Wednesday, November 7, 2012

ကန်ထဲမှာ စားဖား ဘယ်နှကောင်မွေးထားသလဲ (နောင်ကျော်)

0 comments
ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကို အကြမ်းဖျင်းလှည့်ကြည့်မိတော့ ညီညွတ်ရေးစကားနဲ့ညီညွတ်ရေးတရားကို အတော်လေးပြောခဲ့ဟောခဲ့ ရတာပါလားလို့ သတိထားမိလိုက်တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာ လတွေတုန်းကလည်း ပြောလိုက်ရတဲ့ညီညွတ်ရေး၊ လွတ်လပ်ရေး ရပြီးတော့လည်း ရေးလိုက်ရ၊ ပြောလိုက်ရတဲ့ညီညွတ်ရေး။ ဟောရုံပြော ရုံ၊ ရေးရုံသားရုံမကဘဲ လူထုဆန္ဒပြပွဲကြီးတွေနဲ့ပါ ဖော်ထုတ်ပြသခဲ့ရတဲ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးတွေဆိုတာလည်း ညီညွတ်မှငြိမ်းချမ်းမယ် ဆိုတာကိုဖော်ပြခဲ့တာပဲ မဟုတ်လား။ အဲဒီလောက် ခေတ်တိုင်းခေတ်တိုင်းမှာ ညီညွတ်ရေးအကြောင်း ကိုဇောင်းပေးပြီး ပြောခဲ့ရလောက်အောင် ကျွန်တော်တို့နိုင်ငံရဲ့အတိတ်သမိုင်းမှာ ညီညွတ်ရေးမျက်နှာစာဟာ ညစ်ပတ်ပေရေပြီး မလှမပဖြစ်ခဲ့ပါသလား။ ဘာကြောင့်လို့ ထင်ပါသလဲ။ လွတ်လပ်မှညီညွတ်၊ ညီညွတ်မှ ငြိမ်းချမ်း၊ ငြိမ်းချမ်းမှဖွံ့ဖြိုး၊ ဖွံ့ဖြိုးမှပျော်ရွှင်ဆိုတာမျိုးမျဉ်းကြောင်းဆွဲကြည့်ရင် ကျွန်တော်တို့ မညီညွတ်ခဲ့ကြ ရတာဟာ မလွတ်လပ်ခဲ့လို့ပြောနိုင်မယ်ထင်တယ်။ ”နယ်ချဲ့ကျွန်၊ ဖက်ဆစ်ကျွန်ဘဝတုန်းက မလွတ်လပ်လို့ မညီညွတ်တာလို့ပြောရင် လွတ်လပ်ရေးကြေညာပြီးတော့လည်း ဘာလို့မညီညွတ်ခဲ့တာလဲ”လို့မးချင် သူတွေရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာပြောတဲ့ လွတ်လပ်ခြင်းဆိုတာ ဒီမိုကရေစီအခွင့်အရေးဆိုင်ရာကိစ္စတွေ ကို ပြောနေတာပါလို့ဖြေရင် အဆင်ပြေနိုင်မလား။ ပင်လုံစာချုပ်(၁၉၄၇)နဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို စုစည်းရယူပြီး လွတ်လပ်ရေး(၁၉၄၈)ရလို့ သိပ်မကြာခင်မှာ အမျိုးသားညီညွတ်ရေး ပြိုကွဲခဲ့ကြရတာဟာ လွတ်လပ်မှုမရှိလို့၊ ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ လွတ်လပ်မှုမရှိလို့၊ ဒီကနေ့ကာလအထိ မငြိမ်းချမ်းနိုင်၊ မညီညွတ်နိုင်သေးတာဟာ အာမခံချက်ရှိတဲ့လွတ်လပ်မှုမရှိလို့ဆိုပြီးပြောကြည့်မယ်ဆိုရင် သဘောတူနိုင်ပါ သလား။ သဘောမတူရင်တောင်မှ စဉ်းစားကြည့်ပါဦးလို့အကြံပေးပါရစေ။

ဘယ်လိုညီညွတ်ရေးလဲ
”….စားဖားသမားတွေညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်သော်ငြားလည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖာသယ် တိုင်းပြည်ဖြစ်နေမှာပဲလို့ကျွန်တော်ပြောချင်တယ်”
(ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ၊ စာပေဗိမာန်၊ စာ-၃၈၅-၃၈၆)
 

ဒီစကားကတော့ ၁၉၄၇၊ ဇူ လိုင် ၁၃ ရက်ကပြောခဲ့တဲ့ မိန့်ခွန်းထဲကပါ။လုပ်ကြံမခံရခင် နောက်ဆုံးပြောသွား ခဲ့တဲ့မိန့်ခွန်း။ လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးပိုင်းကာလမှာ ပြောခဲ့တဲ့စကားပါ။ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး…တဲ့။ လွတ်လပ်ရေးမရခင်တုန်းက တိုင်းရင်းသားအချင်းချင်း မညီညွတ်ခဲ့လို့၊ မညီညွတ်သေးလို့ ဒီစကားကိုပြောခဲ့တာဖြစ်မှာပါ။ လွတ်လပ်ရေးရပြီးခေတ်ကနေ ကနေ့အချိန်အထိရော တိုင်းရင်းသားအချင်းချင်းညီညွတ်ရေးရခဲ့ပါပြီလား။ ဒီကနေ့ခေတ်မှာ တိုင်းရင်းသားလူမျိုးတွေဘက်ကပြောနေတဲ့ နိုင်ငံရေးတန်းတူမှုနဲ့လူမျိုးရေးတန်းတူမှုဆိုတာတွေ ရှိနေပါပြီလား။ ခွဲထွက်ခွင့်ဆိုတာကို မပြောတော့တဲ့ တိုင်းရင်းသားများအတွက် တန်းတူခွင့်ရနိုင်မယ့်အခြေအနေတွေ ရှိနေပါပြီလား။ ဒါတွေဟာ ပြည်ထောင်စု ညီညွတ်ရေးအတွက် စဉ်းစားရမယ့် (မဖြစ်မနေစဉ်းစားရမယ့်)ကိစ္စတွေလို့ပြောရင် စာဖတ်သူတွေဘက်က လက်ခံနိုင်ခြေရှိနေပါပြီလား။ ဒီမေးခွန်းတချို့ဟာ အခုကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ဖြေကိုဖြေရမယ့်ကိစ္စတွေဆိုရင် ဘာပြောချင်ပါသေးသလဲ။ မေးကြည့်လိုက်တာပါ။
လမ်းသလားတဲ့ယန္တရား
တိုင်းပြည်ရဲ့ပါတီစုံစနစ်အတွေ့အကြုံကိုပြန်ကြည့်တဲ့အခါ ၁၉၄၈ လွတ်လပ်ရေးရချိန်ကနေ ၁၉၅၈ ခုအထိ ၁ဝ နှစ်၊ ၁၉၆ဝ ကနေ ၁၉၆၂ အထိ ၂ နှစ်ဆိုတော့ ဟိုဘက်ခေတ်ကာလတွေတုန်းက ပါတီစုံစနစ်သက်တမ်း ၁၂ နှစ် ရှိခဲ့တယ်။ ၁၉၅၈-၆ဝ ကာလကို တော့ အိမ်စောင့်အစိုးရ (ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရ)လို့ ပြောကြသလို ပထမအကြိမ် စစ်အာဏာသိမ်းအစိုးရခေတ်လို့ပြောကြ၊ သတ်မှတ်ကြတယ်။ ၁၉၆၂-၈၈ ကာလကို မဆလတစ်ပါတီအစိုးရခေတ်လို့သတ်မှတ်ကြပြီး တချို့ကတော့ မဆလစစ်အာဏာရှင်စနစ်ခေတ်လို့ အသိအမှတ်ပြုထားကြ တာလည်းရှိတယ်။ ထားတော့။ ဒီဘက်ခေတ် ၁၉၈၈-၂ဝ၁ဝ ကာလကလည်း ပါတီစုံတွေပေါ်ပြီး ရွေးကောက်ပွဲတွေလုပ်ခဲ့ပေမယ့် ပါတီစုံဒီမိုကရေစီခေတ်မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးခေတ်ဖြစ်ခဲ့တာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ၂ဝ၁ဝ ကနေ အခု ၂ဝ၁၂ ကာလကို ပါတီစုံဒီမိုကရေစီခေတ်လို့သတ်မှတ်ပြီး တွက်ရင် ၂ နှစ်ရှိတယ်။ လွတ်လပ်ရေးရပြီးခေတ်က ၁၂ နှစ် ရယ်၊ အခု ၂ နှစ် ရယ်ပေါင်းမှ ၁၄ နှစ်ပဲ ရှိတယ်။ လွတ်လပ်ရေးရခဲ့တာ အခုဆိုရင် ၆၄ နှစ်ကျော်ခဲ့ပြီ။ ကျွန်တော်တို့တိုင်းပြည်မှာ ပါတီစုံစနစ်အတွေ့အကြုံက ၁၄ နှစ်ပဲရှိတာဆိုတော့ ကျန်တဲ့ နှစ် ၅ဝ ဟာ စစ်အုပ်ချုပ်ရေးယန္တရားနဲ့လမ်းသလားခဲ့တဲ့ကာလလို့ ပြောရမှာပါ။ အဲဒီ နှစ်ပေါင်း ၅ဝ လမ်းသလားပြီးအုပ်ချုပ်ခဲ့တဲ့စစ်ယန္တရားကြီးကို ပြည်သူလူထုကရွေးချယ်ခဲ့ကြတာမဟုတ်ဘူးဆိုတာကိုလည်း သမိုင်းမှာအထောက်အထားတွေ ရှိခဲ့ပြီးသားပါ။
မမေးတော့ပါဘူး
ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီဆိတ်သုဉ်းခဲ့တဲ့ နှစ်ပေါင်း ၅ဝ မှာ ညီညွတ်ရေး အားကောင်းခဲ့ပါသလား။ ညီညွတ်ရေးကောင်းတွေ ဖြစ်ခဲ့တယ်လို့ပြောရင် ဘယ်သူတွေညီညွတ်ခဲ့ကြတာလဲဆိုတာ မေးစရာဖြစ်လာပါဦးမယ်။ ပြည်တွင်းမှာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ခဲ့ခြင်း ရှိမရှိ၊ အုပ်ချုပ်သူတွေနဲ့ မတူတဲ့အမြင်အယူအဆရှိသူ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ရောသဟဇာတဖြစ်ခဲ့ခြင်း ရှိမရှိကိုလည်း ထပ်ကြည့်ရဦးမယ်ထင်တယ်။ ဒီမိုကရေစီဆိတ်သုဉ်းတာဟာ လွတ်လပ်မှုမရှိတာ၊ ဒါကြောင့် ညီညွတ်ရေးမရနိုင်ခဲ့တာလို့ ပြောမယ်ဆိုရင် အခုနဲ့ နောင်အနာဂတ်ကာလအတွက်ပါ စစ်ယန္တရားရဲ့လမ်းသလားမယ့် ရာဇတောဝါ ဘေးဆိုးကြီးက အပြီးတိုင်ချုပ်ငြိမ်းသွားနိုင်ခဲ့ပြီလားလို့ပါ နောက်ထပ်မေးစရာတွေရှိလာလိမ့်ဦးမယ်ထင်တယ်။ ဒီမေးခွန်းကိုမမေးဘဲ ချန်ထားခဲ့ပါတယ်။ မေးလိုက်ရင် ထွက်လာတဲ့အဖြေတွေမှာ မတူကွဲပြားတဲ့သဘောထားတွေပါလာနိုင်ပြီး ညီညွတ်ရေးအပေါ်မှာ ရိုက်ခတ်ထိခိုက်လာမှာ စိုးရိမ်တာကြောင့်ပါ။ အုပ်ချုပ်ရေးအာဏာရှိသူတွေက  တော့ နောက်ကြောင်းပြန်မလှည့်တော့ပါဘူးလို့ ရဲရဲကြီးအာမခံချက် ပေးနေတာကိုလည်း ဖတ်လိုက်ရပါသေးသဗျ။
ပါးနပ်လွန်းတဲ့ စားဖား
ညီညွတ်ရေးလို့ပြောရင် လူတစ်စုတစ်ဖွဲ့ကောင်းကျိုးအတွက်ညီညွတ်ခြင်းနဲ့ တိုင်းပြည်ကောင်းကျိုးအတွက်ညီညွတ်ခြင်းဆိုပြီး ခွဲကြည့်ရဦးမယ် ထင်တယ်။ ပါတီစုံတည်ရှိတဲ့ခေတ်မှာ တစ်ပါတီနဲ့တစ်ပါတီဟာ အမြင်သဘောထားချင်းကွဲပြားတာ၊ ထပ်တူမကျနိုင်တာဟာ သဘာဝတရားမို့ ပြဿနာမရှိပါ။ ပါတီတစ်ခုချင်းဟာ   ပြည်သူလူထုကိုအခြေခံထားရတာဖြစ်လို့ သူတို့အခြေခံထားတဲ့ ပြည်သူလူထုကောင်းကျိုး ဖြစ်စေရေးမှာတော့ အမြင်သဘောထားအရပဲဖြစ်ဖြစ်၊ လက်တွေ့လုပ်ဟန်မှာပဲဖြစ်ဖြစ် ညီညွတ်ကြဖို့လိုအပ်တယ်။ ဒါပေမဲ့ အဲဒီပါတီတစ်ခုထဲမှာ လူအုပ်စု တစ်စုတစ်ဖွဲ့အကျိုးစီးပွားအတွက်ပဲညီညွတ်နေကြတယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲကလို ‘စားဖားသမားညီညွတ်ရေး’ လို့ ပြောရမှာလား။ တိုင်းပြည်ကောင်းကျိုး၊ ပြည်သူလူထုကောင်းကျိုးကို ဦးမတည်ဘဲ ငါနဲ့ငါ့လူတွေ ကောင်းစားရေးအတွက် ငါတို့အချင်းချင်းညီညွတ်ကြစို့ဆိုတာမျိုးဖြစ်နေပြီဆိုရင်တော့ စားဖားညီညွတ်ရေးလို့ အတိအကျပြောလို့ရပါပြီ။ သတိထားဖို့လိုတာကတော့ စားဖားတိုင်းရဲ့ပါးစပ်ကနေ ငါ့အတွက်လို့ ဘယ်တော့မှ မထွက်လာတတ်ဘူးဆိုတာပါပဲ။ ပါးနပ်လွန်းလို့ စားဖား ဖြစ်လာကြတာမို့ သူတို့တရားကို စကားလုံးတွေထဲမှာလိုက်မရှာဘဲ သူတို့ တကယ့်ဘဝဆီမှာရှာကြည့်နိုင်မှ တွေ့ရပါလိမ့်မယ်။
ဘုံရည်မှန်းချက်က ဘာလဲ
တိုင်းပြည်ကောင်းကျိုးအတွက် ညီညွတ်ခြင်းဆိုတာမှာတော့ ပါတီတွေဟာ အခြေခံအရ အမြင်သဘောထား မတူကွဲပြားပေမယ့် အများနဲ့ဆိုင်တဲ့ ဘုံအကျိုးစီးပွားကိစ္စမှာတော့ ညီညွတ်တတ်ရမယ်ဆိုတာလို့ ထင်တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတုန်းက မတူတဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေဟာ တိုင်းပြည်ရဲ့ အဓိကအကျိုးစီးပွားပေါ်မှာ တူညီတဲ့ရည်မှန်းချက်နဲ့ညီညွတ်ခဲ့ကြဖူးတယ်။ ဒီကနေ့ခေတ်ရဲ့
ပါတီ၊ အဖွဲ့အစည်းတွေကြားက ဘုံရည်မှန်းချက်ဟာ ဘာလို့ထင်ပါသလဲ။ ငြိမ်းချမ်းရေးလား။ တိုင်းရင်းသားလူမျိုးများတန်းတူခွင့်ဆိုင်ရာကိစ္စလား၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလား၊ လတ်တလော ပဋိပက္ခတွေ   ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက ပြဿနာလား၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ကိစ္စလား၊ ဒီမိုကရေစီအခွင့်အရေးတွေ တကယ်ရှိလာ ဖြစ်လာဖို့လား။ ဘုံအကျိုးစီးပွားအတွက် ရည်မှန်းချက်တူတဲ့ညီညွတ်ရေးကလည်း လိုအပ်နေတုန်းပါ။

မီးခိုးကြားက စားဖား
သိပ်မကြာခင် လပိုင်းတွေကစပြီး တိုင်းပြည်ရဲ့ နေရာအတော်များများမှာဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ လူတချို့က အပြစ်ပြောနေသံတွေကိုလည်း ကြားရပါသေးတယ်။ ဒါဟာ နယ်ပယ်အတော်များများကထွက်လာတဲ့ မီးခိုးတွေပါ။ ဆန္ဒပြနေကြတာဟာ မီးရှိလို့ မီးခိုးထွက်လာတဲ့ကိစ္စလို့ ကျွန်တော်ယူဆတယ်။ မီးခိုးထွက်လာစေတဲ့မီးကို အရင်ဆုံးငြိမ်းအေးနိုင်ဖို့လိုတယ်။ စက်ရုံတွေ၊ ကျေးလက်တွေနဲ့ နယ်ပယ်အသီးသီးမှာ မလိုလားအပ်တဲ့မီးတွေ လောင်နေခဲ့တာ၊ မတရားမှုတွေဖြစ်နေခဲ့တာ ကြာပါပြီ။ အခုဆန္ဒပြမှုတွေဟာ မီးလောင်နေတာကို လူသိရှင်ကြားဖြစ်ပြီး ဖြေရှင်းပေးနိုင်အောင် အသိပေးလိုက်တဲ့မီးခိုးတွေလို့ သဘောထားသင့်ပါတယ်။ မီးကိုငြှိမ်းနိုင်ရင် မီးခိုး မထွက်တော့ပါဘူး။ မီးမရှိရင် မီးခိုးလည်း မရှိနိုင်တော့ပါဘူး။ ပြေလည်အောင်မဖြေရှင်းနိုင်ရင်တော့ တိုင်းပြည်ရဲ့ပုံရိပ်ကို ထိခိုက်လာပါလိမ့်မယ်။ အစိုးရနဲ့ပြည်သူကြားမှာရှိရမယ့် သဟဇာတဖြစ်မှုတွေလည်း လုံးပါး ပါးလာနိုင်ခြေရှိတတ်ပါတယ်။ ဒီကိစ္စမှာ သတိထားရမှာကလည်း စားဖားညီညွတ်ရေးပါပဲ။ ကျွန်တော်တို့တိုင်းပြည်ရဲ့သမိုင်းမှာ ညီညွတ်ရေးတရားနဲ့ ညီညွတ်ရေးစကားကို ပြောခဲ့ကြတာကြာပါပြီ။ အခုအထိလည်း ပြောနေရတုန်းအခြေအနေမှာ ရှိနေရတာဟာ ဘာကြောင့်လို့ထင်မိပါသလဲ။ ရှိရမယ့်လွတ်လပ်ခွင့်တွေ မရှိခဲ့တာကြောင့်နဲ့ စားဖားတွေချည်း ညီညွတ်နေခဲ့တာကြောင့်လို့ မှတ်ချက်ချရင် သဘောတူနိုင်ကြမှာလားခင်ဗျာ့။
နောင်ကျော်


၃၁၊ ၁ဝ၊ ၂ဝ၁၂
http://popularmyanmar.com/mpaper/2012/11/%E1%80%80%E1%80%94%E1%80%B9%E1%80%91%E1%80%B2%E1%80%99%E1%80%BD%E1%80%AC-%E1%80%85%E1%80%AC%E1%80%B8%E1%80%96%E1%80%AC%E1%80%B8-%E1%80%98%E1%80%9A%E1%80%B9%E1%82%8F%E1%80%BD%E1%80%B1%E1%80%80%E1%80%AC/

0 comments:

Post a Comment