုနီတွေနဲ့စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်ကြီးတွေရဲ့ ပုလင်းတူဗူးဆို့ စီးပွားရေးတွေ၊ ဒီနေ့ အမေရိကန်စီးပွားဖွင့်လိုက်လို့ ငွေမဲကိုငွေဖြူဖြစ်အောင် လုပ်နေတာတွေ နိုင်ငံခြားထွက်တဲ့ခေါင်းဆောင်တွေနဲ့ ကပ်လိုက်သွားတဲ့စီးပွားရေးသမား ခရိုနီတွေအကြောင်း။
မီဒီယာလွတ်လပ်တယ်ဆိုရင် ဒါတွေ ဖော်ထုတ်ရမယ်။ မဖော်ထုတ်ရင် မီဒီယာသမားတာဝန်မဲ့တာဘဲ။ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ထိတ်လန့်ပြီးငြိမ်ငြိမ်လေးနေမယ်ဆို၊ မီဒီယာအလုပ်ကို စွန့်လွှတ်ဖို့ဘဲရှိတော့တယ်။ ကဲ..ဟုတ်ပြီ၊ ဒါတွေ ဒီအချိန်လုပ်လို့မရဘူး၊ အခြေအနေကသိတ်မကောင်းဘူး။ အန္တရာယ်ရှိတဲ့သတင်း၊ အငြိုအငြင်ခံရမဲ့သတင်းမျိုးမို့မလုပ်ရဲဘူးဆိုတာ သဘာဝကျတယ်။ သဘာဝမကျတာက အဲလိုအန္တရာယ်ရှိတယ်၊ အငြိုအငြင်ခံတယ်ဆိုရင်သတင်းမှန်ပေါ်ထွက်ပါ့မလား? သတင်းမှန်တွေဖော်ထုတ်လို့ မရမှတော့ အထဲမှာရုံးဖွင့်ပြီး သတင်းထောက်တွေရာနဲ့ချီခန့် သတင်းပို့လည်း၊ ဘာထူးမှာလဲ? အာအက်ဖ်အေရဲ့မူဝါဒကိုပြန်ကြည့်၊ ထိပ်ဆုံးမှာရေးထားတာကိုက..
“သက်ဆိုင်ရာအစိုးရများ၏ ပိတ်ပင်ဟန့်တားမှုများကြောင့် သတင်းလွတ်လပ်ခွင့်မရှိသော အာရှနိုင်ငံများမှ သောတရှင်များထံ၊ တိကျမှန်ကန်ပြီး၊ အချိန်ကိုက်ဖြစ်သောသတင်းနှင့် သတင်းအချက်အလက်များအား  ထုတ်လွှင့်ပေးရန်ဖြစ်သည်”..တဲ့။
အဲလိုသတင်းအချက်အလက်မှန်တွေအသိပေးလို့မရတော့ဘူးဆိုရင်..ဘာအကျိုးရှိမှာလဲ? ရန်ကုန်မြို့လည်ခေါင်မကလို့ ကာကွယ်ရေးဦးစီးချုပ်
အိမ်ခေါင်မိုးပေါ်မှာဘဲ အသံလွှင့်ရုံးခန်းကြီးဖွင့်နိုင်စေအုံးတော့.. သူတို့ရဲ့မတရားခြစားမှု၊ ပြည်သူနဲ့နိုင်ငံအပေါ်တာဝန်မကြေမှု၊ သစ္စာဖောက်မှုတွေကို ရေငုံနှုတ်ပိတ်နေရင်..ဘာမှအကျိုးမရှိဘူး။
တချိန်တုံးက စစ်ခေါင်းဆောင်တွေ လူ့အခွင့်ရေးချိုးဖောက်မှုအကျင့်ပျက်ခြစားမှု၊ မူးယစ်မှောင်ခိုမှု၊ ဘိန်းစိုက်မှု၊ တပ်တွင်းလှို့ဝှက်ညွှန်ကြားမှုတွေကိုတောင် အပြင်ကနေတယ်လီဖုန်းနဲ့ (ဖုန်းဖျက်ခံရတဲ့ကြားက)အချိန်ယူပြီး Investigate လုပ်၊ စုံစမ်းစစ်ဆေးလေ့လာတဲ့သတင်းမျိုးတောင် ကြိုးစားလုပ်ခဲ့ကြတယ်။
အခုလိုကာလမှာ အဲဒါတွေမလုပ်နိုင်ဘူးဆိုရင် အာအက်ဖ်အေရဲ့နဂိုမူလရည်မှန်းချက်နဲ့ လွဲချော်သွားပါပြီ။
အာအက်အေရဲ့မူဝါဒကို အသစ်ပြောင်းလဲရပါတော့မယ်။
အရင်ကလို ပြည်သူတွေရဲ့လွတ်လပ်စွာပြောဆိုခွင့်တွေမြှင့်တင်ပေးတာပါဆိုတဲ့နေရာမှာ
အစိုးရအာဏာရတွေနဲ့ခရိုနီတွေရဲ့လွတ်လပ်စွာပြောဆိုလုပ်စားပိုင်ခွင့်ကိုမြှင့်တင်ပေးလိုတဲ့ရည်ရွယ်ချက်လို့ ပြောင်းလဲပေးရမှာဖြစ်တယ်။

မီဒီယာဟာအစိုးရလက်ကိုင်တုတ်မဟုတ်။
အခုလအစောပိုင်း သမတဦးသိန်းစိန်ရဲ့အမေရိကားခရီးစဉ်မှာ ဘီဘီစီ Hard Talk အင်တာဗျူးအစီအစဉ်လေး တော်တော်များများကြည့်လိုက်ရမယ်ထင်တယ်။
သမတဦးသိန်းစိန်ကို “အခုတော့ဒေါ်အောင်ဆန်းစုကြည်နဲ့အလုပ်တွဲလုပ်နေပြီဆိုတော့ အရင်က ခင်ဗျားအပါအ၀င် စစ်အာဏာရှင်တွေက သူ့ကိုဖမ်းဆီးထိမ်းသိမ်းခဲ့တဲ့ပေါ် စိတ်မကောင်းမဖြစ်ဘူးလားလို့ တခါမေးတယ်။ သမတကြီးက ဝေ့လည်ကြောင်ပတ်ဖြေတယ်။ လိုရင်းမရောက်လို့ စတိဗ်ကRegret
(နောင်တမရဘူးလား၊ စိတ်ထိခိုက်ခံစားမှုမဖြစ်ဘူးလား)လို့ ထပ်မေးတယ်။ ဒါလဲ အူကြောင်ကြောင်လုပ်နေလို့ ၃ခါတောင် လှည့်ပတ်မေးတယ်။ မေးခွန်းတွေက လိုရင်းရောက်အောင်မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။
သမတကြီးမျက်နှာပျက်နေတယ်။
သူ့ကို တလျှောက်လုံးမြန်မာမီဒီယာသမားတွေမေးတာ ဒါမျိုးမေးခွန်းမျိုးမှမဟုတ်တာ။
ကမ္ဘာတ၀ှမ်းကဘီဘီစီHard Talk ပရိသတ်တွေ မြန်မာသမတရဲ့အဖြေကို အားမရဘူး။
BBC ရဲ့ Hard Talk အစီအစဉ်ကနေ သမတဦးသိန်းစိန်ရဲ့ဒီမိုကရေစီအပြောင်းအလဲနဲ့ အတိုက်အခံတွေပေါ်ထားတဲ့အတွင်းသဘောတွေကို နိုင်ငံတကာကလှမ်းမြင်သွားတယ်။ အဲဒီပွဲမှာ ဦးသိန်းစိန်မီဒီယာကို အရှုံးပေးလိုက်ရတယ်။ သမတနဲ့အတူပါလာတဲ့ သမတရုံးဝန်ကြီး
ဦးအောင်မင်းနဲ့ဦးစိုးသိန်းတို့ ၀ါရှင်တန်ဒီစီက အာအက်ဖ်အေရုံးအထိရောက်လာပြီး အင်တာဗျူးလာလုပ်တယ်။ မေးတဲ့သူက စတိဗ်လိုမေးခွန်းမျိုးမေးဖို့ အကြံမထွက်ဖူး။ ၀န်ကြီးတို့ဘာတွေလုပ်နေလဲဆိုတဲ့မေးခွန်းနဲ့… ရေလာမြောင်းပေးဝါဒဖြန့်ခိုင်းတယ်။
ဒေါ်စုနဲ့ပေါင်းလုပ်တာအဆင်ပြေရဲ့လားဆိုပြီး တဘက်သားကိုအပေါ်စီးကနေ ဖြေခိုင်းတယ်။
ကြံ့ဖွတ်အစိုးရက အာအက်ဖ်ရုံးခန်းလာပြီး အစိုးရကိုအကောင်းမြင်ဖို့ ပျော်ပျော်ပါးပါးဝါဒဖြန့်နိုင်ခဲ့တယ်။ အရင်က သူတို့ကြောက်ရတဲ့မီဒီယာဟာ အခုတော့ သူတို့ခါးပိုက်ထဲကမီဒီယာဖြစ်သွားတယ်။

တချိန်က ကျနော်တို့ဟာဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ NLD ပါတီနဲ့အတိုက်အခံနိုင်ငံရေးသမားတွေကို အင်တာဗျူးရင်တောင် ၀ါဒဖြန့်မခိုင်းဘူး။ သတင်းကျင့်ဝတ်နဲ့အညီ မေးကြတယ်။ ချောင်ပိတ်မေးတယ်။ NLD ပြောခွင့်ရ ဦးလွင်ဆို ကျနော်တို့ကိုဒေါသထွက်တယ်။ မဖြေဘူး။ တချို့နိုင်ငံရေးသမားတွေ (နာမည်မပြောလို)ကျိန်းမောင်းဆူပူပြီး ဖုန်းတောင်ချသွားတယ်။ ကျနော်တို့တတွေ နိုင်ငံရေးသမားတွေနဲ့တောင် မိတ်ပျက်ခဲ့တယ်။ ဒါပေမဲ့ ပြည်သူအများသိချင်တဲ့စိတ်ဝင်စားတဲ့မေးခွန်းဘဲမေးခဲ့ပါတယ်။ ပြည်သူ့ဆန္ဒသာ မျက်နှာမူခဲ့တယ်။ အရင်က NLDကို အင်တာဗျူးရင် တခြား NLD မဟုတ်သူတွေကိုလည်း Balance ဖြစ်အောင် (အချက်လက်အားပိုကောင်းပြီး သောတရှင်တွေဒေါင့်စုံက တွေးမြင်သိရှိအောင်)မေးမြန်းရတယ်။ အစိုးရအရာရှိကိုမေးပြီးရင် အတိုက်အခံဘက်မေးရတယ်။
အာအက်ဖ်အေမှာ.. အရည်အချင်းမရှိရင်ရေရှည်မှာကျဆုံးမယ်။
သတင်းသမားအတွက် အရည်အချင်းဟာ သက်လုံဖြစ်တယ်။
အရည်အချင်းရှိရင်တာဝေးပြေးရလည်း ခံနိုင်ရည်ရှိတယ်။
တာတိုပြေးလည်းအားမာန်ပါတယ်။

အာအက်ဖ်အေ..ဘယ်ဘက်ရွှေမလဲ? ဘယ်ဘက်ရပ်မလဲ?
ခုတလော အာအက်ဖ်အေမြန်မာပိုင်းက သတင်းဆိုးတွေထွက်တယ်။
အယ်ဒီတာကျင့်ဝတ်နဲ့မညီတာ၊ သတင်းသမားကျင့်ဝတ်မရှိကြတာ၊ ဇာတ်တူသားစားတာ၊ လူကြီးလုပ်ပြီးမျက်နှာလိုက်တာ၊ လူမွေး၊ မျောက်မွေး၊ အုပ်စုမွေးလုပ်တာ၊ ကိုယ့်လူမဟုတ်ရင် ရာထူးတိုးမပေးတာ၊ ကိုယ့်လူဆိုရင် ခုန်ပျံကျော်လွှားရာထူးတိုးပေးတာ၊
အလုပ်ဖြုတ်မယ်ဆိုပြီးခြိမ်းခြောက်ထားတာ၊ အာဏာပါဝါပြတာ….စုံလို့စုံလို့..။
ဗမာတွေရှိတဲ့နေရာတိုင်း မတဲ့တာတို့၊ အုပ်စုကွဲတာတို့ဆိုတာ မြန်မာ့ယဉ်ကျေးမှုတခုလိုဖြစ်နေပြီမို့ ရှိပါစေတော့.. စိတ်မကောင်းစရာက အဲလိုအုပ်စုတွေ အတိုက်အခိုက်တွေ၊ မမျှမတမှုတွေနဲ့ဘက်လိုက်မှုတွေရှိနေရင် ၀န်ထမ်းတွေလုပ်ငန်းခွင်မှာ စိတ်ပျက်နေမှာဘဲ။ သတင်းအလုပ်ဆိုတာ ဦးနှောက်ရှင်းရှင်း၊ စိတ်ဓာတ်ကြည်ကြည်၊ တက်တက်ကြွကြွရှိမှ အလုပ်တွင်ကျယ်တယ်။ စိတ်ညစ်ပြီးသမာဓိအားမကောင်းရင် ကိုယ်ရေးတဲ့စာကလည်း သိတ်ကောင်းလာမှာမဟုတ်ဖူး။ လူတိုင်း..သူ့နေရာနဲ့သူ အရည်အချင်းတွေတော့ ရှိကြမှာဘဲ..အဓိကမျက်ခြေမပြတ်သင့်တာက ကိုယ်သွားနေတဲ့ခရီးနဲ့ ပန်းတိုင်ဖြစ်တယ်။
ကိုယ့်ပန်းတိုင်က ကိုယ့်အလုပ်ဌာနကချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်ရမယ်။ ဒါဆို ကိုယ့်အလုပ်ရော၊ ဌာနအလုပ်ရောအောင်မြင်မယ်။ တာဝန်ကျေတယ်။
ဒီလိုမှမဟုတ်ဘဲ ကိုယ့်ရာထူးအာဏာတက်ရေး၊ ကိုယ့်ကုလားထိုင်မြဲရေးဆိုတာက ပန်းတိုင်ဖြစ်သွားရင် အဲဒီလုပ်ငန်းတခုလုံး တိုးတက်သင့်သလောက် ဖွံ့ဖြိုးတိုးတက်မလာသလို၊ ပဋိပက္ခတွေ အတိုက်အခံတွေနဲ့ကြုံရမှာဘဲ။ ဒီကနေ့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကြီးတခုလုံးမှာ အဲဒီပြဿနာတွေကြုံနေရတယ်။ ကိုယ့်အလုပ်နဲ့တာဝန်ကို မျက်ခြေပြတ်မခံဘဲ ဖိဖိစီးစီးလုပ်ရမဲ့အစား၊ အဲဒီအလုပ်ကနေ ကိုယ့်အကျိုးစီးပွားသာ အတ္တကိုဗဟိုပြုပြီးတွက်ချက်နေတတ်တယ်။
အများပြည်သူအားလုံးရဲ့အကျိုးစီးပွားကို တန်ဘိုးမထားတတ်ဘူးဆိုရင် အဲဒီအလုပ်ရဲ့ဦးတည်ချက်နဲ့ ဟန်ချက်တွေပါလွဲပြီး ပဋိပက္ခတွေဆုံးရှုံးမှုတွေဘဲတွေ့ရမှာဘဲ။ ၂ဘက်စလုံးမှာ ဆုံးရှုံးတာပါ။ ကိုယ့်ဘက်ကတော့ ဂုဏ်သိက္ခာဆုံးရှုံးတယ်။ အများပြည်သူမှာတော့ ရလဒ်ကောင်းဆုံးရှုံးတယ်။

သတင်းမီဒီယာအလုပ်ဟာ အများအကျိုးရည်မျှော်ပြီးလုပ်ရတဲ့အလုပ်ပါ။ ဂုဏ်သိက္ခာရှိတဲ့သတင်းဌာနတခုရဲ့အသက်ဟာ သူဘယ်ပေါ်မှာ ရပ်သလဲဆိုတဲ့အပေါ်မှာမူတည်တယ်။ ပြည်သူအများစုရဲ့မျက်နှာကိုထောက်ထားသလား၊ ဘယ်လောက်ထိမှန်ကန်ပြီး ဘယ်လောက်သမာသမတ်ရှိသလဲဆိုတဲ့အရာတွေဟာ သတင်းဌာနတွေကိုတိုင်းတာတဲ့ပေတံပဲ။
သတင်းသမားဆိုတာ ပြည်သူအများစုမျက်နှာကလွဲပြီးဘယ်ပုဂ္ဂိုလ်၊ ဘယ်အုပ်စုဘက်မှမရပ်ရဘူး။
ပြည်သူတွေကိုဘဲမျက်နှာမူရမယ်၊ ပြည်သူဘက်ဘဲရပ်ရမယ်လို့ သတင်းသမားတိုင်းသိထားကြပါတယ်။ ပြည်သူတွေကလည်းတနေ့နေ့တချိန်ချိန်မှာ ဘယ်သတင်းဌာနကတော့၊ ဘယ်သူတွေကတော့သူတို့ဘက် ရပ်တယ်မရပ်ဘူးဆိုတာ
ကွဲကွဲပြားပြားသိလာပါလိမ့်မယ်။ ဒီနေ့အထိတော့ တချိန်က လာခြင်းကောင်းတဲ့အောင်မြင်မှုရဲ့နာမည် အရှိန်အ၀ါကြောင့်ယုံထင်ကြောင်ထင် ဖြစ်နေလိမ့်မယ်။ ပြည်သူတွေကိုဟုတ်နိုးနိုးမျော်လင့်ချက်တွေ မပေးစေချင်ဘူး။အာအက်ဖ်အေမြန်မာပိုင်းအနေနဲ့ ကိုယ့်ခြေလှမ်းကို ကိုယ်သတိပြုပြီး အမြန်ဆုံးလမ်းကြောင်းမှန်ကို လျှောက်စေချင်တယ်။ ယခင်စစ်အစိုးရက ယခင်မူနဲ့ရှေ့ဆက်သွားဘို့ မဟန်တော့တာကြောင့်
ပုံစံတမျိုးနဲ့ရှေ့တိုးရွှေ့ကြည့်တာပါ။ ကိုယ့်ဘက်ကလည်း အရွှေ့ကောင်းဘို့လိုပါတယ်။
ကိုယ့်အကျိုးစီးပွားသက်သက်နဲ့ ပြည်သူကလေးစားယုံကြည်တဲ့မီဒီယာကြီးကိုအသုံးချပြီး ဂျောက်ကမ်းပါးတွေထူပြောတဲ့လမ်းတွေမှာ မျက်မမြင်တယောက်လမ်းပြတဲ့ပုံစံမျိုးဖြစ်မလာအောင်ဘဲ ဆုတောင်းရမယ်ထင်တယ်။

ကိုညို(အာအက်ဖ်အေသတင်းထောက်ဟောင်း)
(ယူတာက) http://www.facebook.com/notes/ko-nyo/rfa-ဘယ်ဆီကိုရွေ့နေလဲ-ကိုညို/474097919288100

0 comments:

Post a Comment