Thursday, November 1, 2012

Politicide(သို့)လူ့အဖွဲ့အစည်းတစ်ခုအားနိုင်ငံရေးအရ အသေသတ်ခြင်း(အပိုင်း-၁) ဦးဦးမှော်ဆရာ

0 comments
Politicide  ဟူသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအား လူမှုရေး၊ နိုင်ငံရေး၊ စစ်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှဖိအားပေးဖြိုခွင်းခြင်းအားဖြင့် ယင်းလူ့အဖွဲ့အစည်းသည် မိမိကြမ္မာမိမိဖန်တီးနိုင်စွမ်းမရှိစေခြင်းငှာ စနစ်တကျနှင့်ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရအသေသတ်ခြင်းမျိုးကို ဆိုလိုပေသည် ။ Politicide ကို မြန်မာမှုပြုလျှင် နိုင်ငံရေးအရအသေ သတ်ခြင်းဟူ၍ ခေါ်ဆိုရမည်ပင်ဖြစ်သည်။
Politicide ဟူသောခေါင်းစဉ်နှင့်ပက်သက်၍ စာဖတ်သူများရှင်းလင်းစွာသဘောပေါက်စေရန် အလွယ်တကူသိမြင်နိုင်သော ကမ္ဘာကျော်အစ္စရေး-ပါလက်စတိုင်းအရေးနှင့် ဥပမာပေး၍ရးသားပါမည် ။ အစ္စရေး-ပါလက်စတိုင်းအရေးနှင့်ပတ်သက်ပြီး ဂဃနဏမသိသူများကမူ “ဦးဦးမှော်ဆရာ ဒီတခါလည်း ပါလက်စတိုင်းဘက်က ပါပြန်ပြီ။ အစ္စရေးက သူတို့နိုင်ငံကိုသူတို့ ကာကွယ်ဖို့အတွက်ကလွဲပြီး ပါလက်စတိုင်းကိုဘာများဆိုးဆိုးရွားရွားလုပ်ခဲ့လို့လည်း” ဟု တွေးနိုင်ပါသည် ။ - ဟုတ်ကဲ့ပါခင်ဗျာ ။ အစ္စရေးနိုင်ငံစတင်တည်ထောင်သည့် ၁၉၄၈ ခုနှစ်မှစ၍ ယနေ့ချိန်ထိ သူတို့နိုင်ငံကိုသူတို့ ကာကွယ်ဖို့အတွက်ရော၊ စိတ်ကူးထဲမှဂျူးသမ္မတနိုင်ငံစစ်စစ်အဖြစ် ထူထောင်ဖို့အတွက်ပါ ပါလက်စတိုင်း လူမျိုးများအပေါ်တွင် Politicide ခေါ်  နိုင်ငံရေးအရအသေသတ်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျလုပ်ဆောင်ခဲ့တယ်လို့သာဖြေရပါမည်။ ယခုဆောင်းပါးတွင် အစ္စရေး၏လုပ်ရပ်များ အောင်မြင်သည်၊ မအောင်မြင်ဘူးဆိုတာကို ဆန်းစစ်ဝေဖန်လိုသည်မဟုတ်ဘဲ Politicide လုပ်ခြင်းအကြောင်းကိုသာ သီးခြားဖေါ်ပြလိုသော ရည်ရွယ်ရင်းသာဖြစ်ပါသည် ။
Politicide လုပ်ခြင်းနှင့်ပက်သက်၍ရှင်းလင်းစေရန်ခါင်းစဉ်ခွဲ၍ရးသားပါမည်။

(၁) လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲ ?

(၂) Politicide ဘယ်လိုလုပ်တာလဲ ?

(၃) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်တာကို ပြည်သူတွေယုံကြည်လက်ခံအောင် ဘယ်လိုဝါဒဖြန့်သလဲ? ဤမေးခွန်းများကိုဖြေရန် အစ္စရေးနိုင်ငံကိုဥပမာပြရင်းရေးသားပါမည် ။
(၁) လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲ ?
ဤအချက်ကိုအရှင်းဆုံးဖြေရလျှင် လူမျိုးရေး ၊ ဘာသာရေးအရကွဲပြားမှုကိုအခြေခံသည့် မုန်းတီးမှုကြောင့်ဖြစ်သည်။ ထိုမှတဆင့်တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့်နိုင်ငံမျိုးထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာကောင်းသော လိုလားချက်ကြောင့်ဖြစ်သည်။
ပါလက်စတိုင်းဒေသမှ ဂျူးများအတွက်နယ်မြေအား ကုလသမဂ္ဂဆုံးဖြတ်ချက်ဖြင့် ၁၉၄၇ ခုနှစ် ၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် သတ်မှတ်ပေးခဲ့သည် ။ သို့ရာတွင် ၁၉၄၈ ခုနှစ်ရောက်သောအခါ ယင်းနယ်မြေမှာ ကုလသမဂ္ဂသတ်မှတ်ပေးထားသည်ထက် များစွာပင်နယ်ကျော်နေပြီဖြစ်သည်။ ထိုစဉ်က ပါလက်စတိုင်းဒေသတွင်အခြေချနေထိုင်သောဂျူးတို့၏အမြင်၌ မိမိတို့အတွက် သတ်မှတ်ပေးထားရာနယ်မြေအတွင်း အာရပ်များမရှိစေရဟူ၍လည်းကောင်း၊ ဂျူးတို့နယ်မြေတွင် မူလရှိနှင့်ပြီးသော အာရပ်နှင့်ပါလက်စတိုင်းများ လူမှုရေးအင်အားစုတစ်ရပ်အဖြစ်လည်းကောင်း၊ နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ်လည်းကောင်း ရပ်တည်နေခြင်းကိုလက်မခံနိုင်ကြချေ။ အစ္စရေးနိုင်ငံ၏ဒီမိုကရေစီဆိုသည်မှာလည်း ဂျူးလူမျိုးများအတွက်သာသီးသန့်ပြဌာန်းထားသော လူမျိုးရေးခွဲခြားသည့်ဒီမိုကရေစီသာဖစ်သည် ။

ဤနေရာတွင် အစ္စရေးနိုင်ငံရေးလောက၌ ရေပန်းစားခဲ့သောအဆိုနှစ်ရပ်ကို ဆွေးနွေးရန်လိုအပ် လာပေသည်။
တစ်အချက်မှာ အစ္စရေးနိုင်ငံရေးသမားများနှင့် ပညာတတ်ပုဂ္ဂိုလ်များ၏လက်သုံးစကားဖြစ်သော အစ္စရေးနိုင်ငံ မြေပုံပေါ်မှပျောက်ကွယ်သွားသည်အထိချေမှုန်းခံရနိုင်သည်ဟူသောအန္တရာယ်သတိပေးချက် ဖြစ်သည်။ (အမှန်တကယ်လည်း ရန်သူအာရပ်နိုင်ငံများအလယ်တွင်ရပ်တည်နေသောအစ္စရေးနိုင်ငံအဖို့ ထိုသို့သောသတိပေးချက်သည် လွန်ကျူးသည်ဟုမဆိုသာပေ)

ဒုတိယအချက်မှာမူ အစ္စရေးနိုင်ငံအတွင်းရှိ ဂျူးတို့၏လူဦးရေအချိုးအစားအရအသာစီးရမှုသည်ပင် အစ္စရေးနိုင်ငံအား ဂျူးနိုင်ငံဖြစ်သည်ဟူသော အမျိုးသားရေးလက္ခဏာဖြစ်ရာ၊ လူဦးရေအချိုးအစား၌ ဂျူးတို့လျော့နည်းလာသည်နှင့်အမျှ အစ္စရေးနိုင်ငံမှ ဂျူးတို့၏လူမျိုးရေးစရိုက်လက္ခဏာများ တိမ်းပါးသွားနိုင်သည်ဟူသော အယူအဆဖြစ်သည် ။

ယင်းအချက်နှစ်ချက်ကို ပြန်လည်ပေါင်းစပ်လိုက်သော် အစ္စရေးနိုင်ငံတွင်း၌ ဂျူးတို့၏လူဦးရေအချိုးအစားလျော့ပါးလာခြင်းသည်ပင် အစ္စရေးနိုင်ငံလုံးဝပျက်သုဉ်းခြင်းသို့ ဦးတည်သွားစေနိုင်သည်ဟူသောယူဆချက်ဖြစ်သည်။ ထိုအကြောင်းကြောင့်လည်း သိမ်းပိုက်ရရှိသောအာရပ်နယ်မြေတစ်ချို့ကို ငြိမ်းချမ်းရေးအတွက်ဟုအကြောင်းပြ၍ ပြန်လည်ပေးအပ်ခဲ့သည်။ အမှန်မှာ ထိုသိမ်းပိုက်ခံဒေသများမှ သန်းပေါင်းများစွာသောပါလက်စတိုင်းလူမျိုးများကိုပါ အစ္စရေးနိုင်ငံသားများအဖြစ်ထည့်သွင်းခြင်းဖြင့် လူဦးရေအချိုးအစား ကွာခြားသွားနိုင်သောကြောင့် ဖြစ်သည်။

မှတ်သားဖွယ်ရာတစ်ချက်မှာ ယခင်ကတည်းက ပါလက်စတိုင်းဒေသ၌နေထိုင်လာခဲ့သော ဂျူးလူ့အဖွဲ့အစည်းများမှာသီးသန့်စီတည်ထောင်ထားခဲ့ခြင်းဖြစ်ပြီး ဒေသခံပါလက်စတိုင်းများနှင့် 
ရာရောနှောနှောမရှိခဲ့ဟူသောအချက်ဖြစ်သည်။ နောင်တွင် ထူထောင်ကောင်းထူထောင်နိုင် ဖွယ်ရှိသည့်ဂျူးနိုင်ငံဆိုသည်ပင် ဂျူးများအတွက်သာသီးသန့်ဖြစ်ပြီး၊ ယင်းနယ်မြေဒေသအတွင်း မူလထဲကနေထိုင်ခဲ့ကြသည့် ပါလက်စတိုင်းများအရေးကို လုံးဝထည့်သွင်းစဉ်းစားထားခြင်းမရှိချေ။ ဤမျှမက အစ္စရေးနိုင်ငံမပေါ်ပေါက်မှီကတည်းက ယင်းဒေသတွင် ဂျူးလူမျိုးစုအပြင် အာရပ်လူမျိုးများပါ အခြေချနေထိုင်ခဲ့သည်ဆိုသည်ကိုပင် လုံးဝလက်မခံနိုင်ဘဲ ကျူးကျော်သူများအဖြစ်သာ ယူဆထားကြသည်။ ဤသည်မှာပင် ယနေ့ပြဿနာများ၏အခြေအမြစ်ဟု ဆိုကောင်းဆိုနိုင်ပေသည် ။

၎င်းတို့၏အယူအဆအရဆိုလျှင် ဂျူးနိုင်ငံတစ်နိုင်ငံရှင်သန်လွတ်မြောက်ရေးဟူသည်မှာ နိုင်ငံတွင်းမှဒေသခံပါလက်စတိုင်းများကို အမြန်ဆုံးရှင်းလင်းနိုင်ရေးအပေါ်တွင်မူတည်သည်ဆို၏။ တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ အစ္စရေးစစ်ဦးအရာရှိချုပ်မိုရှေယာလွန်က ပါလက်စတိုင်းတို့အား ကင်ဆာရောဂါနှင့်တူသည်ဟု ခိုင်းနှိုင်းခဲ့သည်။ ၄င်းပြင် သိမ်းပိုက်နယ်မြေများအတွင်း အစ္စရေးတို့၏စစ်ရေးအရလုပ်ဆောင်မှုများအား ကင်ဆာရောဂါသညများကိုကုသသည့် ကီမိုဆေးသွင်းနည်း (Chemotherapy)နှင့် နှိုင်းယှဉ်ခဲ့သည်။ ၄င်းဆိုလိုသည်မှာ ပါလက်စတိုင်းတို့အား ပို၍ပြင်းထန်သောနည်းလမ်းများဖြင့် ကိုင်တွယ်သင့်သည်ဆို၏။ ဤသည်ကို ထိုစဉ်က၀န်ကြီးချုပ်ဖြစ်သူ ရှာရွန်ကလည်း ထောက်ခံခဲ့သည်။ ထို့ကြောင့်လည်း အစ္စရေးနိုင်ငံအတွင်းရှိ ဒေသခံပါလက်စတိုင်းတို့မှာ အခွင့်အခါကောင်းနှင့်ကြုံပါက (ဂွင်ဝင်သည့်အခါတိုင်း)ပြင်းထန်စွာဖိနှိပ်ခံရရုံမျှမက နိုင်ငံအတွင်းမှပင်မာင်းထုတ်ခံရမည့်
အလားအလာများရှိနေပေသည် ။
(ဒုတိယပိုင်းဆက်လက်ဖတ်ရှုပါရန်) ဦးဦး မှော်ဆရာ
(ယူတာဒီနေရာကဖြစ်ပါတယ်) http://www.facebook.com/uu.mhawsayar

0 comments:

Post a Comment