မနေ့က Sandy မုန်တိုင်းမွှေနေချိန်မှာ အဝေးကမိတ်ဆွေတစ်ဦးက
သတင်းလှမ်းမေးပါတယ်။ သူ့အမေးကိုပြန်ဖြေရင်း ကျနော်က ”သမ္မတတော့ မုန်တိုင်းမိနေတဲ့ဘက်တွေကို
သွားချည်ပြန်ချည်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြီးကြပ်နေလေရဲ့”လို့ပြောမိတယ်။ မိတ်ဆွေက
”ကောင်းတာပေါ့ဗျာ၊ ဆောင်းပါးတပုဒ်လောက် ရေးပါလား” လို့ဆိုပါတယ်။ ရေးတော့ရေးချင်သား။
ကျနော်တို့ဆီ နာဂစ်ဝင်တုန်း ကနဲ့ နှိုင်းပြီးတော့ပေါ့လေ။ ရေးချင်တဲ့နောက်အကြောင်းက သမ္မတရွေးကောက်ပွဲနဲ့မုန်တိုင်းတိုးမိတာနဲ့၊
စီးပွားရေး ဗူးလေးရာဖရုံဆင့်ဖြစ်မယ့်ဟာကို သွားတွေးမိတာလည်းပါပါတယ်။ မုန်တိုင်းပြီးမှ
ပြန်လည် ထူထောင်ရေးက စရမှာလေ။ ထူထောင်ရေးကအလကားမှမရတာကိုးနော။ နောက် တချက်က ရွေးကောက်ပွဲ။
ဒီ ရွေးကောက်ပွဲက အမေရိန်အတွက်တင်မက ကမ္ဘာ့နိုင်ငံတွေအတွက်ပါ အရေးကြီးတာမဟုတ်လား။ အိုဘားမားကတော့
မဲဆွယ်ခရီးတွေဖျက်ပြီး မုန်တိုင်းရေးနဲ့နပမ်းလုံးနေတာပါ။ လူကိုယ်တိုင်လည်း မိုးထဲလေထဲ ကူးကလန်ခတ်နေတာ မြင်ရပါတယ်။
ဒါပေမယ့် မရေးဖြစ်ဘူး။ စိတ်ထဲလည်းတမျိုးပဲ။ ဝန်လည်းလေးနေသလိုပဲ။ မုန်တိုင်းအကြောင်းပြုပြီး
နှစ်ပါတီလုံးက ဘာနိုင်ငံရေးအမြတ်များ ထုတ်ကြဦးမလဲဆိုပြီး တွေးလည်းနေမိပါတယ်။ လက်တွေ့မှာလည်း လူမှုဒုက္ခတွေကနေ ထုတ်အယူခံလိုက်ရတဲ့
နိုင်ငံရေးအမြတ်တွေက နည်းမှမနည်းခဲ့တာကိုး။
ဘာပဲဖြစ်ဖြစ်
သူ အခု လုပ်နေတာတွေက တို့ဆီ နာဂစ်ဝင်တုန်းက စစ်ခေါင်းဆောင်တွေလုပ်ခဲ့တာနဲ့ ယှဉ်တော့
ဆီနဲ့ရေ၊ မိုးနဲ့မြေလိုပါလား..။ သာဓုခေါ်ထိုက်ပါတယ်လေလို့တွေးပြီး အိပ်ယာဝင်ခဲ့တာပါ။
အဲ... ဒီမနက်နိုးတော့ ဒေါသစိတ်နဲ့ဗျ။ နှိုးစက်နှိုးလို့ နိုးတော့ ရေဒီယိုကထုံးစံအတိုင်း
သတင်းပလင်း ”အတင်းအဖျင်းတွေနဲ့နံနက်ချိန်ခါတေးသံသာ”လာနေတယ်။ နောက်တော့ နိုင်ငံရေးတော်ကီပွားကြတဲ့
အခန်းဗျာ။ ကျနော် အဲ့လို ပွားခန်းတွေကို စိတ်လိုလက်ရနားထောင်ပေမယ့် အရေမရအဖတ်မရတွေဆို ထပိတ်လိုက်တာများပါတယ်။ ဒီနေ့တော့ မပိတ်ပဲဆက်နားထောင်မိတယ်ဗျ။
စကားနိုင်လုတာတွေဆို ရီရတယ်လည်းပါတယ်လေ။ အလယ်ထိုင်လုပ်ပေးသူက လှတောသားဆိုရင် ပြောမနေနဲ့။
ပိုတောင်ဆိုးသေး။ ဒီမနက်တော့ ရီပတ်ဘလီကင်န်ငနဲက ”မုန်တိုင်းထဲမှာ မဲဆွယ်နေပါရောလား…
တို့ပိုက်ဆံနဲ့ မဲဝယ်နေပါရောလား..”လို့ ထေ့တေ့တေ့လေးလုပ်တာဗျ။ ကျနော့်စိတ်ထဲ ဒီမှတ်ချက်ကြောင့်
မျက်ကနဲဖြစ်သွားတယ်။ ဒီလူ့နှယ်ကွာ ဆိုပြီး။
ဒီတင်မပြီးဘူး
ထပ်ပြောသေးတာဗျ။ ”သူ့အပူကို သူများအပူလိုလို ပူချင်ယောင်ဆောင်နေတာပါ။ တကယ်ဆိုလည်း သမ္မတပဲဟာ
ပူရမှာပေါ့။ မပူလို့ရမလား။ သူ မပူလို့ ဘယ်သူပူရမလဲ။ မပူချင်ရင် သမ္မတလုပ်မနေနဲ့ပေါ့”တဲ့။
ကျနော့်စိတ်ထဲ ပိုတောင် ဒေါမနဿဖြစ်မိပါရဲ့။ ဆက် နားထောင်ချင်စိတ်ပျောက်ပြီး ရေဒီယိုထပိတ်မိတော့မလို
ဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ မနေ့ကပဲသမ္မတက မီဒီယာတွေကိုပြောတာကို တွေ့လိုက်တယ်လေ။
”လူတွေအတွက် ပူတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအချိန်မီလုပ်ဖို့ ပူတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ
အတွက် ပူတယ်။ ဒီမုန်တိုင်းကြောင့်ထိခိုက်လာမယ့် တိုင်းပြည်စီးပွားရေးအတွက် ပူတယ်။ ရွေးကောက်ပွဲကတော့
သူ့သဘောသူဆောင်ပြီး အဆင်ပြေသွားမှာပါ။ မပူပါဘူး” ဘာညာပေါ့ဗျာ အဲ့လိုသဘောလေးပြောရှာ တယ်။
ပြောတဲ့အချိန်သူ့မျက်နှာမှာလည်း ကြောင့်ကြရိပ်တွေ မြင်နေရတာကိုး။
ရေဒီယိုနားထောင်ရင်း
စိတ်တွေပူလောင်တင်းကျပ်နေတာကို ဖျတ်ကနဲသိလိုက်တော့မှ ”ငါ့နှယ် ဖြစ်မှဖြစ်ရလေ”ဆိုတဲ့
သတိလေးဝင်လိုက်လို့ ဆုံးတဲ့အထိနားထောင်ဖြစ်တာပါ။ ပြီးတော့မှ ”အဲသလို ငါ ဘာလို့ဖြစ်ရသလဲ”လို့
ဆက်တွေးခဲ့ပါတယ်။ တကယ်တော့ ကျနော့်စိတ်အခံက ရီပတ်ဘလီကင်န်တွေကိုမှ မကြိုက်တာကိုး။ မကြိုက်တဲ့စိတ်အခံက
ရှိနှင့်နေပြီးသားကိုး၊ ရှိနှင့်ပြီးစိတ်အခံ အထိုင်ပေါ်ကနေ အကဲဖြတ်တာကိုး။ ဒီတင် ထွက်လာတဲ့အဖြေနဲ့ခံစားချက်ကလည်း
”ဒီလူ့နှယ်ကွာ”တို့ ”ဒေါမနဿ”တို့ဖြစ်လာတာကိုး။ ရီပတ်ဘလီကင်န်သမ္မတက အဲသလိုလုပ်နေတာကို
ဒီမိုကရက်တယောက်က ခုလိုပြောခဲ့ရင်ရောလို့တွေးမိပါတယ်။ သူလည်း ခု ဒီမောင် ပြောသလိုပြောမှာပါပဲ။
သိတ်တော့လည်း မဆန်းပါဘူး။ တကယ်က သူတို့လည်း သူတို့အလုပ် သူတို့လုပ်နေတာမဟုတ်လား။ ကိုယ်ကသာ
ကိုယ့်စိတ်အခံအတိုင်း လိုက်ခံစား၊ လိုက်တုန့်ပြန်နေမိတာကိုး။ ပြောမယ့်ဟာက ဒီလောက်ပါပဲ။
အဲဒါလေးရေးပြီးတင်ခါနီးဆဲဆဲကျမှ
ဗမာပြည်ထဲနေတဲ့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေလေးတယောက်က အိုဘားမားကို ကျေးဇူးရှင်ကြီးသဖွယ်၊ တိုင်းသူပြည်သားတွေရဲ့
မိဘကြီးသဖွယ် ထိုင်ဦးချချင်စိတ်ပေါက်မတတ်ပြောတော့တာပါ။ သူ့ဘာသာ ပြောတာကအရေးမကြီးဘူး
ကျနော့်ပါပြောခိုင်းတော့ ခက်သားလားဗျာ။ အဲသလိုကြီးတော့ မယူဆစေချင်ကြောင်း ပြန်ပြောပြတော့
သူစိတ်ဆိုးပုံပါပဲ။ ဘာမှဆက်မပြောတော့ဘူး။ ခု သူ ဆက်မပြောတာနဲ့ ကျနော် ဆက်ရေးဖြစ်သွားပါတယ်။
ဒီမှာက
စစ်တပ်ကို ဘယ်သူကမှ အမိအဖလို့သဘောမထားသလို စစ်တပ်ကလည်းမထားခိုင်းပါဘူး။ ထားခိုင်းရင်တော့
ဘယ်လိုနေမယ်မပြောတတ်ဘူးပေါ့ဗျာ။ ဒီမှာက လူတွေက စစ်တပ်ကို “ငါတို့ ပေးတာကိုစား၊ ကိုယ့်အတတ်
ကိုယ်ကျွမ်းအောင်လုပ်၊ အစိုးရပြောတာ နားထောင်၊ နိုင်ငံရေးထဲ ဝင်မရှုပ်နဲ့၊ ကိုယ့်နေရာကိုယ်သိ”
ကျနော့်စကား နည်းနည်းရိုင်းရင်ရိုင်းလိမ့်မယ်။ ဒါပေမယ့် သဘောကတော့ ဒါပါပဲ။ တကယ်လည်း
စစ်တပ်က အမြင်အရရော လက်တွေ့အရရော အဲ့အတိုင်းနေနေတာလို့ ပြောလို့ရမယ်ထင်ပါတယ်။ အတွင်းသဘောတွေကို
သေချာစောကြော ကြည့်ရင်တော့ တချို့နေရာတွေမှာ ပြောစရာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ထားလိုက်ပါ။
ဒီနေရာမှာ အဲဒါအကြောင်း ပြောမှမှမဟုတ်တာကိုး။ ခု ကျနော်ပြောသလိုနေတဲ့တပ်ကို နေနေရတဲ့တပ် ကို
ကြေးစားလို့ပြောပြော Professional လို့ဆိုဆို ဆိုနိုင်ပါတယ်။
နောက်တခုက
အစိုးရဗျာ။ အစိုးရကိုလည်း ဘယ်သူကမှ ဒီမှာ မိဘလို့သဘောမထားပါဘူး။ အစိုးရကလည်း မထားခိုင်းပါဘူး။
ထားခိုင်းရင် ဘယ်လိုနေမလဲ မပြောတတ်ဘူးဗျ။ အစိုးရကလည်း သူ့ကိုယ်သူ မိဘတို့ဘာတို့မပြောပါဘူး။
ပြည်သူပြည်သားကိုလည်း “ရင်ဝယ်သား”တို့ ဘာတို့ မပြောပါဘူး။ “ဘယ်လက်နဲ့ဘာပေးမယ်” “ညာလက်နဲ့
ဘာပေးမယ်”တို့လည်းမပြောပါဘူး။ ပြောလည်း လူတွေက ခံမယ်မထင်ပါဘူး။ လူတွေကအစိုးရကို “တို့
ရွေးထားတာမို့.. တို့ လခပေးမယ်၊ သေချာလုပ်၊ ကောင်းအောင်လုပ်၊ မလုပ်နိုင်ရင်ထွက်၊ မထွက်ရင်
နောက်တကြိမ် မရွေးဘူး၊ လူတွေစကားကိုနားထောင်၊ တဦးချင်းဆိုင်ရာအရေးတွေထဲဝင်မပါနဲ့ ကိုယ့်ဘာသာအေးဆေးနေ”
ဒီလောက်ပဲဗျ။ ဘယ် သမ္မတကမှလည်း သူ့ကိုယ်သူ “နိုင်ငံတော်”တို့ “နိုင်ငံအကြီးအကဲ” တို့၊
“အာဏာပိုင်” တို့ဆိုပြီးမပြောပါဘူး။ လက်တွေ့မှတော့ အဲဒါတွေအကုန် ပိုင်တာပါ။ ကျင့်သုံးတာပါ။
သိမ်မွေ့တာနဲ့ ကြမ်းတမ်းတာတော့ ကွာမှာပေါ့လေ။ ဘယ်အစိုးရအဖွဲ့ကမှလည်း ပဒေသရာဇ်တွေပြောတဲ့
မင်းကျင့်တရားဆိုတာကို မပြောတာ၊ မသုံးတာပဲဗျ။ ပြောရသုံးရအောင်လည်း မင်းမှ မဟုတ်တာကိုး။
အမေရိကန်ရဲ့ထူးခြားချက်က တိုင်းပြည်တချို့ကလူတချို့ ခုချိန်ထိ အမွန်အမြတ်ပြုကြရာ၊ စံထားရာ၊
ဦးညွှတ်ရာ၊ အထွဋ်တင်ရာအမျိုးသားရေးလက္ခဏာလို့ဆိုဆို၊ ပဒေသရာဇ်စိုးမိုးမှုပဲပြောပြော၊
လူတွေရဲ့ အသက်ကို၊ ဦးခေါင်းကို၊ ဆံပင်ကိုပိုင်တယ်ဆိုတဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်
မထွန်းကားခဲ့တာပဲ၊ မရှိခဲ့တာပဲ၊ ခေါ်စရာဘုရင် မပေါ်ခဲ့တာပဲဗျာ။ ဆိုတော့ဗျာ ခုချိန် မျက်မှောက်ခေတ်မှာ
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငန်းတို့ အမျိုး၊ ဘာသာ၊ သာသနာတို့ဆိုပြီး ထအော်စရာမရှိဘူးပေါ့။
အဲလိုတွေမရှိတော့ အဲဒါတွေကြောင့် ဖြစ်ရတဲ့ပြဿနာမရှိဘူးပေါ့ဗျာ။ သဘောကဗျာ မင်းကြောင့်ဖြစ်ရတဲ့ပြဿနာ
မရှိဘူးဗျာ။ မင်းကျင့်တရားကြောင့်ဖြစ်ရတဲ့ပြဿနာ မရှိဘူးဗျာ။ အခြားပြဿနာတွေတော့ ရှိတာပေါ့။
လူတွေကလည်း အစိုးရကို မင်းလို့ သဘောမထားကြဘူးဗျာ။ ပြောရရင် အစိုးရကလည်း အစိုးရလို့သာပြောတာပါ။
တကယ်က ဘယ်မှာလာ အစိုးရလိမ့်မတုန်း။ လူထုမကြိုက်ရင်
သက်ဇိုးက ရှည်မှမရှည်တာကိုး။
အစကနေပြန်ကောက်ရရင်
ခု မုန်တိုင်းအရေးမှာ အိုဘားမားလုပ်နေတာတွေ ကောင်းပါတယ်။ လူတွေလည်း ကြိုက်ပါတယ်။ သူလည်း
သူ့အလုပ်ကိုတာဝန်ကြေကြေ လုပ်နေပါတယ်။ တဘက်ကလည်း သူကောင်းကောင်းလုပ်ပေးရင် ရွေးကောက်ပွဲကျ
သူ့အတွက်မဲတွေလည်း ဒလဟောဝင်လာမှာပါပဲ။ နောက်တကြိမ် သမ္မတဆက်လုပ်ရမှာပါပဲ။ ဘာပဲပြောပြော
သူ ခုလိုလုပ်နေတော့ အနည်းဆုံး အပြောတော့လွတ်တာပေါ့။ ဗမာပြည်မှာက အဲသလိုမဟုတ်တော့
နည်းနည်းလေး ထလုပ်ပြလိုက်ရင်ကိုပဲ နေရင်းထိုင်ရင်းကျေးဇူးရှင်ကြီးဖြစ်သွားတာကိုး။ ဒီမှာက
လုပ်လို့ ကျေးဇူးရှင်ကြီးဖြစ်မယ် မထင်နဲ့။ မလုပ်မှသာ အတုတ်ခံရမှာလေနော။ ခု သမ္မတလည်း
ဒါကို သိတာပေါ့။ သိလို့လည်း လုပ်တာပေါ့။ မလုပ်ပဲနေကြည့်ပါလား အတွယ်ခံရမှာပေါ့။ ဒီမှာက
လူတိုင်း ကိုယ့်အလုပ်ကိုယ်လုပ်ကြရတာပါ။ လုပ်ဖို့လည်း တန်ရာတန်ကြေး ပေးထားပြီးသားပဲဟာ။
သူ့အလုပ်ကိုယ့်အလုပ် သွားစွက်ဖက်လို့လည်း မရပါဘူး။ စွက်လို့မရအောင်လည်း သူ့နည်းနဲ့သူ့စည်းရှိတယ်၊
ထားတယ်၊ ကျင့်သုံးတယ်ဆိုပါတော့ဗျာ။ စစ်တပ်က စစ်တပ်အလုပ်၊ အစိုးရက အစိုးရအလုပ်၊ ကွန်ဂရက်စ်က
ကွန်ဂရက်စ်အလုပ်၊ တရားရုံးတွေက တရားရုံးအလုပ်၊ လူတွေကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ပေါ့ဗျာ။
ကိုယ့်အလုပ်ကိုယ်လုပ်ကြတာမို့ ဘယ်သူ့ဘယ်သူမှ ကျေးဇူးတင်နေစရာ အကြောင်းမရှိပါဘူး။ တင်စရာလည်း
မလိုပါဘူး။ လုပ်တဲ့အလုပ်ကို ကြေကြေပွန်ပွန်လုပ်ရင်တော့ Thank you very much ဘာညာပြောမှာပါပဲ။
လုပ်တဲ့အတွက်လည်း Appreciation တွေဘာတွေတော့ လုပ်တာပါပဲ။ လုပ်ကြတာပါပဲ။ အကြေပွန်ဆုံးဆို
ထိုက်ထိုက်တန်တန်တောင် ဂုဏ်ပြုပေးတာပါပဲ။ ဂုဏ်ပြုခံရတာနဲ့ ကျေးဇူးရှင်ကြီးနေရာပေးတာ
ယူတာမှာကွာပါတယ်။ ဒီနေရာမှာ အခမဲ့စေတနာ့ဝန်ထမ်းလုပ်တာတွေ ကိုယ်ကျိုးစွန့်အနစ်နာခံတာတွေတော့
မပါဘူးပေါ့။ သူက သတ်သတ်ပြောရမှာပါ။
ဗမာပြည်ကျတော့
စစ်တပ်ကလည်း အမိအဖဖြစ်လိုဖြစ်။ အစိုးရလည်း မိဘနေရာယူလိုယူ။ တိုင်းသူပြည်သားလည်း သားသမီးဖြစ်လိုဖြစ်။
စစ်ဗိုလ်ကလည်း ကျေးဇူးရှင်ကြီးလုပ်လို လုပ်၊ နိုင်ငံတော်အကြီးအကဲလို့ ပြောလိုပြော၊ အမျိုးသားရေးဆိုပြီး
လူမျိုးစုတစုခြင်းအလိုက် ကိုယ့်အလံကိုယ်ထောင်၊ မင်းကျင့်တရားဆိုတာ ဘယ်သို့ဘယ်ချမ်းသာ၊
အမျိုးဘာသာသာသနာဆိုတာ ဘာညာဆိုပြီး အော်သူကလည်းအော် ပြောရရင်အများကြီးဗျာ။ အဲသလို အနေအထိုင်
အတွေးအခေါ် အကျင့်အကြံတွေနဲ့ အသားတကျရှိနေသူတချို့ထဲမှာ ခု ကျနော်ပြောတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က မိတ်ဆွေလေးလည်း
ပါမယ်ထင်တာပါပဲ။ သူ့ ကျေးဇူးရှင်ကြီးကို ခုလိုပြောရကောင်းလားဆိုပြီး ကျနော့်ကို ဒေါကန်ရင်လည်း
ခွင့်လွှတ်စိတ်ကလေးနဲ့ အခမဲ့ ဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ကြောင်းပြောပါရစေ။
မျိုးမြင့်ချို
အောက်တိုဘာ ၃၁ ရက် ၂ဝ၁၂ ရက်။
0 comments:
Post a Comment