Thursday, November 15, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ-အပိုင်း(၂၈) (မျိုးမြင့်ချို)

0 comments
နိုဝင်ဘာ ၁၅ ရက် ၂ဝ၁၂ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါ တယ်။ သောတရှင်များခင်ဗျား..(၁၉၈၉)ကနေ (၁၉၉၁)အတွင်း လုပ်ခဲ့တဲ့ အပစ်ရပ် (၈)ဖွဲ့အနက် ဒုတိယအဖွဲ့ကတော့ UWSA လို့ လူသိများတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ပဲဖြစ်ပါတယ်။ (၁၉၈၉)ခု (၅)လပိုင်းထဲမှာအပစ်ရပ်ခဲ့တဲ့ ဒီအဖွဲ့ကိုလည်းပဲ အပစ်ရပ် တဲ့နေ့မှာပဲ မတရားသင်းကနေ ညတွင်းချင်းပယ်ဖျက်ပေးခဲ့ပါတယ်။  ဒီ ဝ အဖွဲ့ဆိုတာဟာ အရှေ့မြောက်ဒေသကို ဗကပတွေအခြေချပြီး တဲ့နောက် သိမ်းသွင်းစည်းရုံးရာကနေ လက်နက်တပ်ဆင်ပေးပြီး ဗကပရဲ့တပ်ဖြစ်လာခဲ့တာပါ။ ခုမှ ဝ အဖွဲ့ဆိုပြီး ဗကပဆီကခွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။ ဒီ့အရင်က ဝ အမျိုးသားလွတ်မြောက်ရေး တပ်တို့ဘာတို့ဆိုတဲ့သဘောမျိုး ရှိခဲ့တာလည်းမဟုတ်ပါဘူး။ ကိုးကန့်တို့ ဝ တို့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ဗကပကျတော့ ခုထိ မတရားသင်းဖြစ်နေပြီး ဘယ်တုန်းကမှအသင်းအဖွဲ့လည်းမရှိခဲ့၊ မတရားသင်းလည်း မဖြစ်ခဲ့တဲ့သူကို ဘယ့်နှယ်လုပ်မတရားသင်းကနေ ပယ်ဖျက်ပေးသလဲဆိုတာကလည်း လူရီစရာလိုဖြစ်နေပါတယ်။

စစ်အစိုးရနဲ့တတိယမြောက်အပစ်ရပ်ရေးလုပ်ခဲ့တဲ့ ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်မတော်ခေါ်တဲ့ မိုင်းလားအဖွဲ့လို့လူသိများတဲ့ NDAA ကိုလည်း အပစ်ရပ်ခဲ့တဲ့နေ့မှာပဲ မတရားသင်းအဖြစ်ကနေ နေ့ချင်းပြီး ပယ်ဖျက်ပေးခဲ့ပါတယ်။ အလားတူပဲရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSA-North ကိုလည်း မတရားသင်းက ဖျက်ပေးခဲ့တာတွေ့ရပါတယ်။ (၅)ဖွဲ့မြောက်အပစ်ရပ်ခဲ့တဲ့ ဆခုန့်တိမ့်ယိမ်းခေါင်းဆောင်တဲ့ NDAK ခေါ် ကချင်ဒီမိုကရေစီသစ်တပ်မတော်ကိုလည်း အပစ်ရပ်ခဲ့တဲ့ (၁၂)လပိုင်း(၁၅)ရက် (၈၉)နေ့မှာ မထုနော်ခေါင်းဆောင်တဲ့ KDA ခေါ် ကချင်အမျိုး သားကာကွယ်ရေးတပ်မတော်ကိုလည်း အပစ်ရပ်ခဲ့တဲ (၁၉၈၉)့ (၁၁)လပိုင်း (၁)ရက်န့တွေမှာ မတရားသင်းတွေအဖြစ်ကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ဦးအောင်ခမ်းထီခေါင်းဆောင်တဲ့ ပအို့ဝ်ဖြူလို့လူသိများတဲ့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)၊ တာအိုက်မုန်းခေါင်းဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA) ကိုလည်း အသီးသီး မတရားသင်းတွေအဖြစ်ကနေ ပယ်ဖျက်ပေးခဲ့တာ တွေ့ရမှာဖစ်ပါတယ်။

သောတရှင်များခင်ဗျား…စစ်အစိုးရနဲ့ အစောဆုံးအပစ်ရပ်ခဲ့ကြတဲ့ ဒီအဖွဲ့တွေဟာ မတရားသင်းအဖြစ်ကနေ ပယ်ဖျက်ပေးခံရရုံတင်မက  ဘယ်သူနဲ့မှမတူတဲ့၊ ဘယ်တုန်းကမှမရဖူးတဲ့ အခွင့်အရေးတွေလည်း ရခဲ့ကြပါတယ်။ စစ်အစိုးရဘက်က ဘာ့ကြောင့် ဒီလောက်လိုက်လျောခဲ့ မျက်နှာသာပေးခဲ့သလဲဆိုတာ အကြောင်းများစွာရှိပါတယ်။ ကျနော်တွေးမိသမျှတင်ပြရမယ်ဆိုရင် (တစ်အချက်) နိုင်ငံရေးစစ်ရေး နှစ်ဖက်ညှပ်အတိုက်ခံနေရတဲ့အနေအထားကနေ စစ်ရေးတမျက်နှာ ယာယီအတိုက်ရပ်ထားရေးဇောင်းပေးပြီး နောင်ခါလာနောင်ဈေးသဘောလုပ်ခဲ့ တာ၊ (နှစ်အချက်) ကနဦးပူးပေါင်းသူတွေကို ဒီအခွင့်အရေးတွေနဲ့ချူဆီသွင်းပြီး နောက်လူတွေကိုမြှုတဲ့သဘောလုပ်ရတာ၊ (သုံးအချက်) သူတို့ နောက်မှာ တပ်၊ သေနတ်နဲ့ လူထုကျောထောက်နောက်ခံ ဘယ်မျှဆိုတာကို ချင့်တွက်ဖို့လိုနေသေးတာ (လေးအချက်) ဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့အုပ်ချုပ်ရေး ကိစ္စတွေမှာ ဖွတ်မြီးနဲ့ဖွတ်ပြန်ချည်တဲ့သဘောတွက်ပြီးလုပ်ခဲ့တာ၊ (ငါးအချက်) နယ်စပ်ကုန်သွယ်ရေးနဲ့ သယံဇာတတွေကို ဝေစားမျှစားလုပ်ဖို့အကြံအစည်တွေကြောင့်ပဲလို့ ဖြစ်မယ်ထင်ပါတယ်။ တခြားအခြေအနေနဲ့အကြောင်းတရားတွေလည်း ရှိပါလိမ့်ဦးမယ်။

သောတရှင်များခင်ဗျား…စစ်အစိုးရလိုပဲ တဘက်ကအဖွဲ့တွေမှာလည်း ဖုတ်ပူမီးတိုက်အပစ်ရပ်ရေး လုပ်ခဲ့ရတာမှာ အကြောင်းရင်းတွေအမြောက်အများရှိခဲ့ပါတယ်။ ဒီလိုရှိခဲ့ကြလို့လည်း ခေါင်းအေးအေးထား၊ အချိန်ယူဆွေးနွေးပြီးလတ်တလောနဲ့ရေရှည်လိုလားချက်၊ လိုအပ်ချက်တွေကို စနစ်တကျပြင်ဆင်တောင်း ဆိုမှုတွေမလုပ်ခဲ့ပဲ ပြီးပြီးရောဒရောသောပါး လုပ်ခဲ့ကြတာလို့မြင်ပါတယ်။ စစ်အုပ်စုဘက်က နောင်ခါလာနောင်ဈေးသဘောလုပ်သလို သူတို့ဘက်ကလည်း မီးစဉ်ကြည့်ကတာပေါ့ဆိုတဲ့သဘော လုပ်ခဲ့ကြတာဖြစ်ပါလိမ့်မယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံတွေမှာဖြစ်လေ့ရှိတဲ့ အစိုးရနဲ့လက်နက်ကိုင်အင်အားစုတွေကြားက ငြိမ်းချမ်းရေးကိုရှေးရှုပြီး သွေးရိုးသားရိုးလုပ်ခဲ့ကြ၊ ဖြစ်ခဲ့ကြတဲ့အပစ်အခတ်ရပ်စဲရေးတွေနဲ့ ကွာခြားချက်လို့ပြောရမှာပါ။ ဗမာ့နိုင်ငံရေးလက်တွေ့ရဲ့ထူးခြားချက်လို့ပြောမယ်ဆိုလည်း ပြောလို့ရမယ်ထင်ပါတယ်။

နှစ်ဘက်စလုံးက အဲသလိုသဘောထားတွေနဲ့ လုပ်ခဲ့တာကြောင့်မို့လို့လည်း ခုချိန်မှာ ပြဿနာတွေဟာ ဂျာအေးသူ့အမေရိုက်လို ဖြစ်နေတာလို့ မြင်ပါတယ်။ (၈၉)ကနေ(၉၁)အတွင်း အပစ်ရပ်ခဲ့တဲ့အဖွဲ့(၈)ဖွဲ့ဟာ ပင်စည်ပင်မမူလအဖွဲ့ကြီးတွေကနေ ပုံစံအမျိုးမျိုးနဲ့ခွဲထွက်လာကြသူတွများပါတယ်။ မူလမိခင်အဖွဲ့မှာတုန်းကတော့ သဘောတရားရေးနိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာအမြင်တွေ နည်းနာလုပ်ဟန်တွေ၊ အဆင့်ဆင့်နာခံမှု၊ တာဝန်ခံမှုနဲ့တာဝန်ယူမှုတွေနဲ့၊ တပ်ဆိုလည်းတပ်အလျှောက် နိုင်ငံရေးဦးဆောင်ဆိုလည်းဦးဆောင်အလျှောက် သေဝပ်ကျနခဲ့ကြမှာပါပဲ။ ခွဲထွက်လာကြတဲ့အချိန်မှာတော့ သူတလူငါတမင်းတွေ၊ ပဲ့နင်းဦးထောင်တွေ၊ ဗိုလ်မရှိဘိတ်မရှိ စတာမျိုးတွေဖစ်ခဲ့ကြသလို သဘောတရားရေးအရ၊ နိုင်ငံရေးအရဘာရပ်ခံချက်နဲ့ ဘယ်လိုဆက်လက်တိုက်ပွဲဝင်ကြမယ်ဆိုတဲ့မူပိုင်း၊ လမ်းစဉ်ပိုင်း၊ အတွေးအခေါ်ပိုင်းတွမှာအားနည်းခဲ့ကြမှာတွေလည်း ရှိကြပါတယ်။ တပ်အင်အားနဲ့စစ်ရေးအရ ကြည့်ပြန်တော့လည်း စစ်အုပ်စုကိုစိန်ခေါ်နိုင်တဲ့အနေအထားမပြောနဲ့ တချို့ဆို ရပ်တည်ဖို့တောင် အနိုင်နိုင်ဖြစ်နေတာတွေတွေ့ရပါတယ်။ မိခင်အဖွဲ့အစည်းကနေ ခွဲထွက်လာပြီးနောက်မှာလည်း သူတို့အထဲမှာတခါပြန်ပြီး တပ်အသေးစားလေးတွေ၊ အုပ်စုအသေးစားလေးတွေ ကွဲကြပြဲကြတာတွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီ ထပ်ဆင့်ခွဲထွက်မှုတွေကြောင့်ပဲ နဂိုကမှ ခရိုးခယိုင်နဲ့ခွဲထွက်လာကြသူတွေဟာ ချိနည့်နည့်တွေဖြစ်ကုန်တာလည်း မြင်ခဲ့ကြရမှာပါ။ အဲ့ဒါတွေအပြင် အရေးအကြီးဆုံးလို့ဆိုရမယ့်အကြောင်း ကတော့ တချို့အဖွဲ့အစည်းတွေက ကိုယ်ကျိုးရှာခေါင်းဆောင်တချို့ရဲ့ ကိုယ်ကျိုးကြည့်ဆုံးဖြတ်ချက်တွပဲဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်လုပ်ဆောင်ချက်တွေဟာ အဲဒီ အဖွဲ့အစည်းတွေအတွက် ဖုတ်ပူမီးတိုက်၊ မီးစဉ်ကြည့်ကအပစ်ရပ်ရေးဆီ ဦးတည်သွားတော့တာပါပဲ။ ဒီမှာတင်ပဲ နောင်ခါလာနောင်ခါဈေး မစွမ်းရင်းတွေနဲ့ မီးစဉ်ကြည့်ကကန်ဇွန်းခင်းတွေငြိပြီး အမယ်ဘုတ်ကဲ့သူ့ချည်ခင်တွေ ဖြစ်ကုန်တာလို့ မြင်မိပါတယ်ခင်ဗျား။

နောက်အပတ်တွေမှာ (၉၂)ကနေ(၉၅)ကာလတွေလောက်အထိ ဆစ်ပိုင်းပြီးတင်ပြပါဦးမယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment