Tuesday, October 23, 2012

ဘာတီးလင့်တ်နာ(Bertil Innter)နှင့်အင်တာဗျူး-အပိုင်း(၁)

0 comments
ဝမိုးတွေ့မေးသည်။ အစိုးရအတွက်က ငြိမ်းချမ်းရေးဆိုတာ လက်နက် ကိုင်အဖွဲ့တွေလက်နက်ချပြီး အစိုးရတစ်ရပ်ရဲ့လက်အောက် ကို ၀င်ရောက်ဖို့ပဲ။ လက်နက်ကိုင်အုပ်စုတွေအတွက်ကတော့ သူတို့ရဲ့ပြည်နယ်ရရှိဖို့...(မော်ကွန်းမဂ္ဂဇင်းအမှတ်()တွင်ပါရှိသော အင်တာဗျူးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ယခုလမော်ကွန်း မဂ္ဂဇင်းတွင် တိုင်းရင်းသားရေးရာ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း စဉ်၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စသည်တို့နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တ်နာ (Bertil Lintner) နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
         လင့်တ်နာသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာရေးသားခဲ့သူဖြစ်ပြီး အာရှဒေသ၏ သြဇာတိက္ကမကြီးမားခဲ့သော Far Eastern Economic Review ပင်တိုင်ဆောင်းပါးရှင်လည်းဖြစ်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်မှ ၈၇ အထိ သူ၏ ရှမ်းတိုင်းရင်းသူဇနီးသည်နှင့်အတူ မြန်မာပြည်တွင်းသို့ အိန္ဒိယဘက်မှဝင်ရောက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင်နေထိုင်ကာ တိုင်းရင်းသားအရေး လေ့လာပြုစုနေသူဖြစ်သည်။ ဆွီဒင်လူမျိုး သတင်းစာဆရာတစ်ယောက်ဖြစ်သည့် လင့်တ်နာသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး စာအုပ်ရှစ်အုပ်ထက်မနည်း ရေးသားခဲ့ပြီး ၎င်း၏ နောက်ဆုံးထုတ်စာအုပ်များမှာ Aung San Suu Kyi and Burma's Struggle for Democracy ဖြစ်ပါသည်။ မကြာသေးမီက ၎င်းအား မြန်မာအစိုးရက အမည်မည်းစာရင်းမှပယ်ဖျက်ပေးခဲ့သော်လည်း ယခုအချိန်ထိ ပြည်ဝင်ခွင့်ဗီဇာမရရှိသေးဟုဆိုပါသည်။ (ယခုအင်တာဗျူးကို ပုံနှိပ်နေချိန်တွင် ဘာတီးလင့်တ်နာဗီဇာရရှိ ခဲ့သဖြင့် အောက်တိုဘာ ၁၅ ရက်က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။)
         တွေ့ဆုံမေးမြန်းသူ ဝေမိုးသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဌာနတွင် သတင်းထောက် အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုအခါ အလွတ်တန်းသတင်းစာဆရာအဖြစ် ရပ်တည်နေသူဖြစ်ကာ လင့်တ်နာအား မေလ ဒုတိယပတ်အတွင်းက ချင်းမိုင်မြို့တွင်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

MAWKUN:         မန်မာပြည်က တိုင်းရင်းသားပြဿနာတွေဟာ အင်မတန်ရှုပ်ထွေးပြီး ကိုင်တွယ်ရခက်ခဲပါတယ်။ အမြင်တွေလည်း  တော်တော်လေးကွဲပြားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာပြောချင်ပါသလဲ။

LINTNER:         ဟုတ်ပါတယ်။ မတူကွဲပြားတဲ့အမြင်တွေ ရှိနေပါတယ်။ သဘောတူညီလက်ခံမှုလည်း မရှိကြပါဘူး။ အဲဒီအထဲက တစ်ခုကဘာလဲဆိုရင် လူနည်းစုတိုင်းရင်းသားအုပ်စုတွေက ၁၉၆၂ ခုနှစ်မတိုင်မီကာလရဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဆီကို ပြန်သွားချင်ကြတာပဲဖြစ်ပါတယ်။ အဲဒီစနစ်မှာ တိုင်းနယ်ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တွေရှိကြတယ်။ မြန်မာနိုင်ငံဟာ  လွတ်လပ်ရေးရပြီးတဲ့နောက် ဖက်ဒရယ်မူကိုကျင့်သုံးခဲ့တယ်။ ၁၉၆၂ ခုနှစ်အထိပေါ့။ အဲဒီနောက် ဗဟိုချုပ်ကိုင်တဲ့စနစ်ဖြစ်လာတယ်။ ဖက်ဒရယ်ပျောက်သွားတယ်။ ဒီနှစ်ပိုင်းတွေထဲမှာ စစ်တပ်ဟာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ပတ်သက်လို့ (အမျိုးသား) ညီလာခံတစ်ခုလုပ်ခဲ့တယ်။ ဖက်ဒရယ်ကို လက်မခံဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြီးတဲ့နောက်မှာလည်း အများစုသဘောတူညီမှုတွေမရ ရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ လူနည်းစုလက်နက်ကိုင်အဖွဲ့တွေက ဒီအခြေခံဥပဒေကိုလက်မခံခဲ့ကြဘူးလေ။ ဥပမာကချင်ပြည်နယ်ကို ကြည့်ပါ။ အပစ်အခတ်ရပ်ခဲ့တာ ၁၇ နှစ်ကြာခဲ့တယ်။ ဘယ်သူမှ သူတို့လိုချင်တဲ့ လိုက်လျောမှုတွေ၊ အခွင့်အရေးတွေ မရခဲ့ကြဘူး။ ဒါကြောင့် အပစ်အခတ်ရပ်စဲတာ ပျက်ပြယ်သွားတယ်။ အခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ဒီသဘောမျိုးပါပဲ။ ဒါက ပြဿနာဖြစ်နေရတဲ့ ရှုထောင့်တစ်ခုပေါ့။ နောက်တစ်ခုက အယူအဆအမျိုးမျိုးကွဲပြား နေတာပါပဲ။ ပါဝင်တဲ့သူတွေကလည်း အမျိုးမျိုးကွဲပြားတယ်။ တွေးခေါ်ပုံတွေ မတူကြဘူး။ ပြီးတော့ ကိုယ်စားပြုတွေက ကွဲပြားတယ်။ လူနည်းစုတိုင်းရင်းသားတွေကို လက်ခံဖို့နေရာမှာ ကွဲပြားနေကြတယ်။
         ကချင်လွတ်လပ်ရေးအဖွဲ့တို့၊ ရှမ်းပြည်တပ်မတော်၊ ကရင်အမျိုးသားအစည်းအရုံးတို့ဟာ သူတို့တိုင်းရင်းသား လူမျိုးစုအရေးကို သူတို့ထိန်းချုပ်နယ်မြေမှာလုပ်နေကြသလို  စစ်တပ်ကလဲ သူတို့ပုံစံနဲ့သူတို့ဖြေရှင်းဖို့လုပ်နေတယ်။ အဲဒါကတော့ ဒေသဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို တိုင်းရင်းသားတွေခန့်လိုက်တာပါပဲ။ ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့မပတ်သက်တဲ ကချင်တစ်ယောက်ကို ၀န်ကြီးချုပ်ခန့်သလိုပေါ့။ ဒီလိုနဲ့ အာဏာကို တရားဝင်အောင်တည်ဆောက်တယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ဦးတည်ချက်တွေ ကိုလည်း ပျက်ပြယ်စေမယ်ပေါ့။ ဒါပေမဲ့ လက်ရှိအနေအထားက ဒီလူတွေ (၀န်ကြီးချုပ်တွေ) အားလုံးဟာ အပေါ်ကချုပ်ကိုင်မှုတွေအောက်မှာပဲ အလုပ် လုပ်နေကြရတာပဲ ဖြစ်ပါတယ်။

MAWKUN:         ကချင်နဲ့ပတ်သက်တာတွေ ခင်ဗျားရေးသားခဲ့တယ်။ ကျောက်စိမ်းမြေဆိုတဲ့စာအုပ်လည်း ထုတ်ခဲ့တယ်။ ကချင်အရေးကို ခင်ဗျားဘယ်လိုမြင်လဲ။ ဘာကြောင့်လဲဆိုတော့ အစိုးရက အခုငြိမ်းချမ်းရေးကော်မတီသစ်ဖွဲ့ ထားတယ်။ ဒါက ကချင်ကိုရည်ရွယ်တာမျိုးလို့ယူဆတယ်။

LINTNER:         ဒါဟာ (လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ) တစ်ဖွဲ့ချင်းလိုက်သဘောမျိုးပါပဲ။ အောက်ခြေမှာတော့ အမျိုးမျိုးတွေဖြစ်နေတယ်လို့ ပြောနိုင်တယ်။ ရှမ်းပြည်နယ်မှာလည်း ရှမ်းပြည်တောင်ပိုင်းနဲ့ လုပ်နေတာရှိတယ်။ ကချင်ကိစ္စမှာတော့ ကြည့်ရမယ့်ရှုထောင့်တွေကများတယ်။ အရင်က အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမဲ့ ကချင်ပြည်နယ်မှာ နေ့စဉ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေရှိတယ်။ ဒါကြောင့် စစ်တပ်ဘက်က ငြိမ်းချမ်းရေးလုပ်လိုတဲ့ ဆန္ဒမရှိဘူး။ ဘာကြောင့်လဲဆိုရင် အစိုးရနဲ့လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးကိုအဓိပ္ပာယ်ဖွင့်ဆိုပုံက တခြားသူတွေနဲ့မတူဘူး။ အစိုးရအတွက်က ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ချပြီး အစိုးရတစ်ရပ်ရဲ့လက်အောက်ကိုဝင်ရောက်ဖို့ပဲ။ လက်နက်ကိုင်အုပ်စုတွေအတွက်ကတော့ သူတို့ရဲ့ပြည်နယ်ရရှိဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်လာခဲ့တာ ဆယ်စုနှစ်နဲ့ချီနေပြီ။  ဒါကြောင့် အခြေခံကျကျ  ဘုံသဘောတူညီမှု မရနိုင်ကြဘူး။
         ဒါကြောင့် အခြေအနေက ပိုခက်ခဲတယ်။ ပိုခက်ခဲနိုင်တယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားက ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ကြတဲ့အဖွဲ့တွေအများအပြား ပါဝင်နေမှုကြောင့်ပါပဲ။ လူတိုင်းက မြန်မာပြည်ကိုသွားပြီး ဒီပြဿနာကို ဖြေရှင်းချင်ကြတယ်။ သူတို့က အပစ်အခတ်ရပ်စဲဖို့ကိစ္စကလွဲရင် ဘာမှမသိဘူး။ သိပ်မကြာသေးခင်က နော်ဝေအစိုးရက ငြိမ်းချမ်းရေးရန်ပုံငွေဆိုတာ တည်ထောင်တယ်။ အဲဒီမှာ NGOs တွေကပါလာပြီး ငြိမ်းချမ်းရေး အဆိုပြုလွှာတွေကို တင်ကြတယ်။ သူတိုရဲ့ငြိမ်းချမ်းရေး အယူအဆအသစ်ကို လာရောင်းကြတယ်။ ဒီလို အခြေအနေအရ သူတို့ကို ကျွန်တော်က ငြိမ်းချမ်းရေးကုန်သည်တွေလို့ခေါ်ချင်တယ်။ သူတို့လုပ်နေပုံတွေက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ခဏလောက်အော်ပြီး ထွက်သွားမယ့်လူတွေပါပဲ။ တကယ်တမ်းမှာ မြန်မာပြည်သူတွေ တကယ်ကြုံတွေ့ခံစားနေရတာတွေကို သိပ်ထည့်တွက်ပုံမရပါဘူး။
         ဥပမာအားဖြင့် နော်ဝေရဲ့ငြိမ်းချမ်းရေးအဆိုပြုလွှာကို လေ့လာနိုင်ပါတယ်။ ဒီအဆိုပြုလွှာဟာ တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးလောက်ပဲအဓိကထားနေတဲ့ သဘောဖြစ်နေပါတယ်။ ဒီထဲမှာ မြေမြှုပ်မိုင်းဖျက် သိမ်းဖို့ဆိုတဲ့ အချက်တစ်ချက်ပါတယ်။ ဒါဟာ တိုင်းရင်းသားလူနည်းစုအဖွဲ့တွေရဲ့ ခံစစ်ကြောင်းကိုဖြုတ်တဲ့ သဘောလောက်ပဲဖြစ်နေတယ်။ ဒါကြောင့် အလုပ်မဖြစ်နိုင်ပါဘူး။ ဒီလိုနိုင်ငံခြား NGO တွေနဲ့ အစိုးရတွေဟာ၊ ဥပမာအားဖြင့် နော်ဝေရဲ့ဟာပေါ့။ အလုပ် မဖြစ်ပါဘူး။ သူတို့က တိုင်းရင်းသားပြဿနာကြီးထွားပေါက်ကွဲ ထွက်လာတဲ့ဟာကို သဘောမပေါက်ကြဘူး။
         ဘာကြောင့် ဆယ်စုနှစ်နဲ့ချီပြီး စစ်ဖြစ်နေရတာလဲဆိုတာ သူတို့လုံးဝနားမလည်ကြဘူး။ သူတို့ရဲ့အဖြေရှာမှုက စာရွက်ပေါ်မှာ အမြင်လှဖို့ပဲရှိနေတယ်။ ကျွန်တော့်အမြင် ဒါဟာ ပိုဆိုးတယ်လို့မြင်တယ်။ အဲဒီမှာ အတွေ့အကြုံမရှိတဲ့ အကြံပေးတွေ၊ စာရေးဆရာတွေ၊ စေ့စပ်ရေးမှူးတွေပါဝင်ပတ်သက်နေတယ်။ သူတို့ ဘာတွေလုပ်၊ ဘာတွေပြောနေ တယ်ဆိုတာ ဘယ်သူတွေနဲ့ စကားပြောနေတယ်ဆိုတာ နားမလည်နိုင်သလောက်ပါပဲ။

MAWKUN:         ဒါဆိုခင်ဗျားက နော်ဝေငြိမ်းချမ်းရေး အဆိုတင်သွင်းတဲ့အဖွဲ့မျိုးကို ရည်ညွှန်းချင်တာပေါ့။ သူတို့က အဲဒီလိုပုံစံမျိုးကို ပိုပြီးတော့ပြောကြတယ်။ အဲဒီအကြောင်းကို နည်းနည်းထပ်ပြီး ရှင်းပြပေးပါဦး။ ပြီးတော့ခင်ဗျားရဲ့ ရှုမြင်ချက်ကဘယ်လိုရှိသလဲ။

LINTNER:         သူတို့က အချိန်ဖြုန်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုကို ထူထောင်လိုက်တာပဲ။ လူတိုင်းဆီကငွေကို တောင်းခံနေတယ်။ ကုလသမဂ္ဂအရာရှိ အားလုံးကိုခေါ်မယ်။ ၂၀၀၇ မှာ နှင်ထုတ်ခံရတဲ့ ချားလ်စ်ပတ်ထရီ (Charles Petrie) (၂၀၀၃ ကနေ နှင်ထုတ်မခံရမီအချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်လုပ်သွားသူ) ဟာ မြန်မာပြည်မှာ ဘာဖြစ်နေသလဲဆိုတာကို တော်တော့်ကိုမမြင်တတ်လွန်းတဲ့သူဖြစ်တယ်။ သူပြောဖူးတာ တစ်ခုရှိတယ်။ သူက သံဃာ့လှုပ်ရှားမှုဟာ အဓိပ္ပာယ်မရှိဘူး။ အရေးမကြီးဘူး။ လက်မခံနိုင်ဘူးလို့ဆိုတယ်။ ဒါပေမဲ့ မြန်မာပြည်ကလူ တွေရဲ့ နေထိုင်မှုဘ၀ဟာ အလွန်ဆိုးရွားလာနေပြီဖြစ်လို့၊ တချို့လူတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြ ကြတာလို့ သူပြောလိုက်တာမှာ သူမှားသွားတယ်ပေါ့ဗျာ။
         သူက မြန်မာပြည်အကြောင်းကို ဘာမှမသိတဲ့သူပါ။ သူ လုပ်ခဲ့တာက တွေ့ဆုံဆွေးနွေးမှုတစ်မျိုးထက် မပိုပါဘူး။ ဒါမျိုးတွေကလည်း လုပ်ခဲ့ကြပြီးပါပြီ။ သူတို့တွေက မြန်မာပြည်ဟာ ဗဟိုချုပ်ကိုင်မှုကိုဦးစားပေးတဲ့ ပုံစံမျိုး သွားမလား၊ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမလားဆိုတာကိုပဲ ထပ်ဆွေးနွေးနေတယ်။ ဒါပေမဲ့ ဒီလိုအဆိုပြုလွှာတွေ ဟာ အဓိကပြဿနာဖြစ်တဲ့  ၂၀၀၈ အခြေခံဥပဒေကိုတောင် ရည်ညွှန်းပြောတာမရှိပါဘူး။ ဒါဟာ အရေးကြီးတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကိုအကြောင်းပြပြီး စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အင်အားသုံးလာခြင်းဖြစ်ပါတယ်။
         နောက်ဆုံးမှာတော့ သူတို့ရဲ့အဆိုပြုလွှာဟာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့အုပ်စုတွေကို လက်နက်ချဖို့ တောင်းဆိုနေတာထက် သိပ်မပိုလှပါဘူး။ ဒါက အစိုးရကလိုချင်နေတာနဲ့တစ်ထပ်တည်းကျနေတာပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ခံတွေကို ပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ အာဏာသိမ်းမှုနောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ စခဲ့ပါတယ်။
         ၁၉၆၃၊ ၁၉၆၄ ကာလတွေကပေါ့။ ကချင်နဲ့အစိုးရကြားက စကားပြောမှုကတော့ ၁၉၈၀ မှာ ပထမဆုံးအကြိမ်။ အဲဒီအချိန်က ကေအိုင်အိုဥက္ကဋ္ဌ ဘရန်ဆိုင်း ရန်ကုန်အထိသွားပြီး ဗိုလ်ချုပ်နေ၀င်းနဲ့တွေ့တယ်။ အဲဒီဆွေးနွေးပွဲတွေကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးခဲ့တာပါ။ တရုတ်အစိုးရက မြန်မာပြည်အရေးမှာ နော်ဝေနိုင်ငံထက် သြဇာသက်ရောက်မှု အများကြီးရှိတယ်။ ဒါပေမဲ့လည်း ဆွေးနွေးညှိနှိုင်းပွဲက မအောင်မြင်ခဲ့ပါဘူး။ အမြင်ကွဲပြားမှုတွေ ကြောင့် မညှိနှိုင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။ အဲဒါတော့ တစ်ဖက်က ဗဟိုချုပ်ကိုင်တဲ့နိုင်ငံအနေနဲ့သွားချင်တယ်။ တစ်ဖက်က ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့ သွားချင်တယ်။  ခေါင်းဆောင်တွေက သူတို့ကို တပ်ရုတ်သိမ်းလိုက်ပြီး  အိမ်ပြန်ကြဖို့ပဲ ပြောနေကြတယ်။ ဒါက ပိုဆိုးသွားပါတယ်။ ဘာမှ မထူးခြားဘူး။ ဒါပေမဲ့ တချို့တွေက ငွေတွေ အများကြီးရလိုက် ကြတယ်။ ကျွန်တော်ပြောခဲ့သလို  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စီးပွားရေးလုပ်ငန်းစဉ်ဖြစ်လာတယ်။

MAWKUN:         အစိုးရဘက်က စေ့စပ်ညှိနှိုင်းရေးမှူးဦးအောင်မင်းနဲ့ နော်ဝေအဖွဲ့က ဖွံ့ဖြိုးတိုက်တက်မှုစီမံကိန်းတွေ အဲဒီဒေသမှာ လုပ်ပေးဖို့ပြောနေကြတယ်။ တိုးတက်မှုတွေရှိလာရင် ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မယ်လို့ မြင်ကြတယ်။ ခင်ဗျားအမြင်ရော ဘယ်လိုလဲ။

LINTNER:         အဲဒီလို မဟုတ်ဘူးဗျ၊ သူတို့တိုက်ပွဲဝင်နေတာ နောက်ထပ်ကျောင်းတွေ ဆေးရုံတွေ၊ လမ်းတွေ ရလာဖို့ မဟုတ်ဘူး။ သူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းနေကြတာပါ။ တံတားတွေ၊ လမ်းတွေဆောက်ပြလည်း ထူးမှာမဟုတ်ပါဘူး။ အဲဒီလူတွေက  သူတို့မှာ သီးခြားကိုယ်ပိုင်အမှတ်အသားတစ်ခုရှိပါတယ်ဆိုတာကို သိတယ်။ ဒါကို လိုချင်တယ်။ သူတို့ရဲ့ရပိုင်ခွင့်တွေ သီးခြားအမှတ်အသား ကိုယ်ပိုင်ဝိသေသရှိနေတာကို  အသိအမှတ်ပြုစေချင်တယ်။
         ၁၉၉၀ ရွေးကောက်ပွဲကို ကြည့်ကြမယ်။ အဲဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှုရှိတယ်။ NLD က နေရာအများစုမှာ အောင်ပွဲခံခဲ့တယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်ရဲ့အမတ်နေရာ တော်တော်များများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာအများအပြားရတယ်။ ရခိုင်မှာဆိုရင်လဲ ရခိုင်ပါတီတွေ အနိုင်ရခဲ့ကြပါတယ်။ ဒါကိုကြည့်ရင် သူတို့မှာ ထိန်းသိမ်းကာကွယ်ရမယ့် သီးခြားကိုယ်ပိုင်ဝိသေသရှိတယ်ဆိုတာ တွေ့ရတယ်။ မြန်မာပြည် တိုင်းရင်းသားညီညွတ်မှုရရှိရေး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ မေးခွန်းဟောင်းကြီး ထပ်ပြီးထင်ဟပ် ပြနေတယ်။
         ကျောင်းတွေ ထပ်ဆောက်မယ်ဆိုရင်လည်း မြန်မာစာတွေကိုပဲ တိုင်းရင်းသားနယ်တွေမှာသင်ခိုင်းတဲ့ အခြေအနေ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးအစီအစဉ်ကလည်း ငြိမ်းချမ်းရေးအတွက် ဘယ်ကိုမှဦးတည်နိုင်မှာ မဟုတ်ပါဘူး။  ဒေသအတွင်းဖွံ့ဖြိုးအောင်လုပ်ပါလို့အကြံပေးရတာ အလွန်လွယ်ပါတယ်။ ဒါပေမဲ့ လူတွေရဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ဆိုတဲ့ယုံကြည်ချက်ကတော့ သီးခြားအကြောင်းတစ်ခုပါ။ အရှေ့တီမောကို ဥပမာအဖြစ် ကြည့်လိုက်ပါ။ အရှေ့တီမောဟာ ၁၉၇၅ ခုနှစ်မှာ လွတ်လပ်ရေးတောင်းတယ်။ ပေါ်တူဂီကိုလိုနီအောက်မှာ နှစ်ပေါင်း ရာနဲ့ချီပြီးနေခဲ့ရတယ်။ ကိုလိုနီစနစ်က သူတို့ကိုလျစ်လျူရှုထားခဲ့တယ်။
         နောက်နှစ် ၁၉၇၆ ခုနှစ်မှာ အင်ဒိုနီးရှားက အရှေ့တီမောကို သိမ်းယူခဲ့တယ်။ အရှေ့တီမောမှာ အဲဒီအချိန်က စာမတတ်သူ ၉၀ ရာခိုင်နှုန်းရှိတယ်။ အင်ဒိုနီးရှားအုပ်ချုပ်တဲ့ ၂၅ နှစ်အတွင်းမှာ စာမတတ်မြောက်သူ အတော်နည်း သွားတယ်။ ကျောင်းတွေ၊ လမ်းတွေ၊ ဆေးရုံတွေအများကြီးကို ဆောက်ပေးခဲ့တယ်။ ဒါပေမဲ့ အရှေ့တီမောရဲ့ ၈၀ ရာခိုင်နှုန်းက လွတ်လပ်ရေးကိုတောင်းဆိုနေဆဲပါပဲ။ ဒါကြောင့် စီးပွားရေးဖွံ့ဖြိုးမှုတွေရှိလာရုံနဲ့ လူတွေရဲ့စိတ်ကို မပြောင်းလဲနိုင်ဘူးဆိုတာတွေ့ရတယ်။

MAWKUN:         တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့အစိုးရရဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အရေးယူပြီးတဲ့ နောက်ပိုင်းမှာ တိကျတဲ့လူဆိုပြီးမရှိခဲ့ဘူး။ နောက်ပိုင်း ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ကို တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ သူလည်း တိုင်းရင်းသားတွေနဲ့ အောင်မြင်အောင် ညှိနှိုင်းမှုမလုပ်နိုင်ခဲ့ဘူး။ ဦးသိန်းစိန် သမ္မတဖြစ်ပြီးနောက်ပိုင်း ဦးအောင်သောင်း၊ ဦးအောင်မင်း အစရှိတဲ့သူတွေကို တာဝန်ပေးခဲ့တယ်။ ဒါတွေနဲ့ပတ်သက်လို့ ဘယ်လိုသုံးသပ်မိလဲ။

LINTNER:         ဒီလို အဖွဲ့ခွဲထားတဲ့ သူတို့ရဲ့နောက်ဆုံးပန်းတိုင်က ဘာလဲဆိုတာကြည့်လိုက်ပါ။ ဦးအောင်သောင်း ဒါမှမဟုတ် ဦးအောင်မင်းတို့က တာဝန်ယူတာအရေးမကြီးပါဘူး။ အစိုးရဘက်က စေ့စပ်ရေးမှူးတွေ ရည်မှန်းချက်က ဗဟိုအစိုးရရဲ့ထိန်းချုပ်မှုအောက်ကို အားလုံးရောက်လာဖို့ပဲ။ အဲဒီရဲ့ အဓိပ္ပာယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို အပြီးသတ်ချေမှုန်းတဲ့ သဘောပါပဲ။ အစိုးရကနည်းမျိုးစုံနဲ့ပြိုင်ဘက်တွေကို ရှင်းနိုင်တယ်။ ဆွေးနွေးလိုက်၊ တိုက်လိုက်။ တိုက်လိုက်၊ ဆွေးနွေးလိုက်ပေါ့။ ဒါပေမဲ့ ဦးအောင်မင်းဖြစ်ဖြစ်၊ ဦးအောင်သောင်းဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့တွေကို ကျွန်တော်တို့ အခြေခံဥပဒေကို အတူတူပြောင်းကြရအောင်လို့ပြောမယ့်ပုံ မတွေ့ရသေးပါဘူး။
         သူတို့စိတ်ထဲမှာ ပြည်နယ်အစိုးရသစ်ဟာ ပြည်နယ်လူထုကို ကိုယ်စားပြုနေပြီ။ တစ်ဖက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖယ်ထုတ်ထားမယ်။ လက်နက်ကိုင်အုပ်စုတွေကိုချေဖျက်ပစ်ရမယ်။ တစ်ဖက်မှာ လက်နက်ကိုင်အဖွဲ့တွေက ဒါကို လက်မခံကြဘူး။ ဒီလို အခြေအနေတွေကြောင့် ဘုံသဘောတူညီမှု မရနိုင်ဘူးပေါ့။

MAWKUN:         ဒါဆို ခင်ဗျားဆိုလိုချင်တာက အစိုးရက  ငြိမ်းချမ်းရေးစကားပွဲတွေလုပ်ပြီး အချိန်ဝယ်နေတယ်လို့ ပြောချင်တာလား။

LINTNER:         ဟုတ်ပါတယ်။ အခုဖြစ်နေတာက သေနတ်မိုးထားတဲ့စကားဝိုင်းလိုဖြစ်နေတယ်။ သူတို့ရဲ့တာဝန်က လက်နက်ကိုင်အုပ်စုတွေကိုအဆုံးသတ်ပြီး နယ်ခြားစောင့်တပ် ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ အစိုးရကပြောတဲ့ ဥပဒေဘောင်အတွင်းဝင်လာဖို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ စိတ်ကြိုက်ရွေးထားတဲ့  ပြည်နယ်အစိုးရတွေရှိတယ်။ ဒါကြောင့် အစိုးရက နိုင်ငံရေးအရ ဖြေရှင်းပုံဖြေရှင်းနည်းတွေကို ယုံယုံကြည်ကြည် မလုပ်သေးဘူးလို့ ဆိုရမယ်။

MAWKUN:         မကြာသေးခင်က ဦးအောင်မင်း နော်ဝေ၊ ဆွစ်ဇာလန်တို့ကို သွားတယ်။ သူတို့ပြန်လာတော့ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးကော်မတီသစ်တစ်ခုဖွဲ့တယ်။ ဒါဟာ နော်ဝေဖိအားလို့ ပြောနိုင်မလား။

LINTNER:         မဟုတ်ဘူးဗျ။ ဒါက ကစားပွဲတစ်ခု၊ လှည့်ကွက်တစ်ခုပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြောင်းချင် ပြောင်းမယ်။ သူတိုရဲhအဆုံးစွန်ရည်မှန်းချက်ကတော့ ပြောင်းလဲမှာစွန့်လွှတ်မှာမဟုတ်ပါဘူး။ လက်နက်ကိုင်အုပ်စု တွေကိုချေမှုန်းပြီး သူတို့ရဲ့ထိန်းချုပ်မှုအောက်ကို ဆွဲသွင်းဖို့ပါပဲ။

MAWKUN:         နိုင်ငံတကာ၊ ဥပမာ-နော်ဝေတို့ရဲ့ပါဝင်ပတ်သက်မှုတွေရော ဘာထပ်ပြောချင်သေးလဲ။ ငြိမ်းချမ်းရေး ရနိုင်မလား။

LINTNER: ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲဗျာ။ အခုအထိ အခြေခံပြဿနာရပ်တွေကို ထည့်ပြီးမဆွေးနွေးသေးဘူး။ ဖက်ဒရယ်စနစ်ရှိရမယ့်အစား ဗဟိုချုပ်ကိုင်မှုစနစ်ကို ပထမအဆင့်မှာ ဆက်ထားနေသေးတယ်။ နိုင်ငံခြားသားတွေ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှိနေတယ်လို့ယုံကြည်တာဟာ ရူးနှမ်းတဲ့ကိစ္စပဲ။ တကယ့်အမှန်က အဲဒီလိုမဟုတ် ပါဘူး။ အစိုးရက အလွန်ကိုသိမ်မွေ့တဲ့ကစားနည်းတစ်မျိုးကို ကစားနေတာပါ။ လေးနက်တဲ့ တစ်စုံတစ်ရာဖြစ်နေပြီလို့ နိုင်ငံခြားသားတွေယုံကြည်အောင် လုပ်ပြနေကြတာပါ။ လက်နက်ကိုင်အုပ်စုတွေကတော့ သူတို့ကို ဖိအားပေးလှုပ်ရှားနေတာပဲလို့သိကြတယ်။

MAWKUN:         ဒါဆို တစ်ခုမေးချင်တာက SSA- South (ရှမ်းပြည်တပ်မတော်-တောင်ပိုင်း) တို့၊ KNU တို့က အခုတလော ဦးအောင်မင်းနဲ့ သဘောတူလက်မှတ်ထိုးဖို့ စိုင်းပြင်းနေကြတာ ဘာကြောင့်လဲ။ သူတို့မှာ ဘာ အကျပ်အတည်းတွေရှိလို့လဲ။

LINTNER:         သူတို့က စကားဝိုင်းတွေကနေ နိုင်ငံရေးအရအဖြေထွက်မယ်လို့ ယုံကြည်နေပုံရတယ်။ ဒါပေမဲ့ ဒီလိုဆိုရင် သူတို့ ကချင်ပြဿနာကို လေ့လာသင့်တယ်။ ကချင်တွေဟာ ဒီလို အပစ်အခတ်ရပ်စဲရေးတွေကနေ နိုင်ငံရေးအရအဖြေရှာလို့ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့လုပ်ခဲ့တာ ၁၇ နှစ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဘာမှ မရခဲ့ဘူး။ အစိုးရက သူတို့လိုချင်တာတွေကိုသာ လိုသလိုဆုံးဖြတ်သွားခဲ့တယ်။  ဦးအောင်မင်းက ပြောဆိုဆက်ဆံလို့ကောင်း တယ်။ ဒါကြောင့် သူနဲ့စကားပြောရင် အဆင်ပြေတာလောက်နဲ့ ငါတို့တိုင်းရင်းသားတွေရဲ့ရည်မှန်းချက်တွေ၊ ငြိမ်းချမ်းရေးတွေရမယ်လို့ ဆုံးဖြတ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဦးအောင်မင်းစတဲ့ အစိုးရစေ့စပ်ရေးမှူးတွေဟာ ဖက်ဒရယ် ပည်ထောင်စုအယူအဆထက်စာရင် ၂၀၀၈ အခြေခံဥပဒေကိုလိုက်နာရသူတွေဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့လူမျိုးစု အခွင့်အရေးတွေကို အာမမခံနိုင်ပါဘူး။

(သူရိန်ဝင်းဘာသာပြန်သည်။)

အပိုင်း() ဆက်လက်ဖော်ပြပါမည်။

0 comments:

Post a Comment