Thursday, October 25, 2012

နွားနှင့်သပိတ် ရေးသူ=ညိုမြ

0 comments
လူတို့သည်တိုင်းရေးပြည်ရေးအကြောင်းကိုပြောဆိုကြ၏နစ်နာချက် များကိုကြွေးကြော်ကြ၏။ မျိုးချစ်စိတ်ရှိအပ်ကြောင်း ဟစ်ကြ၏။ ညီညာ မှပြည်သာမည်ဟုအော်ကြ၏။ ထိုသို့ပြောဆိုကြွေးကြော်အော်ဟစ် ကြသူတို့အား တကယ်မြင့်မြတ်သည့်မျိုးချစ်ကြီးတွေဟု အကြောင်းမသိ သူများကထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့်စဖြီးများ ခွေး များသာဖြစ်ကုန်သည်။ သူတို့သည် လူစည်စည်ရှိသောအရပ်များတွင် စင်မြင့်သို့တက်ပြီး စွာလောင်စွာလောင်လုပ်ကြ၏။ ဟုမ္မရှုး-ဒိုင်အာခီ -နာင်လာမည့်အုပ်ချုပ်ရေးစသည်ဖြင့် လျှာရိုးမရှိသည့်ဖိုးပြောချင်-ဖိုးအော်ချင်ကြီးများပင်။ သို့သော် အပေါင်းအဖော်များနှင့်ပင်ကိုယ်နေသောအခါများတွင်ကား တိုင်းပြည်ကို အလျဉ်းသတိမရကြကုန်။ ကိုယ့်နှမလင်နေကြောင်းနှင့် သူ့နှမသားမွေးကြောင်းဖရုသာဝါစာအတင်းတို့ ကိုသာပွားများကြလေသည်။ မျိုးချစ်စိတ်အမှန်ထက်သန်ပြီး ဖြစ်ကတက်ဆန်းတပါးကျွန်ဘ၀ကို တကယ် နာကျည်းသူဖြစ်က ထိုသို့မနေနိုင်ရာ။ ဘယ်နံရောအခါမဆို မျိုးချစ်မီးလောင်ကျွမ်းလျက် အမျိုး၏နစ်နာ ချက်များကိုသာ အနုလုံပဋိလုံ စမြုံ့ပြန်စီစစ်ကာ = စားလျှင်လည်း အမိမြန်မာပြည်၊ အိပ်လျှင်လည်း မြန်မာပြည်အမိ၊ လမ်းလျှောက်လျှင်လည်းမန်မာအမိပြည်၊ စာရေးလျှင်လည်းပည်အမိမြန်မာဟုသာလျှင် ဖြစ်စေရာ၏။
အနှီသို့သောသူများကိုသာ မျိုးချစ်ဟုသမုတ်ကာ ရွှေပန်းကုန်းငွေပန်းကုန်းများ စွပ်ကြသင့်ပေသည်။


ကျွန်ုပ်သည် တက္ကသိုလ်သပိတ်စုံစမ်းရေးကော်မတီလူကြီးများရှေ့ဝယ် အလွန်မကောင်းဆိုးဝါးသော တက္ကသိုလ်အကြောင်းချင်းရာတို့ကို ကြားသိသမျှယထာဘူတသက်သေခံပြီးသည့်အခြားမဲ့တွင် (၁)တနှစ်ကျော်မျှခွဲခွါလာခဲ့ရသော မိဘနှစ်ပါးကိုဖူးမျှော်လိုခြင်း
(၂)အကြင်အညာဒေသတွင်သပိတ်အခြေအနေ မည်သို့မည်ပုံရှိသည်ကိုစုံစမ်းလျက် တကယ်လိုလေသေးရှိက မိမိဇာတိချက်ကြွေ တောအရပ်တ၀ိုက်တွင် တောသူတောင်သားတို့အား သပိတ်တရားရေအေးတို့ကိုကျွေးလိုခြင်းဟူသော ဆန္နနှစ်ပါးဖိစီးလှသဖြင့် ခေါင်းဆောင်အကြင် နောင်နု၊ နောင်အုန်း၊ ဘိုင်ရှစ်တို့အား ဆယ်ရက်အတွင်းပြန်လာခဲ့ပါမည် စိတ်ချပါဟုအဖန်ဖန် ကျိန်ဆိုခွင့်ပန်ပြီးသကာလ ထိုမည်သော သပိတ်ပြန်ကြားရေးဋ္ဌာနကိုလည်း ကိုကျော်ငြိမ်းအား ခေတ္တလွှဲအပ်ခဲ့ပြီးသော် တတိယတွဲသို့ခုန်တက်ကာ အညာသို့ဆန်ခဲ့ လေသောဟူ၏။
အညာနိုင်ငံတွင်ကား သပိတ်အရေးသာယာပါပေ၏။ မင်းဘူး,မုံရွာ,ပခုက္ကူ,ရွှေဘို ,စစ်ကိုင်း,မန္တလေးစသောအညာမြို့များ၌ ကျောင်းတိုင်းလိုပင် ကောင်းကောင်းမွန်မွန် သပိတ်မှောက်လျှက်ရှိကြကုန်၏။ အစိုးရကျွန်များမှတပါး သပိတ်ကိုချီးကြူး ထောက်ပံ့ကြသူချည်းသာတည်း။ သောတာပန်ရွာတွင်လည်း လွန်လေပြီးသောအခါက ရွှေတောင်ကြားပါတီဝင် မင်းတိုင်ပင်အမတ်တဦးဖြစ်လေသူ တီ၊ပီ၊အက်စ် ဖေဖေ မှတပါး သပိတ်ကိုအားရသူချည်းပင်။
“မင်းတို့သက်သေမေဒပေးရတာနဲ့ ရာစုတ်အုတ်ကညုင်းတာကတော်သေးတယ်။ (လူခွန်တော်ဆောင်ရခြင်းနှင့်ရာဇဝတ်အုပ်ကညှဉ်းပမ်းခြင်း)။ ဒို့တက္ကသိုလ်မှာ ဘာမှအသုံးမကြဘူး။ အိုကွာအလကားပါပဲ။ လခွေးလိုပဲ။ လုပ်ပုံကိုင်ပုံတွေကစွန်ပါဘူး” ဟု ကျွန်တော်ကပြောပြသောအခါ စာရင်းငှားစံရွှန်းနှင့်သာဗြေ့တို့က ဂွမ်းနုဆီစီမ်သကဲ့သို့တအိအိ
ခေါင်းညိမ့်ကြပေ၏။သာယာသောညနေခင်းတွင် သန့်ပြန့်သောလေညှင်းကိုရှုရှိုက်ရင်း တဖြည်းဖြည်းလမ်းလျှေက်ထွက်လာခဲ့၏။ ကျောက်ဆောင်အိုင်စောင်းကိုကျော်လွန်လျက် ဦးကျွန်းသရက်ခြံဝသို့ ဆိုက်လေတော့သည်။ ကြည်နုးဘွယ်နေ၀င်ချိန်တည်း။ အုန်းပင်ထက် ၀ယ်အုန်းလက်တို့သည် ဖြည်းညှင်းစွာလှုပ်ရှားလျှက်ရှိကုန်၏။ ကွယ်လုဆဲနေရောင်ခြည်သည် သရက်ခြံပေါက်ဝတွင်မြက်စားလျှက်နေသော အမည်မသိနွားကြားကြီးတကောင်အား တမျိုးပင်လှပဖွင့်ဖြိုး ကြက်သရေတိုးအောင် လွှမ်းမိုးလျက်ရှိနေလေသည်။

ကျွန်နော်သည် ထိုနွားကြီးကို ချဉ်းကပ်တော့၏။
``ဗျို့နွားကြီး ဘာလုပ်နေတာလဲ မြက်စားနေတာလား"ဟုကျွန်တော်ကပင်စတင်၍ရုတ်တရက် နှုတ်ဆက်လိုက်ပေ၏။ နွားကြီးကား စိုစိမ်းသောမြေစာပင်များဝယ် စိတ်ရောပစပ်ပါ ၀င်စားချက်ကောင်းလှ၏။ “အခုကျွန်တော်တို့ရွှေတိဂုံပေါ်မှာ သပိတ်မှောက်နေကြတယ် သိလား။ ကျောင်းသားတွေကို အလကားနေရင်းကျောင်းထုတ်ခံရလွန်းလို့” နွားကြီးသည်စားမြဲစားနေ၏။ "နဲနဲမှမတရားဘူးဗျာ။ တကယ်ဆိုရင်ကျွန်တော်တို့ဟာ နိုင်လိုမင်းထက် မုဆိုလီနီကလေးတွေလဲမဟုတ်ပါဘူး။ ကျောင်းကို စာသင်ဘို့လာကြတာပါ။ စော်ကားဘို့လဲ မဟုတ်ဘူး။ စော်ကားတာကိုခံနေဘို့လဲမဟုတ်ဘူး။ ကိုစီုးမြင့်ကို"ဆာ"မထူးလိုကျောင်းထုတ်သတဲ့။ ထုတ်ပြစ်ပုံကလဲရှင်းရှင်းလင်းလင်း မဟုတ်ဘူး။ ပြန်သွင်းမလိုလိုဘာလိုလိုနဲ့ လေးငါးလလောက်ကျောင်းတက်ခွင့်မပေးဘဲ ညှင်းထားတယ်။ ကုန်ကုန်ပြောကြစို့-အခု ကိုစိုးမြင့်တံတားကလေးကို ရောက်နေပီလေ။ အနှာ ဘယ်လူ့အပြစ်လဲ စဉ်းစားကြည့်တော့။ ဆရာ့ဝတ်တရားဆိုတာ တပည့်ကိုအညွှန့်ချိုးဘို့
ဘဲလားလို......"
"နောက်ပြီး ကိုအောင်မြင့်ဆိုတဲ့ကျောင်းသားကိုလဲ အသုံးမ၀င်တော့တဲ့နို့တစ်စက္ကူကို သင်ပုန်းပေါ်ကခွါမိလို့တဲ့။ ကျောင်းထုတ်ပြန်ရော။ မတရားသဖြင့်ကျောင်းထုတ်ခံရတဲ့အတွက် ကျောင်းစရိတ်တွေကိုတရားစွဲပြီး လျှော်ကြေးတောင်းမယ်လုပ်တော့မှ "ကျောင်းမထုတ်ရသေး ပါဘူး။ အောင်မြင့်ကနားကြားလွဲလို့။ အင်္ဂလိပ်စကားကို ကောင်းကောင်းနားမလည်လို့"နဲ့လုပ်လာတယ်။ ဘာဟုတ်မလဲ ညိုမြတို့သိတာပေါ့-အနှီနေ့က အင်္ဂလိပ်စာပါောက္ခအခန်းကိုရောက်တော့ ကိုအောင်မြင့်နာမည်ကို ကျောင်းစားရင်းကဖျက်ပြစ်ဖို့အမိန့်စာရွက်ကို ဆရာကပြလို့ဖတ်ခဲ့ရတယ်။ ခုထုတ်-ခုသွင်းမို့ မျင်နာဖြူဆရာတယောက်ကတောင်"ဒို့သခင်မျိုးတွေ ဘယ့်နဲ့ ဖြစ်ကုန်ပြီလဲတဲ့"။ "ကျွန်တော်တို့အရိုအသေပေးပြီး တင်မြှေက်ထားတဲ့ သမဂ္ဂဥက္ကဌကိုနုကိုကျောင်းထုတ်တာကတော့ ဘာဖြစ်လို့ထုတ်ထုတ် ကျွန်တော်တို့ အားလုံးကိုစော်ကားတာနဲ့အတူတူပေါ့။ ဟုတ်ကဲ့မှုတ်လား။"
နွားကြီးသည်ရှေ့သို့ခြေတလှမ်းတိုး၍ မြက်များကို ဆက်လက်စားနေ၏။
"နောက်ဆုံးကျောင်းထုတ်ခံရတာကတော့ ကိုအောင်ဆန်းပေါ့။ အိုးဝေမဂ္ဂဇင်းအင်္ဂလိပ်စာပိုင်းမှာ ညစ်ညမ်းတဲ့ဆောင်းပါးတို တခုထည့်မိလို့တဲ့။ ရန်ကုန်တိုင်းသတင်းစာအယ်ဒီတာက သူ့မှာ အနှာကို ဖတ်ပြီး တုန်လှုပ်ချောက်ခြားသွားရှာဆိုကိုး။ ကျောင်းထုတ်ဖို့ မြှောက်ပေးရှာတယ်။ အစိုးရကတော့ ဘာမှအပြစ်မဆိုပါဘူး။ မိန်းမများကတောင် ထိုဆောင်းပါးဟာညစ်ညမ်းသော်လဲ ကောင်းစေချင်စိတ်ထားက ပိုမိုထင်ရှားလို့မို့ ဘာမှအရေးယူဘို့မလိုဘူးတဲ့။ ကျောင်းအုပ်ကြီးကတော့ မထုတ်ဘဲမနေနိုင်ရှာဘူးပေါ့လေ။ ကျောင်းအုပ်ပေမဲ့ စိတ်ကတော့နွားသတ်သမား လိုဘဲ။ ထုတ်ပုံကလဲ မှတ်ဘို့ကောင်းတယ်။ အိုးဝေမဂ္ဂဇင်းထွက်ပြီးတလလောက်ကြာလို့ စာမေးပွဲနဲ့ကပ်နေမှ ထုတ်ဖို့ဆုံးဖြတ်ထားတယ်။ စာမေးပွဲမလုပ်ခင် တရက်နှစ်ရက်မှာဆိုတော့ ကိုအောင်ဆန်းအတွက် အခြား မခံချင်တဲ့ကျောင်းသားတွေဟာ ကူညီကြံဖန်နိုင်ဘို့ခဲယဉ်း ကြမယ်ပေါ့။
သူတို့တွက်ပုံချက်ပုံက သိတ်ဟုတ်တာ....။ အကြမ်းဘတန်းမဟုတ်ဘဲ။ သေသေချာချာနားနားနေနေန့ လည်လှီးတဲ့သဘောပေါ့-တပည့်နဲ့ဆရာဆိုတာ တက္ကသိုလ်မှာ အနှာလိုဖြစ်နေကြတာကလား။"
နွားကြီးကား နားရွက်တခတ်ခတ်နှင့်တပြုတ်ပြုတ်စားလျက်မြိန်လျက်ပင်။။
"သဟာကြောင့် ကျွန်တော်တို့ သပိတ်မှောက်ခဲ့တယ်လေ..ဘာဖြစ်သေးလဲ...မှောက်တယ်-မှောက်တာပေါ့။ ကိုယ့်ကို လူမထင်တဲ့သူကို ကိုယ်ကပြန်ပြီးလူထင်နေဘို့ကိစ္စက ခဲယဉ်းသားဘဲ။ ဟုတ်ကဲ့ မှုတ်လား။ အခုတလောတော့ ဆရာတွေနဲ့လောက်ဘဲ၊ ကျွန်နော့်ပါမောက္ခ၀ရုတ်ဆီက စာရတယ်။ "မင်းတို့သပိတ်မှောက်ကောင်စီကကောင်တွေဟာ မျောက်တွေ၊ဘဲတွေ"တဲ့တခြားပါမောက္ခ ကတော့လဲ"ကျေးဇူးကန်းခွေးကောင်လေးတွေ၊ ငါ့အိမ်ကလက်ဘက်ရေကိုတော့ လာသောက်သွားတယ်" တဲ့။ နစ်နာချက် ဘာမှမရှိဘူးတဲ့။ ဘုရင်ခံက စုံစမ်းရေးကော်မတီမခန့်သင့်ဘူးတဲ့။ သိတ်ဟုတ်တဲ့အာစရိတွေဘဲ။ ဆရာလဲဆရာ၊ မျက်နှာကလဲမမဲတော့ ဒီစကားမျိုးပြောအား
ရှိတာပေါ့နော်။"

ရုတ်တရက် နွားကြီးသည်နောက်ချေးများယိုနေသည်ကိုမြင်ရ၍ နှစ်မိနစ်ခန့်စကားကိုရပ်တန့်ထားရ၏။
"ကျွန်တော်တို့ အခုလိုသပိတ်မှောက်တာကို...ဒီကောင်ကန်းကလေးတွေဟာ မွေးကတဲက ဥပဒေကြူးလွန်တက်တဲ့သူပုန်ဝသီပါလို့" တဲ့။ နောက်တခါ လမ်းပေါ်မှာလှဲအိပ်ရင် ဥပဒေကြူးလွန်နဲ့ဆော်ပစ်လိုက်မယ်တဲ့။ ဟုတ်ကဲ့မှုတ်လား။ အနှာကြောင့် ဒီလိုလူစားတွေကို ဘာမှထူးးထူးထွေထွေ ပြန်မပြောနေချင်ပါဘူးဗျာ။ ဟို-သူတို့အင်္ဂလိပ်လူမျိုး"ဆစ်တနီ-စမစ်" ရေးတဲ့စာကိုသာ ရွတ်ပြလိုက်ချင်တော့တယ်"

*အိုင်ယာလန်သည် အဘယ်ကြောင့် ဤမျှဆူပူနေသနည်း။ အကြောင်းရင်းဇစ်မြစ်ကိုသိလျက်နှင့်ပင် ထိမ်မြှပ်၍သင်တို့သည် ချော်တောငေါ့ကာ ထင်ရာပြောဘို့သာတတ်ကြ၏။ သင်တို့ဖိစီးနှိပ်ကွပ်သည်ကို မခံနိုင်ခြင်းကြောင့်သာ မဟုတ်ပါလော။ သင်သည် မြင်းတကောင်ကိုကြိုးနှင့်တုတ်၍ ရက်ရက်စက်စက်ရိုက်နှက်လျှင်-ထိုမြင်း သင့်ကိုပြန်၍ကန်ကြောက်က မြင်းကိုအဆိုး ဆိုမည်လော။ ခွေးတကောင်ကို နှစ်ရှည်လများညှင်းဆဲနှိပ်စက်ခဲ့ပြီးလျှင်- ထိုခွေး သင့်ကိုမြင်တိုင်း ဟောင်သောကြောင့် ခွေးကိုရူးသည်ဆိုအံ့လော။ အိုင်ယာလန်တိုင်းရင်းသားတို့သည် ပဋ္ဋိသန္ဓေအားဖြင့်ယုတ်ညံသောသဘောရှိကြ၍ အလွန်ဆူဆူပူပူလုပ်တတ်သည်ဟု သင်ကမစွပ်စွဲမှီ-သင်သည် သူတို့အား တန်းတူမိတ်ဆွေ လူလူချင်းဟု သဘောထားခဲ့ဘူးပါသလားမေးချင်၏။ သင်သည် သူတို့၏ကူးသန်းရောင်းဝယ်ရေးတွင် သူတို့အကျိုးကို ကြည့်ရှုကာကွယ်ခဲ့ဘူးပါ၏လော။ သင်သည်သူတို့၏ အမျိုး,ဘာသာ,သာသနာကိုလေးစားခဲ့ပါ၏လော။ သူတို့၏လွတ်လပ်ရေးကို သင်၏လွတ်လပ်ရေးကဲ့သို့ ခင်မင်လိုလားခဲ့ပါ၏လော။ အမှန်အားဖြင့် သင်သည် ဤသည်တို့ကို ဘာမှဂရုမစိုက်ခဲ့။ သင်ကား သူတို့မြေယာများကိုသိမ်းခဲ့၏။ သူတို့ကို သတ်ပြစ်ခဲ့၏။ တကျွန်းသို့ ပို့ခဲ့၏။ သူတို့နှင့်ထိုက်တန်သောအခွင့်အရေးများကို မပေးခဲ့။ သို့စဉ်လျက် အိုင်ယာလန်တိုင်းသားများဆူပူ၍ သင်တို့ကိုမုန်းသောအခါ-ထိုမုန်းတီးခြင်းမှာ ၎င်းတို့၏ပင်ကိုယ်သဘောထားယုတ်ညံ့ သောကြောင့်ဟူ၍လည်းကောင်း၊ အမျိုးကိုကပင် ခေတ်မမှီနိုင်အောင်ရိုင်းစိုင်းလျက် ယဉ်ကျေးသိမ်မွေ့ခြင်းငှါ လုံးလုံးမစွမ်းနိုင်ကြသူများဖြစ်
သည်ဟု သင်ဆိုရက်လေသည်......."။

နီလာရောင်ပြေးလျက်နေသော ကောင်းကင်သို့မော့လျက် ကျွန်တော်သည် စိတ်ပါလက်ပါ ထို ဆစ်တနီ-စမစ်၏ရွတ်လေပြီးသည်၏ အဆုံး၌ .....ကြည့်လိုက်ရာ...သရက်ပင်များကြားတွင် နွားနီမကလေးတကောင်နောက်သို့ သုတ်ခြေတင်၍သွားလေသော နွားကြီးကိုမြင်လိုက်ရပါ
သည်။ လာလမ်းဖြင့်ပြန်ခဲ့သောကျွန်တော်ကား စိတ်မကောင်းချေ။ နွားကြီးကိုသပိတ်အကြောင်းပြောရသည်မှာ ကျွဲပါးစောင်းတီးရှိလှ၏။ ဂရုစိုက်ပုံလည်းမပေါ်။ နားလည်ဟန်လည်းမရှိ။ ဟောရပြောရသူတွင်ကားမောလှ၏။ အို....နွားတွေ-နွားတွေ-နွားတို့သည်ကား အဟိတ်တိရစ္ဆာန်များသာဖြစ်ကုန်၏။ အန္ဓများသာဖြစ်ကုန်၏။ သပိတ်ကိုလည်းနားမလည်။ တရားကိုလည်းနားမ၀င်။ ဒင်းတို့၏၀ါဒနှင့် လုပ်ငန်းကား သံသရာတလျှောက်လုံး မြက်စား၍နောက်ချေးယိုပြီးလျှင် နွားမနောက်လိုက်ရန်သာ တတ်ကြလေတော့သတည်း။
ပြည်တွင်းမှရေးသားပေးပို့ပါသည်။
(ယူတာက ဒီကပါ) http://bdc-burma.blogspot.com/2010_01_13_archive.html

0 comments:

Post a Comment