Saturday, October 13, 2012

မနေ့ကရောက်ခဲ့တဲ့မြို့ပြင်ကဈေး (မျိုးမြင့်ချို)

0 comments
မနေ့ကရောက်ခဲ့တဲ့မြို့ပြင်ကဈေး (မျိုးမြင့်ချို) အောက်တိုဘာ ၁၃၊ ၂ဝ၁၂ ကျနော်က ဒီက လယ်သမားဈေးလေးတွေကို အပတ်စဉ်သွားတယ်၊ လိုတာလေးရှိရင်ဝယ်တယ်။ ဘာမှ ဝယ်စရာမရှိလည်း မွေးရပ်အလွမ်းကို သွားသွားဖြေတယ်။ အဲဒီက စာအုပ်ဟောင်းဆိုင်လေးတွေမှာ လယ်သမားအိုကြီးတွေဖတ်ပြီးသိမ်းထား ခုတော့ ပြန်ရောင်းလို့ အလွန်ချိုတဲ့နှုန်း နဲ့ စာအုပ်ဟောင်း/ကောင်းတွေလည်း ရတတ်ပါတယ်၊ တခါမှာဆို ရီးဒါးစ်ဒိုင်ဂျက်စ်ကပြုစုတဲ့ ကမ္ဘာကျော်ကြားဝတ္ထုတို (၇၁) ပုဒ် ဆိုတာကြီးကို ငါးမူး (ဆင့်ငါးဆယ်-ဒေါ်လာဝက်)ထဲနဲ့ ရခဲ့ဖူးပါတယ်။ စာအုပ်ဆိုတာ မဖတ်ရသေးရင်တော့ အသစ်ပဲလေနော။ ဒါက မြို့ထဲက လယ်သမားဈေး လေးတွေ(ကျနော် အရင် ဓါတ်ပုံတွေတင်ဖူးပါတယ်)


နောက်တမျိုးက မြို့ပြင်၊ ရွာနီးချုပ်စပ်တွေက တောဆိုင်ကလေးတွေဗျ။ ဒီမှာက မြို့ပြင်ထွက်လိုက်တာနဲ့ မြင်ကွင်းတွေကိုက ကျေးလက် (အမေရိကန်ကျေးလက်လို့ပြောတာနော်)ဆန်သွားတာဗျ။ ဆက်ဆံရေးလည်း ကျေးလက်ဆန်တာပဲ။ လူမှုတွေလည်း တအိမ့်တအိမ်သိကြတာ များပါတယ်။ ရွာကဘုရားကျောင်းလည်း အတူတက်ကြတာမျိုးပေါ့။ ခရစ်ယာန်မှာလည်း အခြားဘာသာတွေလိုဂိုဏ်းကွဲတွေရှိတာပါပဲ။ ဆိုတော့ မြို့တိုင်းမှာ သူ့ဂိုဏ်းနဲ့၊ သူ့ကျောင်းနဲ့၊ သူ့ဂေါပကနဲ့၊ သူ့ဘုန်းကြီးနဲ့သူ စံပယ်ကြ စုဖွဲ့ကြတာပေါ့နော။ ရွာတွေမှာကြတော့ ဂိုဏ်းတူသူ တွေအလိုက်နေတတ်ကြတာမျိုးလိုဖြစ်တော့ တစ်ရွာတစ်ကျောင်းသဘောပေါ့ဗျာ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းလိုလည်း မဟုတ်ပါဘူး။ ဘုရားသွားကျောင်းတက်တူတော့ ရွာသူချင်းပိုရင်းကြတာလည်း ပါမယ်ထင်တာပဲ။ အဓိကကတော့ဗျာ မြို့ပြနဲ့ကျေးလက်ရဲ့ ကုန်လုပ်ဆက်ဆံရေးမတူကွဲပြားမှုရဲ့အရင်းခံသဘော ရိုးတိုးရိပ်တိတ်လေး မြင်နေရသေးတာပဲဗျ။ နောက်ပြီး ကျေးလက်ဒေသတွေမှာက အမေရိကန်အဖြူတွေချည်းပဲ အတွေ့များမယ်ဗျ။ (အမေရိကန်အဖြူဆိုတာက အသားအရောင်အမည်းမဟုတ်တဲ့ ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ ဗြိတိသျှ ဘာညာစတဲ့ အနွယ်တွေပေါ့လေ၊ အသားဖြူမယ်၊ မျက်လုံး ညိုရင်ညို နက်ရင်နက် စိမ်းရင်စိမ်း ပြာရင်ပြာမယ်။ ဆံပင်ညိုရင်ညို နက်ရင်နက် ရွှေဝါရောင် ပြောင်းဖူးမွှေးရောင် တခုမဟုတ်တခုဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ် သူတို့က အမေရိကန်အဖြူတွေ) သူတို့ပဲ ကျေးလက် ဒေသတွေမှာ အနေများတယ်။ လယ်ပိုင်ယာပိုင်နဲ့ပေါ့။ အာဖရိကန်အမေရိကန်လို့ပဲပြောပြော လူမည်းတွေလို့ပဲဆိုဆို အဲဒီလူတွေတော့မနေကြ ဘူးလေ။ မနေရဘူးလုပ်ထားတာတော့ ဟုတ်မယ်မထင်ပါဘူး။ နေလို့မရအောင်လုပ်ထားတာများလားလို့လည်း တွေးမိပါတယ်။ ထားပါတော့ ပြောရရင်အဲဒီအကြောင်းက အများကြီးရယ်။ သူတို့တွေက ကျေးလက်တွေမှာထက် မြို့ပြတွေမှာနေကြတာပါ။ တောဘက်ရောက်ရင် လူမည်းတွေ မတွေ့ရတတ်ဘူးပေါ့ဗျာ။ တွေ့ရတောင် အလွန်နည်းပါတယ်။ တောမှာလာ အလုပ်လုပ်တဲ့ လူမည်းအမျိုးသား ကုမ္ပဏီဝန်ထမ်း တွေတော့ မြင်ရပါတယ်။

နောက်တခုထူးခြားတာက မြိုတွေ၊ အမေရိကန်မြို့တွေပါ။ မြို့တိုင်းလိုလိုရဲ့ မြို့တောင်ဘက်ပိုင်းတွေမှာ အမည်းတွေအနေများတာပဲဗျ။ မြို့ တောင်ဘက်ပိုင်းဆိုတာတွေကလည်း(အမေရိကန်မြို့တိုင်းနီးပါးလောက်မှာ) မြောက်ပိုင်းထက် ဆင်းရဲတတ်တယ်လေ။ မြောက်ပိုင်းသားတွေ က ပညာတတ်တွေ၊ လူချမ်းသာတွေ၊ အိမ်ကြီးရခိုင်တွေဖြစ်ပြီး သပ်သပ်ရပ်ရပ် သားသားနားနားတွေပေါ့ဗျာ။ အာဖရိကန်အမေရိကန် အမည်းချင်းတူဦးတောင် မြို့မြောက်ပိုင်းနေသူက ပညာတတ်၊ လူကုံတန်၊ ကြေးရတတ်တွေလို့ပြောရမှာပဲဗျ။ တောင်ပိုင်းကျတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်လိုလိုကြီးဗျာ။ တမြို့ထဲမှာ နှစ်ခြမ်းခွဲခံထားရသလိုကြီးဗျာ။ တပိုင်းက တပိုင်းကိုကူးသွားတာနဲ့ မြင်ကွင်းတွေသိသိသာသာကြီးကို ပြောင်းသွားတာဗျ။ ဒီတော့  ခံစားမှုတွေပါ အကုန်လိုက်ပြောင်းတာဗျာ။ ကုန်ကုန်ပြောမယ်ဗျာ လေကအစ ရှူရတာမတူသလိုပဲ။ အဲဒီထူးခြားမှုက မတော်တဆလား တမင်ဖြစ်အောင်အလုပ်ခံရတာလားဆိုတာလည်း ပြောမယ်ဆိုပြောစရာများသားနော။

နောက်တချက်ဗျာ၊ ကမ္ဘာကြီးကိုပြန်ကြည့်ပါဦး။ ကမ္ဘာကြီးမှာလည်း မြောက်ဘက်အခြမ်းတိုင်းပြည်တွေကချမ်းသာပြီး တောင်ဘက်အခြမ်း တိုင်းပြည်တွေက ဆင်းရဲတာများတယ်မဟုတ်လား။  မြောက်မင်းတွေကရွှေဘုံစံပြီး တောင်မင်းတွေက ဖွတ်ကျောပြာစုတွေများတယ်လေ။ ကမ္ဘာရွာကြီးမီးလောင်တိုင်း ချချအနင်းခံရတာလည်း ရွာ့တောင်ပိုင်းသားတွေလိုလိုချည်းပဲ။ အဲဒါတွေအကုန်လုံးက မတော်တဆ ဖြစ်ခဲ့တာတွေတော့ မဟုတ်ဘူးဗျာ။ ထားပါတော့လေ ဒီနေရာမှာ ဒါပြောချင်တာမဟုတ်သေးတော့။ ဒါပေမယ့် ကမ္ဘာရွာစီးပွားပျက်တော့ ခံတော့အတူခံရတာပဲ။ မတူတာက သင်္ဘောနစ်တာနဲ့ ခွက်ပျောက်တာဗျ။ ကျွဲဖြစ်တဲ့သူနဲ့ ကြွက်ဖြစ်တဲ့သူပေါ့လေ။ တကယ်ဆို မြောက်မင်းတွေက ကယ်မယ်ဆိုကယ်နိုင်ပါရက်နဲ့ မကယ်တာကိုပဲ တရားလိုလိုဘာလိုလိုလုပ်ပြီး “တောင်မင်းလည်းမြောက်မင်း မကယ်နိုင်”ဆိုပြီးပြောကြသေးတယ်နော။ ပြောကြေးဆို မြောက်မင်းတွေ ကိုက်တဲ့ရွှေဇွန်းက တောင်မင်းတွေရဲ့တွင်းထွက်ပါ။ ဒီမှာလည်း ဒီအတိုင်းပါပဲဗျ။ မြောက်မင်းတွေကို ကြေးပံ့ရင်း တောင်မင်းတွေဆင်းရဲတွင်းနက်တော့ စာရိတ္တပါမကျန်အောင် အကုန်ပျက်တာကိုး။ အဲ..ပြောရင်း ဘယ်ရောက်သွားပါလိမ့်။

သြော် စကားချော်ထွက်သွားတယ်။ ပြန်ကောက်ရရင်..အဲဒီကျေးလက်တွေမှာ မြို့ပြင်မှာ ရွာနီးချုပ်စပ်တွေက အဝေးပြေးလမ်းကြီးတွေ ပြည်နယ်တွင်းနဲ့ မြို့ကူးကားလမ်းတွေ၊ မြို့ဖြတ် လမ်းတွေရဲ့လမ်းဘေးက ခြံစပ်လေးတွေမှာ၊ ရွာအဝင်လမ်းမဘေးတွေမှာ ခုံလေးတွေချပြီး ရောင်းတဲ့ဆိုင်လေးတွေလည်းရှိတယ်ဗျ။ သူလည်း စီးပွားဖြစ်မဟုတ်ဘူးဗျာ။ ခင်ဗျားခြံကထွက်တာလေး ခင်ဗျားဘာသာချရောင်းတဲ့ သဘောပဲ။ အဲ..အိမ်နီးခြင်းက သူ့တို့ခြံထွက်ကလေးတွေပါတင်ပြီး အတူရောင်းကြတာလည်းရှိတယ်ဗျ။ ဆိုလိုတာကဗျာ သူခြံထွက် ကိုယ့်ခြံထွက်ကလေးကို လမ်းဘေးချပြီး လမ်းသွားလမ်းလာတွေကို ရောင်းပေးတာပေါ့ဗျာ။ ရောင်းခွန်ဝယ်ခွန်ဘာမှမရှိတော့ ဈေးက သက်သာတယ်။ နောက်ပြီး လတ်ဆတ်တယ်။ နောက်ပြီး အော်ဂဲနစ်တွေဗျာ။ ဒီမှာ အစားအသောက်(အသီးအနှံ၊ ဥ စတာတွေ)  စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေအားလုံးလိုလိုက အင်အော်ဂဲနစ်တွေဆိုပါတော့ဗျာ။ အင်အော်ဂဲနစ်ဆိုပါတော့။ ဥချင်းအတူတူ အရွယ်လည်းအတူတူဆိုရင်တောင် အော်ဂဲနစ်ကဈေးပိုကြီးပါတယ်။ မွေးမြူရေးကြက်ဥက (ဥစားကြက်ခြံတွေကထွက်တာ) အကောင်ဖေါက်လို့မရဘူးမဟုတ်လား။ အိမ်ကြက်ဥက(ကြက်အဖနဲ့ကြက်အမတွေအတူထားပြီးဥတဲ့ အိမ်ကြက်ဥ) အကောင်ဖေါက်လို့ ရတယ်လေ။ ဒါဆို ဒါကို အော်ဂဲနစ်ပေါ့နော။ အလွယ်မှတ်ရင် မွေးမြူရေးဥကို အင်အော်ဂဲနစ်၊ အိမ်ကြက်ဥကို အော်ဂဲနစ်ဗျာ။ ဒါဆိုလွယ်တယ်။

မနေ့ကတော့ မြိုပြင်ထွက်ရင်း ဒီလိုဆိုင်ကလေးမျိုးတခုကိုဝင်ပြီး ကြက်ဥတစ်ဒါဇင်၊ ဗူးသီးတစ်လုံးနဲ့ သစ်သော့သီးတစ်ထုတ် ဝယ်ခဲ့တယ်။ ဒီမှာ နှင်းတွေသိတ်ထူတဲ့အချိန်ကလွဲလို့ အဲသလို အခင်းအကျင်းလေးတွေ နေရာတော်တော်များများမှာ ရှိတတ်ပါတယ်။ တချို့ကမြက်ခင်းပေါ် စားပွဲကြီးတစ်လုံးချ၊ တချို့က ရေခဲသေတ္တာအဟောင်းကြီးချ၊ တချို့က ခြင်းကြားလို သစ်သားသေတ္တာလိုဟာကြီး ချပေါ့လေ။ အထဲမှာ သူတို့ရောင်းမယ့်ပစ္စည်း(ပန်းသီး၊ လိမ္မော်သီး၊ သစ်သာ့သီး၊ ပြောင်းဖူးစတာတွေအပြင် တခြားခြံထွက်အသီးအနှံတွေ၊ ကြက်ဥ၊ ဘဲဥ(အခွံညိုနဲ့ အိမ်ကြက်ဥလေးတွေ၊ ဗမာပြည်မှာ တချို့ကတော့ တောကြက်ဥလို့ခေါ်တယ်ဟုတ်) ခွဲလိုက်ရင် သူ့အနှစ်ကလေးတွေကလည်း  ဝါကျန်ကျန် ဝါဖျော့ဖျော့ မွေးမြူရေးဥတွေလိုမဟုတ်ပဲ နီနီရဲရဲလေးဗျာ) ဈေးကလည်း တစ်ဒါဇင်မှ ၂ ဒေါ်လာရယ်။ ဥအကြီးစားက ၂ ဒေါ်လာခွဲ။ အော်ဂဲနစ်စားစရာဆိုင်ရောက်သွားရင် အဲ့ဒီ တောကြက်ဥတစ်ဒါဇင်ကို ၄ ဒေါ်လာဖြစ်သွားရော။ ထူးခြားတာက ဒီ လမ်းဘေးဆိုင်လေးတွေမှာ ရောင်းသူထိုင်မနေဘူး။ အနားမှာမရှိဘူးဗျ။  Self-Serve ဆိုပြီး အပြီး ရေးပြီးသားဗျာ။ ဘာက ဘယ်လောက်ဆိုပြီး။ ကိုယ်လိုချင်တာကိုယ်ယူ ပြီးရင် ချထားတဲ့ပုံးကလေးထဲကို ကျသင့်ငွေထည့်ခဲ့။ ဒါပဲ။ ပန်းသီးဆိုပါတော့ဗျာ..အိပ်အရွယ်အစား ၃ မျိုးလောက်ချထားပေးတယ်။ ကိုယ်က ၅ ဒေါ်လာဖိုးဝယ်မယ်ဆို သူနဲ့တန်တဲ့အိပ်ကိုယူ။ ပန်းသီးတွေအိတ်ဆန့်သလောက် ကောက်ထည့်။ ပြီးရင်ပိုက်ဆံထားခဲ့ ဒါပဲ။ တချို့ ပန်းသီးခြံတွေဆို ခူးပြီးတောင် ချထားမပေးဘူး။ အိပ်ကောက်လွယ်၊ ခြံထဲဝင်၊ ကိုယ်ကြိုက်ရာအပင်က စိတ်ကြိုက်အရောင်၊ အရွယ်အသီးကို အိပ်အပြည့်ခူးထည့်(တန်အောင်ဆိုပြီး နင်းကန်ဖိသိပ်ထည့်လည်းရတယ်။ ဘာမှမဖြစ်ဘူး၊ ဘယ်သူမှမပြောဘူး။ ပြောရအောင်လည်း ဘယ်သူမှ အနားမှာမရှိဘူး။ ရှိလည်းပြောမယ်မထင်ဘူး) ဒါပေမယ့် သူသိသလောက် ဘယ်ဝယ်သူကမှလည်း အဲသလိုမျိုး လုပ်တာတော့ မရှိပါဘူး..တဲ့။ ခြံရှင်တယောက်က ကျနော်မေးလို့ ဖြေဖူးတယ်။ ပိုက်ဆံမထားပဲ ယူသွားသူတွေရော မရှိဘူးလား..ဆိုတော့။ မရှိလောက်ဘူး ထင်တာပဲ..တဲ့။ ရှိလည်း ကိစ္စမရှိပါဘူးလေ..ကိုယ်မှ မသိတာဆိုတော့ စိတ်ထဲဘာမှမဖြစ်ဘူးပေါ့…အကုသိုလ်နည်းတာပေါ့..တဲ့ဗျ။ အင်း..ဆိုးတော့မဆိုးဘူး။ သူပြောတာလည်း အဟုတ်ပဲနော်။ ကိုယ့်ရှေ့မှာ ကိုယ့်ပစ္စည်းကို အဲသလိုလုပ်နေတာမြင်ရင်တော့ ဘယ်သူမဆို အနည်းနဲ့အများတော့ စိတ်ခံစားမှုဖြစ်မှာပဲလေ။ ခုဟာက မြင်မှမမြင်ရတာဆိုတော့ သူလုပ်သွားလည်း ကိုယ်မှ မသိတော့ ဘာခံစားမှုမှ မဖြစ်ဘူးပေါ့။ အကုသိုလ်နည်းတဲ့ ဈေးရောင်းနည်းပေါ့နော။

ကျနော့်ဇနီးက သစ်သော့သီးထုတ်ရွေးနေတုန်း လယ်သမားကြီးတယောက်ပေါက်ချလာပြီး ငရုပ်သီးစိမ်းအတောင့်ပွကြီးတွေ ရွေးတယ်ဗျ။ ကျနော်က သူ့ကိုဓါတ်ပုံရိုက်ချင်တော့ ရမယ်ရှာပြီး စပါးရောဖွဲရောလုပ်ရတာပေါ့။ “နေကောင်းလား” ဘာညာပေါ့လေ၊  ပြီးတော့မှ “အဲဒါကြီးတွေ စပ်မယ်နဲ့တူတယ်နော်”ဆိုတော့ “အေး..ငါကအစပ်ကြိုက်တယ်ကွ”တဲ့။ “ဓါတ်ပုံရိုက်မယ်နော”ဆိုတော့၊ “အင်း..ရိုက်ပါ..ဘယ်ထဲထည့်မှာလဲ”တဲ့။ “ဘယ်ထဲမှမထည့်ပါဘူး ငါတို့တိုင်းပြည်ကလူတွေ မြင်ရအောင်ပါ၊ ငါက စာလေးဘာလေး နည်းနည်းပါးပါးရေးတယ်လေ”ဆိုတော့ သူက “ဟုတ်လား..မင်းကစာရေးဆရာလား”ဆိုပြီး သူလည်း စာရေးဝါသနာပါတဲ့အကြောင်း၊ သူဖတ်တဲ့စာတွေအကြောင်းပြောတော့တာပဲ။ ကျနော်လည်း အင်း..အဲ…နဲ့ စကားထောက်ပေးရတာပေါ့လေ။ နောက်မှ သူ့ဘာသာသူ ပြန်သတိထားမိတော့ ဟဲ..ဟဲ..နဲ့ ကိုယ်ရှိန်သတ်ပြီး စကားစဖြတ်တာ။ ဘာလူမျိုးလဲမေးတော့ ကျနော်က “ဗမာ”လည်းဆိုရော “ဟာ..ငါရောက်ဖူးတယ်”ဆိုပြီး..“မင်းဖုန်းနံပတ် ငါ့ပေးလို့ရမလား”လို့ မေးတယ်။ ကျနော်လည်းပေးခဲ့ပါတယ်။ နောက်တော့ သူ့ကိုဓါတ်ပုံရိုက်နှုတ်ဆက်ပြီး အပြန်မှာ သီဟိုဋ်သားရဟန်းတွေ သီတင်းသုံးတဲ့ ဘုန်းတော်ကြီးကျောင်းဘက်ဝင်ခဲ့ပါတယ်။ ကျောင်းအမည်က အင်ဒီယားနားဗုဒ္ဓဝိဟာရ။ IndianaBuddhist Viharaya
“မနက်ဖြန်ကျရင်ကျောင်းမှာ ကထိန်သင်္ကန်းကပ်နဲ့ ဂန္ဓကုဋီတိုက်ပန္တွက်ချပွဲရှိတယ်လာခဲ့ကြဦး” ဆိုပြီး ကျောင်းထိုင်ကိုယ်တော်က ဖိတ်လိုက် တယ်လေ။ (ခနနေရင်သွားမှပါ) သီရိလင်္ကာရိုးရာအစာတွေကျွေးမှာတဲ့။ ကိုယ်တော်က ငယ်ဖြူ။ ၉ နှစ်သားကတည်းက သင်္ကန်းစီးခဲ့တာ.. ဒီရောက်တာ (၈) နှစ်လောက်ရှိပြီ..တဲ့။ ကျနော်က Meditation လုပ်ဖူးတဲ့အကြောင်းပြောရင်းကနေ ချန်ဒရီကာကုမာရတွန်ဂါအကြောင်း၊ တမီလ်တိုက်ဂါးတွေအကြောင်းနဲ့ ပါဘရာကာရန်းအကြောင်းတွေပြောတော့ ကိုယ်တော်က မျက်မှောင်ကြုပ်တယ်။ ကျနော်က နိုင်ငံရေး စိတ်ဝင်စားတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ဖူးတယ်ဆိုတာ ပြောပြတော့ (သြော်)တဲ့။ ကျောင်းတဝင်းလုံးကျနော်တို့ကို လိုက်ပြရှင်းပြပေးသေးတယ်ဗျ။ မျိုးမြင့်ချို အောက်တိုဘာ ၁၃၊ ၂ဝ၁၂

0 comments:

Post a Comment