Monday, October 1, 2012

လေဘေးထည်နိုင်ငံရေး (ကေသွယ်)

0 comments
လေဘေးထည်နိုင်ငံရေး (ကေသွယ်) အပြောင်းအလဲတွေက၊ လေမုန်တိုင်းတခုလို။
ပြောရရင်တော့.. မြစ်ဝကျွန်းပေါ်ဒေသကို တညတည်းနဲ့မထင်မှတ်ထားပဲ ၀င်မွှေသွားတဲ့ နာဂစ်မုန်တိုင်းလိုပါပဲ။ မြန်မာပြည်ရဲ့နိုင်ငံရေး နယ်နမိတ်တလျှောက်၊ တနှစ်လောက်အတွင်းမှာပဲ၊ မထင်မှတ်ရခက်.. ထင်မှတ်ရခက်စွာ၊ ၀င်ရောက်တိုက်ခတ်နေလေခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်ရဲ့တွေ့ဆုံမူ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလှည့်အပြောင်း။ အဲ့ဒီနောက်မှာ၊ ၂၀၀၈ အခြေခံဥပဒေကြီး၊ ဖွင့်ထွားစွင့်ကားလာခြင်း။ မကြောက်တရားတွေ ထမ်းပိုးလို့ ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများ။ အကြောက်တရားတွေ ခ၀ါချနိုင်လာတဲ့၊ (ဒေါ်စုပြောသလို )တမိုင်လောက်ဝေးသူများရဲ့ အုတ်အော်သောင်းနင်းတက်ကြွမူများ။ ရွေးကောက်တင်မြှောက်သော လွှတ်တော်အမတ်များ။ ရွေးချယ်စရာနည်းပါးသော လွှတ်တော်အမတ်များ။ ။ ၈၈ မူလလက်ဟောင်းများ.. လက်ကျန်များ.. လက်သစ်များ။ ပြည်တော်ဝင်များ.. ပါတီဝင်များစသည်ဖြင့်၊ မြန်မာ့နိုင်ငံရေးကြီး ပြန်လည်အသက်ဝင်လှုပ်ရှားလာခဲ့သည်။

မြန်မာပြည်တ၀ှမ်းလုံးက၊ နိုင်ငံရေးနိုးကြားလာမူတွေကလည်း၊ တရက်တလေတောင် မနားတော့လောက်အောင်၊ သတင်းများက ဖတ်လို့မကုန်။ လိုက်လို့မကုန်။
ရခိုင်အရေး။ မြစ်ဆုံအရေး။ ကျောင်းသားသမဂ္ဂပြန်လည်တည်ဆောက်ရေး။ ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်ရေး။ ကချင်ဒုက္ခသည်အရေး။ ရခိုင်ဒုက္ခသည်အရေး။ လက်ပတောင်းတောင်အရေး၊ စာနယ်ဇင်းလွတ်လပ်ခွင့်အရေး က အစ သမ္မတထောက်ခံရေး၊ သမ္မတကြိုဆိုရေးအထိ ‘တိ့အရေး’ တွေ တိုးတက်များပြားလာသည်။ လှုပ်ရှားတက်ကြွသူတွေကလည်း အဖြူရောင်တွဲလက်၊ ခရမ်းရာင်ကွန်ယက်၊ အပြာရောင်တီရှပ်၊ အစိမ်းရောင်ပရောဂျက်ဆိုပြီး၊ ပန်းနရောင် ဒီမိုကရေစီနောက်ခံပန်းချီကားပေါ်မှာ အရောင်စုံစုံစုပ်ချက်ကြမ်းကြမ်းနှင့် ခပ်သွက်သွက် ဆေးစက်ခြယ်ကြလေသည်။

မြန်မာနိုင်ငံရဲ့နိုင်ငံရေးရေချိန် တက်နေပုံက.. နိုင်ငံနယ်နမိတ်ကိုတောင် ကျော်လို့။ ဥရောပ အမေရိကန် ကမ္ဘာတလွှားက၊ လှုပ်လှုပ်ရှားရှား ၀မ်းသာအယ်လဲဖြစ်ကြရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြည်ပခရီးစဉ်ကြီးတွေ၊ မိန့်ခွန်းတွေ၊ မေးခွန်းတွေ။
အဲဒီ မိန့်ခွန်းတွေလိုပဲ၊ မြန်မာပြည်အကြောင်းထဲ့ပြောသွားတဲ့ သမ္မတအိုဘားမားရဲ့ကုလသမဂ္ဂအဖွင့်မိန့်ခွန်း။ အီရန်သမ္မတ အမဒင်နာဂျပ်နဲ့အပြိုင်၊ ကမ္ဘာက စိတ်ဝင်တစား နားထောင်လိုက်ရတဲ့၊ မြန်မာသမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်း။ လူတွေမလည်း ဒီရက်တွေမှာ၊ မိန့်ခွန်းတွေမထပ်အောင် မပြတ်အောင်နားထောင်ရင်း၊ မိန့်မိန့်မူးမူးတွေပင် ဖြစ်လုမတတ်။

လှိုင်းလူးသလို မိန့်မူးနေရတာက၊ မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူမူတွေက အကန့်အသက်နဲ့ဖြစ်သွားလိုက်၊ တ၀က်ပွင့်သွားလိုက်၊ တပေါက်ပွင့်သွားလိုက်.. အပြည့်ပွင့်သွားလိုက်နဲ့ ခေါင်းမူးအောင်လိုက်ဖတ်နေရသည်။ နှစ်ပေါင်း နှစ်ဆယ်လောက်ပိတ်ဆို့ခံထားခဲ့ရတဲ့၊ ကမ္ဘာကျော် ယုံကြည်ချက်အကျဉ်းသူကြီးက၊ ပိတ်ဆို့မူတွေဖွင့်ပေးဖို့ ပြေရာပြေကြောင်း ဆော်သြဆောင်ရွက်ပေးခဲ့တာကိုပဲ၊ သူတို့ကိုယ်တိုင် သွားပြောဆိုလာခဲ့လိုက်တာလိုလို။ တကမ္ဘာလုံးက ကြည်ညိုချစ်ခင် လေးစားယုံကြည်ရတဲ့မျက်နှာတခုကထောက်ပြီး၊ ‘ယုံကြည်ပါတယ်’ လို့ဆိုလို့ အဖက်လုပ်ဆက်ဆံခံရတာကိုပဲ၊ ငြိမ်းချမ်းရေးနိုဘယ်ဆုတောင် ရတော့မလိုလို။ နယူးယောက်ကို တကူးတကပြန်လာပေးရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အာဏာပါဝါနဲ့ကြိမ်စကြာရိုက်ခေါ်သလိုလို၊ သူတို့ကိုပဲ ခရီးဦးဂါရ၀ လာပြုသလိုလို။ လိုလိုတွေ များလွန်းနေသည်။

နိုင်ငံတော်သမတကြီးကို အမကြီး ဒေါ်အောင်ဆန်းစုကြည်ကလာပြီးတော့ ဂရိ လုပ်တာပါ..နော်..အရင်တုန်းကလိုမဟုတ်ဘူး..
..ကျနော်တို့က..အရင်တုန်းက မျက်နှာချင်းဆိုင်တဲ့အလုပ် မလုပ်ဘူး။ ခုတော့ မောင်နှမလိုပဲ လာတယ်။ နှုတ်ဆက်တွေ့ဆုံကြတယ်ဆိုတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ RFA အင်တာဗျုးက ဘာလိုနေမှန်းမသိသော ဘာလိုလို။

စစ်သားတွေကို လူတယောက်ခြင်းအဖြစ် မမြင်ပဲ၊ စစ်အာဏာရှင်စနစ်လို့ပဲ မြင်ပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ၊ ‘ ကျမ စစ်ဗိုလ်ချုပ်ကြီးတွေ တော်တော်များများကို သဘောကျပါတယ်’ လို့ ဖြေလိုက်လို့ စီအန်အန်သတင်းထောက် အမန်ပွါ အံ့သြတကြီးဖြစ်သွားရသလို၊ လူအတော်များများလည်း ဖြစ်ခဲ့ကြပါသည်။ ဘာပဲဖြစ်ဖြစ်… ဟီလာရီကလင်တန်ပြောသလို လူသတ်သမားတွေလို့တောင်ခေါ်လို့ရတယ်ဆိုတဲ့ တချိန်ကအာဏာရှင်တွေနဲ့ အခုအချိန်မှာ အလုပ်တွဲလုပ်ဖို့သဘောထားကြီးကြီးထားတဲ့၊ ကျင့်ဝတ်သိက္ခာအပြည့်နဲ့ခေါင်းဆောင်တယောက်ကို၊ အားလုံး ၀န်းရံထောက်ခံဖို့သာပင်။ ဒေါ်အောင်ဆန်းစုကြည်က စစ်ဗိုလ်စစ်သားတွေမတရားခဲ့တာကို မတရားခဲ့ အတိုင်း ထောက်ပြပြောခဲ့သလို၊ စစ်ဗိုလ်စစ်သားတွေအပေါ်မှာ သူ သံယောဇဉ်ရှိတာကိုလည်း အခါအခွင့်သင့်တိုင်း ပြောလေ့ရှိသည်ပင်။ သူ့ဘက်က မြန်မာ့တပ်မတော်နဲ့ပတ်သတ်သမျှအပေါ်မှာ၊ ဟောင်းဟောင်းသစ်သစ် ကောင်းကောင်းဆိုးဆိုး တဖက်သတ်မေတ္တာနဲ့ခွင့်လွှတ်ပေး.. လက်ကမ်းပေးနေပေမယ့် တဖက်ကစစ်ဗိုလ်ကြီးတွေတဖြစ်လဲသမ္မတကြီးတွေ၊ ၀န်ကြီးတွေကရော..။

တကယ်တော့ သူတို့တွေလည်း ဒေါ်အောင်ဆန်းစုကြည်ကို မလေးစားအားမကျပဲနေမယ် မဟုတ်ပါဘူး။ အနည်းဆုံးတော့ ဗိုလ်မှူး အောင်လင်းထွတ် ဖော်ကောင်လုပ်သလို ဒီအမျိုးသမီး မလွယ်ဘူးဆိုတာမျိုး အရှိန်အ၀ါကိုလန့်ကြမှာတော့ သေချာသည်။ အရင်တုန်းက မျက်နှာချင်းမဆိုင်ခဲ့တဲ့သူကို၊ အခု မျက်နှာချင်းဆိုင်တဲ့အခါ ဘယ်လောက်ရိုးသားမူနဲ့ အမှန်တရားနဲ့ဆက်ဆံကြမလဲ။ (မစု ပိန်သွားတယ်) ဆိုတာလောက်နဲ့တော့ ရိုးသားတယ်မဆိုနိုင်ပေ။

ဘီဘီစီ သတင်းသမား စတီဖင်ဆော့ကာ ကတော့ဖြင့် ဦးသိန်းစိန်ရဲ့ အသံ ခပ်တိမ်တိမ်ထဲကို ချွန်မြတဲ့မေးခွန်းတွေနဲ့ခပ်နက်နက် တူးဆွရှာဖွေခဲ့သည်။ ဆယ်စုနှစ် နှစ်ခုစာလောက် နေအိမ်အကျယ်ချုပ်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နှစ်ပေါင်းများစွာ အကျဉ်းထောင်တွေထဲမှာ အပြင်မှာ ဘ၀တွေကျေပျက်ခဲ့ရတဲ့ပြည်သူတွေအပေါ် တောင်းပန်ဖို့ရှိပါသလားတဲ့။ ဒီမိုကရေစီအစစ်ဆီကို တကယ်သာသွားကြတော့မယ်ဆိုရင် ဖြစ်ပြီးခဲ့တဲ့အမှားအယွင်းတွေအပေါ်မှာတောင်းပန်ဖို့ နောင်တရဖို့မရှိဘူးလားတဲ့။ စူးရှလိုက်တဲ့ မေးခွန်းတွေ။ အားရစရာကောင်းလိုက်ပါပေါ့။

ဒါပေမယ့် သမ္မတရဲ့အဖြေတွေကတော့ အားရစရာ မကောင်းခဲ့ပါ။ အမှန်တရားကို မဖော်ပြနိုင်တဲ့၊ ၀န်မခံရဲတဲ့၊ ဝေ့လည်ကြောင်ပတ် အသံအက်အက် အဖြေများသာ။ ပြန်လည်သင့်မြတ်ခြင်းဆိုတဲ့ပန်းတိုင်တခုဆီကိုရောက်ဖို့ အပြစ်ဖြေ၀န်ခံခြင်းနဲ့ကျေအေးလက်ခံခြင်းဆိုတဲ့ အဆင့်တွေမပါပဲ သွားလို့မရဘူးဆိုတာကို အားလုံးမေ့များနေကြပြီလား။ တဖက်က မေ့ချင်ယောင်ဆောင်နေတာကို တဖက်ကလည်း တောင်းဆိုဖို့ မ၀ံ့မသာဖြစ်နေလေရော့သလား။

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တာဝန်ရှိသူ ဒေါ်တင်ထားဆွေရဲ့မေးခွန်းတွေကလည်း၊ တာဝန်ကျေကျေ ရဲရဲတင်းတင်း၊ လူ့အခွင့်အရေးကိစ္စကို မီးမောင်းထိုးသွားသည်။ သို့ပေမယ့် မီးမောင်းကို အကြည့်လွှဲသွားသူကတော့….ကျနော် အခုန ပြောခဲ့သလို.. နှင့်ပင် ပြီးသွားခဲ့သည်။

အဖြေရခက်တဲ့မေးခွန်းတွေ တဲ့။ ဟုတ်ပါတယ်။ အမှန်တရားနဲ့တရားမျှတမူကနေ ကင်းကွာနေခဲ့တဲ့လူတစုအတွက် ရိုးသားမူနဲ့ဝန်ခံမူမပါရင် ဖြေလို့ကိုမရနိုင်တဲ့ သိပ်ကိုခက်တဲ့မေးခွန်းတွေမို့ တကယ်ဆိုရင် ဘာမေးခွန်းမှအမေးမခံပဲ အရင်တုန်းကခေါင်းဆောင်ကြီးလို အသံတိတ်နေတာကပဲအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အခုတောင် သမ္မတကို ဘီဘီစီကမမေးခင်မှာ ဘေးမှာဝိုင်းရံနေတဲ့အရာရှိတွေထဲက အဆင့်မြင့် မြန်မာအကြံပေးတယောက်က သူ့ကိုခပ်လှမ်းလှမ်းကို ခဏခေါ်သွားပြီး အကယ်လို့ မေးခွန်းတွေကိုမကြိုက်လို့ရှိရင် သမ္မတကို မဖြေခိုင်းဘူး… လို့ ဈေးစစ်တဲ့အကြောင်း စတီဖင်ဆော့ကာ က၊ “ ဖြစ်နိုင်ချေမရှိသော ပြုပြင်ပြောင်းလဲရေးသမား” ဆိုတဲ့၊ ဆောင်းပါးအတိုတပုဒ်မှာ ရေးသားထားပါတယ်။ ဒါဆို.. သမ္မတကို အကြံပေးတယောက်က ထိန်းချုပ်နိုင်ခွင့်ရှိတယ်တဲ့ လား။

RFA အစီအစဉ်ကနေ .. “ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း ခင်ဗျားတို့သိတဲ့အတိုင်း .. အနှစ် နှစ်ဆယ်လုံး တောက်လျှောက် ဆန့်ကျင်နေခဲ့တဲ့ အနေအထားကနေ…” ဆိုတဲ့အဖြေတပိုင်းတစဟာ ဆီသုတ်ထားပါတယ်ဆိုတဲ့စကားလုံးတွေထဲကနေ ကွက်ကျန်ခဲ့တာများလား။ ပြည်သူတွေ တခဲနက်ဆန္ဒပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ … လို့ရော ဘယ်လိုယုံကြည်မူနဲ့ ရဲရဲတင်းတင်းပြောနိုင်ခဲ့တာလည်း။ နာဂစ်ကာလ ပြည်သူတွေရဲ့တခဲနက်နာကျင်မူတွေကိုများ အသုံးအနှုန်းလွဲခဲ့လေသလား။ သွေးထွက်သံယိုမရှိတဲ့ ငြိမ်းငြိမ်းချမ်းချမ်းစိမ်းစိမ်းလန်းလန်း ပြောင်းလဲမူဖြစ်စဉ်လို့ ကမ္ဘာကအတော်များများ မျက်စိလျှမ်းပြောနေသလို၊ သမ္မတလည်း မျက်စိလျှမ်းပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီနေရာမှာ မျက်စိမလျှမ်းသလို သတိလည်း မမေ့ခဲ့ပါဘူး။ အခု အပြောင်းအလဲဟာ ၁၉၈၈ ကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ ကြားထဲမှာ ၂၀၀၇ ခုနှစ် သံဃာတော်လှန်ရေးကိုလည်း ထဲ့တွက်ရမှာဖြစ်တဲ့အတွက်  သွေးထွက်သံယိုမူမရှိဘူးဆိုတာ မဟုတ်ပါဘူးလို့… ကိုလံဘီယာတက္ကသိုလ်က အမေးအဖြေတခုမှာ အတိအလင်းကိုထောက်ပြသွားခဲ့သည်။

ဘီဘီစီသတင်းထောက် ခေါင်းစဉ်ပေးထားသလို.. ဖြစ်နိုင်ချေမရှိတဲ့ပြုပြင်ပြောင်းလဲရေးသမားလား.. နောက်ပြန်မဆုတ်တော့မယ့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေလားဆိုတာကတော့ မိမိသဘောဆန္ဒရှိသလို သုံးသပ်ကြည့်ကြဖို့ပင်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောသည်။ အခုဖြစ်စဉ်တွေကို လူတွေ သံသယရှိနေမယ်ဆိုတာ နားလည်လက်ခံလို့ရပါတယ်.. အကြိမ်ပေါင်းများစွာအလိမ်ခံခဲ့ရတာတွေလည်းရှိခဲ့တယ်. ဒါပေမယ့် အဲဒီ သံသယတွေက ရှေ့ဆက်ရမယ့်လမ်းခရီးအတွက် အနှောင့်အယှက် အဟန့်အတားတွေ မဖြစ်သင့်ဘူးဆိုတဲ့ သဘောထား ပေးထားလေတော့…ကဲ..ဘာတတ်နိုင်မလဲ.. ဒီလိုပဲ တရွေ့ရွေ့တိုးပြီး ဒီမိုကရေစီကို ချဲ့ထွင် သွား ကြ ယုံသာ။

ဘာပဲဖြစ်ဖြစ်.. တို့တာဝန်အရေးသုံးပါးကို လျှော်ဖွပ်မီးပူတိုက်ထားတဲ့ အဟောင်းထည်စကားလုံး..သဘောထားအမြင်တွေ ကြားထဲမှာ ပိုက်စိပ်တိုက်ရှာနိုင်ရင်တော့ အသစ်နီးပါးကောင်းလှတဲ့အဟောင်းထည်လေးတချို့ ရချင်ရနိုင်မည်လို့ မျှော်လင့်ပါသေးသည်။ ခပ်လတ်လတ် လေဘေးထည်လေးတွေဆိုရင်ပဲ၊ နိုင်ငံရေးမုန်တိုင်းကြမ်းကြီးတွေအောက်က ပြန်လည်ထူထောင်စမြန်မာနိုင်ငံလေးအတွက် သင့်တော်လှပါပြီ။
နိုင်ငံတကာက ၀ိုင်းဝန်းကူညီကြတဲ့ငွေကြေးရံပုံငွေတွေ အဖွဲ့အစည်းတွေ ရင်းနှီးမြုပ်နှံမူတွေ လေဘေးထည်တွေလို ဈေးကွက်ထဲရောက်မသွားဖို့ကိုတော့  နာနာ ဆုတောင်းရပေတော့မည်။

ကေသွယ်
၂၀၁၂ အောက်တိုဘာ ၁ ရက်


(ဒီကနေယူပါတယ်) http://www.facebook.com/K.Thwe

0 comments:

Post a Comment