Friday, November 2, 2012

Politicide(သို့)လူ့အဖွဲ့အစည်းတစ်ခုအားနိုင်ငံရေးအရ အသေသတ်ခြင်း(အပိုင်း-၂) ဦးဦးမှော်ဆရာ

0 comments
အပိုင်း(၁)တွင် လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲဆိုသောအချက်အပေါ် အစ္စရေးနိုင်ငံကိုဥပမာပေး၍ တင်ပြခဲ့သည်။ ခိုင်မာသည့်အကြောင်းပြချက်တစုံတရာမရှိဘဲ လူမျိုးရေး ၊ ဘာသာရေးအရကွဲပြားမှုကိုအခြေခံသည့်မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့်တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့်နိုင်ငံမျိုးထူထောင်လိုသည့် (ယနေ့ခေတ် အမြင်အရ) အံ့သြစရာကောင်းသော လိုလားချက်ကြောင့်ဖြစ်သည်ဟု ရေးသားခဲ့ပါသည်။

(၂) Politicide ဘယ်လိုလုပ်တာလဲ ?
အစ္စရေးနိုင်ငံ၌ထုတ်ပြန်ခဲ့သော “ဇီယွန်ဝါဒီနှင့်အာရပ်ပြဿနာ” စာစောင်၊ “ ဟာဂါနာသမိုင်း ” စာစောင်များတွင် ထိုကာလအခြေအနေများကို ပြည့်ပြည့်စုံစုံဖေါ်ပြထားသည်။ “ ဟာဂါနာသမိုင်း ”( Haganah Story)စာအုပ်မှာ အစ္စရေးစစ်ဘက်ပုံနှိပ်တိုက်မှ တရားဝင်ထုတ်ပြန်သော စာစောင်ဖြစ်ပြီး မည်သည့်ဘာသာသို့မျှ ပြန်ဆိုခြင်းမပြုခဲ့ချေ။ ထိုစာစောင်၌ ဂျူးတို့နယ်မြေအတွင်း ပါလက်စတိုင်းတို့အား လူမျိုးရေး သုတ်သင်ရှင်းလင်းမှုပြုလုပ်ခဲ့ပုံများကို အသေးစိတ်ဖေါ်ပြထားခဲ့သည် ။
ယင်းစာစောင်အရဆိုလျှင် အစ္စရေးတို့ပထမဆုံးစတင်ချမှတ်ကျင့်သုံးခဲ့သော စစ်အခြေခံသဘောတရားအား “စီမံကိန်း ဒီ” (Plan -D) ဟု ခေါ်တွင်သည်။ ဤ သဘောတရားကို ထိုစဉ်က အစ္စရေးတပ်မတော်စစ်ဆင်ရေးဌာန၏ အကြီးအမှူးဖြစ်သော ဗိုလ်ချုပ်ကြီး ယီဂေးလ်ယာဒင်က ရေးဆွဲခဲ့ခြင်းဖြစ်သည်ဆို၏။ အမှန်အားဖြင့် အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့များအား ၁၉၄၈ ခုနှစ် မေလ (၃၁) ရက်နေ့တွင်မှ တရားဝင် တည်ထောင်ခွင့်ရရှိခဲ့သည်။ သို့သော်လည်း ယင်း “ စီမံကိန်း ဒီ ” ကို ၁၉၄၈ ခုနှစ် မေလ (၁၀) ရက်နေ့တွင် စတင်အကောင်ထည်ဖေါ်နေပြီ ဖြစ်သည်။ ယင်းစီမံကန်း-ဒီ ၌ အောက်ဖေါ်ပြပါတို့အား ရည်မှန်းချက်အောင်မြင်အောင်လုပ်ဆောင်ရမည့်နည်းလမ်းများအဖြစ် ဖေါ်ပြထားသည် “မိမိကာကွယ်ရေးစနစ်များအတွင်း (သို့) အနီးရှိ ရန်သူ့အခြေချနေရာများအားတိုက်ခိုက်ခြင်းဖြင့် ၄င်းနေရာများအား ရန်သူများက အခြေခံစခန်းအဖြစ်အသုံးပြုခြင်းမှကာကွယ်ရန် ဖြစ်သည်။ ဤသို့တိုက်ခိုက်ရာ၌ ရွာများအားပစ်ခတ်ခြင်း၊ ဖေါက်ခွဲဖျက်ဆီးခြင်းနှင့် မိုင်းထောင်ခြင်းနည်းလမ်းများကိုအသုံးပြု ဖျက်ဆီးရမည်။ မိမိတို့မထိန်းချုပ်နိုင်သောရွာများအား မိုင်းထောင်ရမည်၊ မိမိတို့ ထိန်းချုပ်နိုင်ရန်အတွက် ရွာများအား ၀ိုင်းဝန်းပိတ်ဆို့၍ရှာဖွေခြင်း၊ ခုခံမှုရှိက တစ်ရွာလုံးကိုဖျက်ဆီးပစ်ခြင်းနှင့် ရွာနေလူထုအား နယ်နိမိတ်၏ပြင်ပသို့မောင်းထုတ်ခြင်းတို့ကို ဆောင်ရွက်ရမည်။ ”
ဤအခြေခံသဘောတရားသည် အာရပ်တပ်မတော်များ၏ထိုးစစ်ကို ကြိုတင်မျှော်မှန်းသည့်အနေဖြင့် ရေးဆွဲထားခဲ့သော စစ်အခြေခံသဘောတရားသက်သက်အဖြစ် အစပိုင်းတွင်အသုံးပြုခဲ့ရာမှ နောက်ပိုင်းတွင် အစ္စရေးနိုင်ငံအတွင်းမှ ပါလက်စတိုင်းနှင့် အာရပ်တို့အား အပြီးအပိုင်မောင်းထုတ်ဖယ်ရှားပြီး အစ္စရေးတို့အတွက်နယ်ပယ်ချဲ့ထွင်ရာ၌ အသုံးချသည့်နည်းလမ်းများဖြစ်လာသည်။

ပါလက်စတိုင်းတို့နေထိုင်ရာကျေးရွာများကို အတင်းဝင်ရောက်စီးနင်းပြီး လူများကိုအတင်းအဓမ္မနှင်ထုတ်ခြင်း၊ ခုခံမှုများရှိပါက သတ်ဖြတ်နှိပ်ကွပ်ခြင်း၊  နေအိမ်များကိုဖြိုချဖျက်ဆီးပြီး ဂျူးအခြေဆိုက်အိမ်ရာများဆောက်လုပ်နေထိုင်ခြင်းဖြင့် ပါလက်စတိုင်းဒေသ၏ နေရာကောင်းများကို တစတစသိမ်းပိုက်လာခဲ့သည်။ ထို့ပြင် အနည်းငယ်ကျန်ရှိနေသော ပါလက်စတိုင်းကျေးရွာများကိုလည်း ပြင်ပနှင့်အဆက်ဖြတ်ထားခြင်းဖြင့် ပါလက်စတိုင်းလူမျိုးများရပ်တည်ရန်ခက်ခဲလာကာ ထိုဒေသမှစွန့်ခွာထွက်သွားစေရန် လုပ်ဆောင်သည်။ နေရပ်စွန့်ခွာ၍ကမ္ဘာအနှံ့ပြန့်ကျဲစွာရောက်ရှိနေသောပါလက်စတိုင်းများနှင့် နှင်ထုတ်ခံရသူများကိုလည်း မူရင်းဒေသသို့ပြန်လာခွင့်မပြုချေ။ ထို့ပြင်လက်ရှိတွင်လည်း ၁.၅  သန်းခန့်ရှိသော ပါလက်စတိုင်းလူမျိုးများ ဒုတိယတန်းစားအစ္စရေးနိုင်ငံသားများအဖြစ် ရပ်တည်နေရပေသည်။ မဲပေးပိုင်ခွင့် ၊ ဥပဒေပြုလွတ်တော်အမတ်ဖြစ်ခွင့်၊ အုပ်ချုပ်ရေးဆိုင်ရာတွင်ပါဝင်နိုင်ခွင့် စသည့်အခွင့်အရေးများကို ပိတ်ပင်ထားခြင်းဖြင့် နိုင်ငံရေးအရနှိပ်ကွပ်ထားခဲ့သည်။ ထို့ကြောင့်လည်း ပါလက်စတိုင်းဒေသသည် လူမျိုးရေးအရ၊ လူမှုရေးအရ၊ နိုင်ငံရေးအရ ဂျူးနိုင်ငံတစ်ခုအဖြစ် လုံးဝနီးပါးအသွင်ပြောင်းသွားခဲ့သည်။

ထို့ထက်ပိုဆိုးသည်မှာ ဂျူးပိုင်နယ်မြေ၌ အခြားလူမျိုးများကင်းစင်ရမည်ဟူသော ဒေသခံဇီယွန်ဝါဒီတို့၏လိုလားချက်နှင့်ပါ ဤ“စီမံကိန်း-ဒီ” သဘောတရားက ကိုက်ညီနေခြင်းဖြစ်၏။ ၁၉၄၈ ခုနှစ်စစ်ပွဲမတိုင်မှီအထိ ဂျူးအဖွဲ့အစည်းများနှင့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက ပါလက်စတိုင်းတို့ထံမှဝယ်ယူနိုင်ခဲ့သောမြေပမာဏမှာ ပါလက်စတိုင်းဒေသတစ်ခုလုံး၏ (၇%) သာရှိခဲ့သည်။ သို့အတွက် မြေ၀ယ်မည့်အစား လက်နက်ကိုအသုံးချ၍လုယူသည့်နည်းသို့ ပြောင်းလဲကျင့်သုံးလာခဲ့ကြသည်ဆိုနိုင်၏။ ဤစီမံကိန်း-ဒီ ၏ရည်ရွယ်ချက်နှင့်အနှစ်သာရကို သာမာန်ဂျူးလူမျိုးများသာမက ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သောဂျူးစစ်သားများကိုယ်တိုင်လည်း မရိပ်မိဟုဆို၏။ ၄င်းစစ်ပွဲပြီးနောက် နှစ်အတန်ကြာသောအခါ နာမည်ကျော်အစ္စရေးလူမျိုးစာရေးဆရာ ယီဇာဆမီလန်စကီဆိုသူရေးသားသော ၀တ္ထုတိုတစ်ပုဒ်၌ အစ္စရေးစစ်သားငယ်တစ်ဦးက အာရပ်ကျေးရွာတစ်ခုမှရွာသူရွာသားအားလုံးကို ထရပ်ကားပေါ်အတင်းအကျပ်မောင်းတင်၍ နယ်စပ်အပြင်ဘက်သို့ တာဝန်အရပို့ဆောင်ပေးခဲ့ရခြင်းကိုခံစားရသည့်အဖြစ်အပျက်အား ဖော်ညွှန်းထားသည့်အခန်းပါလာခဲ့သည်။ ယင်းစာရေးဆရာက ယခုကဲ့သို့ ဂျူးများက အာရပ်တို့ကို အုပ်စုလိုက်ရွှေ့ပြောင်းခြင်းလုပ်ရပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးများအား အုပ်စုလိုက်ရွှေ့ပြောင်း၍ သေတွင်းသို့ပို့ခဲ့သောနာဇီများ၏လုပ်ရပ်နှင့် အတူတူပင်ဖြစ်သည်ဟုခိုင်းနှိုင်းခဲ့၏။

ညအချိန်မတော် အစ္စရေးစစ်သားများက ကိုယ်ပိုင်နေအိမ်အတွင်း အကြမ်းဖက်သမားများအား ရှာဖွေရန်၊ လက်နက်များရှာဖွေရန်စသည့် အကြောင်းပြချက်ဖြင့်အတင်းဝင်ရောက်၍ စီးနင်းရှာဖွေမှုများ၌ ရံဖန်ရံခါ တရားမဲ့ကွပ်မျက်စီရင်ခြင်းမျိုးဖြင့် အဆုံးသတ်လေ့ရှိသည်။ ဤသည်ကို သက်သေခံမည့်မျက်မြင်သက်သေပေါင်း ဒါဇင်နှင့်ချီ ရှိသလို၊ လူ့အခွင့်အရေးအဖွဲ့များလက်ဝယ်တွင်လည်း သက်သေခံအထောက် အထားများစွာရှိသော်လည်း အစ္စရေးအစိုးရအနေဖြင့် ဤသို့သောလုပ်ရပ်များကို အရေးမယူဘဲထားခဲ့သည်။
ဤသို့ ပါလက်စတိုင်းလူမျိုးများအပေါ် တရားမဲ့ပြုကျင့်မှုများအားအရေးမယူဘဲထားခြင်းကပင် ပါလက်စတိုင်းလူမျိုးတို့၏ သက်အိုးအိမ်စည်းစိမ်သည်အရေးမကြီးပါဟူသောအတွေးမျိုး အစ္စရေးစစ်သားများ၏ဦးခေါင်းထဲရိုက်သွင်းပေးလိုက်သလို ဖြစ်နေသည်။

ထိုသို့ မတရားမှုများခံစားလာရသဖြင့် ပါလက်စတိုင်းလူမျိုးများ လက်နက်ကိုင်ပြောက်ကျားတပ်ဖွဲ့များဖွဲ့စည်းပြီး ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ အခွင့်အရေးရက အကြမ်းဖက်တိုက်ခိုက်ခြင်းများပြုလုပ်လာသောကြောင့် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်သတ်မှတ်ခံရပြီး နိုင်ငံတကာ၏ ထောက်ခံမှုမရရှိတော့ဘဲ နိုင်ငံရေးအရရပ်တည်နိုင်ရန် ခက်ခဲလာတော့သည်။ အစ္စရေးနိုင်ငံအတွက်လည်း စီးပွားရေးအရများစွာထိခိုက်ကာ၊ ကျီးလန့်စာစားအခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ဤသည်ပင် Politicide လုပ်ခြင်း၏ရလဒ်တစ်ခုဟု ဆိုနိုင်သည်။ ရှင်းရှင်းပြောရလျှင် Politicide လုပ်ခံရသော လူ့အဖွဲ့အစည်းသည် အကြမ်းဖက်သမားများပေါက်ဖွားရာပင်မအဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ချေများပါသည်။ ထို့ကြောင့်ပင် ပါလက်စတိုင်း PLO အဖွဲ့ခေါင်းဆောင် ထယာဆာအာရာဖတ်သည် လက်နက်ကိုင်တိုက်ခြင်းကိုစွန့်၍ စားပွဲဝိုင်းထိုင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးအ ပြန်လည်ရပ်တည်နိုင်ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပင် ရယူနိုင်ခဲ့ပေသည်။(တတိယပိုင်းဆက်လက်ဖတ်ရှုပါရန်)
(ယူတာဒီနေရာကဖြစ်ပါတယ်) http://www.facebook.com/uu.mhawsayar

0 comments:

Post a Comment