ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း၂၂-(မျိုးမြင့်ချို)အောက်တိုဘာ ၄ ရက် ၂၀၁၂
နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး။ သောတရှင်များခင်ဗျား.. အင်န်ဒီအေကေလို့ဆိုတဲ့ ဒီမိုကရေစီသစ်တပ်မတော်(ကချင်)ဆိုတဲ့အဖွဲ့အကြောင်း
အနည်းငယ်တင်ပြပါရစေ။
(၁၉၆၉) လောက်မှာဆခုန်တိန့်ယိန်းဦးဆောင်တဲ့အဖွဲ့ဟာ ကေအိုင်အိုကနေခွဲထွက်ပြီး
ဗကပနဲ့ပူးပေါင်းကာ စစ်ဒေသ(၁) အနေနဲ့ ခေါင်လန်ဖူးဒေသမှာနေလာခဲ့ကြပါတယ်။ အဲဒီအဖွဲ့ဟာ
(၁၉၈၉) ဆယ်လပိုင်းထဲမှာ နဝတနဲ့အပစ်အခတ်ရပ်စဲရေးလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်
ဒီမိုကရေစီသစ်တပ်မတော်(ကချင်) NDA-K ဆိုပြီး အမည်ပြောင်းဖွဲ့စည်းခဲ့ပါတယ်။ ဋ္ဌာနချုပ်ကိုတော့ကချင်ပြည်နယ်အထူးဒေသ(၁)ဆိုပြီး ပန်ဝှါမှာအခြေစိုက်ထားပါတယ်။ ပြောရမယ်ဆိုရင် ကချင်ပြည်တွင်းက
အစိုးရနဲ့ပထမဆုံး အပစ်အခတ်ရပ်ခဲ့တဲ့အဖွဲ့ လည်းဖြစ်ပါတယ်။ (၁၉၈၉) ခုနှစ် ဒီဇင်ဘာထဲမှာ
စစ်အစိုးရက သူတို့ကိုမတရားသင်းကနေ ပယ်ဖျက်ပေးခဲ့ပြီး အဲဒီဒေသက ကျောက်စိမ်း၊ ရွှေ၊ ဓါတ်သတ္တုတူးဖော်ခွင့်တွေအပြင်
သစ်တောနဲ့နယ်စပ်ကုန်သွယ်ရေးတွေပါပေးခဲ့ပါတယ်။ ချီဖွေ၊ ပန်ဝှါ၊ ဖီမော်စတဲ့ဒေသတွေမှာ
ဓါတ်သတ္တုတူးဖော်ရေးလုပ်ငန်းတွေအတွက် ပန်ဝှါအထွဋ်အထိပ်ကုမ္ပဏီကိုဖွဲ့စည်းပြီး တရုတ်ကုမ္ပဏီတွေနဲ့
ဖက်စပ်လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေတာလည်းဖြစ်ပါတယ်။ ခေါင်းဆောင်တွေချမ်းသာကြွယ်ဝလာတဲ့အလျှောက်
ကိုယ်ကျိုးစီးပွားအဝေမတည့်ရာကနေ ဆခုန်တိန့်ယိန်းနဲ့ အခြားခေါင်းဆောင်တစ်ဦးဖြစ်တဲ့
လယောက်ဇလွန်းတို့ကြားမှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ အာဏာသိမ်းတာ ပုန်ကန်တာတွေအထိပါဖြစ်ခဲ့ပါတယ်။
ဒေသဟာ သယံဇာတကြွယ်ဝတာမို့ ကေအိုင်အိုရောစစ်တပ်ကပါ မျက်စေ့အလွန်ကျတဲ့နေရာ
ဖြစ်နေပြန်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ဒေသခံတွေရဲ့ တနိုင်စာ မိသားစုရွှေတူးကျောက်တူး
လုပ်ကွက်လေးတွေအသိမ်းခံရလို့ လူထုအတွင်းမကျေနပ်မှုတွေဟာလည်း တစထက်တစကြီးထွားနေပါတယ်။
(၂ဝဝ၈)နှစ် နှစ်ဆန်းပိုင်းတုန်းက ခေါင်လန်ဖူးဒေသ ချန်ချီချောင်းရိုးတလျှောက်က ရွှေတွင်းတွေမှာ
ရွာသားတွေရွှေမတူးရဆိုပြီး ရွှေလဝန်းကုမ္ပဏီကို အကုန်လုံးပေးခဲ့တာမျိုးတွေလည်းမနည်းလှပါဘူး။
အဲဒီ ရွှေလဝင်းကုမ္ပဏီဟာ အင်န်ဒီအေကေကနေခွဲထွက်လာတဲ့ တန်ဖူးတန်ဆိုသူဦးစီးတာဖြစ်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ အင်န်ဒီအေကေဟာ (၂ဝဝ၉) ခုနှစ်မှာ အစိုးရရဲ့ဖိအားပေးမှုအတိုင်း
တပ်တွေကို (၃)ဖွဲ့ခွဲပြီး နယ်ခြားစောင့်တပ်အဖြစ်
အသွင်ပြောင်းခဲ့ပါတယ်။
သောတရှင်များခင်ဗျား..
ကချင်အမျိုးသားကာကွယ်ရေးတပ်မတော်လို့တိုတဲ့ KDA အကြောင်းလည်းအနည်းငယ်တင်ပြပါရစေ။
ကေအိုင်အေရဲ့ ရှမ်းပြည်မြောက်ပိုင်းက တပ်မဟာဖြစ်တဲ့တပ်မဟာ(၄)ကို ဒုတပ်မဟာမှူး မထုနော်ဦးဆောင်မှုနဲ့
ကေအိုင်အေဆီက (၁၉၉ဝ)ခုနှစ်မှာခွဲထွက်လိုက်ပြီးတဲ့နောက် (၁၉၉၁)ခုနှစ်မှာ စစ်အစိုးရနဲ့အပစ်အခတ်ရပ်ခဲ့တဲ့
အဖွဲ့အစည်းဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ(၅)အဖြစ်သတ်မှတ်ပေးပြီး ကွတ်ခိုင်မြို့နယ်
ကောင်းခါးဒေသမှာအခြေစိုက်လို့ ကောင်းခါးအဖွဲ့ဆိုပြီး လူသိပိုများပါတယ်။ (၂ဝ၁ဝ) ဧပြီလထဲမှာ
တပ်အင်အားထက်ဝက်ကျော်ကိုဖျက်သိမ်းပြီး စစ်တပ်လက်အောက်ခံ ကောင်းခါးဋ္ဌာနေပြည်သူ့စစ်တွေအဖြစ်
ရပ်တည်နေကြပါတယ်။ (၂ဝဝ၈)ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆန္ဒခံယူပွဲနဲ့ (၂ဝ၁ဝ)လွှတ်တော်ရွေးကောက်ပွဲတွေမှာ
ဒေသခံပြည်သူတွေကို ကောင်းခါးအဖွဲ့ကနေ အနိုင်ကျင့်ခြိမ်းခြောက်ပြီး အတင်းအကျပ်ထောက်ခံခိုင်းခဲ့တယ်လို့
နံမည်အတော်ပျက်ခဲ့တဲ့အဖွဲ့အစည်းလည်း ဖြစ်နေပြန်ပါတယ်။ နောက်ပိုင်းကာလတွေမှာ သူ့ထက်အင်အားကြီးတဲ့ကေအိုင်အိုကို
စစ်တပ်ကတိုက်တဲ့အခါမှာတော့ ကောင်းခါးအဖွဲ့က လမ်းနဲ့နယ်မြေလုံခြုံရေးတွေလုပ်ပေးရတဲ့
အနေအထားအထိတောင် ရောက်ခဲ့ပါတယ်။
သောတရှင်များခင်ဗျား..(PNO) လို့ခေါ်တဲ့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်အကြောင်းကို
အကျဉ်းချုပ်တင်ပြရမယ်ဆိုရင် အဲဒီအဖွဲ့ကို ဦးအောင်ခမ်းထီဆိုသူကဦးဆောင်ပြီး ပအို့ဝ်ဖြူအဖွဲ့လို့လူသိပိုများပါတယ်။
အရင်တုန်းက (ရလလဖ)ဆိုပြီးထင်ရှားခဲ့တဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ဆိုတဲ့
လက်နက်ကိုင်တော်လှန်ရေးအင်အားစုကြီးတစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒီအဖွဲ့ကြီးအတွင်းမှာ ပအို့ဝ်အမျိုးသားတွေက
အများစုဖြစ်ပါတယ်။ (၁၉၇၉)ခုနှစ်မှာ အဖွဲ့တွင်းနိုင်ငံရေး သဘောတရားရေးအခြေခံတွေနဲ့နှစ်ခြမ်းကွဲခဲ့ပြီး
တစ်ခြမ်းကိုဦးအောင်ခမ်းထီဦးဆောင်မှုနဲ့ ပအို့ဝ်အမျိုးသားများအဖွဲ့ချုပ်ရယ်လို့ ဖြစ်လာတာပါ။
(၁၉၉၁) နှစ်လပိုင်းထဲမှာ စစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီး ငါးလပိုင်းထဲရောက်တော့
မတရားသင်းအဖြစ်က ပယ်ဖျက်ပေးခဲ့ပါတယ်။ အဲဒီအဖွဲ့ကို ရှမ်းပြည်တောင်ပိုင်းအထူးဒေသ(၆)အဖြစ်သတ်မှတ်ပြီး
အင်းဒေသ ကျောက်တစ်လုံးရွာမှာ ဋ္ဌာနချုပ်ကိုတည်ထားပါတယ်။ ဦးအောင်ခမ်းထီဟာ စစ်အစိုးရရဲ့အမျိုးသားညီလာခံကိုတက်ရောက်ခဲ့တဲ့
တိုင်းရင်းသားကိုယ်စားလှယ်တဦးလည်းဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ နံမည်ကျော်ပတ္တမြားနဂါးအမည်နဲ့ကုမ္ပဏီထောင်ပြီး
မိုင်းရှူး၊ မိုးကုပ်နဲ့ဖားကန့်ဒေသတွေမှာ ရွှေနဲ့ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်ခဲ့ပြီး
စီးပွားလည်းအလွန်ဖြစ်ခဲ့တဲ့အပြင် စစ်အစိုးရနဲ့လည်း ပလဲနံပအသင့်ဆုံးတွေထဲကတစ်ဖွဲ့လို့
ပြောရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့အင်အားတွေကို စစ်အစိုးရအလိုကျ ပြည်သူ့စစ်အဖြစ်ပြောင်းပေးလိုက်ပါတယ်။
သောတရှင်များခင်ဗျား..PSLA လို့ လူသိများတဲ့ ပလောင်လွတ်မြောက်ရေးတပ်မတော်အကြောင်း
နည်းနည်းတင်ပြပါရစေ။ PNA လို့ဆိုတဲ့ ပလောင်အမျိုးသားတပ်ဖွဲ့ကို (၁၉၆၃)ခုနှစ်ထဲမှာဖွဲ့စည်းခဲ့ပြီး
(၁၉၇၆) ခုနှစ်ရောက်တော့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်ရယ်လို့ ပြောင်းလဲခဲ့ပါတယ်။
တခါ (၁၉၈၆)ခုနှစ်ထဲရောက်တော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ (PSLF) လို့
ပြောင်းလဲဖွဲ့စည်းခဲ့ပြီး သက်တမ်းတလျှောက်လုံး ပလောင်အမျိုးသားအရေးအတွက် လက်နက်ကိုင်လမ်းစဉ်အတိုင်း
သွားလာနေခဲ့တာဖြစ်ပါတယ်။ လှုပ်ရှားတဲ့နယ်မြေတွေကတော့ နမ့်ခမ်း၊ ကွတ်ခိုင်၊
နမ္မတူ၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုပ်နဲ့သီပေါစတဲ့နေရာတွေဖြစ်ပြီး အင်အားလည်းအတန်သင့်ရှိခဲ့ပါတယ်။
တာအိုက်မုန်းခေါင်းဆောင်တဲ့ဒီအဖွဲ့ဟာ (၁၉၉၁)ခုနှစ်ထဲမှာ စစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီး
မတရားသင်းကနေလည်း ဖျက်ပေးတာခံခဲ့ရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ(၇)အဖြစ်သတ်မှတ်ပြီး
နမ္မတူမြို့မှာအခြေချခဲ့ပါတယ်။
(၂ဝဝ၅)ခုနှစ်ထဲရောက်တော့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ အကြွင်းမဲ့လက်နက်ချလိုက်ရတဲ့အဖြစ်ကိုဆိုက်ခဲ့ပြီးနောက်ပိုင်းမှာ
ဋ္ဌာနေပြည်သူ့စစ်အဖြစ် ပြန်လည်တာဝန်ပေးလို့ ခုတော့ ပြည်သူ့စစ်တွေဖြစ်နေကြပါပြီ။
သောတရှင်များခင်ဗျား..နောက်အပတ်တွေမှာ ကျန်နေသေးတဲ့အပစ်အခတ်ရပ်ပြီးသားအဖွဲ့တွေအကြောင်းနဲ့
ဘယ်လိုသဘောတူညီချက်တွေယူခဲ့ပြီး ဘယ်လိုပြန်ချိုးဖေါက်ရာကနေ ဘာတွေဆက်ဖြစ်နေသေးသလဲဆိုတာတွေကိုပါ
ဆက်လက်တင်ပြပါ့မယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment