ဂျပန်ခေတ် စမ်းချောင်းရှိ သူ့အိမ်တွင်ကျွန်တော်နှင့်ဗိုလ်စင်္ကြာကို ထမင်းကျွေးဖူးသည်။ ဗိုလ်စင်္ကြာနှင့်သူက ခင်မင်သည်။
ကျွန်တော်က ဗိုလ်ကျောဇောနှင့်တော့ မရင်းနှီး။ သူက ကြည့်မြင်တိုင် ဆရာဖြစ်သင်တန်းကျောင်းတွင်နေသူဖြစ်ပါသည်။
ထမင်းစားပွဲတွင် ဗိုလ်စင်္ကြာ၊ ဗိုလ်ကျော်ဇောနှင့်အတူ နိုင်ငံရေးအကြာင်းပြောဖြစ်သည်။
ထိုထမင်းစားပွဲတွင် ဗိုလ်စင်္ကြာက ကျွန်တော့်အတွက် ခရမ်းရောင်ဘန်ကောက်လုံချည်တစ်ထည် လက်ဆောင်ပေးသည်။
ဒါကို ဗိုလ်ကျော်ဇောက ကြည့်ကာ ငေးမောနေသည်။ ကျွန်တော်က ဗိုလ်ကျော်ဇောထက် သူ့သားတွေ၊
မြေးတွေနှင့်ရင်းနှီးသည်။ သူ့သားတွေ၊ မြေးတွေက ကျွန်တော့်စာဖတ်ပရိသတ်။ သူ့သားအကြီးတစ်ယောက်က
ကောလိပ်ကျောင်းသားဘ၀ကတည်းက ကျွန်တော်နှင့်ရင်းနှီးသည်။ ကျွန်တော်နေသောအိမ်မှာလည်း
ကောလိပ်ဂျင်နေ၀င်းအိမ်ဖြစ် သဖြင့်လည်းကောင်း၊ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဇေယျ၏သမီးဖြစ်သဖြင့်လည်းကောင်း
သူတို့နှင့်ပါရင်းနှီးကြသည်။ သူ့သား၊ ကျွန်တော်နာမည်မမှတ်မိတော့၊ အောင်ကျော်ဇောဖြစ်မည်
ထင်ပါသည်။ သူတောမခိုခင်က ကျွန်တော့်ထံလာသွားတာ မှတ်မိနေသည်။ သူနှင့်လည်း ပြန်မဆုံဖြစ်။
အသံလှိုင်းတွေမှာတော့ သူ့အသံတစ်ခါတစ်ရံ ကြားရသည်။
သူ့မြေးကောင်လေးကတော့
သူ၏ဇနီးသည်ကျောင်းဆရာမ (ရေဒီယိုဆရာမ)နှင့်အတူ ကျွန်တော်နေထိုင်ရာ သာမိုင်းခမ်းအထိ
လာရောက်လည်ပတ်ကြပါသည်။ သူတို့က စာသမားတွေကိုး။ ကျွန်တော့်ကို တယ်လီဖုန်းမှနေ၍
မန္တလေးမှ ဓာတ်ပုံဆရာကတစ်ဆင့် ဗိုလ်ကျော်ဇော၏အတ္ထုပတ္တိအတွက် အမှာစာတောင်းသည်ဟု ကျွန်တော့်တူမက
ပြန်ပြောသည်။
ကျွန်တော်သူ့စာကို ဖတ်မိသလို
မဖတ်မိသလိုနှင့် မမှတ်မိ။ ကျွန်တော်က ဗိုလ်ကျော်ဇောနှင့် အသက်သိပ်မကွာ။
ကျွန်တော်တို့က အသက် ၁၀၀ တန်းဆိုပါတော့။ ကျွန်တော်နှင့် အသက်မတိမ်းမယိမ်းဖြစ်မည်။ သူက
ဒီမှာမရှိ။ ယခု စာအုပ်ထွက်မည်ဆိုသဖြင့် ၀မ်းသာရသည်။ သူက ရဲဘော်သုံးကျိပ်ဝင်။ သူကိုယ်တိုင်ရေးဆိုတော့ မြန်မာပြည်နိုင်ငံရေးနှင့်ပက်သက်၍ ထဲထဲဝင်ဝင်သိနိုင်သဖြင့်
အဖိုးတန်သောသမိုင်းအချက်အလက်တွေပါဝင်မည်။ ကျွန်တော်နှင့်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်တွင် တစ်ခါတစ်ရံဆုံတတ်သည်။ အမြဲတမ်းတော့မဟုတ်။ သူက
ဗန်းမော်တင်အောင်နှင့် ပို၍ခင်သည်။
ထို့ကြောင့်လားမသိ။ ကိုတင်အောင်မှာ
သူ့သားနာမည်ကို ဗိုလ်ကျော်ဇောနာမည် ထည့်ထားသည်။ ရဲဘော်သုံးကျိပ်ဝင်စစ်ဗိုလ်ထဲမှ မြန်မာ့နိုင်ငံရေး၏အတွင်းရေးအစစ်အမှန်ကို
အပြောပြနိုင်ဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သမိုင်းအချက်အလက်မှန်မည်။ သူက ကိုအုန်းမြင့်နှင့်လည်းခင်သည်။
ကျွန်တော်က သူတို့လောက်မရင်းနှီး။ တစ်ခါတစ်လေတော့ ဆုံတတ်သည်။
ယခင်က မြန်မာပြည်နိုင်ငံရေးပါတီအဖြစ်
ကွန်မြူနစ် ဆိုရှယ်လစ်ပါတီနှစ်ခုသာ အင်အားကြီးသောEdkင်ငံရေးပါတီများဖြစ်သည်။
သူကကွန်မြူနစ်စနစ်ကို ယုံကြည်သူ။ သူတင်မဟုတ် ထိုခေတ်ကကလူငယ်များကြားထဲတွင် လက်ဝဲ၊
လက်ယာဟူသောစကားလုံး ခေတ်စားခဲ့သည်။ လက်ဝဲသမားအများစုကတော့ နိုင်ငံရေးအတွေးအခေါ်ရင့်ကျက်ကြသည်။
စာဖတ်နာသူ၊ ရိုးသားသူများဖြစ်နေသည်ကိုaတွ့ရသည်ဟု နောင်အခါသုံးသပ်မိသည်။ ရိုးသား၍ကိုယ်ကျိုးမရှာသော
တိုးတက်သောလူငယ်များသာ လက်ဝဲ၀ါဒကိုစိတ်ဝင်စားကြသည့်အခါဖြစ်သည်။ ကွန်မြူနစ်စနစ်ကို
ဘာ့ကြောင့် ပညာတတ်လူငယ်များ စိတ်ဝင်စားကြသလဲဆိုသောမေးခွန်း မေးစရာဖြစ်လာသည်။
ဗိုလ်ကျော်ဇောက တိုင်းပြည်ကိုရိုးရိုးသားသားချစ်သူ။
စစ်ဗိုလ်ဘ၀ဟာ ရာထူးကြောင့်စည်းစိမ်ရသည့်အထဲမှာ မပါခဲ့။ ဒါက သူ့အတွက် ရည်မှန်းချက်မဟုတ်။
ရိုးသားသူ။ သူက သူယုံကြည်သည့်ကွန်မြူနစ်ပါတီအပေါ်သစ္စာရှိသူဟု ခံစားရသည်။ ကျွန်တော်က
အိမ်လွမ်းစိတ္တဇသမားဆိုတော့ သူ့ကိုကိုယ်ချင်းစာမိသည်။
ကျွန်တော်တို့လို အသက် ၁၀၀ တန်းလူတွေက
ဘာတွေများ သူတို့ထင်သလို တိုင်းပြည်ဖျက်ဆီးမည့်သူတွေ ဖြစ်လာပါသလဲ။ အထင်မှားတာလား၊
အထင်လွဲတာလား၊ လား... လား...။ သေချာတာကတော့ တိုင်းပြည်ချစ်ပြည်သူထဲတွင် ဗိုလ်ကျော်ဇောက
ရိုးသားသောစစ်ဗိုလ်တစ်ဦးအဖြစ်ချစ်တာတော့ အမှန်ဖြစ်သည်။
ဗိုလ်ကျော်ဇောက ဗမာပြည်ကွန်မြူနစ်ပါတီဝင်တစ်ယောက်ဖြစ်သည်။
ဒဂုန်တာရာ - သာမိုင်းခမ်း
0 comments:
Post a Comment