(မြန်မာကျူးပစ်ဖိုရမ်မှ
ဆောင်းပါးဖြစ်ပါတယ်)-အာဆီယံကို တရုတ်က ဘယ်လိုချည်း ကပ်သလဲ။ တရုတ်ဟာ အာဆီယံကို မျက်နှာနှစ်ဖက်ဗျူဟာနဲ့ချည်းကပ်ပါတယ်။ စီး ပွားရေးမှာအခွန်လွတ်ကုန်သွယ်ရေးလို
စီးပွားရေးအခွင့်ထူးတွေရနိုင်တာမို့ အာဆီယံ ကို စည်းလုံးတဲ့အဖွဲ့စည်းအဖြစ်အလေးထားဆက်ဆံပေမယ့်
နိုင်ငံရေးမျက်နှာစာ မှာတော့ သူ့သြဇာကို တစ်စည်းတစ်လုံးထဲပေါင်းစည်းပြီးခုခဲမယ့်အင်အားစုအဖြစ်
မမြင်ချင်ပါဘူး၊ ဒါကြောင့် တစ်နိုင်ငံချင်းစီခွဲခြားဆက်ဆံတဲ့နည်းကို
အသုံးပြုပါတယ်။
တရုတ်နဲ့မြေပြင်နယ်နိမိတ်ထိစပ်တဲ့အာဆီယံနိုင်ငံက
မြန်မာ၊ လောနဲ့ဗီယက်နမ် ၃ နိုင်ငံပဲရှိပါတယ်။ ဒီအထဲမှာမှ သမိုင်းကြောင်းအရ တရုတ်ရဲ့ကျူးကျော်မှုဒဏ်ကိုခံခဲ့ရဖူးတဲ့နိုင်ငံက
မြန်မာနဲ့ဗီယက်နမ်ပဲရှိတယ်။ ဒါပေမယ့် အာဆီယံနိုင်ငံအားလုံးဟာ
သမိုင်းကြောင်းကြီးတဲ့တရုတ်ကိုကြောက်တာက အစဉ်အလာလိုဖြစ်နေခဲ့တာပါ။ ဒီလိုကြောက်တာလည်း
အမေရိကန်မှာ ၁၉၅၀ နှစ်တွေကဖြစ်ခဲ့ဖူးတဲ့ အနီကြောက်ရောဂါလို ဘာကြောင့်မှန်းမသိ
ကွန်မြူနစ်ကိုမမြင်ရတဲ့တစ္ဆေလိုကြောက်တာမျိုးမဟုတ်ပဲ စစ်အေးခေတ် ထိုင်း-မလေး-အင်ဒိုနဲ့
ဖိလစ်ပိုင်တို့ဟာ တရုတ်အထောက်အပံ့ပေးထားတဲ့နစ်ဖြူတွေနဲ့ တကယ်ကိုအသေအကြေတိုက်ခဲ့ကြရတယ်၊ ဒီနိုင်ငံတွေ ကံကောင်းတာက တရုတ်ပြည်နဲ့နယ်နိမိတ်ချင်း
မထိစပ်နေခဲ့တာပဲ။ ဒါ့အပြင်ထူးခြားချက်က ဒီတရုတ်သြဇာခံကွန်မြူနစ်သူပုန်တွေအားလုံးလိုလိုကို
အဲဒီနိုင်ငံဖွား တရုတ်အနွယ်တွေကဦးဆောင်ကြတာပဲ၊ ဒါကြောင့် မလေး၊ အင်ဒိုနဲ့ဖိလစ်ပိုင်တို့မှာ
တရုတ်မုန်းတီးရေးတောင် ခေတ်စားခဲ့ဖူးတယ်၊ အင်ဒိုနီးရှားမှာဆိုရင်
အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးဆူဟာတိုဟာ တရုတ်တွေကိုကွန်မြူနစ်တွေဆိုပြီး
ကြိုးပေးသတ်ဖြတ်မှုတွေအများကြီးလုပ်ခဲ့တယ်။ နယ်နိမိတ်ချင်းထိစပ်နေတဲ့မြန်မာ၊
လောနဲ့ဗီယက်နမ်ကတော့ ပိုခံစားရတာပေါ့။ မြန်မာဟာ တရုတ်ထောက်ပံ့ပေးထားတဲ့ ဗကပနဲ့
ရင်ဆိုင်ရပြီး လော(လာအို)ကတော့တရုတ်လေ့ကျင့်ပြီး လက်နက်တပ်ဆင်ပေးထားတဲ့
မှုံလူမျိုးစုနဲ့ရင်ဆိုင်ခဲ့ရတယ်၊ ဗီယက်နမ်ကတော့ တရုတ်ကိုယ်တိုင်ကိုယ်ထိလက်ရောက်
ဝင်တိုက်ခြင်းကိုခံခဲ့ရတယ်။
ဒီလိုကြောက်ခဲ့ကြတာကြောင့်လည်း
အဲဒီခေတ်က ဖိလစ်ပိုင်-ထိုင်း-မလေး-စင်္ကာပူနဲ့အင်ဒိုတို့က အမေရိကန်ရဲ့ထီးရိပ်ခိုချိန်မှာ
လောနဲ့ ဗီယက်နမ်က ဆိုဗီယက်ရဲ့ထီးရိပ်ကိုခိုခဲ့ကြပါတယ်။
ထူးထူးဆန်းဆန်း အင်အားကိုချိန်ညှိကစားတတ်တဲ့ဦးနေဝင်းရဲ့မြန်မာပြည်ကတော့
ဘယ်ထီးရိပ်မှမခိုပဲ ခပ်တည်တည်နေခဲ့ဖူးတယ်။
ကမ္ဘောဒီယားကတော့ အစဉ်အလာနဲ့တရုတ်သြဇာခံချင်သူလို့
ပြောရမှာဖြစ်တယ်၊ ခမာနီပိုပေါ့ဟာ မက်စ်-မော်ဝါဒကို ပိုပြီးလက်စောင်းထက် အောင်
လုပ်ပြခဲ့သူဖြစ်ပြီး ဘုရင်နီဆိုတဲ့သီဟာနုက သေတဲ့အထိ တရုတ်ပြည်ကိုဖက်တွယ်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်မွေးစားသား ခမာနီတို့ရဲ့အုပ်စိုးမှုက ကမ္ဘောဒီယားမှာ
သက်ဆိုးမရှည်ခဲ့ပါဘူး။ ခြုံပြီးပြောရရင် စစ်အေးခေတ် အာဆီယံ ၁၀ နိုင်ငံမှာ
ဝါဒတရားနဲ့ သြဇာလွှမ်းမိုးဖို့ကျိုးစားခဲ့တဲ့ တရုတ်ရဲ့မိတ်ဆွေတစ်နိုင်ငံမှ
မပါရှိခဲ့ဘူးပေါ့။
ဒီဘက်ခေတ်မှာ အားလုံးသိကြတဲ့အတိုင်း
တရုတ်ရဲ့ပေါ်လစီကပြောင်းလဲသွားပါတယ်။ အထူးသဖြင့် အာဆီယံအပေါ်ထားတဲ့ သူရဲ့ပေါ်လစီက
လုံးဝပြောင်းလဲသွားပြီး မိတ်ဆွေဖြစ်ဖို့ကြိုးစားလာပါတယ်။ ကြားဖူးတဲ့သတင်းတစ်ပုဒ်အရ
တရုတ်ကြီးတိန့်ရှောင်ဖိန်ကို တရုတ်ကြီး လီကွမ်ယူးက အာဆီယံကိုခြိမ်းချောက်မှုနဲ့သြဇာပေးဆက်ဆံမယ့်အစား
ရင်းနှီမှုနဲ့အကျိုးအမြတ်ယူဖို့ အကြံပေးခဲ့ပါသတဲ့။
တရုတ်ဟာ အာဆီယံတစ်နိုင်ငံချင်းစီကို
ပုံစံတစ်မျိုးစီနဲ့ သြဇာထူထောင်ပါတယ်။
ဆင်းရဲပြီး နိုင်ငံရေးပဋိပက္ခကင်းတဲ့
လော(လာအို)ကို ငွေကြေးနဲ့စီးပွားရေးအကူညီတွေအလုံးအရင်းပေးပြီး သြဇာထူထောင်ပါတယ်။
လမ်းဖောက်လုပ်ရေးတွေ၊ မဲခေါင်မြစ်ကြောင်းခရီးသွားမှု မြှင့်တင်ရေးတွေ၊ ဒေသဖွံ့ဖြိုးရေးတွေ
တဆင့်ပြီးတဆင့်တိုးမြှင့်လုပ်ကိုင်ရင်း မဟာမဲခေါင်ဒေသမှာ သူ့ရဲ့သြဇာကို လော(လာအို)အခြေပြုပြီးထူထောင်ပါတယ်၊
တချိန်တုန်းက ဗီယက်နမ်နဲ့ပဲစီးပွားရေးလုပ်တဲ့ လော(လာအို)ဟာ အခုဆိုရင် တရုတ်-လော(လာအို)ကုန်သွယ်ရေးဟာ
အမေရိကန်ဒေါ်လာ ၅ ဘီလီယံလောက်ရှိနေပြီတဲ့။ လော(လာအို) ကနေ သစ်တွေ တွင်းထွက်တွေ လယ်ယာထွက်ကုန်တွေ
လက်မှုပစ္စည်းတွေအများစုဟာ တရုတ်ဆီကိုပဲရောက်ကုန်ပြီတဲ့၊ အခုနောက်ဆုံးမှာ တရုတ်ဟာ
မဲခေါင်မြစ်ပေါ်မှာ ရေကာတာပိတ်ပြီး လျပ်စစ်အားထုတ်ပြီးရင် ယူနန်နယ်ကိုဖြန့်ဖို့
လုပ်နေသတဲ့။
ကမ္ဘောဒီယားက စီးပွားရေးမှာ လော(လာအို)ထက်နဲနဲသာပေမယ့်
နိုင်ငံရေးကဒီလောက်မငြိမ်လှဘူး၊ လူ့အခွင့်ရေးမှတ်တမ်းညံ့တဲ့ ဟွန်ဆန်အစိုးရမှာ
အတိုက်အခံတွေရဲ့ဖိအားရှိသလို ထိုင်းနဲ့ရောဗီယက်နမ်နဲ့ပါ နယ်နိမိတ်ပြဿနာလေးတွေရှိနေတယ်။
ဒီတော့ တရုတ်ဟာ ဟွန်ဆန်အစိုးရဘက်က ရပ်တည်ပေးတယ်၊ အစိုးရကိုငွေကြေးထောက်ပ့မှုတွေလည်းလုပ်တယ်၊
ဒီလိုနဲ့ ဟွန်ဆန်အစိုးရဟာ တရုတ်အိပ်ကပ်ထဲရောက်ရှိလာတယ်။
တချိန်ကတရုတ်လျှော့တွက်ခဲ့တဲ့မြန်မာကတော့
တရုတ်အတွက် ခေါင်းစားစရာအကောင်းဆုံးနိုင်ငံပါ (ဒါကိုရှေ့မှာဆက်ဆွေးနွေးပါမယ်)။
ထိုင်းကိုတော့ တရုတ်က
ယဉ်ကျေးမှုမျက်နှာစာကနေ သိမ်းသွင်းပါတယ်။ ထိုင်းသမိုင်းကြောင်းအရ ထိုင်းပဒေသရာဇ်တွေဟာ
တရုတ်ယဉ်ကျေးမှုနဲ့နီးစပ်ခဲ့တဲ့အခါတွေရှိခဲ့တယ်၊ ၁၆ ရာစု နာရောင်းဘုရင်လက်ထက်မှာ
နန်းတွင်းတရုတ်အင်အားစုကဦးဆောင်ပြီး အနောက်တိုင်းသြဇာကိုဖယ်ရှားတဲ့ပုန်ကန်မှုဖြစ်ခဲ့ဖူးသလို
၁၈ ရာစု ရာမ ၃ လက်ထက်မှာ မန်ချူးနန်းဆက်နဲ့ထိုင်းနန်းတွင်းဟာ အလွန်နီး ကပ်မှုရှိခဲ့ပါသတဲ့၊
အဲဒီအချိန်ကစပြီး တရုတ်တွေဟာ ထိုင်းရဲ့စီးပွားရေးနဲ့နိုင်ငံရေးမှာ
အရေးပါတဲ့နေရာကနေဦးဆောင်ခဲ့တယ်၊ ဂျပန်နဲ့ပေါင်းတဲ့ အမျိုးသားရေးဝါဒီ
ဗိုလ်ချုပ်ကြီးဖီဘောဆွန်ကရမ်လက်ထက်မှာ တရုတ်နှိပ်ကွပ်ရေးပေါ်လစီကို
ချမှတ်ကျင့်သုံးခဲ့ပေမယ့် ထိုင်းနဲ့တရုတ် ပတ်သက်ယှက်နွယ်မှုက
အတော်လေးခိုင်မာအမြစ်တွယ်ခဲ့ပြီဖြစ်တယ်။ ထိုင်းလက်ဝဲကျောင်းသားတွေတောခိုပြီးသူပုန်ထတော့
(ထိုင်းကွန်မြူနစ်ပါတီ)ကို တရုတ်က အထောက်အပံ့ပေးပါတယ်။ ဒါ့အပြင် တရုတ်ဟာ ထိုင်းတောင်ပိုင်းက
မလေးရှားကွန်မြူနစ်သူပုန်တွေကို အထောက်အပံ့ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်ဟာ
ထိုင်းနန်းတွင်းနဲ့ ရွှေလမ်းငွေလမ်းဖေါက်ပါတယ်၊ တရုတ်စာပေနဲ့ တရုတ်ယဉ် ကျေးမှုကိုအထူးပြုလိုက်စားသူ
ထိုင်းဘုရင့်သမီးတော် သီရိဒုံဟာ တရုတ်အတွက် ထိုင်းကို သြဇာဖြန့်ကျက်ဖို့ အကောင်းဆုံးနယ်ရုပ်ပါပဲ။
နောက်တစ်ချက်က တရုတ်ရောထိုင်းရောက ဗီယက်နမ်ကိုအန္တရာယ်ကောင်လို့သဘောထားခဲ့ကြတာပဲ၊
ဗီယက်နမ်က ကမ္ဘောဒီယားကိုဝင် သိမ်းပြီး ခမာနီကိုဖြုတ်ချတဲ့အချိန်ကဆို
တရုတ်နဲ့ထိုင်းဆက်ဆံရေးတိုးတက်ခဲ့တယ်။ နောက်ပိုင်း စီးပွားရေးအရ
အပြန်အလှန်ကုန်သွယ်မှု ကနေ ဆက်ဆံရေးပြေပြစ်လာပြီး အထူးသဖြင့် တရုတ်-ထိုင်းကပြား
သက်ဆင်သျှီနာဝက် ဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ တရုတ်နဲ့ထိုင်းဆက်ဆံ ရေးဟာ
အလွန့်ကိုကောင်းမွန်ခဲ့ပါတယ်။
အင်အားကြီးတဲ့အင်ဒိုကို တရုတ်က
အရင်ကတည်းက သတိနဲ့ဆက်ဆံခဲ့တာပါ၊ နာမည်ကျော်ဘန်ဒေါင်းညီလာခံကို တရုတ်ဝန်ကြီးချုပ်
ချူအင်လိုင်းတက်ရောက်ပြီး ငြိမ်ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့စကားနဲ့ တရုတ်က
တပါးနိုင်ငံရေးကိုဝင်မရှုပ်ပါဘူးလို့ အာမခံပေးခဲ့ ဖူးတာ ကြားဖူးကြမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဆူဟာတိုလက်ထက်မှာ အင်ဒိုရဲ့အဓိကရန်သူဟာ တရုတ်ဖြစ်ခဲ့ရတယ်၊
တရုတ်တောင်မှ တရုတ်ပြည်တင်မက တရုတ်အနွယ်ဖွားအင်ဒိုနီးရှားတွေတောင် ဆူဟာတိုရဲ့နှိပ်ကွပ်မှုကို
ခံခဲ့ရပါတယ်၊ အခုတော့ တရုတ်ဟာ အင်ဒိုကို ကြီးမားလာနေတဲ့နှစ်နိုင်ငံအပြန်အလှန်စီးပွားရေးနဲ့ထိန်းကြောင်းဖို့
ကြိုးပမ်းနေခဲ့ပါတယ်။
တရုတ်လက်ဝဲသူပုန်တွေကို
အသဲအသန်နှိမ်နင်းခဲ့ရတဲ့ စစ်အေးခေတ်မလေးရှားဟာ တရုတ်ကိုအမုန်းကြီးမုန်းခဲ့ဖူးတယ်၊
ဒါပေမယ့် မလေးရှားရဲ့ကြီးပွားတိုးတက်မှုဟာ တရုတ်တံခါးဖွင့်တာနဲ့လည်းဆက်စပ်နေခဲ့တာမို့
နှစ်နိုင်ငံဆက်ဆံရေးဟာ ကြီးမားတဲ့ အပြန်အလှန်ကုန် သွယ်မှုပေါ်မှာ တည်ဆောက်ထားပါတယ်၊
ဒါကြောင့် အင်ဒိုနီးရှားလိုပဲ တရုတ်ဟာ အပြန်အလှန်စီးပွားနဲ့ မလေးရှားအပေါ်မှာ
သူ့သြဇာ ထူထောင်ဖို့ကြိုးစားပါတယ်။ မလေးရှားရဲ့ထူးခြားချက်က အင်ဒိုနီးရှားလိုပဲ
တရုတ်ကို ဂုတ်သွေးစုတ်ပြည်ပကလူတွေလို့ သဘောထားရှိပေမယ့် သူက အစ္စလာမ်မစ်နိုင်ငံပါ။
မဖြစ်လို့ပေါင်းနေရပေမယ့် အစ္စလာမ်တွေကိုတိုက်ခိုက်နေတဲ့အမေရိကန်ကို
သိပ်သဘောမကျလှပါ၊ သူ့ရဲ့အကျိုး စီးပွားကို တရုတ်ကမထိခိုက်ရင် အာဆီယံမှာ
တရုတ်လွှမ်းမိုးလာမှုကို မလေးရှားအနေနဲ့ ကန့်ကွက်စရာမရှိနိုင်ပါ။
စင်္ကာပူကတော့ မက်စ်-မော် ဝါဒကို
သဘောမကျတာလွဲရင် တရုတ်ချင်းမို့ တရုတ်ကို ခါးခါးသက်သက်ရှိပုံမရလှပါ။ အလွန်ကြီးမားတဲ့
အပြန် အလှန်စီးပွားရေးတွေရှိပြီး တရုတ်ပြည်နှင့်လည်းအလှမ်းဝေးတာမို့
စင်္ကာပူနှင့်တရုတ်ပြဿနာမရှိပါ၊ ရှိချင်းရှိ စင်္ကာပူရဲ့ နိုင်ငံရေးလွတ်လပ်မှု
မရှိခြင်းကိုထောက်ပြနေတဲ့အနောက်နဲ့သာ ဝါဒရေးရာပဋိပက္ခရှိနိုင်ပါမယ်။
စစ်အေးခေတ်က အမေရိကန်ရေတပ်စခန်း
(ဆူဘစ်ပင်လယ်အော်)ထားရှိရာ ဖိလစ်ပိုင်နဲ့တရုတ်ရဲ့ဆက်ဆံရေးဟာ တကယ်တန်းတော့
ခါးခါးသီးသီးဖြစ်ရာတော့သိပ်မရှိခဲ့ပါ၊ စစ်အေးခေတ်က လက်ဝဲကွန်မြူနစ်တွေကို
တရုတ်ကကူညီခဲ့ပေမယ့် အာဏာရှင်မားကို့စ်နဲ့ဇနီး အီမယ်ဒါတို့ဟာ
ဥက္ကဌကြီးမော်နဲ့တရင်းတနှီးရှိခဲ့ပါတယ်။ နောက်ပိုင်း အပြန်အလှန်စီးပွားရေးတွေနဲ့
တရုတ်-ဖိလစ်ပိုင်ဆက်ဆံရေးကို ခိုင်မာစေခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း
တောင်တရုတ်ပင်လယ်ရေပိုင်နက်ပြဿနာဖြစ်ပြီးကတည်းက နှစ်နိုင်ငံဆက်ဆံရေး
ပြန်လည်အေးခဲလာနေပါတယ်။
ဗီယက်နမ်ကတော့ တရုတ်ကို သူ့ရဲ့သမိုင်းရန်ဘက်ကြီးလို့
သတ်မှတ်ပါတယ်။ ဗီယက်နမ်သမိုင်းမှာ ရာစုနှစ်တွေများစွာ တရုတ်ကိုတော်လှန်တဲ့
စစ်ပွဲတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ ဗီယက်နမ်ယဉ်ကျေးမှုထဲမှာ တရုတ်ယဉ်ကျေးမှုတွေကအများကြီး
ပျော်ဝင်နေခဲ့ပေမယ့်လည်း ဗီယက်နမ်တွေရဲ့ တရုတ်ကိုဆန့်ကျင်တဲ့စိတ်ဓါတ်က ပျောက်ပျက်မသွားခဲ့ပါဘူး။
ဗီယက်နမ်လွတ်မြောက်ရေးစစ်ပွဲတွေတုန်းက တရုတ်နဲ့ ဗီယက်နမ်တို့ဆက်ဆံရေးဟာ
ခေတ္တအဆင်ပြေခဲ့ပေမယ့် ဆိုဗီယက်နဲ့တရုတ်ကွဲကြတဲ့အခါ ဆိုဗီယက်တပည့ခံဗီယက်နမ်နဲ့
တရုတ်လည်း ကွဲသွားပြန်တယ်။ ဒီနောက်ပိုင်း နှစ်နိုင်ငံလုံး တံခါးတွေဖွင့်ပြီး
ဈေးကွက်စီးပွားရေးတွေထူထောင်ခဲ့ကြတဲ့အခါ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ် မှုတွေနဲ့
စီးပွားရေးဆက်ဆံမှုတွေအများကြီးရှိခဲ့ပေမယ့် ဗီယက်နမ်ဟာ တရုတ်ချင်းတူတာတောင်
ထိုင်ပေ (တိုင်ဝမ်) တရုတ်ကို မျက်နှာသာ ပေးတယ်လို့ ဆိုရိုးရှိခဲ့ပါတယ်။ အခု
တောင်တရုတ်ပင်လယ်ရေပိုင်နက်အငြင်းပွားမှုက တရုတ်-ဗီယက်နမ် အစကတည်းကအားမကောင်းတဲ့
ဆက်ဆံရေးကို ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်က ဗီယက်နမ်ကို
မဲခေါင်မြစ်ညှာကိုပြသနာရှာခြင်းနဲ့ တရုတ်တောင်ပိတ် နယ်စပ်က
ဗီယက်နမ်နဲ့ကုန်သွယ်ရေးအပေါ်ဖိအားပေးခြင်း စတာတွေနဲ့ဖိအားပေးဖို့ကြိုးစားနေပါတယ်။
ခြုံပြီးပြောရင် တရုတ်ဟာ အာဆီယံ ၁၀ နိုင်ငံလုံးနဲ့
စီးပွားရေးမှာအခိုင်အမာတည်ဆောက်ပြီး သြဇာထူထောင်ထားနိုင်ပါတယ်၊ ဒါပေမယ့် နိုင်ငံရေးအရ
သြဇာထူထောင်မှုကတော့ ၁၀ နိုင်ငံမှာ ပုံစံ ၁၀ မျိုးနဲ့ ထူထောင်ထားပါတယ်။ ဒါပေမယ့်
တူညီတဲ့အခြေခံတစ်ခုက အာဆီယံ ၁၀ နိုင်ငံလုံးမှာ
ကြီးမားတဲ့တရုတ်နွယ်ဖွားတွေနေထိုင်ကြတာမို့ ယဉ်ကျေးမှုအရအနည်းအနဲ့အများလွှမ်းမိုးမှုတော့
ရှိထားနှင့်ပြီး ဖြစ်ပါတယ်။
ဆက်ရန် -
0 comments:
Post a Comment