Thursday, November 1, 2012

ခေတ်မောင်းအတွဲ- ၆၊ အယ်ဒီ့တာ့အာဘော်

0 comments
ရခိုင်ပြည်ကအကြမ်းဖက်မှုတွေဟာ အကျည်းတန်တယ်ဆိုတာထက်ကို များစွာကျော်လွန်ခဲ့ပြီ။ ပိုထိတ်လန့်ဖို့ကောင်းတာက ဒီလောက် အတိုင်းအတာထိဖြစ်ပြီးမှတော့ ဒီ့ထက် ဘာပိုဆိုးနိုင်စရာရှိဦးမှာလဲလို့ပြောနိုင်ဖို့ရာခက်တယ်။ လက်ရှိပြဿနာပေါက်ကွဲမှုဟာ ရေချိန်အမြင့်ဆုံးအဆင့်ရယ်လို့ပင် ဘယ်သူမှ အာမမခံနိုင်၊ အနှစ်နှစ်တွယ်ငြိ လှိုက်စားခဲ့သောအိုင်းအနာကြီး ပြည်ပေါက်ထွက်သည့်နှယ်။ အနာသက်သာဖို့၊ မသတီစရာ အစွန်းအထင်းအပေအကျံတို့ကို ဆေးကြောသန့်စင်ဖို့ ဦးစားပေးဗျာများရမှာဖြစ်သလို၊ အရှင်းပျောက်မယ့်အရေး အမြစ်ကျွတ်ဖို့ရန်လိုလှတယ်။ အဲဒီ့အမြစ်က ဘာလဲ။ အရင်းခံနေတာ တစ်မြစ်မက လူအပြောများတဲ့ လူဝင်မှုပြဿနာ၊ ဘာသာရေးနဲ့လူမျိုးရေးပြဿနာ၊ လူ့အခွင့်အရေးအာမခံချက်နဲ့ဥပဒေစိုးမိုးမှုပြဿနာစတဲ့ နှစ်မြစ် သုံးမြစ် ပေါင်းစုံ နေတာလား။ အဲဒီ့ပြဿနာအမျိုအစားဆိုတာတွေဟာ ဖြစ်နေတဲ့အခြေအနေတစ်ရပ်အပေါ် ချည်းကပ်ရာ ရှူထောင့်အမြင်တွေပဲဖြစ်တယ်။ အရင်းခံအကြောင်းကြီးကတော့ ဒီပြဿနာသာပဲရယ်လို့ ယတိပြတ်ပိုင်းခြားပြောဖို့ရာမဖြစ်နိုင်၊ ဘယ်ရှူထောင့်အမြင်ကနေ ချည်းကပ်သည်ဖြစ်စေ လူဝင်မှု၊ ဘာသာရေးနဲ့လူမျိုးရေး၊ လူ့အခွင့်အရေးအာမခံချက်နဲ့ဥပဒေစိုးမိုးရေးဆိုတဲ့နယ်ပယ်အားလုံးဟာ တစ်မျိုးကို အစဆွဲရင်ဖြင့် ကျန်အမျိုးအစားတွေပါတသီကြီးအလိုလိုပါလာမယ့် တစ်မျိုးနဲ့တစ်မျိုးယှက်ထွေးနေကြတာမျိုး။

ကိုယ်ယုံကြည်အားသန်ရာထူထောင်ဖော်ဆောင်နိုင်တဲ့ မတူသောနိုင်ငံရေးနဲ့ဘောဂဗေဒနည်းစံနစ်တွေကိုသာဖယ်လိုက်ရင်ဖြင့် ဒီမိုကရေစီရဲ့ပင်မအနှစ်သာရဆိုတာ လူ့အခွင့်အရေးပဲဖြစ်တယ်၊ ဒါဟာ အငြင်းပွားဖွယ်မရှိတဲ့ ခေတ်ပြိုင်ကမ္ဘာရဲ့ စံနှုံးတန်ဖိုးပဲ။ ဒါ့ကြောင့် ခင်ဗျားဟာ ပွင့်လင်းသောလူ့ဘောင်ရဲ့ ဒီမိုကရက်တစ်အနှစ်သာရများကို ကိုယ်စားပြုထင်ဟပ်တယ်ဆိုတဲ့ ကိုယ့်စံတန်ဖိုးများအပေါ် စိတ်ချယုံကြည်စွာနဲ့ လူ့အခွင့်အရေးရှူထောင့်ကနေချည်းကပ်ခြင်းပြုပြီ ဆိုကြပါစို့။ ဒီအခါ လူ့အခွင့်အရေးကို ဘယ်သူတွေက ကျူးလွန်နေသလဲဆိုတဲ့တရားခံရှာဖို့၊ ဘယ်သူတွေ အကျူးလွန်ခံနေရသလဲဆိုတဲ့ ကိုယ်ရပ်တည်ပေးဖို့ရာဘက်ကွဲပြားဖို့ အသားပေးရတယ်။ ဒီအခါ အဆက်ဆက်သောစစ်အစိုးရအောက် နိုင်ငံသားအားလုံးရဲ့အခွင့်အရေးများ အသိအမှတ်မပြု ချိုးဖျက်ကျူးလွန်ခံရပုံမျိုး တရားခံစစ်အစိုးနဲ့အကျူးအလွန်ခံအများပြည်သူရယ်လို့ အာဏာရှင်စံနစ်ဆန့်ကျင်ရေးစိတ်ဓာတ်လို ၀ိဝါဒကွဲစရာမရှိ တစ်စိတ်တည်းတစ်ဝမ်းတည်း တစ်သဘောတည်းညီတဲ့အကြောင်းခံအမှန်တရားတစ်ရပ် ရခိုင်အရေးမှာ နိုင်ငံသားအားလုံးရဲ့အကြား ဖြစ်ထွန်းနေရဲ့လား၊ ဖြစ်ထွန်းနိုင်ပါ့မလား။ ကြည့်ရအောင်။

လူ့အခွင့်အရေးလမ်းကြောင်းမှလျှောက်လှမ်းပြီး လူ့အခွင့်အရေးကိစ္စပြောပြီဆို ဘယ်သို့သောအကြောင်းအရာပေါ်မှာမူတည်လို့ ဘယ်လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာလဲဆိုတာကို ပြောမှဖြစ်မယ်။ လူအများစုနဲ့မတူသောဘာသာတရားတစ်ခုကိုသက်ဝင်တဲ့ လူအများစုနဲ့မတူသောမျိုးနွယ်စုဖြစ်ရခြင်းအတွက် ဖြစ်တည်ရှိမှုတစ်ခုလုံး အပလပ်ခံရကာ ပစ်မှတ်ထားအတိုက်အခိုက်ခံနေရတဲ့လူတွေရဲ့အခွင့်အရေးဘက်က ရပ်တည်တယ်ဆိုတဲ့ လူ့အခွင့်အရေးရှူဒေါင့်ကို စမ်းစစ်မယ်။ ဘယ်ဘာသာဝင်ဘယ်လူမျိုးစုဖြစ်ရခြင်းအတွက်ဆိုကတည်းက ဘာသာရေးနဲ့လူမျိုးရေးဟာ အခင်းဖြစ်ပွားရာရဲ့မူလအကြောင်းခံဖြစ်ကြောင်း ချန်ထားခဲ့လို့မရ၊ လူ့အခွင့်အရေးရှူဒေါင့်မှာ ဘာသာရေးနဲ့လူမျိုးရေးဟာ တစ်ပါတည်းတွဲပါတယ်။ ကိုင်း... ဘယ်လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာလဲဆိုရင်..ဖြစ်တည်ရှိမှုတစ်ခုလုံးအပလပ်ခံရနေရတာဆိုတဲ့ အစဉ်အဆက်အခြေချနေထိုင်ရာလူမျိုးစုတစ်ခုအဖြစ် အငြင်းပယ်ခံရခြင်းနဲ့ နိုင်ငံသားဖြစ်မှုအငြင်းပယ်ခံရခြင်းတို့ဟာ လူဝင်မှုအရေးလို့တိုက်ရိုက်အနက်ထွက်နေပြန်တာပဲ မဟုတ်လား။ အငြင်းပွားဖွယ်လူဝင်မှုအရေးဆိုတာကလည်း ဥပဒေသက်ဝင်စိုးမိုးခြင်းရှိမရှိနဲ့ သက်ဝင်စိုးမိုးနေတဲ့ဥပဒေ မျှတညီညွတ်မှုရှိမရှိဆိုတဲ့ဥပဒေအရေးကိစ္စပဲ မဟုတ်လား။ ဒါ့အပြင် အခြေချနေထိုင်ရာနယ်နမိတ်နဲ့ ကူးသန်းသွားလာခွင့်၊ အိုးအိမ်မြေယာစီးပွားပိုင်ခွင့်နဲ့ပညာသင်ကြားပိုင်ခွင့်လို အခြင်းအရာများကလည်း ဥပဒေနဲ့အာမခံရမယ့်အရေးကိစ္စတွေပဲမဟုတ်လား။ ဆိုလိုတာက လူဖြစ်ရင်ပြီးတာပဲ၊ လူ့အခွင့်အရေးလိုင်းတင်နိုင်ပြီ၊ ရပ်တည်ပေးတာလုံလောက်ပြီလို့ယူဆခြင်းဟာ မလုံလောက်၊ ပြဿနာဟာ လူဖြစ်ခြင်းမဖြစ်ခြင်းမဟုတ် ရိုဟင်ဂျာဆိုတဲ့စကားလုံးကိုကိုင်တွယ်ရဲပါမှ အဓိပ္ပာယ်ရှိမယ်။

ဒီသဘောအတိုင်း အပြန်အလှန်ပဲ၊ တရားမ၀င်လူဝင်မှုက လက်သည်အကြောင်းပဲလို့ယုံကြည်ယူဆရှူမြင်ရာမှာရော မျက်မှောက်ရခိုင်အရေးဟာ လူမျိုးရေးနဲ့ဘာသာရေးအပေါ်အခြေမခံပါဘူးလို့ငြင်းဆိုခြင်းငှာ ကျိုးကြောင်းမဆီလျော်မခိုင်လုံနိုင်၊ အမျိုးကိုစောင့်ရှောက်လို၊ ဘာသာ သာသနာကိုကာကွယ်လို၊ နယ်မြေပိုက်နက်ကိုထိန်းချူပ်လိုတဲ့ ၀ံသာနုအမျိုးသားရေးစိတ်ဟာအရင်းခံအကြောင်းဆိုတာ အလွန်ထင်ရှားစွာဖော်ပြကြရတယ်။ ဒေသခံမျိုးနွယ်စုအဖြစ်ငြင်းပယ်ဖို့၊ နိုင်ငံသားဖြစ်မှုအပေါ်ထိန်းချူပ်ဖို့ရာ ဥပဒေကြောင်းအရတောင်းဆိုရတယ်။ ဒီတော့ ရခိုင်အရေးဟာ လူ့အခွင့်အရေးပါ၊ လူဝင်မှုအရေးပါ၊ ဥပဒေအရေးပါ၊ လူမျိုးရေးဘာသာရေးပါလို့ ဟိုနှယ်သည့်နှယ်ခွဲခြားပြောလို့ တစ်လိုင်းတည်း သီးသန့်ပိုင်းခြားချည်းကပ်ဖို့ရာမဖြစ်နိုင်။ တစ်နွယ်ငင်တစ်စင်ပါတဲ့ ဆက်စပ်ပတ်သက်သမျှအရင်းခံမှန်သမျှကို ပြဿနာအဖြစ်လက်ခံရှူမြင်မှ ရေရှည်အရေးပြီးနိုင်မယ်။

လူ့အခွင့်အရေးသမားများ သတိထားအဆင်ခြင်သင့်ဆုံးအရာကတော့ ငါတို့ဟာ ပိုယဉ်ကျေးကောင်းမြတ်တဲ့ ကမ္ဘာ့အမွန်စံတရားတို့ကိုစွဲကိုင်ထားကြသူတွေဆိုတဲ့၊ ကျင့်ဝတ်အရာသာလွန်သူစိတ်ဘ၀င်အစွဲ စွဲမိကြမှာကိုပဲ။ ဒီစိတ်ဘ၀င်မျိုးစွဲငြိပြီဆို အယူမတူသူကျန်လူတွေကို လူမျိုးရေးခွဲခြားသူ၊ ဘာသာအယူသည်း အတွေးအမြင်မကျယ်ပြန့်သူတွေအဖြစ်နှိမ့်ချရှူမြင်စိတ်အလေးကဲကာ ကိုယ်ကိုယ်၌ တပါးသူရဲ့မတူရာအမြင်အခြေတည်ရာအကြောင်းခံများအပေါ်နားလည်လိုစိတ်နည်းပါးကာ ကိုယ်မွေ့ပျော်ရာ သက်တောင့်သက်သာရှိရာအတွေးအ၀န်းအ၀ိုင်းထဲကမထွက်နိုင် ရှိပေလိမ့်မယ်။ ကိုယ့်ရဲ့ကျင့်ဝတ်ပိုင်းအမြင်ဆိုတာ အမြင်တူသူအချင်းချင်းကြားနဲ့ နိုင်ငံတကာအမြင်မှာ ကျောသပ်ရင်သပ်အလုပ်ခံရဖို့လောက်မဟုတ်၊ ကိုယ့်တိုင်းပြည် ရွေ့ရာလမ်း ပိုကောင်းပါစေကြောင်းရည်ရွယ်တဲ့စိတ်စေတနာသာအရင်းခံအပ်ရဲ့ မဟုတ်လား။ လူ့အခွင့်အရေးစံနှုံးများမှသွေဖီသောအမြင်ရှိသူတွေအဖြစ် ကိုယ်သတ်မှတ်ရာကိုယ်နဲ့မတူသူများဟာ စစ်အစိုးရကဲ့သို့ တသီးတခြားထီးထီးထင်းထင်းကွဲထွက်ကွဲပြားနေတဲ့အဖွဲ့အစည်းတစုံတရာ ဘာအင်စတီကျူးရှင်းရယ်လို့ အတိတကျမပြောနိုင်၊ သူတို့လည်းပဲ ကိုယ်ကောင်းစားစေလိုတဲ့ ကိုယ်ပြောင်းလဲစေလိုတဲ့ ကိုယ့်တိုင်းပြည်အတွင်းကနိုင်ငံသားတွေချည်းမဟုတ်လား။ မင်းတို့ပညာမတတ်ဘူး..မင်းတို့အမြင်ကျဉ်းမြောင်းတယ်.. မင်းတို့အသိခေါင်းပါးတယ်ဆိုတာထက် ဘာ့ကြာင့် ပညာမဲ့ အမြင်လွဲသိမှုနိမ့်ပါးရသလဲဆိုတဲ့ တရားကိုယ်အကြောင်းများကိုအဖြေရှာမှ ဖြစ်တော့မယ်။ ပညာတတ်ပြီးနိုင်ငံခြားနေလည်း လူမျိုးရေးခွဲခြားမုန်းတီးမှုဝါဒလက်ကိုင်ထားသူအချို့ရှိသမို့၊ သူတို့တည်ဆောက်ရာအမြင်များ ပညာဥာဏ်အပေါ်တကယ်ရော အခြေခံ၏မခံ၏စိတ်ဖြာပြခြင်းမျိုးနဲ့ ဘာ့ကြောင့်လွဲချော်ရသလဲဆိုတာတွေကို အယူအဆရေးရာ တန်ပြန်ချေပရင်းမျိုးကသာ အရှေ့သို့တိုးနိုင်မယ်။

ဘာဖြစ်လို့ လူအချို့ဟာ အပြိုင်ယှဉ်ထိုးစမ်းစစ်ဖို့ရာ အခြားကျင့်ဝတ်စံနှုံးတို့အပေါ်ငြင်းပယ်ပြီး ၀ံသာနုဒိုင်မေးရှင်းတစ်ခုထဲကျောက်ချကာ မျိုးစောင့်တရားမျိုးစစ်တရားကိုသာ စိတ်အာရုံအပေါ်လွှမ်းခြုံထားရသလဲ။ စစ်အစိုးရလို အင်စတီကျူးရှင်းမျိုးကသာ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်အကျိုးအမြတ်ရရှိဖို့ရာ ကြံရွယ်ချက်ရှိရှိ အမျိုးသားရေးအစွန်းရောက်တရားကို ၀ါဒရေးရာကိုင်စွဲအသုံးချတတ်ရိုးမှန်ပေသိ၊ နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းအနေနဲ့ ၀ံသာနုတရားရဲ့အစွန်းဘက်မှာရပ်တည်မိခြင်းမျိုးဟာ တစ်ကိုယ်ရည်အကျိုးစီးပွားတစ်ခုခုကိုငံ့လင့်ပြီး တွက်ကိန်းနဲ့အမျိုးချစ်ပြတာမျိုး ဘယ်ဟုတ်နိုင်ပါ့မလဲ။ တကယ့်ကို ကိုယ်ဘယ်သူဘယ်ဝါဆိုတဲ့အိုင်ဒဲန်တတီအပေါ် ကာကွယ်လို၊ စောင့်ရှောက်လိုခြင်းအရင်းခံစိတ်နဲ့ ဘယ်အရာတွေက ကိုယ့်ကိုကိုယ်စားပြုသလဲ ဒါမှမဟုတ် ဘယ်အရာတွေအပေါ် ကိုယ်ကကိုယ်စားပြုသလဲဆိုပြီး ငါက ဘယ်သူဘယ်ဝါ ဘယ်ပုံဘယ်ပန်း၊ ငါနဲ့မတူသူက ဘယ်သူဘယ်ဝါ ဘယ်ပုံဘယ်ပန်းရယ်လို့ခွဲခြား ကလပ်စီဖိုင်းလုပ်ပစ်ကြတာ။ ဒီလို အိုင်ဒဲန်တတီရှိဖို့အရေး ခွဲခြားသတ်မှတ်မှု ကလပ်စီဖိုင်းလုပ်တယ်ဆိုတာ တကယ်တော့ လက်ဝဲသမား၊ ဖရီးသင်ကာ၊ သတ်သတ်လွတ်စားသူ၊ ကျောက်ပွဲစား၊ စနေတံမြက်အသင်းဝင် ဘယ်သူမဆိုလုပ်ကြတာပဲ။ လက်ဝဲသမားက ကျောက်ပွဲစားအုပ်စုထဲပါဝင်ဖို့ခဲယဉ်းတဲ့စံတန်ဘိုးတွေ တသီးတသန့်ကွဲပြားတဲ့အုပ်စုတွေဖြစ်နိုင်သလို၊ သတ်သတ်လွတ်စားသူဟာ စနေတံမြက်အသင်းဝင်လည်းဟုတ်နေနိုင်တဲ့ စံတန်ဘိုးတွေ မျှဝေတည်ရှိနိုင်တဲ့အုပ်စုတွေလည်းဖြစ်နေနိုင်တာပဲ။

ဝံသာနုအစွန်းရောက်ကျမှ ဘာလို့မှားတဲ့လွဲတဲ့လမ်းလို့ ဆိုအပ်သလဲ။ ထိန်းသိမ်းဖော်ဆောင်လိုတဲ့အိုင်ဒဲန်တတီဟာ ပြည်ထောင်စုဖွားနိုင်ငံသားဖြစ်ခြင်းဆိုခဲ့ရင်၊ ဒါကို အမျိုးအနွယ်၊ ဘာသာတရား၊ ဘာသာစကားနဲ့အသားအရောင်တို့အလီုက် ခွဲခြားကလပ်စီဖိုင်းလုပ်ပြီဆို ပြည်ထောင်စုဆိုတာရဲ့ အနှစ်သာရအဓိပ္ပာယ်ကို တကယ်ရောစေ့ငုံနားလည်ပြီး မတူကွဲပြားရာများကို နိုင်ငံရေးအရအာမခံချက်ပေးနိုင်တဲ့စံနစ်တစ်ရပ်ထူထောင်ဖို့ရာ ဦးတည်မျှော်မှန်းတဲ့ အမျိုးအစားအဓိပ္ပာယ် သတ်မှတ်ပိုင်းခြားခြင်းဟုတ်မဟုတ်ဆိုတဲ့ ဘယ်မျှ နိုင်ငံရေးအရမှန်ကန်မှုရှိသလဲဆိုတာ စမ်းစစ်ဖို့ပဲ။ ဘယ်အရာတွေတူသလဲဆိုတဲ့အပေါ်မှာပဲအသားပေးတဲ့ဝံသာနုအစွန်းရောက်တရားနဲ့ ကလပ်စီဖိုင်းလုပ်ခြင်းမျိုးဟာ ပြည်ထောင်စုစံနစ်တည်ဆောက်မယ်ဆိုတဲ့နိုင်ငံရေးနဲ့ ဖီလာဆန့်ကျင်၊ ဘယ်အရာတွေမတူဘူးလဲဆိုတဲ့အပေါ်မှာသာအသိအမှတ်ပြုတဲ့ ကလပ်စီဖိုင်းလုပ်ခြင်းမျိုးသာ ပြည်ထောင်စုစံနစ်နဲ့လျော်ညီတဲ့နိုင်ငံရေးအမှန်ကို ရနိုင်မယ်။ အလွယ်ပြောရရင် မြန်မာဆိုတဲ့အိုင်ဒဲန်တတီကို တူရာ အမျိုးအနွယ်၊ ဘာသာတရား၊ ဘာသာစကားနဲ့အသားအရောင်တို့အပေါ်အလေးမူမှုလွန်ကျွံတဲ့ဝံသာနုတရားအပေါ် အခြေပြုဖန်တီးခြင်းက နိုင်ငံရေးအရမှားတယ်။ နိုင်ငံရေးမှားတော့ ဘာဖြစ်သလဲဆို နိုင်ငံသားများကို အကာအကွယ်လုံခြုံမှုပေးနိုင်တဲ့နိုင်ငံရယ်လို စုစည်းတည်ထောင်လို့မရနိုင်တော့ဘူး။ အကြမ်းဖက်မှုအသွင်ထိကူးပြောင်းသွားနိုင်တဲ့ ပဋိပက္ခတွေ ရလာဒ်အဖြစ်ထွက်လာတာ ရခိုင်အရေးကသက်သေပဲ။

ကိုယ့်ရဲ့ စံပြုရာများလွဲချော်ခြင်းကနေ မှားယွင်းတဲ့လမ်းလိုက်မိသမို့ ကိုယ့်ရဲ့နိုင်ငံရေး ဘယ်လောက်ထိမအောင်မမြင်ဖြစ်ရ၊ ရည်မှန်းရာနဲ့ ပြောင်းပြန်အကျိုးသက်ရောက်ရတယ်ဆိုတာကို လင်္ကျာစွန်းရောက်ဝံသာနုများ သင်ခန်းစာယူသင့်တယ်။ အစ္စလာမ်မစ် စစ်သွေးကြွအခြေခံဝါဒီတွေဟာလည်း ဂျူးမုန်း အဖြူမုန်းစိတ်ကိုမွေးမြူလို့ ကိုယ့်ရဲ့အိုင်ဒဲန်တတီအထိပါးခံရခြင်းကနေကာကွယ်လိုခြင်းက အစပြုသားပေါက်ခဲ့တာပဲ။ အစ္စလာမ်မစ်စစ်သွေးကြွတွေရန်ကကာကွယ်ဖို့ဆိုပြီး ကိုယ်လည်း လူမျိုးရေးခွဲခြားမုန်းတီးမှုကိုစွဲကိုင်မိရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာလည်း မအောင်မြင်နိုင်တော့ဘူး။ လူဝင်မှုနယ်ခြားပြဿနာဆိုပြီး ကြွေးကြော်တယ်ဆိုကတည်းက ကိုယ့်တစ်နိုင်ငံထဲရဲ့ပြည်တွင်းရေးအဖြစ် ပုံဖော်လို့မရ။ အနည်းဆုံး နှစ်နိုင်ငံကိစ္စ၊ နှစ်နိုင်ငံတည်းရှင်းလို့မနိုင် သဘောတူမှုမရတဲ့အခါ နိုင်ငံတကာကိစ္စဖြစ်သွားကြောင်းသဘောက်ပေါက်သင့်တယ်။ ဒီအခါ နိုင်ငံတကာကိုမစွက်ဖက်နဲ့လို့ ကော်ဆဲလို့ မရ၊ ကိုယ်ကနှင်ထုတ်ထားတာလို့ နိုင်ငံတကာအလည်မှာလည်း ခေတ်အဆက်ဆက်ပုံပေါ်နှင့်ပြီးဖြစ်သမို့ ခေတ်အဆက်ဆက်ပဲ တစ်ယောက်မှပြန်လက်မခံဘူးဆို ငြင်းပယ်လို့မရ၊ ဘယ်၍ဘယ်မျှဆိုသလို ပြန်လက်ခံဖို့သဘောတူရတာချည်းပဲ။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံအပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် အတတ်နိုင်ဆုံးပြုမူပြပါမှလည်း အချူပ်အခြာအာဏာပိုင်တဲ့နိုင်ငံအဖြစ် နယ်ခြားရေး၊ လ၀ကရေးကိုင်တွယ်ရာမှာ ပြည်တွင်းမူဝါဒများကို ၀ံသာနုတရားဦးထိပ်ထားလိုသပဆိုဦးထိပ်ထားပြီး ချိန်ခွင်လျှာညှိနိုင်၊ တရားခံလုံးလုံးအသတ်မှတ်ခံဘ၀ကလွတ်နိုင်မယ်။ နို့မို့များဖြင့် ဗမာတွေ ကိုယ့်အိမ်ထဲကိုယ်နေရင်းသား ငတ်နေမွဲနေရတာအပြင် ရေးဆစ် Racist ဘွဲ့အကပ်ခံရတဲ့အဖြစ်က ဘယ်လောက်ရင်နာစရာကောင်းသလဲ။

ရခိုင်ပြည်အကြမ်းဖက်မှုများကို စစ်အစိုးရကပဲ အကွက်ချဖန်တီးပေးနေတယ်ဆိုတဲ့အမြင်ဟာလည်း လူတွေအကြား အတော်အားကောင်းတယ်။ စစ်အစိုးရကဖန်တီးပေးတယ်ဆိုရာမှာ စစ်အာဏာရှင်ရဲ့အမျိုးသားရေးမှိုင်းအကြား အနှစ်ငါးဆယ်နေခဲ့ရခြင်းရဲ့အကျိုးဆက်၊ ကောင်းမြတ်ခြင်းတရားကိုတိုင်းတာတဲ့အခါ အမျိုး၊ ဘာသာ၊ သာသနာမှအပ အခြားရည်ညွှန်းကိုးစား ယှဉ်တွဲတန်ဖိုးထားဖို့ရာစံနှုံးလစ်လပ်ရခြင်းရဲ့ ၀မ်းနည်းဖွယ်သရုပ်သကန်အဖြစ် အငြင်းပွားဖွယ်ရာ မရှိ၊ သို့ပေသိ ဂတုံးအသစ်ကျပ်ချွတ်တွေလာချပေးတဲ့ ယခင့်ယခင် ကုလား-ဗမာအဓိကရုဏ်းတချို့အပါအ၀င် ဒီပဲယင်းလို တိုက်ရိုက် နိုင်ငံတော်စပွန်ဆာအကြမ်းဖက်မှုအဖြစ်သက်သက်အနေနဲ့တော့ အလွယ် အဖြေ မထုတ်သင့်၊ ဗမာ့လူ့အဖွဲ့အစည်းအတွင်းမှာ လူမျိုးရေးမုန်းတီးမှုရောဂါဆိုးကပ်ငြိတွယ်နေပြီဆိုတာ မျက်မှောက်ပြုသင့်ပါတယ်။ ဒီရောဂါဆိုးဟာ ခွင့်တူညီမျှဝါဒဖြူစင်တဲ့ပြည်ထောင်စုစံနစ် ဘယ်လိုမှ တည်ထောင်ခြင်းငှာမစွမ်းသာသော နိုင်ငံရေးလမ်းစဉ်မှားဆီဦးတည်နေပြန်တဲ့ အတွေးအမြင်များစမ်းပေါက်ရာ ဋ္ဌာနေအရင်းအခ ဖြစ်နေပြန်ကြောင်းလည်း ပို၍ပင်မျက်မှောက်ပြုသင့်လှပါကြောင်း။


(ယူတာက) http://www.facebook.com/linayehtin/posts/3680617984791

0 comments:

Post a Comment