(မြန်မာကျူးပစ်ဖိုရမ်မှဆောင်းပါးဖြစ်ပါတယ်)by Aung Zin
Latt အရှေ့ တောင်အာရှမူလအစ... အရှေ့တောင်အာရှဆိုတဲ့အမည်ကိုစပြီးသုံးခဲ့ တာဒုတိယကမ္ဘာစစ်တုန်းကမှလို့ဆိုပါတယ်။တော်ဝင်မင်း သားကြီး လော့ဒ်လူးဝစ်မောင့်ဘက်တန်ကိုစစ်ဦးစီးချုပ်ခန့်ပြီး South East Asia Command ရယ်လို့စတင်ဖွဲ့စည်းခဲ့တဲ့၁၉၄၃
နိုဝင်ဘာလ ၁၆ ရက်နေ့မတိုင်မီကဆိုရင် အရှေ့တောင်အာရှဆိုပြီးဒေသတစ်ခုလုံး ကိုခြုံငုံခေါ်ဆိုတာမျိုးမရှိခဲ့ဖူးပဲ
ပြင်သစ်အင်ဒိုချိုင်းနား၊ သျှမ်း၊ မာလယာ၊ စူမတြာနဲ့ဒတ်ခ်ျအရှေ့အိန္ဒိယလို့ပဲ တစ်ခုချင်းစီပဲခေါ်ဝေါ်ခဲ့ကြပါတဲ့။ ဒါကလည်း ဒီဒေသကြီးထဲကနိုင်ငံတွေဟာ ယဉ်ကျေးမှုချင်းအလွန်နီးစပ်ခဲ့ ကြပေမယ့်
ဘယ်တုန်းကမှ တဦးတစ်ယောက် တစ်အစိုးရတည်းရဲ့အောက်မှာ တညီတညွှတ်ထဲ မရှိခဲ့ဖူးလို့ပဲတဲ့။ -ကစ်ဆင်ဂျာရဲ့ အာဆီယံ၊ ဘယ်တုန်းကမှ တစုတစည်းထဲမဖြစ်ခဲ့ကြဖူးပါပဲနဲ့
လူချင်းလည်းဆင်တယ်၊ ယဉ်ကျေးမှုအလေ့အထ ထုံးတမ်းတွေလည်းအလွန်နီးစပ်တဲ့ဒီဒေသကြီးဟာ
ကမ္ဘာရဲ့အနက်နဲဆုံး အရှုပ်ထွေးဆုံး မဟာအဆန် ဆုံး အလှပဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံး
ဒေသကြီးပါပဲတဲ့။ ဒီဒေသကြီးမှာ လူပေါင်း သန်း ၇၀ဝ လောက်နေထိုင်ကြတယ်၊ ဒီကနေ့
ကမ္ဘာ့စီးပွားရေးအဆူဖြိုးဆုံးဒေသကြီးဖြစ်တဲ့အရှေ့ဖျားဒေသကို ကျန်တဲ့ကမ္ဘာ့ဒေသတွေထိတွေ့ဆက်စပ်ပေးရာဒေသကြီး ဖြစ်တယ်၊ သူ့ရဲ့ဂျီဒီပီကလည်း ၁.၈ ထရီလီယံလောက်ရှိတယ်၊
ဒါဟာ ကမ္ဘာရဲ့နံပါတ် ၉ အဆင့် စီးပွားရေးအင်အားကြီးပဲ၊ တရုတ်ကိုအမီလိုက်တော့မယ် ဆိုတဲ့အိန္ဒိယတောင်
သူ့ကိုမမီသေးဘူး။
အာဆီယံထဲမှာ ကမ္ဘာ့စစ်အင်အားကြီး
နိုင်ငံ၎ ခုကို အနိုင်ယူခဲ့တဲ့ဗီယက်နမ်လိုနိုင်ငံရှိတယ်၊ လော၊ ကမ္ဘောဒီယား၊
ထိုင်းနဲ့မြန်မာ လို ယဉ်ကျေးမှုတစ်ခုတည်းဖြစ်ပေမယ့်ကွဲပြားနေတဲ့လူမျိုးစုတွေနဲ့နိုင်ငံတွေပါတယ်၊
ကမ္ဘာအဖွံ့ဖြိုးဆုံးနိုင်ငံတွေမှာတစ်ခု အပါဝင်ဖြစ်တဲ့ စင်္ကာပူလိုနိုင်ငံပါတယ်၊ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေမှာဆို
လူဦးရေအများဆုံးအင်ဒိုနီးရှားလိုနိုင်ငံရှိတယ်၊ မလေးရှားလိုအတိုးတက်ဆုံး နိုင်ငံရှိတယ်၊
ဘရူနိုင်းလို အချမ်းသားဆုံးနိုင်ငံရှိတယ်၊ ကျွန်းစုတွေနဲ့ဖွဲ့စည်းထားပြီး
ယဉ်ကျေးမှုနှစ်ခု အားပြိုင်နေတဲ့ဖိလစ်ပိုင်လိုနိုင်ငံ ရှိတယ်တဲ့။ ဒါပေမယ့် နိုင်ငံတစ်ခုချင်းစီဟာ
ခိုင်မာတဲ့သမိုင်ကြောင်းကိုယ်စီရှိကြပြီး ကွဲပြားစွာတည်ဆောက်ထားတဲ့လူအသိုင်းဝိုင်းပုံစံတွေ ရှိနေကြပြန်တယ်။ ပြီးတော့ သမိုင်းကြောင်းအရ တစ်နိုင်ငံကိုတစ်နိုင်ငံက
မယုံကြည်ကြဘူးတဲ့။
ဒါကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း
ဟင်နရီကစ်ဆင်ဂျာက အာဆီယံကို ၁၇ ရာစု ဥရောပ ထီးပြိုင်နန်းပြိုင်နိုင်ငံ များနဲ့အလားတူတဲ့နိုင်ငံတွေလို့ရည်ညွှန်းလေ့ရှိပါတယ်။ ပြီးတော့ အာဆီယံတွေရဲ့သဘောတူစာချုပ်ကိုလည်း
၁၆၄၈ မှာ ပုပ်ရဟန်းမင်းကြီး Innocent X ကြီးမှူးကမကထလုပ်ပြီး
ဥရောပအင်အားကြီးနိုင်ငံတွေကဘုရင်တွေချုပ်ဆိုခဲ့ကြတဲ့ ဝက်ဖေးလီယာငြိမ်းချမ်းရေးစာချုပ်နဲ့ဆင်တူတယ်လို့ ကစ်ဆင်ဂျာကထောက်ပြပါတယ်။ ဥရောပရဲ့နှစ်သုံးဆယ်စစ်ပွဲကြီးကို အဆုံးသတ်စေခဲ့တဲ့ဒီစာချုပ်ကြီးရဲ့အဓိကအချက်က အချုပ်အခြာအာဏာကိုလေးစားဖို့ (ဆိုလိုတာ
သူတစ်ပါးပြည်တွင်းရေးဝင် မစွက်ကြေးပေါ့) ဆိုတာပါပဲ။ ဒီလိုပဲ အာဆီယံဟာ
တစ်ပါးပြည်တွင်းရေးကို မဝင်စွက်ဖက်ကြေးဆိုတဲ့အချက်ကိုအဓိကထားပြီး
ဘီလူးရုပ်ကိုမင်းသားမျက်နှာဖုံးစွပ်ထားတဲ့ဆက်ဆံရေးမျိုးနဲ့ ပေါင်းစည်းထားတာပါ။
- အာဆီယံကို ဘယ်လိုဖွဲ့စည်းထားကြသလဲ
ဒီနေရာမှာ ဘာကြောင့်တပါးပြည်တွင်းရေးကို
ဝင်မစွက်ဖက်ရေးဆိုတာကို ရှေ့တန်းတင်ထားရသလဲဆိုတော့ ရည်ရွယ်ချက်ကိုက ဒေသတွင်း
တစ်စည်းတစ်လုံးထဲဖြစ်ချင်လို့ဆိုတာထက် ကွန်မြူနစ်တရုတ်ကြီးရဲ့အင်အားကိုကြောက်ရွံ့လို့
တစ်နိုင်ငံချင်းခုခံမယ့်အစား စုပေါင်းခုခံရင် ခုခံနိုင်ကောင်းရဲ့ဆိုပြီး
ဖွဲ့စည်းခဲ့ကြောင့်ပါ။
ဘာမှမဆိုင်ဘူးလို့ ဒီနိုင်ငံခေါင်းဆောင်တွေငြင်းဆိုကြပေမယ့်
အာဆီယံမဖြစ်ခင် ပထမစဖွဲ့ခဲ့တဲ့အေအက်စ်အေ (အရှေ့တောင်အာရှအသင်း) ဟာ
ထရူးမင်းရဲ့ပေါ်လစီအရ အမေရိကန်ကမကထပြုပြီးဖွဲ့စည်းပေးခဲ့တဲ့ အရှေ့တောင်အာရှစာချုပ်အဖွဲ့
(ဆီးတိုး)ကို ဆက်ခံတဲ့ အဖွဲ့အစည်း ပါပဲ။ ဆီးတိုးဟာ အာရှနဲ့အရှေ့ဖျားက
အမေရိကန်သြဇာခံအရင်းရှင်နိုင်ငံတွေရဲ့အကျိုးစီးပွားကို ကွန်မြူနစ်တွေရန်ကကာကွယ်ဖို့
ဖွဲ့စည်းခဲ့ပေမယ့် ကိုယ်ကျိုးစီးပွား အငြိဇယားတွေကြောင့်ပျက်စီးခဲ့ရပါတယ်။ ဆီးတိုးပျက်တာ
၁၉၇၇ မှဖြစ်ပြီး အရှေ့တောင်အာရှအသင်း (အေအက်စ်အေ)ကို စဖွဲ့တာ ၁၉၆၇ ကတည်းကဆိုတော့
၁၀ နှစ်တိတိစောနေတာမို့ ဆီးတိုးအမွေခံရယ်လို့ တိတိပပပြောလို့မရဘူး။ ဒါပေမယ့် အရှေ့တောင်အာရှအသင်းရဲ့ မူလပထမနိုင်ငံ ၅ နိုင်ငံ
(အင်ဒို-မလေးရှား-စင်္ကာပူ-ထိုင်းနဲ့ဖိလိပိုင်)လုံးဟာ ဈေးကွက်စီးပွားရေး အရင်းရှင်နိုင်ငံတွေဖြစ်ကြပြီး
သူတို့နိုင်ငံတွေမှာရှိတဲ့ နိုင်ငံပေါက်တရုတ်အနွယ်တွေကနေတဆင့်တိုးဝင်လာနေတဲ့ မော်စီတုန်းရဲ့
ပစ္စည်းမဲ့ တော်လှန်ရေးအယူအဆနဲ့ တရုတ်ပြည်ရဲ့ကျူးကျော်လာမယ့်အရေးကိုစိုးရိမ်နေခဲ့ကြတာမို့
သူတို့ပေါင်းစည်းရခြင်းရဲ့အဓိကအချက်က ဆီးတိုးနဲ့တူညီနေပါတယ်။ အဲဒီအချိန်မှာ
အင်ဒိုချိုင်းနားစစ်ပွဲဟာ အကြီးအကျယ်တောင်လောင်နေခဲ့ပြီး အရှေ့တောင်အာရှအသင်း အဖွဲ့ဝင်နိုင်ငံတွေဟာ
မိမိတို့မြေပေါ်က ကွန်မြူနစ်သူပုန်တွေနဲ့ ကိုယ်စီကိုယ်စီ
အသဲအသန်တိုက်ခိုက်နေရချိန်ဖြစ်ပါတယ်။ စစ်အေးကြောင့် မပေါင်းမဖြစ်လို့ပူးကပ်ခဲ့ရပေမယ့်
အရှေ့တောင်အာရှအသင်းဟာ ကိုယ့်အရေးကိုယ်ဖြေရှင်း သူ့အရေးသူဖြေရှင်းမို့
အားကောင်းကျစ်လစ်တဲ့ အဖွဲ့အစည်းဖြစ်မလာခဲ့ပါဘူး။ ဆီးတိုးနဲ့ပုံစံတူ ဥရောပက
မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ထဲက အဖွဲ့ဝင်ဥရောပနိုင်ငံတွေကတော့ နိုင်ငံရေး
စီးပွားရေးအရ နဂိုကတည်းက ပွင့်လင်းတဲ့လူ့အဖွဲ့စည်းတွေမို့ ပထမဥရောပဘုံဈေး
အဲဒီနောက်ပိုင်း ဥရောပသမဂ္ဂစသဖြင့် ပြောင်းလဲပြီး ညီညွတ်ကျစ်လစ်တဲ့အဖွဲ့အစည်းကြီးတစ်ခုအဖြစ်
ထူထောင်နိုင်ပေမယ့် ပွင့်လင်းမှုမရှိတဲ့နိုင်ငံရေး စီးပွားရေးတွေနဲ့အာဏာရှင်တစ်ပိုင်း
ဒီမိုကရက်တစ်နိုင်ငံတွေဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေကတော့
အရေးပါအရာရောက်လောက်အောင် နိုင်ငံတကာသြဇာရှိတဲ့အဖွဲ့အစည်း တစ်ခုအဖြစ်
မပြောင်းလဲနိုင်ခဲ့ပါဘူး။
- အာဆီယံစန်းပွင့်ချိန်
အမေရိကန်နဲ့ အနောက်ရဲ့သံယောင်နောက်
စစ်အေးတစ်ခေတ်လုံးမှိန်းလိုက်နေခဲ့တဲ့အရှေ့တောင်အာရှအသင်းဟာ စစ်အေးမီးညွှန့်
ကျိုးလာတဲ့အချိန်မှာ တမဟုတ်ချင်းအားကောင်းလာပါတယ်၊ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးရဲ့အရသာကိုခံစားရင်း
အင်ဒိုချိုင်းနားစစ်ပွဲနဲ့ တခါးပိတ်ပြီးခေါင်းမြီးခြုံအိပ်နေတဲ့မြန်မာတို့ဆီကနေရလာတဲ့အကျိုးအမြတ်တွေ
စတင်တံခါးဖွင့်ပေးလာတဲ့တိန့်ရှောင်ဖိန်ရဲ့တရုတ်ပြည်တို့ ကနေတဆင့် ကျားပေါက်စလေးတွေဖြစ်လာပါတယ်၊
ဒီကနေတဆင့် ကြွယ်ဝလာတဲ့ဥစ္စာဓနတွေကိုအရင်းပြုလို့ နိုင်ငံရေးသြဇာကြီးမား လာအောင်လုပ်ဆောင်လာပါတယ်။
အရှေ့တောင်အာရှအသင်းရဲနိုင်ငံရေးအရအောင်မြင်မှုက ကမ္ဘောဒီယားစစ်ပွဲရပ်စဲရေးနဲ့
ကမ္ဘောဒီယား ပြန်လည်ထူထောင်ရေးမှာ ယူအန်နဲ့အတူ ရှေ့တန်းကနေဦးဆောင်နိုင်ခဲ့တာပါပဲ။
ဒီနောက်ပိုင်းမှာ နိုင်ငံရေးစနစ်မပြောင်းပဲ စီးပွားရေးအပြောင်း အလဲနဲ့
တံခါးဖွင့်စီးပွားရေးကျင့သုံးလာတဲ့ တချိန်က အရှေ့တောင်အာရှအသင်းရဲ့ရန်သူတော်ကြီးဗီယက်နမ်က
ဒီအသင်းထဲဝင်ဖို့ လျှောက်ထားလာတဲ့အခါ အသင်းရဲ့ ဒေသတွင်းသြဇာအာဏာဟာ
ပိုပြီးကြီးမားလာခဲ့ပါတယ်။
အဲဒီအချိန်မှာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့အတွေးထဲမှာ
နိုင်ငံရေးမရှိတော့ပါဘူး။ စီးပွားရေးပဲရှိတော့သလို၊ ထော့ကျိုးထော့ကျိုးနဲ့
လမ်းလျှောက်စ တရုတ်ပြည်ကနေ အကျိုးအမြတ်ကြီးတွေအများကြီးရနေတာမို့ တရုတ်ကြောက်တဲ့ရောဂါကိုလည်းမေ့နေပါပြီ။
တရုတ်ကို စီးပွားရေးအင်အားကြီးဖြစ်လာအောင်ဖေးမပေးတာ တရုတ်
ဒဗယ်လျူတီအိုဝင်ခွင့်ရအောင် အမေရိကန်နဲ့အနောက်ကိုသွေးဆောင်ပေးတာ အရှေ့တောင်အာရှအသင်းတဖြစ်လဲ
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံပါပဲ။ တရုတ်နဂါးကြီးအားအင်မပြည့်ဝမီအချိန်အထိ
အာဆီယံဟာ ငွေပုံရွှေပုံထဲမှာမွေ့ပျော်ရင်း စီးပွားရေးအဓိက၊ နိုင်ငံရေးနောက်မှ၊
လူ့အခွင့်ရေးလာမပြောကြေးဆိုပြီး ပျော်ပျော်ရွှင်ရွှင်ကြီး နေလာခဲ့ပါတယ်၊ အတိတ်က
ခြောက်ခဲ့တဲ့တရုတ်တစ္ဆေကိုလည်း မေ့ပျောက်နေခဲ့တယ်ပေါ့။
- အာဆီယံနဲ့ လူ့အခွင့်အရေး
ခေါင်းဆောင်တွေဖြစ်တဲ့ လီကွမ်ယူးတို့
မဟာသီယာတို့ကလည်း အာရှတန်ဖိုးဆိုပြီး ကြွယ်ဝမှုရှေ့တန်းတင်ဒဿနကို အသံသေးအသံ
ကြောင်နဲ့ ကမ္ဘာသိအောင်ဟစ်အော်ကြွေးကြော်လို့၊ နောက်တော့ မြန်မာ-လောနဲ့
ကမ္ဘောဒီယားကိုပါ အဖွဲ့စည်းထဲဆွဲသွင်းပြီး ဥရောပသမဂ္ဂလို တစ်ခုတည်းသောငွေကြေးဆိုတာကိုပါ
အိမ်မက်တွေမက်လိုက်ကြသေးတာပေါ့။ ဒါပေမယ့် ဥရောပသမဂ္ဂလိုအိပ်မက် မက်သာမက်ပေမယ့်
သူတို့ဟာ ဥရောပလို ပွင့်လင်းထင်သာတဲ့နိုင်ငံရေး စီးပွားရေး လူမှုရေးရပ်ဝန်းတွေမရှိဘူးဆိုတာ
သူတို့သိတယ်။ တစ်ပါတီအာဏာရှင်စနစ် ဆန်ဆန် စင်္ကာပူ၊ လူမျိုးရေးခွဲခြားမှုနဲ့အာဏာရှင်တစ်ပိုင်း
မလေးရှား၊ ဘရူးနိုင်းလို သက်ဦးဆံပိုင်၊ လောနဲ့ဗီယက်နမ်လို တစ်ပါတီအာဏာရှင် စနစ်၊
ကမ္ဘောဒီယားလို အတိုက်အခံကိုစိတ်ကြိုက်တိုက်ခိုက်နိုင်တဲ့အစိုးရ၊ ထိုင်းလို
ပဒေသရာဇ်ရယ် စစ်တပ်ရယ်နဲ့ စီးပွားရေးသမားတွေ ရယ်က ကြိုးကိုင်ချယ်လှယ်ပြီး လှုပ်ရမ်းနေတဲ့နိုင်ငံရေး၊
ဒီလိုနိုင်ငံတွေစုပေါင်းထားတဲ့အဖွဲ့အစည်းမှာ ဥရောပသမဂ္ဂလို လူ့အခွင့်အရေးဆိုင်းဘုတ်ကိုကိုင်လို့မရတာ
သူတို့သိတယ်။
ဒါကြောင့် မြန်မာနိုင်ငံကို လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေနဲ့တိုက်ခိုက်ကြတဲ့အခါ
အာဆီယံက အပြုသဘောဆောင်ဆက်ဆံရေး ဆိုတာကြီးနဲ့ ကာဗာလုပ်ရင်း သူတို့ကိုယ်သူတို့
လူဆိုးလူရိုင်းကို နူးညံ့သိမ်မွေ့သွားအောင်သင်ကြားပေးနေတဲ့လူ့ယဉ်ကျေး ပညာတတ်
ဆရာကြီးတွေပုံ ဖမ်းခဲကြတယ်။ တကယ်တော့ ဒါဟာ သူတို့ရဲ့ပကတိမူလအသွင်အပြင်ကို
ဖုံးကွယ်ထားခြင်းသာဖြစ်ပါတယ်၊ အာဆီယံထဲက ဘယ်နိုင်ငံမှ လူ့အခွင့်အရေးမှတ်ကျောက်အတင်ခံနိုင်တဲ့နိုင်ငံမရှိပါဘူး။
ပြီးတော့ သူတို့မှာ သမိုင်းကြောင်းအရ တစ်နိုင်ငံကို တစ်နိုင်ငံက မယုံကြည်ကြပါဘူး။
စင်္ကာပူဟာ မလေးရှားကနေခွဲထွက်တာဖြစ်ပြီး အင်ဒိုက မလေးရှားနိုင်ငံထူထောင်တာကို
သဘောမကျပါ၊ ထိုင်းနဲ့မြန်မာ ထိုင်းနဲ့လော ထိုင်းနဲ့ကမ္ဘောဒီယား ကမ္ဘောဒီယားနဲ့လော၊
ကမ္ဘောဒီယားနဲ့ဗီယက်နမ်တို့ဟာ အစဉ်အလာအရ သမိုင်းရန်ငြိုးကြီးတဲ့နိုင်ငံတွေပါ၊
ဗီယက်နမ်နဲ့ထိုင်းဟာ စစ်အေးခေတ်ပြိုင်ဘက်ကြီးဖြစ်ခဲ့ပြီး၊ မလေးရှားနဲ့ထိုင်းဟာလည်း
ထိုင်းတောင်ပိုင်းအစ္စလာမ်ခွဲထွက်ကိစ္စနဲ့ အမြင် မကြည်လင်ကြပါ၊ မလေးရှားနဲ့ဖိလစ်ပိုင်ကလည်း
ဖိလစ်ပိုင်အနောက်ပိုင်းကျွန်းတွေပေါ်က မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့
ယုံကြည်မှုမတည်ဆောက်နိုင်ပါ။ ဒီအကြောင်းတွေကြောင့် တဦးကိုတဦးမဝေဘန်ကြေး၊
တဦးပြည်တွင်းရေးကို တဦးကဝင်ရောက်မစွက်ဖက် ကြေး ၁၇ ရာစုက ဝက်ဖေးလီယားစာချုပ်ဟာ အာဆီယံနိုင်ငံတွေကြားမှာ
အဓိကမဏ္ဍိုင်ကြီးဖြစ်နေခဲ့တာ မဆန်းဘူးပေါ့။
ဆက်လက်ဖော်ပြပေးပါ့မယ်။
0 comments:
Post a Comment