နိုဝင်ဘာ ၁ ရက်
၂၀၁၂ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး။သောတရှင်များ ခင်ဗျား..နဝတ၊ နအဖ စစ်အစိုးရတွေလက်ထက်ကနေ အခုချိန်ထိ အပစ်အခတ် ရပ်စဲရေးတွေ ဖြစ်ခဲ့တယ်ဆိုတာ
ငြင်းမရတဲ့အချက်ဖြစ်ပါတယ်။ အပစ်ရပ်ကြတယ် ဆိုတာ ကောင်းတဲ့လုပ်ရပ်ဖြစ်ပြီး ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်
အစ ပျိုးချက်အနေနဲ့ မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။ နောက်တဆင့်ကျမှ မျက်နှာချင်း ဆိုင်ကြ၊
ပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာကြ၊ ဖြေရှင်းဖို့ဝိုင်းဝန်းကြံဆကြ၊ တဘက်နဲ့တဘက်အပေးအယူလုပ်ပြီး နောက်ဆုံးမှာ ငြိမ်းချမ်းရေးကိစ္စကို ငြိမ်းချမ်း တဲ့နည်းနဲ့ပြီးဆုံးစေရတာဖြစ်ပါတယ်။
တနည်းပြောရရင် နိုင်ငံရေးအရဖြေရှင်းကြရ တာပါပဲ။ အရင်းခံက နိုင်ငံရေးပြဿနာဖြစ်နေလို့
ဒီကိစ္စကိုနိုင်ငံရေးအရ ရှူမြင်ဖို့လိုသလို ချဉ်းကပ်အဖြေရှာ တာကိုလည်း နိုင်ငံရေးအရပဲရှာရပါလိမ့်မယ်။
အမြစ်တွယ်နေတဲ့ အနာဆွေးအနာဟောင်းကို ဆေးမြီးတိုနဲ့ လက်ပူတိုက်ရင် မပျောက်တဲ့အပြင်ပိုဆိုးသွားတတ်တာကို
သတိပြုရမှာ ဖြစ်ပါတယ်။
နဝတ၊ နအဖနဲ့လက်ရှိဦးသိန်းစိန် အစိုးရတွေဟာ ဒုတိယအဆင့်ဖြစ်တဲ့ နိုင်ငံရေးအရဆွေးနွေးတဲ့ဆီကို
ဦးတည်သွားနေသလားဆိုရင်တော့ ခုချိန်ထိတော့ မဟုတ်သေးဘူးလို့ပြောနိုင်ပါတယ်။ တချို့ကိစ္စတွေမှာ ဆိုရင်
ရောဂါရင့်ကိုဆေးမြီးတိုနဲ့ကုတာတောင်မဟုတ်ပဲ ဆီမန်း မန်း နေသလိုဖြစ်ပြီး တချို့ကိစ္စတွေ မှာကျတော့
ရောဂါပျောက်အောင်လို့ လူနာကိုကိစ္စတုံးလုပ်နေလားလို့တောင်တွေးချင်စရာတွေဖြစ် လာပါတယ်။
ပြောချင်တာက နှစ်ဘက်အပစ်ရပ်ကြချိန်က မူလသဘောတူညီချက်မှာမပါတဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းခိုင်းတာ၊
ပြည်သူ့စစ်လုပ်ခိုင်းတာနဲ့အကြွင်းမဲ့လက်နက်ချခိုင်းတာတွေကို ဆိုလိုတာဖြစ်ပါတယ်။ တဘက်အင်အားစုတွေက
ပြောတဲ့အတိုင်းမလုပ်လို့ သဘောတူညီချက်တွေကို တဘက်သတ်ချိုးဖေါက်ပြီး အင်အားသုံးထိုးစစ်ဆင်နေတာတွေလည်း
မြင်ကြရမှာပါ။ နိုင်ငံတကာနဲ့ပြည် တွင်းကိုတော့ အစိုးရမီဒီယာတွေကနေတဘက်သတ်ဝါဒဖြန့်ပြီး
နိုင်ငံရေးလက်ဦးမှုနဲ့ အသာစီးယူနေတာတွေလည်း တွေ့နေရပါတယ်။
သောတရှင်များခင်ဗျား…
နောက်တချက်က ဖြေရှင်းကြမယ့်ဘက်တွေနဲ့ဆိုင်တဲ့ကိစ္စကိုပြောချင်ပါတယ်။
စတင်ကမ်းလှမ်းသူဟာ ဘယ်သူဖြစ်ဖြစ်သိပ်အရေးမကြီးဘူးလို့ဆိုကြပေမယ့် အစိုးရဘက်က စတင်ကမ်းလှမ်းတာမျိုးဟာ
သဏ္ဍန်အရရောအနှစ်သာရအရပါ အဓိပ္ပါယ်ပိုပြည့်ဝသလို လုပ်ရိုးလုပ်စဉ်လည်းဖြစ်နေပါတယ်။ တဘက်အင်အားစုတွေက
စကမ်းလှမ်းတာဆိုရင်လည်း အစိုးရဘက်က လိုလိုလားလားနဲ့ကြို ဆိုပြီး နွေးနွေးထွေးထွေးလက်ခံ
ဆွေးနွေးကြရမှာဖြစ်ပါတယ်။ အစိုးရက စကမ်းလှမ်းသူဖြစ်တယ်ဆိုရင် ပိုတောင်မှအရေးကြီးပါတယ်။
အစိုးရဆိုတာက ဘယ်ပုံစံနဲ့ပဲအာဏာယူထားထား အာဏာပိုင်သူဖြစ် ပါတယ်။ အာဏာပိုင်သူဟာ ဖန်တီးနိုင်စွမ်းရှိသူဖြစ်ပါတယ်။
အရိုးစင်းဆုံးပြောရရင် အာဏာဆိုတာ လုပ်ပိုင်ခွင့်ပါ။ လူတယောက်ဟာ ဘယ်လောက်ကောင်းအောင်လုပ်ချင်နေပါစေ၊ သူ့မှာ အာဏာမရှိရင် သူမျှော်မှန်းရည်မှန်းသလိုလုပ်လို့မရနိုင်ပါဘူး။
ဒီ့အတွက် ငြိမ်းချမ်းရေးဖြစ်ဖို့ နှစ်ဘက်စလုံးမှာ တာဝန်ရှိကြတာချင်းအတူတူဆိုရင်တောင် အစိုးရမှာပိုပြီးတာဝန်ရှိပါတယ်။ ပိုပြီးတော့လည်း တာဝန်ကြီးပါတယ်။ တန်းတူရည်တူဆွေးနွေးပွဲဖြစ်ဖို့ဆိုတာ အစိုးရရဲ့တာဝန်ဖြစ်ပါတယ်။
တန်းတူရည်တူဆွေးနွေးခွင့်ရှိမှလည်း ငြိမ်းချမ်းရေးခရီးက တွင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့် အစိုးရဟာ စကမ်းလှမ်းသူဖြစ်တိုင်းမှာ အစစ်အမှန်ဖြစ်ဖို့နဲ့နိုင်ငံရေးအမြတ်ထုတ်တာမဖြစ်ဖို့
အဓိကထားရမှာဖြစ်ပါတယ်။ ဒါကို တဘက်အင်အားစုတွေ ယုံကြည်အောင်ဆိုတာကလည်း အလုပ်လက်တွေ့နဲ့သာပြလို့ရပါတယ်။
ယုံကြည်မှုဟာ အခရာအကျဆုံးကိစ္စဖြစ်နေလို့ပါပဲ။ အစိုးရကမ်းလှမ်းချက်ဟာ နိုင်ငံရေးပရိယယ်ဖြစ်နေတယ်ဆိုရင်တောင်မှ
တဘက်အင်အားစုတွေမှာ ငြင်းပယ်ဖို့ရာအလွန်ခက်လှပါတယ်။ လက်ခံရေး/မခံရေးကြောင့် နိုင်ငံရေး စည်းရုံးရေးသဘောအရ
အဖွဲ့အစည်းတွင်းနဲ့လူထုကြားမှာ အကျပ်ရိုက်ရတတ်ပါတယ်။ ပရိယာယ်ပါတဲ့ကမ်းလှမ်းချက်ကြီးမို့
ငြင်းပြန်ရင်လည်း ငြိမ်းချမ်းရေးမလိုလားသူလို့အယိုးစွပ်ခံရပြီး ဝါဒဖြန့်ထိုးနှက်စရာပေးလိုက်ရပြန်ပါတယ်။
ပရိယာယ်မှန်းသိသိကြီးနဲ့သွားဆွေးနွေးပြီး၊ ဆွေးနွေးပွဲပျက်တော့ နိုင်ငံရေးအရအပုတ်ချခံရတဲ့အဖြစ်တွေ ဗမာ့သမိုင်းမှာရောကမ္ဘာ့သမိုင်းမှာပါအထင်အရှားရှိပါတယ်။
တချို့ဆိုရင် ငြိမ်းချမ်းရေးနဲ့မျှားခေါ်ပြီး အပျောက်ရှင်းခံရတာတွေလည်းရှိတတ်တာမို့
ကိုယ့်လည်ပင်းစွပ်မယ့်ကြိုးကို ဘယ်သူမှတော့ကျစ်ပေးချင်ကြလိမ့်မယ်မဟုတ်ပါဘူး။
အပစ်ရပ်ရေးကမ်းလှမ်းရာမှာ အရေးပါတဲ့နောက်တချက်က Time Frame လို့ဆိုတဲ့
အချိန်သတ်မှတ်မှုဖြစ် ပါတယ်။ အပစ်ရပ်ပြီးဘယ်လောက်ကြာရင် နိုင်ငံရေးစကားစပြောမယ်ဆိုတဲ့
အချိန်သတ်မှတ်မှုတိတိကျကျ ရှိကိုရှိရပါလိမ့်မယ်။ အဲဒီ အချိန်သတ်မှတ်မှုကိုလည်း အပစ်ရပ်ကြချိန်က
နှစ်ဘက်သဘောတူခဲ့ကြရ မှာဖြစ်ပါတယ်။ အခု ဖြစ်နေတာတွေက နောက်အစိုးရတက်မှပြောကြတာပေါ့ဆိုတဲ့အချက်နဲ့
စတင်အပစ်ရပ်ခဲ့တဲ့ (၁၉၈၉) ကနေ ခုဆို (၂၃) နှစ်သာကြာသွားခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းမှနိုင်ငံရေးစကား ပြောခွင့်မရခဲ့ကြပါဘူး။
နိုင်ငံရေးအရဖြေရှင်းခွင့်ကိုလည်းမပေးခဲ့ပါဘူး။ နိုင်ငံနဲ့ချီတဲ့ကိစ္စကြီးတွေမပြောနဲ့
သာမန်လူမှုကိစ္စလေးတွေမှာတောင် အချိန်သတ်မှတ်မှုအတိအကျရှိရသလို သတ်မှတ်ချိန်မှာကိစ္စတွေ
ပြီးပြတ်အောင်လုပ်မှရပါတယ်။
နောက်တချက်က တိုင်းပြည်အပေါ်ရိုးသားမှုပါ။ ရိုးသားသူဟာ ဘယ်အခြေအနေမှာဖြစ်ဖြစ်
ကိုယ့်ဘက်က စ ကမ်းလှမ်းဖို့ဝန်မလေးတဲ့သူ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အောက်စီးရောက်နေလို့
ဒါမှမဟုတ် အသာစီးရနေလို့ဆိုတဲ့အထိုင်ပေါ်ကနေ တွက်ချက်ပြီးလုပ်တာဟာ Political Ethic လို့ဆိုတဲ့
နိုင်ငံရေးကျင့်ဝတ်နဲ့လည်းမညီပါဘူး။ ကမ်းလှမ်းမှုဟာ ကျင့်ဝတ်နဲ့ညီပြီးရိုးသားမှုအခြေခံမှ
နတ်လူသာဓုခေါ်မှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတာတွေချည်းလျှောက်လုပ်နေပြီး ကျင့်ဝတ်ကိုပယ်ထားတဲ့နိုင်ငံရေးမျိုးဟာ
ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့နိုင်ငံရေးမျိုးပါပဲ။ “ဖြစ်နိုင်ချေရှိတာကိုလုပ်တာဟာနိုင်ငံရေး”လို့
ဘယ်လိုပဲပြောပြော “ကျင့်ဝတ်အရလုပ်ရတဲ့နိုင်ငံရေး”ကတော့ စံထားရမယ့်အရာဖြစ်ပါတယ်။ ဒါ့ကြောင့်နိုင်ငံရေးသမားတွေထဲမှာ
“မှန်းချက်ပေါက်ရင်လမ်းမှန်လို့” လို့ ဆိုသူကဆိုပြီး “ကျင့်ဝတ်နဲ့ညီမှနိုင်ငံရေး”လို့ ပြောသူကပြောကြတာ
ဖြစ်မှာပါ။ အာဏာနိုင်ငံရေးရဲ့အရင်းခံသဘောဖြစ်တဲ့ Real Politics နဲ့သွားနေသူတွေရဲ့နိုင်ငံရေးဟာ
ပရိယာယ်ဝေဝုစ်တွေများလှသမို့ လူတွေ မျက်စိလည်ချင်စရာပါပဲ။ ဒါ့ကြောင့်မို့ အဲသလိုနိုင်ငံရေးမျိုးကို ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကျယ်တို့၊ ပြည်ထဲအရေးပေါက်နဲ့ကျေးတို့၊ ရာဇပရိယာယ်တို့ဆိုပြီး တင်စားနေကြတာများလားလို့တွေးမိပါတယ်။ ငြိမ်းချမ်းရေးကိစ္စမှာတော့
ပရိယာယ်ဆိုတာဟာ လိုအပ်ချက်မဟုတ်ပါဘူး။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment