Thursday, November 22, 2012

အိုဘားမားခရီးစဉ်မှ ဆင်ခြင်စရာများ [ပ/ဒု] (ငြိမ်းချမ်းအေး)

0 comments
အမေရိကန်သမ္မတအိုဘားမား ဗမာပြည်လာခဲ့တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး လူအများစိတ်ဝင် တစားရှိကြတာ သတိထားမိတယ်။ ဒီကိစ္စနဲ့ပတ်သက်ရင် နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတ ကာရေးရာစတဲ့ရှုဒေါင့်အမျိုးမျိုးက သုံးသပ်ဝေဖန်ဆင်ခြင်ထောက်ပြစရာအများကြီးရှိတယ်။ ခရီးစဉ်ရဲ့သဘော၊ သဘာဝနဲ့ရှေ့လာမယ့် နှစ်နိုင်ငံရဲ့ခြေလှမ်းတွေအတွက် စာရေးသူအမြင် နဲ့ထောက်ပြမယ့်အချက်တွေဟာ (အများစုလို့ ယူဆရတဲ့) လူတွေရဲ့မျှော်လင့်ချက်နဲ့အပျော် တချို့ကိုထိခိုက်စေနိုင်လို့ ခုအချိန်မှာရေးဖို့အားနာမိပါတယ်။ ဒါကြောင့် အိုဘားမားရဲ့ ဒီခရီးစဉ်နဲ့ရန်ကုန်တက္ကသိုလ်မိန့်ခွန်းထဲကပဲ နိုင်ငံရေးသဘော၊ စီးပွားရေးသဘောမဟုတ်ဘဲ ဗမာ့လူ့အဖွဲ့အစည်းအတွက် သတိပြုဆင်ခြင်စရာ၊ အတုယူလေ့လာမှတ်သားစရာအပြုအမူ၊ အကျင့်နဲ့ပတ်သက်တဲ့ ယေဘုယျအကြောင်းအရာအချက်တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေး တင်ပြချင်ပါတယ်။

ပထမဦးဆုံးအချက်က အိုဘားမားရဲ့ မြန်မာလိုနှုတ်ခွန်းဆက်သတဲ့စကား၊ သူ့ကို ခရီးဦးကြိုဆိုနှုတ်ခွန်းဆက်သူကြသူတွေရဲ့ အမူအရာနဲ့ သူက ပြန်လည်နှုတ်ဆက်ရာမှာ ပြုမူပြတဲ့အမူအရာအကြောင်းဖြစ်ပါတယ်။

နှုတ်ခွန်းဆက်စကား “မင်္ဂလာပါ” နဲ့အမူအရာ “လက်အုပ်ချီ ဦး/ဒူး အနည်းငယ်ညွတ်” နှစ်ခုစလုံးဟာ ဗမာ့နေ့စဉ်သုံး လူမှုဓလေ့ထုံးတမ်းမှာ မရှိဘူး၊ စစ်အစိုးခေတ်အဆက်ဆက် လုပ်ယူထားတဲ့ဓလေ့ဆိုတာ သတိမမူမိသူများအတွက် ဦးစွာပထမရှင်းပြလိုပါတယ်။

မြန်မာ(ဗမာ)တွေ ကာလ၊ဒေသမရွေး လက်အုပ်ချီအရိုအသေပေးခြင်းဟာ ဗုဒ္ဓမြတ်စွာဘုရားနဲ့ ဘုရားရဲ့သားတော် ရဟန်းသံဃာတော် တွေကိုသာ ပြူမူလေ့ရှိပါတယ်။ နေရာ၊ ဒေသ၊ အခြေအနေအပေါ်မူတည်ပြီး လက်အုပ်ချီဂါရဝပြုလေ့ရှိကြတဲ့နောက်တမျိုးက ဘုရား၊ တရား၊ သံဃာနဲ့အတူ တဂိုဏ်းထဲထားလေးစားရိုသေမြတ်နိုးရတဲ့ မိဘနဲ့ဆရာသမားတွေအပေါ်မှာဖြစ်ပါတယ်။ အလားတူ အခြေအနေ၊ အချိန်အခါအလိုက် လက်အုပ်ချီအရိုအသေပေးလေ့ရှိကြတာက မိမိထက် အသက်ကြီး၊ ဝါကြီး၊ ပညာကြီးတဲ့ လူကြီးသူမများကိုဖြစ်ပါတယ်။ နောက်တခု ထူးခြားတဲ့အခြေအနေဖြစ်စဉ်သဘောမျိုးဖြစ်တဲ့ မိမိအသက်ကိုကယ်ခဲ့သူ(သို့)ဆေးဆရာသမားတော်ကြီးများကိုလည်း ကျေးဇူးသိတတ်တဲ့သဘော ရှိခိုးကန်တော့ဂါရဝပြုလေ့ရှိကြပါတယ်။ ဒီလိုအချက်၊ အခြေအနေမျိုးတွေကလွဲလို့ နေ့စဉ်လူမှုဘဝမှာတော့ လူအချင်းချင်း လက်အုပ်ချီ၊ ဦးညွတ်နှုတ်ဆက်တယ်ဆိုတာ မြန်မာ့(ဗမာ့)ဓလေ့မှာ လုံးဝ မရှိပါဘူး။

ဒီဓလေ့ဟာ ဟိန္ဒူဘာသာယဉ်ကျေးမှုဓလေ့ထုံးစံမှာမြစ်ဖျားခံကာ သူတို့ရဲ့လူမှုထုံးတမ်းမှာပါတည်ရှိနေပြီး အိန္ဒိယယဉ်ကျေးမှု ပျံ့နှံ့ရောက်ရှိတဲ့ ဗမာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို သက်ရောက်လာခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာ နေ့စဉ်သုံး နှုတ်ခွန်းဆက်ရာမှာပါ ဓလေ့အနေနဲ့သုံးလာကြပါတယ်။ ဥပမာ -အိန္ဒိယနိုင်ငံမှာ နိုင်ငံခြားသားတယောက်ကို ဒေသခံအိန္ဒိယလူမျိုးတယောက်က နှုတ်ဆက်ရင် လက်အုပ်ချီ၊ ဦးညွတ်၊ ဒူးညွတ်ပြီး “Namasté” လို့နှုတ်ဆက်သလို ယိုးဒယားမှာဆိုရင် ထိုင်းလူမျိုးတွေက အလားတူအမူအရာနဲ့ “Sawasdee” လို့နှုတ်ဆက်ပါတယ်။ ကမ္ဘောဒီးယားမှာဆိုရင် “Sampeah” လို့ဆိုပြီး နှုတ်ဆက်ကြပါမယ်။ ဗမာမှာတော့ အထက်မှာဖော်ပြတဲ့အမျိုးအစားနဲ့ အခြေအနေမျိုးတွေကလွဲရင် တခြားဘယ်သူ့ကိုမှ လက်အုပ်ချီ၊ ဦးညွတ်၊ ဒူးညွတ်နှုတ်ဆက်လေ့မရှိပါဘူး။

ဗြိတိသျှကိုလိုနီကျွန်သဘောက်ဘဝ လွတ်မြောက်ရေးကြိုးပမ်းစဉ်ကာလတုန်းက သခင်ဘသောင်းဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးဝင် ရှေးသခင်ကြီးတွေဟာ လူအချင်းချင်း၊ အထူးသဖြင့် အုပ်စိုးသူ၊ သြဇာအာဏာရှိသူအင်္ဂလိပ်နဲ့ လက်ပါးစေအခွင့်ထူးခံလူတန်းစားတွေကို ဘုရားထူး၊ သခင်တပ်ခေါ်၊ လက်အုပ်ချီ၊ ဦးညွှတ်အရိုအသေပေးနေရတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြပြီး ဗုဒ္ဓအဆုံးအမနဲ့လည်းညီတဲ့၊ ခေတ်အမြင် လူ့တန်ဖိုး သဘောတရားတွေနဲ့လည်းကိုက်ညီတဲ့ “ငါသာလျှင် ငါ့ကံ၏အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏အကြီးအကဲ ဖြစ်လေသည်..” (I am the master of my fate. I am the captain of my soul.) ဆိုတဲ့ “လူတိုင်းဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ အားလုံးတန်းတူ မိမိရဲ့ဘဝအသီးသီးကို ဦးဆောင်မောင်းနှင်ရာအရှင်သခင်တွေချည်းပဲဟေ့..” လို့ကြွေးကြော်လှုံ့ဆော်ကာ လူတိုင်းနံမည် ရှေ့မှာ “သခင်”တပ်ခေါ်ရင်း ပဒေသရာဇ်စနစ်ဆိုးနဲ့ကိုလိုနီစနစ်ဆိုးဒဏ်ကို ရာစုနှစ်၊ ဆယ်စုနှစ်များစွာခံစားရင်း ကျွန်စိတ်ဝင်နေရှာကြတဲ့ ဗမာနိုင်ငံသားလူမျိုးပေါင်းစုံကို “သခင်စိတ်” သွင်းပေးခဲ့ကြရတယ်။ ဒါဟာ "ငါ၏ဦးခေါင်းတို့သည် သွေးသံတို့ဖြင့် ရဲရဲနီ၏…၊ သို့သော်.. ညွတ်ကားမညွှတ်" ဆိုတဲ့ ရဲရဲတောက်သခင်စိတ်ဓာတ်၊ သခင်အကျင့်လည်းဖြစ်ပါတယ်။  ဒါဟာ တိုင်းပြည်ကို သူ့ကျွန်ဘဝက လွတ်မြောက် စေခဲ့တဲ့ အတွေးအခေါ်လက်နက်ကောင်းတခုလည်း ဖြစ်ပါတယ်။

ဒါကို နောင်တိုင်းပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းသူပြည်သားအပေါ် ဗိုလ်ကျစိုးမိုးခဲ့တဲ့စစ်အာဏာရှင်တွေက ပဒေသရာဇ်ညာဉ် မပျောက်ဘဲ ကိုလိုနီအမွေဆိုးကိုဆက်လက်ထိန်းသိမ်းလိုပြီး အတွေးအခေါ်ကျပ်မပြည့်၊ လူ..လူချင်းခွဲခြားတဲ့စိတ်နဲ့ သာမန်ထက်ပို အရိုအသေပေးမှုခံယူချင်ကာ သူတို့ရဲ့မင်းခမ်း၊မင်းနား၊ ပွဲလမ်းသဘင်နဲ့တိုင်းခန်းလှည့်လည်တဲ့ခရီးစဉ်တွေမှာ ပြည်သူလူထုကို အတင်းအဓမ္မ လက်အုပ်ချီကြိုဆိုနှုတ်ဆက်ခိုင်းရင်းနဲ့ လက်အုပ်ချီနှုတ်ဆက်တဲ့ဓလေ့ကို လူမှုထုံးတမ်းအဖြစ်သွတ်သွင်းရှင်သန်စေခဲ့ခြင်းသာ ဖြစ်ပါတယ်။

“မင်္ဂလာပါ” ဆိုတဲ့ နှုတ်ခွန်းဆက်စကားဟာလည်း နေ့စဉ်သုံးလူမှုထုံးတမ်းမှာ မသုံးဘူး၊ နေ့စဉ်သုံးဝေါဟာရမဟုတ်ဘူးဆိုတာတော့ အားလုံး နားလည်သဘောပေါက် မြင်နိုင်ကြမယ်လို့ယူဆပါတယ်။ နေ့စဉ်သုံး လူမှုရေး လောကဝတ်စကားအရ မြန်မာ(ဗမာ)တွေ အချင်းချင်းတွေ့ရင် ယဉ်ကျေးတဲ့အသုံးအနှုန်းအနေနဲ့“မာရဲလား ခင်ဗျာ..၊ “ထမင်းသုံးဆောင်ပြီးပြီလားရှင့်..၊ ထမင်းသုံးဆောင်ပါဦး..” အစရှိသလို နှုတ်ဆက်လေ့ရှိ ကြပြီး ရွယ်တူတန်းတူချင်း၊ ခင်မင်ရင်းနှီးသူချင်းနှုတ်ဆက်ကြရင်လည်း “ထမင်းစားပြီးပြီလားကွ..၊ ထမင်းဝင်စားသွားလေကွာ..၊ နေကောင်းရဲ့ လားဟေ့” စတဲ့အသုံးအနှုန်းတွေသာသုံးလေ့ရှိတာ အားလုံးလည်းအသိပါပဲ။  “မင်္ဂလာပါ” ဆိုတဲ့ နှုတ်ခွန်းဆက်စကားကတော့ အခမ်းအနား၊ ပွဲတွေ၊ ဆရာ/ဆရာမကိုအရိုအသေပြုတဲ့အနေနဲ့သုံးတဲ့ စာသင်ခန်းနှုတ်ခွန်းဆက်အသုံးတွေ၊ ပြည်သူ့ပြန်ကြားရေးနဲ့အသံလွှင့်ရာမှာသာအသုံး ပြုတဲ့ အစရှိတဲ့ ကာလ၊ ဒေသ၊ အခြေအနေတခုခုမှာသာသင့်လျော်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

ခု အိုဘားမားခရီးစဉ်မှာ သူ့ကိုခရီးဦးကြိုကြတဲ့သူတွေသုံးနှုန်းတဲ့ (သူကလည်း ပြန်လည်ခွန်းတုန့်ပြန်တဲ့) “မင်္ဂလာပါ” စကားဟာ မင်းခမ်း၊ မင်းနား (official/formal) ဖြစ်လို့ လက်သင့်ခံနိုင်ပေမယ့် လူလူချင်း လက်အုပ်ချီရှိခိုးကန်တော့ နှုတ်ဆက်ခြင်းဓလေ့ကတော့ မြန်မာ့(ဗမာ့) ဓလေ့မှာလည်း မရှိ၊ ပဒေသရာဇ်နဲ့အာဏာရှင်စရိုက်၊ အတွေးအခေါ်အပုပ်အသိုးကို အားပေးရာလည်းရောက်တဲ့အပြင် အငုံ့စိတ်ကို ဖြစ်ပေါ်စေတဲ့အတွက် ဒီလိုဓလေ့ကို နောင်မှာ ပြည်တွင်း/ပြည်ပက ဘယ်ပုဂ္ဂိုလ်မျိုးနဲ့ဆက်ဆံ.. ဆက်ဆံ.. “မိမိဓလေ့ထုံးတမ်းတခုအနေနဲ့”မလုပ်မိစေဖို့ သတိထားရှောင်ကြဉ်ရပါမယ်။ သူတပါးဓလေ့ကိုအသိအမှတ်ပြုကြောင်းပြတဲ့အနေနဲ့(ဥပမာ - အိန္ဒိယနိုင်ငံသားဟိန္ဒူတယောက်ကိုနှုတ်ဆက်လို့၊ ဒါမှမဟုတ် ထိုင်းလူမျိုးတယောက်ကိုနှုတ်ဆက်လို့) လိုက်လျောညီထွေ ပြုမူဆက်ဆံ ပြခြင်းကလွဲလို့ပါ။

ဗမာနိုင်ငံဟာ ခေတ်ဆိုး၊ စနစ်ဆိုးနဲ့လူဆိုးတွေကြောင့် အစစအရာရာ နောက်တန်းရောက်နေရတဲ့ အခုလိုအချိန်မှာ ဒီလိုအသေးအဖွဲ အလေ့အကျင့်ကလေးတခုကအစ ဂရုစိုက်ပြင်ပြီး လူတဦးချင်းရဲ့အောင်စိတ်၊ သခင်စိတ်ကိုမွေးမြူနိုင်မှ နောင်အနာဂတ်တိုင်းပြည်မှာ ပေမီ၊ ဒေါက်မီ၊ အကျင့်၊ သီလ၊ သမာဓိ၊ ပညာကောင်းတဲ့ တိုင်းသူပြည်သားကောင်းတွေ အများအပြားပေါ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။

ဗမာ့လူ့အဖွဲ့အစည်းမှာ အခုရေပန်းစားလာနေတဲ့ အာဏာရှင်စနစ်ဆိုးရဲ့ဝိသေသလက္ခဏာတခုဖြစ်တဲ့ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့တိုင်းပြည်ကသာ အမြင့်မြတ်ဆုံး၊ အကောင်းဆုံးဆိုတဲ့အယူအဆအခြေခံနဲ့ ဘာသာ၊ လူမျိုးမတူသူတွေအပေါ် အမုန်းပွား၊ ခွဲခြားဆက်ဆံလိုတဲ့ တလွဲဆံပင် ကောင်းစိတ်ဓာတ်၊ အတွေးအခေါ်တွေကိုဖျောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားအလိုလည်းဖြစ်တဲ့ ရုပ်နဲ့ နာမ်နဲ့ဖွဲ့စည်းထားတဲ့လူသားအားလုံး (အဖြူ/အမည်း/အမျိုး/ဘာသာ မခွဲ) အပေါ် တပြေးညီမေတ္တာတရားထားကာ မခွဲခြားဘဲ သိက္ခာရှိရှိဆက်ဆံသလို မိမိတဦးချင်း အနေနဲ့လည်း လူသားအားလုံးနဲ့ တန်းတူဂုဏ်သိက္ခာရှိရှိ ပြန်လည်ဆက်ဆံခံရနိုင်ဖို့အတွက် လူအချင်းချင်းအောက်ကျို့ချင်တဲ့ကျွန်စိတ်အမူအကျင့်တွေကို ဖျောက်နိုင်ဖို့လိုပါတယ်။ သူတပါးအပေါ် ကျွန်လိုမဆက်ဆံသလို၊ ကိုယ့်အပေါ်မှာလည်း ကျွန်လိုမဆက်ဆံစေရပါဘူး။

ဒါဟာ တနည်းအားဖြင့် ဒို့ဗမာအစည်းအရုံးရဲ့"ကိုယ့်မင်းကိုယ့်ချင်းတည်ထောင်မှု စာစဉ်၊ အမှတ်(၁) ၊ ၁၉၃၆” မှာ အတိအလင်းပြဋ္ဌာန်းထားတဲ့ “ဒို့ဗမာဋီကာ” ပါ “ကမ္ဘာဦးလူတို့သည် ကိုယ်စီကိုယ်ငှ အရှင်သခင်များဖြစ်ကြ၏။ လူခပ်သိမ်းတို့မှာ အာဏာရှင်သာဖြစ်သောကြောင့် လောကကြီးတခုလုံးသည် လောကနိဗ္ဗာန်ကြီးပင် ချုပ်ချယ်ခြင်းမရှိ…။" ဆိုတဲ့ လူသားအားလုံးစတင်ပေါ်ထွန်းစကတည်းက၊ ကနဦး မူလအခွင့်အရေး.. လူသားတန်ဖိုးဖြစ်တဲ့.. လူအချင်းချင်းကြားမှာ ဖိနှိပ်ချုပ်ခြယ်၊ ခွဲခြားဆက်ဆံကျွန်ပြုမယ့် အာဏာရှင်ဆိုတာမရှိ၊ အုပ်စိုးသူ၏အခွင့်ထူးခံလူတန်းစားဆိုတာ မရှိ၊ ဖိနှိပ်ချုပ်ခြယ်၊ ခွဲခြားဆက်ဆံ၊ ဗိုလ်ကျခံ၊ အုပ်စိုးခံရမယ့်အစေအပါး၊ ကျွန်သဘောက်ဆိုတာ မရှိရဘူးဆိုတဲ့ပြဋ္ဌာန်းချက်အတိုင်း ကျင့်ကြံအားထုတ်ခြင်းလည်းဖြစ်ပါတယ်။

ဒီလို လူသားအားလုံးတန်းတူ၊ လူ့အခွင့်အရေးနဲ့ သိက္ခာရှိရှိ၊ အပြန်အလှန်လေးစားအသိအမှတ်ပြုဆက်ဆံတဲ့ သခင်-သခင်ချင်း ဆက်ဆံရေး၊ တနည်းအားဖြင့် ဘယ်လူမျိုး(သို့) ဘယ်လူတဦးအပေါ်မှာမှ ကျွန်ပြုမဆက်ဆံချင်၊ ကျွန်လိုလည်းအောက်မကျို့တဲ့ဆက်ဆံရေးမျိုးကို ဗမာနိုင်ငံမှာ လူအများစုမြန်မာ(ဗမာ)တွေ၊ တိုင်းရင်းသားတွေနဲ့ တနိုင်ငံတည်းသား လူနည်းစုဘာသာ၊ လူမျိုးကွဲတွေအချင်းချင်းကြား ဆက်ဆံရာမှာထားရှိအသုံးပြုသလို နိုင်ငံတကာနဲ့ဆက်ဆံရာမှာလည်း အလားတူဂုဏ်သိက္ခာရှိရှိ တန်းတူဆက်ဆံရေးမျိုးကျင့်သုံးနိုင်မှသာ နောင် အနာဂတ်ကမ္ဘာ့အလယ်မှာ လူတဦးချင်းရဲ့လူမျိုး၊ ဇာတိ၊ ကျောထောက်နောက်ခံကိုမကြည့်ဘဲ အားလုံးလူသားဆိုတဲ့ ပကတိ သဘောတရားအတိုင်းအခြေပြု တပြေးညီဆက်ဆံတတ်တဲ့ နိုင်ငံကြီးတနိုင်ငံအဖြစ် သိက္ခာရှိရှိရပ်တည်လာနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အထက်မှာတင်ပြခဲ့သလို ဗမာ့ဓလေ့လည်းမဟုတ်တဲ့ ပဒေသရာဇ်နဲ့အာဏာရှင်အမွေခံ လူအချင်းချင်းလက်အုပ်ချီ နှုတ်ခွန်းဆက်သ တဲ့အကျင့်နဲ့ သူ့ရဲ့နောက်ဆက်တွဲသဘော၊ သဘာဝအကြောင်းကို ခု အိုဘားမားခရီးစဉ်နဲ့အတူ လူအများ စဉ်းစားဆင်ခြင်စေချင်ပါတယ်။

ဒုတိယအနေနဲ့ အိုဘားမားခရီးစဉ်မှာ စာရေးသူတို့လူ့အဖွဲ့အစည်းအနေနဲ့ ဆင်ခြင်သတိပြု အတုယူစရာက အိုဘားမားရဲ့ ပထမအချက်မှာ ဆွေးနွေးခဲ့တဲ့ နှုတ်ခွန်းဆက်စကားနဲ့အပြုအမူကို သူက ပြန်လည်အသုံးချမှုရဲ့သဘော အကြောင်းပါ။ ဗမာပြည်အာဏာရှင်ခေတ်မှာ လုံးလုံး.. လူဖြစ်လာပြီး အာဏာရှင်ပုံသွင်းသမျှခံရရှာတဲ့မျိုးဆက်သစ်နဲ့ လူကြီးတချို့တောင် အထက်မှာဆွေးနွေးခဲ့တဲ့ နှုတ်ခွန်းဆက်အမူအရာနဲ့ စကားကို ဗမာ့နေ့စဉ်သုံးဓလေ့ထုံးတမ်းအဖြစ် ထင်ယောင်ထင်မှားဖြစ်နေကြသေးတာ ကမ္ဘာ့တဘက်ခြမ်းကလာတဲ့ အိုဘားမား တယောက်လည်း ဒီလိုပြုမူပြောဆိုတာဟာ ဗမာ့ဓလေ့ပဲဆိုပြီး(ထင်ကာ) သူက သူရောက်ရှိလာတဲ့ ဒေသ၊ သူ့အိမ်ရှင်ရဲ့ဓလေ့ထုံးစံ ယဉ်ကျေးမှုကို လေးစားအသိအမှတ်ပြုကြောင်းပြသတဲ့အနေနဲ့ ပြုမူပြောဆိုပြသွားခဲ့ပါတယ်။

ဒီအချက်ဟာ စာရေးသူတို့လူ့အဖွဲ့အစည်းအတွက် အတုယူစရာဖြစ်ပါတယ်။ ဒီလို သူတပါးယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းတွေကို သိတတ်နားလည်ပေးခြင်းဟာ မတူကွဲပြားတဲ့နောက်ခံယဉ်ကျေးမှုဓလေ့ရှိကြတဲ့လူအချင်းချင်း၊ လူမျိုးအချင်းချင်း၊ နိုင်ငံအချင်းချင်းနဲ့ ဘာသာအယူဝါဒကွဲပြားသူချင်းအကြား ဆက်ဆံရေး ချောမွေ့အဆင်ပြေ၊ ပြဿနာနည်း၊ ပဋိပက္ခကင်းစေဖို့ရာမှာ အင်မတန် အရေးကြီးပါတယ်။

လူ့ရဲ့သဘော၊ သဘောဝက မိမိဘာသာစကား၊ ဓလေ့ထုံးတမ်းဟန်တခုခုကို နိုင်ငံခြားသား(သို့) မတူညီကွဲပြားတဲ့ဘာသာစကား၊ ဓလေ့ထုံးစံ ရှိတဲ့ တခြားလူတဦးဦးက အရေးတယူနဲ့ကြိုးစားပြောဆို၊ လုပ်ဆောင်ပြရင် ကျေနပ်နှစ်သက်သဘောကျသွားလေ့ရှိပြီး အဆိုပါပုဂ္ဂိုလ်အပေါ် ချစ်ခင်ရင်းစွဲစိတ်ဖြစ်ပေါ်သွားလေ့ရှိပါတယ်။ ဒီလိုချစ်ကြည်မှုကိုအရင်းတည်ပြီးတဲ့နောက်မှာလည်း ရေရှည်ဆက်ဆံရေးဟာ အဆင်ပြေချောမွေ့ သွားပါတော့တယ်။ စာရေးသူကိုယ်တွေ့တခုဆိုရရင် အမိမြေနဲ့မိုင်ထောင်ချီဝေးတဲ့ အနောက်တိုင်းယဉ်ကျေးမှုထွန်းကားရာ လူ့အဖွဲ့အစည်းက တက္ကသိုလ်မှာကျောင်းစဝင်တဲ့နေ့ ကျောင်းသားရေးရာဌာနက ဒေသခံလူမျိုးဝန်ထမ်းရဲ့ မြန်မာလို “မင်္ဂလာပါ”လို့ နှုတ်ဆက်ခြင်းခံရတော့ ဝမ်းသာကြည်နူးပီတိဖြစ်ခဲ့ရဖူးပါတယ်။ အဆိုပါဝန်ထမ်းကပဲ ကျွမ်းကျင်လိမ္မာပါးနပ်စွာနဲ့ တခြားနိုင်ငံတကာကျောင်းသားတွေကိုလည်း သက်ဆိုင်ရာဘာသာစကားအသီးသီးနဲ့နှုတ်ဆက်တာကိုမြင်ရတော့ သူတို့လူမျိုးတွေရဲ့ သူတပါးဓလေ့ထုံးစံကို လေးစားတတ်ပုံ၊ အမြင်ကျယ်၊ လူမှုရေးကျွမ်းကျင်မှု (Professional ဆန်မှု/ပီသမှုကြောင့်လည်းပါတယ်)ကို အံ့သြချီးကျူးဖြစ်ရပါတယ်။

အပြန်အလှန်သဘောအနေနဲ့ မိမိအပေါ်(သို့) မိမိလူမျိုးနဲ့တိုင်းပြည်အပေါ် သူတပါးလူမျိုးခြား၊ နိုင်ငံခြားက ချစ်ခင်လေးစားစိတ်ဖြစ်ပေါ်စေဖို့နဲ့ ဆက်ဆံရေးပြေပြစ်စေဖို့ရာမှာလည်း သူတပါးရဲ့မတူညီကွဲပြားတဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုဓလေ့ကို လေးစားအသိအမှတ်ပြုကြောင်း ဖော်ပြတတ်ဖိုပလိုပါတယ်။  ဒီနည်းဟာ ခု အိုဘားမားအပါအဝင် နိုင်ငံတကာကထင်ရှားတဲ့ခေါင်းဆောင်တွေ ပြုမူကျင့်ကြံလေ့ရှိတဲ့ လူမှုဆက်ဆံရေးနည်းလမ်းကောင်း တမျိုးလည်းဖြစ်ပါတယ်။

ဗမာပြည်က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း ဒီလို သူတပါးယဉ်ကျေးမှုကို အသိအမှတ်ပြုလေးစားကြောင်း ပြသတဲ့နည်းနဲ့ပဲ နိုင်ငံတကာလူမျိုးစုံ၊ နိုင်ငံစုံက ခေါင်းဆောင်တွေ ပြည်သူတွေနဲ့ပြောဆိုဆက်ဆံရာမှာအောင်မြင်မှုရပြီး လူကြိုက်များ၊ ထင်ရှား၊ လူချစ်၊ လူခင်ပေါနေရတာ ဖြစ်ပါတယ်။ သူ့ငယ်ဘဝ အိန္ဒိယမှာကျောင်းနေစဉ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေ တခါတရံ အိန္ဒိယရိုးရာဝတ်စုံ ဆာရီဝတ်တာ၊ ခုနောက်ဆုံး အိန္ဒိယခရီးစဉ်မှာ နဖူးအနီစက်တို့လက်အုပ်ချီ “namasté” ပြောနှုတ်ဆက်တာ တွေဟာ ဒီလို တခြားလူမျိုးနဲ့ဓလေ့ထုံးစံကိုလေးစားအသိအမှတ်ပြုကြောင်းပြပြီး စည်းရုံးရေးအောင်မြင်အောင်လုပ်၊ နှစ်နိုင်ငံနဲ့ လူမျိုး အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုတိုးပွားအောင် လုပ်ခြင်းသာဖြစ်ပါတယ်။ ခု နောက်ဆုံး အိန္ဒိယခရီးစဉ်ဓာတ်ပုံတွေကိုကြည့်ပြီး ဗမာ့လူအဖွဲ့အစည်းက အာဏာရှင်စိတ်ရှိသူတွေ၊ အာဏာရှင်အတွေးအခေါ်မှိုင်းမိနေသူတွေ၊ ခေတ်နောက်ပြန်ဆွဲတွေ၊ အမြင်ကျဉ်းမြောင်း သူတွေက (သူတို့အခေါ် ကုလားအကြိုက်လုပ်လို့ဆိုပြီး) ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ပြစ်တင်မှုတွေလုပ်တာလည်း သတိထား မိပါတယ်။

ကမ္ဘာ့စူပါပါဝါနိုင်ငံကြီး မှ (သူတို့အထင်ကြီးတဲ့) မျက်နှာကြီးက ကိုယ့်ဘာသာစကား မပီတပီပြောနှုတ်ဆက်၊ ကျေးဇူးတင်တာကို သဘောကျကျေနပ်နေပြီး မိမိခေါင်းဆောင်က တခြားလူမျိုးရဲ့ယဉ်ကျေးမှုနဲ့ဓလေ့ကို လေးစားကြောင်းပြသတာကိုတော့ အဆိုးမြင်ချင်တာဟာ အင်မတန်သဘောထားသေးသိမ်ရာ ရောက်ပါတယ်။ ဒီလိုအတွေးအခေါ်နိမ့်နဲ့ အမြင်တိမ်တွေကို မိမိတို့လူ့အဖွဲ့အစည်းတခုလုံးမှ လူတဦးချင်း (စီက) ရှောင်ကြဉ်ပြီး မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေကိုခံစားနားလည်၊ ဝေမျှစားသုံးခြင်းရဲ့ကောင်းမွန်အကျိုးများမှုတွေကို ဆင်ခြင်သုံးသပ် လက်ခံကာ ဓလေ့ထုံးစံမတူညီတဲ့ လူ့အဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးပွားလာအောင် ဖော်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ တပါတည်း မိမိလူ့အဖွဲ့အစည်းအတွင်းမှာလည်း မတူကွဲပြားခြားနားတဲ့ယဉ်ကျေးမှုတွေကို ပိုမိုနားလည်ပျော်မွေ့တတ်လာပြီး ပန်းပေါင်းစုံပွင့်၊ အတွေးအခေါ်ပေါင်းစုံထွန်းကားတဲ့ သာယာငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်တဲ့လူ့အဖွဲ့အစည်းကိုဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

စာရေးသူရဲ့အတွေ့အကြုံအရပြောရရင်လည်း ဒီလို လူမှုဆက်ဆံရေးနည်းပညာကောင်းတွေကိုအသုံးပြုပြီး ကာလံ၊ ဒေသံအလိုက် လိုက်လျောညီထွေပြုမူတတ်ခြင်းရဲ့လူမှုရေးအောင်မြင်ခြင်းသဘောတွေကို ငယ်စဉ်ဘဝ သခင်နုဘာသာပြန် “လူပေါ်လူဇော်လုပ်နည်း၊ ၁၉၃၈ (How to Win Friends and Influence People by Dale Carnegie, 1936)” ကို မြည်းစမ်းဖူးချိန်ကစလို့သိခဲ့ရပြီး နောင်လက်တွေ့လူ့ဘဝ ကျင်လည်ကျက်စားလာရတော့မှ တကယ်လည်းအကျိုးများပုံကို ပိုနားလည်သဘောပေါက်ခဲ့ရပါတယ်။ သခင်နုက သူရဲ့ “လူပေါ်လူဇော်လုပ် နည်း” စာအုပ်ကို နောင်ထပ်မံ ပုံနှိပ်ထုတ်ဝေရာမှာ မူလနံမည်ကတင်စီးလွန်းတယ်လို့ယူဆပြီး “မိတ္တဗလဋီကာ” လို့ပြောင်းခဲ့တယ်။ တကယ်က “လူပေါ်လူဇော်လုပ်နည်း” ဆိုတဲ့နံမည်က စာအုပ်ရဲ့သဘောနဲ့အလိုက်ဖက်ဆုံးဖြစ်ပြီး ဒီလို မိတ်ဆွေ၊ အပေါင်းအသင်းတိုးပွားစေတဲ့ လူမှုရေးနဲ့ စိတ်ပညာနည်းနာနိဿယတွေဟာ သူများမျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက် ဖျံကျတဲ့သဘောမဟုတ်ဘဲ လူများအကြား ထင်ပေါ်ကျော်ကြား၊ လူကြိုက်များ၊ လူကြည်ညိုစေပြီး အပေါင်းအသင်းဝင်ဆံ့ မိမိစကားအရာရောက် အောင်မြင်စေလို့“လူပေါ်လူဇော်” ဖြစ်စေတယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။

အခြေအနေ၊ အချိန်အခါအလျောက် ပြောင်းလဲပြုမူကျင့်ကြံ၊ ကျင့်သုံးရပုံကို ဒေးကာနက်ဂျီ စကား “ငါးမျှားလျှင် သင်ကြိုက်သော စတော်ဘယ်ရီသီးနှင့်မမျှားဘဲ ငါးကြိုက်သောတီကောင်နှင့်မျှားပါ။” ဆိုတာနဲ့ပဲ ဥပမာပေးရပါမယ်။ စာရေးသူကိုယ်တိုင်လည်း လက်တွေ့ဘဝမှာ အများကြိုက်ဖို့(လူကြိုက်များဖို့) အတွက် မယုံကြည်တာ၊ မမှန်တာမရေးဖို့၊ မပြောဖို့အစဉ်ကြိုးစားမိတာကလွဲလို့ သွားလာနေထိုင်ကျက်စားရာ နေရာ၊ ဒေသ၊ ပထဝီ၊ ပတ်ဝန်းကျင်နဲ့ တွေ့ဆုံပေါင်းသင်းရတဲ့မိတ်ဆွေ၊ အပေါင်းအသင်းအပေါ်မူတည်ပြီး လျှော်ညီတဲ့အပြုအမူ၊ အပြောအဆို၊ ဓလေ့ထုံးစံတွေကိုကျင့်သုံးရင်း လူမှုရေးကောင်းဖို့၊ ယဉ်ကျေးတဲ့ကမ္ဘာ့လူသားတဦးအနေနဲ့ ယဉ်ကျေးမှုပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံကို ပွေ့ဖက်၊ ကျင့်သားရ၊ ပျော်ဝင်နိုင်ဖို့ကြိုးစားလေ့ရှိပါတယ်။

ဒီလိုသဘောမှာ စာရေးသူဟာ “May God Bless You!” ဆိုတာပြောဖို့..၊ “Namasté” လုပ်ဖို့..၊ “Salaam” ဆို နှုတ်ခွန်းဆက်သဖို့..၊ အကြောင်းတိုက်ဆိုင်လာရင် ဘယ်တော့မှမနှောင့်နှေးတတ်သလို “Bonne journée” နဲ့“Merci” ပြောဖို့..၊ “Gracias” ပြောဖို့..၊ “Sawasdee” နဲ့ နှုတ်ခွန်းဆက်ဖို့လည်း ဘယ်တော့မှ ဝန်မလေးတတ်ပါဘူး..။ ဒီလို မတူညီကွဲပြားခြားနားတဲ့ဘာသာ၊ ဓလေ့၊ လူမျိုးပေါင်းစုံရဲ့ယဉ်ကျေးမှုကို နားလည်သဘောပေါက်ဖို့ကြိုးစားရင်း၊ အထူးသဖြင့် လေးစားကြောင်းပြသရင်းနဲ့ပဲ နိုင်ငံတကာကသူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပိုမိုရင်းနှီးချစ်ကြည်၊ ဗဟုသုတတိုးပွားပြီး လူမှုရေးအောင်မြင်လာတာ လက်တွေ့သိခဲ့ရပါတယ်။

ဒါကြောင့် ခု အိုဘားမားခရီးစဉ်နဲ့အတူ သူတပါးယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းကို လေ့လာ၊ နားလည်၊ မျှဝေစားသုံးခြင်းရဲ့ အကျိုးကျေးဇူး ကြီးပုံကို ဗမာ့လူ့အဖွဲ့အစည်းမှ လူအများသဘောပေါက်၊ ဆင်ခြင်၊ ကျင့်ကြံ၊ အတုယူစေချင်ပါတယ်။

ဒီခရီးစဉ်မှာ အိုဘားမားပြုမူပုံကို ထောက်စရာတချက်အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အနောက်တိုင်းဓလေ့အရ ဖက်ပွေ့နမ်းခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ဒါကို ထောက်ပြချင်သူတချို့ကို သိနားလည်စေချင်တာက သူ့ယဉ်ကျေးမှု၊ ဓလေ့နဲ့မိမိဓလေ့ထုံးစံ ကွဲပြားချက်ကြောင့် ဖြစ်တယ်ဆိုတာအပြင် အိုဘားမားအနေနဲ့ သူအမြဲ လေးစားအားကျခဲ့ရတဲ့ပုဂ္ဂိုလ်တယောက်ကို လူချင်းဆုံတွေ့ရခိုက် ဝမ်းသာကြည်နူးစိတ်နဲ့ ပြုမူမိတဲ့အပြုအမူတခုသာ ဖြစ်ကြောင်းဆိုတာပါ။

တခါက ဒဿဂီရိနဲ့နံမည်ချင်းခပ်ဆင်ဆင် ဟောလီဝုဒ်အကျော်အမော် “Richard Gere” တယောက် အိန္ဒိယမှာ AIDS ပညာပေး လူမှုရေးအကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်စဉ် လုပ်ဖော်ကိုင်ဖက် ဘောလီဝုဒ်နံမည်ကြီးရုပ်ရှင်မင်းသမီးချော  “Shilpa Shetty” ကို ခင်မင်မှုသဘော လူမြင်ကွင်းမှာနမ်းမိရာ အိန္ဒိယရှေးရိုးစွဲတချို့ရဲ့ခြိမ်းခြောက်ခြင်း၊ တရားစွဲဆိုခြင်းခံရလို့ “Richard Gere”  အိန္ဒိယက သူ့ရဲ့ လူမှုရေးလုပ်ငန်းတွေကိုပစ်ပြီး ထွက်ပြေးခဲ့ရဖူးပါတယ်။ သူ့ကို တရားစွဲဆိုတဲ့အမှုကို အိန္ဒိယဗဟိုတရားရုံးချုပ်က တရားသူကြီးချုပ်ကိုယ်တိုင် ဆင်းစစ်ပြီး ရှေးရိုးစွဲလူတစုရဲ့ရူးကြောင်ကြောင်နိုင်တဲ့လုပ်ရပ်အဖြစ်ဆုံးဖြတ်ကာ အမှုကို ပလပ်လိုက်ခဲ့တယ်။ တပါတည်း ဒီအဖြစ်အပျက်ဟာ အိန္ဒိယရဲ့ယဉ်ကျေးမှု၊ ဓလေ့ပေါင်းစုံထွန်းကားစည်ပင်၊ သမမျှတတည်ရှိနေနိုင်မှုကိုထိခိုက်ပြီး နိုင်ငံ့နာမည်နဲ့ဂုဏ်သိက္ခာကို အကြီးအကျယ် ကျဆင်းစေတယ်ဆိုတဲ့အကြောင်း သတိပေးစကားလည်းထုတ်ပြန်ခဲ့ရတယ်။ “Richard Gere” ကိုလည်း အိန္ဒိယကို လွတ်လပ်စွာ ဝင်လာလည် နေထိုင်၊ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ ပြန်ဖိတ်ခေါ်ခဲ့ရတယ်။

ဒီလို သူ့ဓလေ့၊ ကိုယ့်ဓလေ့ကိုအသိအမှတ်မပြုသည်းမခံနိုင်ဘဲ ဆတ်ဆတ်ထိမခံဖြစ်ရတဲ့ လက်တွေ့သုံးစားမရ၊ အကျိုးမဲ့တဲ့အမြင်နဲ့ အတွေးအခေါ်အဟောင်းတွေကို ဗမာ့လူအဖွဲ့အစည်းက လုံးလုံးရှောင်ကြဉ်နိုင်မှသာ (၂၁) ရာစု အနာဂတ်ကမ္ဘာထဲ လိုက်လျောညီထွေ ဝင်ဆံ့ရင်း နိုင်ငံတာကမှာ လူတလုံးသူတလုံးဖြစ် ခေါင်းမော့၊ ရင်ကော့နိုင်မှာဖြစ်တယ်ဆိုတာကို ခေတ်နောက်ပြန်ဆွဲလိုသူအားလုံးကို အသိကပ်စေချင်ပါတယ်။
ဒုတိယ ပိုင်းတွင် ဆက်ရန်
အိုဘားမား ခရီးစဉ် မှ ဆင်ခြင်စရာများ [ဒု/သိမ်း] (ငြိမ်းချမ်းအေး)
အိုဘားမားခရီးစဉ်နဲ့ဆက်စပ်တဲ့အကြောင်းအရာထဲက ဒီဆောင်းပါးမှာ တတိယအချက်အနေနဲ့ဆွေးနွေးတင်ပြချင်တာက ဗမာ့လူ့အဖွဲ့အစည်း ရဲ့ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖို့လိုတဲ့အကြောင်း ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးဒဏ်ကို ဆယ်စုနှစ် (၅)စုကြာ ကျောကော့အောင်နင်းခံထားရတဲ့ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ပညာရေးကျဆင်းမှုနဲ့အတူ လူသားအရင်းမြစ်တခုလုံး အရည်အသွေးနည်း၊ အရည်အချင်းကျဆင်းနေတဲ့အကြောင်းကို လေ့လာသူ၊ ပညာရှင်အပေါင်းလည်း ကာလ ရှည်ကြာ ထောက်ပြပြောဆိုခဲ့ကြလို့ အားလုံးနားလည်သဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ခု အိုဘားမားခရီးစဉ် သူရဲ့ ရန်ကုန်တက္ကသိုလ် မိန့်ခွန်းကို ပြည်တွင်းက ထိပ်တန်းစာနယ်ဇင်းမီဒီယာကြီးတခုရဲ့ မြန်မာလိုဘာသာပြန်ချက်အလွဲတခုကိုသတိထားမိလိုက်လို့ အဓိက တာဝန်ရှိတဲ့အစိုးရနဲ့ပြည်သူ့ကိုယ်စားလှယ်ဆိုသူများအပါအဝင်  လူအများပိုမိုအလေးအနက်ထားသတိပြုမိစေဖို့ ဒီအကြောင်းအရာ ထည့်ရေးရခြင်းဖြစ်ပါတယ်။

မှားတာကတော့ ဘာသာပြန်ရာမှာ နိုင်ငံခြားဘာသာစကားမကျွမ်းကျင်၊ မိခင်ဘာသာစကားလည်းမကြွယ်ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ စကားလုံးတွေကို လုံးကောက်တိုက်ရိုက်ပြန်လို့ မှားတဲ့အမှားဖြစ်ပါတယ်။

“It’s not enough to trade a prison of powerlessness for the pain of an empty stomach.” လို့ အိုဘားမားက သူ့မိန့်ခွန်းမှာ ပြောသွားတာကို ပြည်တွင်းမီဒီယာကြီးရဲ့ဘာသာပြန်သူက "ဟောင်းလောင်းဖြစ်နေတဲ့အစာအိမ်တွေအတွက် အာဏာမဲ့ဖြစ်မှုဆိုတဲ့ အကျဉ်းထောင်နဲ့အစားထိုးရုံနဲ့ မလုံလောက်ပါဘူး..။" လို့“prison” အင်္ဂလိပ်စာလုံးရဲ့မူကွဲအဓိပ္ပာယ်ကို သတိမမူမိတဲ့အပြင် နောက်ဆက်တွဲ စာကြောင်းအဓိပ္ပာယ်နဲ့ဆီလျော်မှုရှိမရှိ မစဉ်းစားဘဲ သာမန်ပြန်ရိုးပြန်စဉ်ပြန်ချလိုက်တော့ အိုဘားမား တကယ်အင်္ဂလိပ်လိုပြောချင်တာနဲ့ လုံးလုံးလွဲသွားခဲ့ပါတယ်။

“prison”  ဆိုတာ ဒီစာကြောင်းမှာ လုံးကောက် အဓိပ္ပာယ် “အကျဉ်းထောင်” ကို ဆိုလိုတာမဟုတ်ဘဲ စကားတန်ဆာဆင်ပြောတဲ့ “a situation which is difficult to escape” ဆိုတဲ့သဘော “ရုန်းထွက်လွတ်မြောက်ရန် ခက်ခဲကြမ်းတမ်းတဲ့အခြေအနေ အကျပ်အတည်းတခု” ကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတခု၊ “a situation” ဆိုတဲ့သဘောပါအောင်ထည့်ပြန်ရာမှာလည်း ရိုးရိုးသာမန်ဖြစ်ရိုးဖြစ်စဉ် အနေနဲ့“အခြေအနေ”လို့ပြန်ရုံနဲ့မလုံလောက်ဘဲ ခက်ခဲတဲ့သဘောပါအောင် “အခြေအနေအကျပ်အတည်း” လို့ ပြန်ရပါမယ်။ ဥပမာ -

မသာယာတဲ့အိမ်ထောင်ရေးတခုအကြောင်းကိုပုံဖော်ချင်တဲ့ “He felt that his marriage had become a prison.” ဆိုတဲ့ အင်္ဂလိပ်စာကြောင်းကိုပြန်ရင် “အိမ်ထောင်မှုဘဝဟာ လွတ်မြောက်ရန်ခက်ခဲတဲ့အခြေအနေ အကျပ်အတည်းကြီးဖြစ်လာခဲ့ပြီလို့ သူခံစားခဲ့ရတယ်” ဆိုတဲ့သဘောမျိုး ပြန်ရပါမယ်။

ဒီစာကြောင်းမှာပါတဲ့ “trade… for” “trade something for something” က စကားလုံးတွဲအသုံးဖြစ်ပါတယ်။ တခုခုကို တခုခုနဲ့ ဖလှယ်တယ်၊ အစားထိုးတယ်၊ တခုခုကိုသုံးစွဲတာပြုလုပ်တာရပ်ပြီး အခြားတခုကိုပြောင်းသုံးပြောင်းလုပ်တယ်လို့ ပြောချင်တဲ့နေရာမျိုးတွေ မှာသုံးပါတယ်။ ဥပမာ -

I'll trade you some of my chocolate for some of your ice cream. (မင်းရဲ့ရေခဲမုန့်နဲ့ ငါ့ရဲ့ချောကလက် လဲစားကြမယ်လေ)
(စကားချပ် - ဒီနေရာမှာလည်း “trade… for” ဆိုတာ “exchange” “ဖလှယ်တာ” ပဲဆိုပြီး “ဖလှယ်စားကြမယ်လေ” လို့ပြန်လို့မရပါဘူး။ ဗမာစကားမှာ “မင်းနဲ့ငါ မုန့်ဖလှယ်စားကြမယ်” လို့ ဘယ်သူမှမပြောတဲ့အတွက် “လဲစားကြမယ်လေ” လို့သာ ပြန်ရပါမယ်။

I couldn’t trade you for the world. (မင်းကို ကိုယ် ကမ္ဘာကြီးတခုလုံးနဲ့တောင် မလဲနိုင်ပါဘူး) (မင်းကလွဲရင် ကျန်တာ ဖွဲ၊ ဆန်ကွဲ သဘော).

“empty stomach” ကို ဘာသာပြန်ရင်လည်း ဒီနေရာမှာ လုံးကောက်အဓိပ္ပာယ် “ဟောင်းလောင်းဖြစ်နေတဲ့အစာအိမ်” ဆိုတာထက်စာရင် မူကွဲနဲ့စာကားတန်ဆာဆင် “စားရ၊ သောက်ရမဲ့ဖြစ်နေတဲ့ဘဝတွေ၊ ဗိုက်ဟောင်းလောင်းနဲ့မျှော်လင့်ချက်မဲ့ ငုတ်တုတ်ထိုင်ငတ်နေကြရတဲ့ ဘဝတွေ” ဆိုတဲ့သဘောမျိုးပါအောင်ပြန်မှ ပိုဆီလျော်ပါတယ်။ “powerlessness” ဆိုတာကိုလည်း အလားတူသဘောမျိုး “အာဏာရှင်က ဖိနှိပ်ရက်စက် ထင်တိုင်းလုပ်ခြင်းခံနေရတဲ့ အားကိုးရာမဲ့၊ အာဏာမဲ့နင်းပြားပြည်သူတွေရဲ့ဘဝတွေ”ဆိုတဲ့သဘောမျိုး ပုံပေါ်အောင် ပြန်ဆိုနိုင် ရပါမယ်။

ဆိုတော့ ရှင်းပြခဲ့တဲ့သဘောမျိုးအားလုံးခြုံငုံပါအောင် အိုဘားမားမိန့်ခွန်းပါစကား “It’s not enough to trade a prison of powerlessness for the pain of an empty stomach.” ကို"ပြင်းထန်တဲ့ဖိနှိပ်ရက်စက်မှုတွေကြောင့် အားကိုးရာမဲ့၊ အာဏာမဲ့ဖြစ်နေတဲ့ လွတ်မြောက်ရန် ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေအကျပ်အတည်းကြီးတခုကို စားရမဲ့၊ သောက်ရမဲ့ဗိုက်ဟောင်းလောင်းဖြစ်နေလို့ခံစားနေရတဲ့ နာကျင်ခံစားမှုနဲ့အစားထိုးဖလှယ်ရုံမျှနဲ့ မလုံလောက်သေးပါဘူး…" လို့ ပြန်မှသာ အိုဘားမားဆိုလိုချင်တဲ့သဘော "အာဏာရှင်အုပ်စိုးစဉ်က အဖိနှိပ်ခံ အာဏာမဲ့ပြည်သူတွေ ဒီမိုကရေစီခေတ်ရောက်လို့ ပြည်သူ့အာဏာ ပြည်သူ့ဆီပြန်ရပြီဆိုတာနဲ့မပြီးဘူး..၊ စားစရာလည်း ရှိအုံးမှ.." ဆိုတာကို အနီးစပ်ဆုံးပုံဖော်နိုင်ပါမယ်။ ဒီလို ဆီလျော်အောင်ပြန်မှသာ သူပြောလာခဲ့တဲ့ “freedom from want” ဆိုတာနဲ့လည်း ဆက်စပ် မယ်..၊ ဒီစာကြောင်းနောက် အိုဘားမားဆက်ပြောတဲ့စကားတွေဖြစ်တဲ့ “ပြည်သူ့အတွက် ပြည်သူကရွေးချယ်တင်မြောက်တဲ့ ပြည်သူ့အစိုးရ တွေကသာ ပြည်သူလူထုအများစုရဲ့စားဝတ်နေရေးဖူလုံ၊ ချမ်းသာကြွယ်ဝမှုကိုပေးစွမ်းနိုင်တယ်ဆိုတာကို သမိုင်းကသက်သေပြုတယ်။ ဒီလို တကယ်ဖြစ်လာဖို့(ပေးစွမ်းလာနိုင်ဖို့) အတွက်လည်း (အကူအညီပေးရအောင်) အခု ခင်ဗျားတို့နဲ့မိတ်ဆွေသဟာဖြစ်မှုရှေးရှုပြီး ကျူပ်လာခဲ့တယ်..” ဆိုတဲ့စကားနဲ့လည်း အကျိုးအကြောင်းညီပါမယ်။

နိုင်ငံခြားဘာသာစကား ၊ စာ တခုခုကိုဘာသာပြန်ရင် နိုင်ငံခြားဘာသာစကားကိုကျွမ်းကျင်ဖို့လိုသလို မိခင်ဘာသာစကားကိုလည်းနှံ့စပ်ဖို့ အရေးကြီးပါတယ်။ မိခင်ဘာသာစကားသာတတ်သူအများ နားလည်၊ သဘောပေါက်လွယ်မယ့် စကားလုံးရွေးချယ်မှုမျိုးလည်း ဖြစ်ရပါမယ်။ ဥပမာ - အာဂါသာခရစ်စတီရဲ့ စုံထောက်ဝတ္ထုတပုဒ်ထဲက တပိုဒ်ဖြစ်တဲ့
“They found a will of Mr. Inglethorp’s, dated before her marriage, leaving her fortune to Alfred Inglethorp…..” (said by Poirot)
“Did Mr. Inglethorp know of it?” (said by Captain Hasting)
“He says not.” (said by Poirot)
“One might take that with a grain of salt.” (said by Captain Hasting) မှာ “One might take that with a grain of salt.” ကို ဘာသာပြန်ရင် တိုက်ရိုက်လုံးကောက် “ဆားနည်းနည်းကိုယူမှပဲ” လို့ပြန်ရင် မြန်မာဖတ်သူအနေနဲ့ဘာဆိုချင်မှန်း ဘယ်လိုမှနားလည်နိုင်မှာ မဟုတ်ပါ။ ဒါကြောင့် “ချီးစားပြောရင်တော့ ယုံရမှာပေါ့ ” လို့ပြန်မှ “ချမ်းသာတဲ့ဇနီးဖြစ်သူကို အဆိပ်ခတ်သတ်ပြီး အမွေယူဖို့ကြံတာလို့ ယောင်္ကျားဖြစ်သူအပေါ် သံသယဖြစ်နေတဲ့ ’ဟေစတင်း’ ရဲ့သံသယစကား၊ အငေါ့တူးပြောတဲ့သဘော” ကို မြန်မာစာဖတ်ပရိသတ် မြင်သာမှာ ဖြစ်ပါတယ်။

ဒီလို ခက်ခဲသိမ်မွေ့တဲ့ ဘာသာပြန်အတတ်ပညာမျိုးကို ခု အသက်မွေးဝမ်းကြောင်း (professional) အနေနဲ့ပြည်တွင်းနာမည်ရှိစာနယ်ဇင်း မီဒီယာကြီးမှာအလုပ်လုပ်နေတဲ့ အထက်ပါ အိုဘားမားမိန့်ခွန်းဘာသာပြန်သူ၊ ဘာသာပြန်မှုကိုတည်းဖြတ်တဲ့အယ်ဒီတာ စာတည်းဖြတ် ဆရာများအနေနဲ့ နားလည်သဘောပေါက်ပြီး အခုထက် ပိုမိုလေ့လာကြိုးစားဖို့လိုပါတယ်။ ခုမှားခဲ့တဲ့အမှားအတွက် အဆိုပါဘာသာပြန်သူနဲ့ အယ်ဒီတာများကို အပြစ်တင်ဝေဖန်လိုစိတ်မရှိပါ။ စာရေးသူအပါအဝင် ဗမာပြည်က သူသူ၊ ကိုယ်ကိုယ် လူအများစုဟာ (မွေးကတည်းက ISY လို အမေရိကန်ကျောင်းနေတဲ့ လူမလိုင်လူတန်းစားကလွဲလို့) စစ်အာဏာရှင်ခေတ်အောက်မှာ ကျောင်းသားကို ဦးချိုး၊ ပညာမတတ်အောင် စနစ်တကျလုပ်ခြင်းခံရတဲ့ ချို့တဲ့အဆင်မမီတဲ့ နို့ပိန်ပျင်းတွဲပညာရေးကိုသောက်စို့ရင်းကြီးပြင်းလာခဲ့ရတဲ့ စနစ်ဆိုးရဲ့သားကောင် ဘဝတူတွေ ချည်းပါပဲ။ “d..o..g” “ခွေး”၊ “b..o..o..k” “စာအုပ်” လို့ အော်ကျက်ရင်းကြီးလာရှာရတဲ့ သူတွေချည်းပါပဲ။ ဒီလိုအနေထားနဲ့ပတ်ဝန်းကျင်မှာ “ခွေး” မဟုတ်တဲ့ “dog” တွေ၊ “စာအုပ်”မဟုတ်တဲ့ “book” တွေ တွေ့လာရတော့ အထက်မှာထောက်ပြခဲ့တဲ့ ဘာသာပြန်မှု အားနည်းချို့ယွင်း ချက်ကလေးတွေဖြစ်လာရတာ စာနာနားလည်ခွင့်လွှတ်စရာပါ။

ဒါပေမယ့် စာနယ်ဇင်းဆိုတာဟာ ပြည်သူလူထုကို ပညာ၊ အသိဖွင့်ပေးတဲ့ နား၊ မျက်စိဖြစ်လို့ တာဝန်ကြီးလှပါတယ်။ ဒါကြောင့် ယခုထက်ပိုမို အရည်အချင်းမီ၊ တတ်သိပညာရှင် ပီပီသသ၊ ကျင့်ဝတ်၊ သိက္ခာရှိရှိ ပြည်သူလူထုကို တင်ဆက်အကျိုးပြုနိုင်ဖို့အတွက် ကြိုးစားဖို့ လိုတဲ့အကြောင်းတော့ မေတ္တာရပ်ခံထောက်ပြချင်ပါတယ်။

လူသားအရင်းမြစ်တခုလုံး အရည်အသွေးကျဆင်းနေရခြင်းဟာ နေရာကဏ္ဍတိုင်းမှာလည်း အမြစ်တွဲတည်ရှိနေတဲ့ တိုင်းပြည်ရဲ့အဓိက ပြဿနာကြီးတခုလည်း ဖြစ်ပါတယ်။

အရင် NLD အဖိနှိပ်ခံဘဝတုန်းက NLD လုပ်တဲ့ပွဲတိုင်းတက်ပြီး ကဗျာရွတ်လေ့ရှိတဲ့ ကိုလေး (အင်းဝဂုဏ်ရည်)ဆိုတဲ့ ကဗျာဆရာကြီး တခါတုန်းက ပြောဖူးတယ်..။ "ကျုပ်က ခု NLD ကို (ကဗျာပုံနှိပ်ဖော်ပြခွင့်တွေ အပိတ်ခံပြီး) ပံ့ပိုးနေတာ အကြောင်းရှိတယ်..။ ကျူပ်ကတော့ ဘွင်းဘွင်းပဲ..။ နောင် ဒီမိုကရေစီရလို့ NLD အာဏာရရင် ကျူပ်က ရာထူးလိုချင်လို့ဗျာ..။ ဘာရာထူးလည်းဆိုတော့ 'ဘွဲ့ရပညာမတတ်များ ပပျောက်ရေးကော်မတီ' မှာ ဥက္ကဌလုပ်ချင်လို့ဗျာ.." တဲ့..။ ကဗျာဆရာရဲ့နာကြည်းဝမ်းနည်းဆိုလိုက်တဲ့စကားဟာ တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို အတိုင်းသားဖော်ပြနေပါတယ်။ ဆိုတော့ ခုအစိုးရနဲ့ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်ဆိုသူများ၊ နိုင်ငံရေးပါတီများအနေနဲ့ တိုင်းပြည်ရဲ့'ဘွဲ့ရပညာမတတ်များ ပပျောက်ရေး” ကို အမြန်ဆုံးလေးထားဖြေရှင်း၊ အဖြေရှာဖို့တိုက်တွန်းလိုက်ပါတယ်။

အိုဘားမားခရီးစဉ်နဲ့ဆက်စပ်လို့ ဒီဆောင်းပါးမှာ နောက်ဆုံးအချက်အနေနဲ့ဆွေးနွေးလိုတာက သူရဲ့ရန်ကုန်တက္ကသိုလ်မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့တဲ့ တိုင်းပြည်ရဲ့အကြောင်းအရာတချို့ကိုတုန့်ပြန်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့စကား အကြောင်းပါ။

အိုဘားမားက သူ့မိန့်ခွန်းမှာ လက်ရှိဗမာပြည်ရဲ့ပြဿနာထဲကတခုဖြစ်တဲ့ ရခိုင်ဒေသပဋိပက္ခကိုဖြေရှင်းရာမှာ လူသားအားလုံးမှာ တန်းတူ တည်ရှိတဲ့လူ့ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားဖို့လိုတဲ့သဘော၊ မတူကွဲပြားမှုတွေဟာပြဿနာမဟုတ်ဘဲ အင်အားသာဖြစ်တဲ့အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုတဲ့အကြောင်း၊ နိုင်ငံသားဖြစ်ခွင့်တွေမှာ နိုင်ငံတိုင်း ကိုယ်ပိုင်သတ်မှတ်ချက်တွေ ပြဋ္ဌာန်းထားရစမြဲဖြစ်ပေမယ့် တချို့မူဝါဒတွေကတော့ နိုင်ငံတကာစံနှုန်း၊ ကမ္ဘာလုံးဆိုင်ရာမှန်ကန်နိုင်မှုသဘော လူမျိုး၊ ဘာသာ၊ နောက်ခံ၊ ရုပ်သွင်ပြင်လက္ခဏာမကြည့်ဘဲ လူသားအနေနဲ့သာ တပြေးညီကျင့်သုံးရမှာဖြစ်တဲ့အကြောင်း၊ စတဲ့ ပဋိပက္ခကို သိက္ခာရှိရှိ၊ တရားမျှတ၊ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ထည့်သွင်းပြောသွားခဲ့ပါတယ်။

ဒါကို ဒေသခံတိုင်းရင်းသားပါတီခေါင်းဆောင်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်က “အိုဘားမားက မွတ်ဆလင်ပဲ..၊ နောက်မှ ခရစ်ယာန် ပြောင်းတယ်လို့သိတာကိုး..”ဆိုပြီး အိုဘာမားက မွတ်ဆလင်ဖြစ်ခဲ့လို့ ဒီလို တဘက် (မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာဘက်) ကိုလည်း ထည့်သွင်းစဉ်းစားဖြေရှင်းဖို့ပြောသွားတာသာဖြစ်တဲ့သဘော တုန့်ပြန်သွားတာဖတ်လိုက်ရပါတယ်။

ဒီလို တုန့်ပြန်ပုံကို ပထမဆုံး အချက်အလက်အမှားအနေနဲ့ ပြန်လည်ထောက်ပြရရင် အိုဘားမားဟာ တသက်လုံး မွေးကတည်းက ဘယ်တုန်းကမှ မွတ်ဆလင်မဖြစ်ခဲ့ဖူးပါ။ မွတ်ဆလင်(အစ္စလာမ်)ဘာသာဝင်ဖခင်က မွေးဖွားခဲ့ပေမယ့် သူဟာ မွေးကတည်းက ခရစ်ယာန် ဘာသာဝင်မိခင်နဲ့ မိခင်ဘက်ကဘိုးဘွားတွေနဲ့သာ နေထိုင်ကြီးပြင်းခဲ့ရင်း အစကတည်းက ခရစ်ယာန်ဘာသာဝင်တယောက်ပဲ ဖြစ်ခဲ့တာပါ။ အိုဘားမားကို ၄ရက် သြဂုတ် ၁၉၆၁ ဟိုနိုလူလူ (ဟာဝိုင်ရီ) မှာ မွေးခဲ့တယ်။ သူမွေးကင်းစရက်ပိုင်း သြဂုတ်လကုန်ပိုင်းမှာပဲ အဖေနဲ့အမေ အိမ်ထောင်ကွဲလို့ မိခင်နဲ့အတူ ဆီရယ်တဲလ် (ဝါရှင်တန်) ကို ပြောင်းနေခဲ့ပြီး အဖေနဲ့ကွဲသွားခဲ့ရတယ်။ ဖခင်နဲ့ ဟာဝိုင်ရီမှာ (၁၉၇၁) တခါသာ ပြန်ဆုံဖူးခဲ့တယ်။ ဒါက အထက်ပါတိုင်းရင်းသားခေါင်းဆောင်၊ အမျိုးသားလွတ်တော်အမတ်ပြောတဲ့ အချက်အလက်အမှားတခုပါ။

နောက်တခု က ထောက်ပြချင်တာက သူရဲ့ပုံသေကားချပ်ဆွဲ၊ အစွဲကောက်ချက်ချတုန့်ပြန်မှုပုံစံနဲ့သဘောကိုပါ။ အုပ်စုဖွဲ့အမျိုးအစားအလိုက် တသမတ်တည်း ပုံသေချစဉ်းစားတဲ့ပုံစံ (stereotyping) ဟာ လက်တွေ့(reality)နဲ့ကွာခြားနေလေ့ရှိတာ အဖြစ်အပျက်တွေအများကြီး ရှိပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီနဲ့အတွင်းက နာဇီပါတီဝင်တိုင်း ဂျူးကိ မမုန်းခဲ့သလို၊ ဂျူးလူမျိုးတိုင်းလည်း အတိုးအမြတ်အကြီးစား စီးပွားသောင်းကျန်းနေသူတွေ မဟုတ်ပါ။ ပါလက်စတိုင်းဘက်ကို စာနာထောက်ထားတဲ့ ဂျူးလူမျိုးတွေအများကြီးရှိသလို မိမိ ယုံကြည်လေး စားနာယူရတဲ့ ဟီဘရူကျမ်း၊ ခရစ်ယာန်ဓမ္မသစ်ကျမ်းနဲ့ အစ္စလာမ်ကုရ်အာန်ကျမ်းများပါတမန်တော် တမန်တော်အေဗြဟံ (Abraham / အီဗရာဟင်) ရဲ့မြေးတော်၊ တမန်တော်ဧဇက် (Isaac/အီဆာ) ရဲ့သားတော်ဖြစ်တဲ့ တမန်တော်ယအ်ကူဗ် (Jacob / ယာကွတ်)ရဲ့မျိုးဆက် က္ကုသရေလ (အစ္စရေး/ဂျူး) လူမျိုးတွေအပေါ် ညီအကိုရင်းသဘောချစ်ခင်တဲ့ မွတ်ဆလင်(အစ္စလာမ်)ဘာသာဝင်ပါလက်စတိုင်းနဲ့ အာရပ်လူမျိုးတွေလည်း အများကြီးရှိပါတယ်။

ဆိုလိုချင်တာက “ဒီလူမျိုးဖြစ်လို့၊ ဒီလူအုပ်စုဖြစ်လို့ ဒီလိုသဘောဖြစ်ရမယ်၊ ဒီလိုပဲပြောမယ်” ၊ တနည်းအားဖြင့် “ဒီလိုပြောလို့ ဒီလူဟာ ဒီလူမျိုး (သို့) ဒီအုပ်စုဝင်ဖြစ်ရမယ်” ဆိုတဲ့ ပုံသေကားချပ်ချစဉ်းစားကောက်ချက်ဆွဲ မှတ်ချက်ပြုလို့မရတာကိုပါ။ အထက်ပါတိုင်းရင်းသား ခေါင်းဆောင်၊ အမျိုးသားလွတ်တော်အမတ်အနေနဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ လူမျိုးကွဲ/ဘာသာခြားတွေ အိုဘားမားပြောသလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်၊ ရင်ကြားစေ့လို့မရဘူးဆိုတာကို တခြားသူ့ရဲ့အယူအဆ၊ အမြင်၊ အတွေးအခေါ်ရေချိန်အတိုင်း အကြောင်းပြချက်မျိုးစုံနဲ့ ပြန်လည်ချေပခွင့်ရှိ၊ ချေပနိုင်ပါတယ်။ ဒါပေမယ့် အခုသူပြောခဲ့တဲ့အတိုင်း “အိုဘားမားက မွတ်ဆလင်ဖြစ်ခဲ့လို့(သို့) မွတ်ဆလင်နဲ့နီးစပ် ဟန်ရှိလို့ ဒီလိုရင်ကြားစေ့ရေးစကားတွေပြောတာပေါ့” လိုတော့ ကောက်ချက်ချ၊ ချေပလို့တော့ မရပါ။ ဒီလိုသဘော ပြောကြားမှုရဲ့မှားယွင်းပုံ နဲ့ ပထမထောက်ပြတဲ့ အိုဘားမားက အရင်ကလည်း မွတ်ဆလင်မဖြစ်ခဲ့ဘူးဆိုတဲ့အချက်အလက်အမှားပြောဆိုမှုကို လွှတ်တော်အမတ်မင်း အနေနဲ့ နောင် ဆက်စပ်တဲ့အကြောင်းအရာတွေ စဉ်းစား၊ ပြောဆို၊ လုပ်ကိုင်တဲ့နေရာမှာ သတိချပ်စေချင်ပါတယ်.။

ဗမာ့လူ့အဖွဲ့အစည်းတခုလုံးအနေနဲ့တော့ လက်ရှိတိုင်းပြည်မှာ လူမျိုး/ဘာသာကွဲသူချင်းကြားဖြစ်ပေါ်နေတဲ့ အမြင်မကြည်လင်မှုတွေ၊ အမုန်းတွေလျော့ပါးစေဖို့နဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရင်း တိုင်းပြည်ငြိမ်းချမ်းတိုးတက်စေဖို့ဖော်ဆောင်ရာမှာ လက်တွေ့ဘယ်လိုမှ သုံးစားလို့မရ၊ ဆိုးကျိုးကိုသာပိုဖြစ်စေတဲ့ တသမတ်တည်း ပုံသေချစဉ်းစားတဲ့ စဉ်းစားမှုပုံစံတွေ၊ ကြိုတင်အစွဲနဲ့ကောက်ချက်ချမှုတွေ လုံးဝ ပပျောက်ပြီး အမြင်ကျယ်၊ သဘောထားကြီး၊ စဉ်းစားတွေးခေါ်မှုမှန်ဖို့ မရှိမဖြစ်လိုတဲ့အကြောင်း စဉ်းစားဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

အထက်မှာ ဆွေးနွေးတင်ပြခဲ့တာတွေက အိုဘားမားရဲ့ ဗမာပြည်ခရီးစဉ်၊ မိန့်ခွန်းနဲ့ဆက်စပ်တဲ့အကြောင်းအရာတွေထဲက စာရေးသူ လတ်တလောတွေးမိတဲ့ ဗမာ့လူ့အဖွဲ့အစည်းအတွက် အတုယူစရာ၊ သတိပြုစရာ၊ ဆင်ခြင်၊ စဉ်းစား၊ တွေးခေါ်စရာအကြောင်းအချက်တွေနဲ့ စာရေးသူရဲ့အမြင်တွေ ဖြစ်ပါတယ်။ စာဖတ်သူမိတ်ဆွေတွေရဲ့အတွေး၊ အမြင်တွေကိုလည်း ပြန်လည်ကြားချင်ပါတယ်။

ကျင့်ဝတ်၊ သိက္ခာ၊ ပညာပြည့်ဝတဲ့ ဗမာ့လူဘောင်သစ်ကို မျှော်မှန်းလျက်

ငြိမ်းချမ်းအေး
၂၂ ၊ နိုဝင်ဘာ ၊ ၂၀၁၂

0 comments:

Post a Comment