Thursday, November 1, 2012

အင်တာနက်ပေါ်စဉ်ကျသွားတဲ့ ဝိဉာဉ်ကြိုစင်ပေါ်က အမင်န်ဒါမစ်ချယ်လ်တော့ဒ် (မျိုးမြင့်ချို)

0 comments
ဒီလိုဗျ။ ဒီစာလးရေးဖြစ်တာက။  Amanda Michelle Todd ဆိုတဲ့ မိန်းခလေးနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘယ်လိုမှထင်မထားပဲ တည့်တည့် သွားတိုးမိလို့ဗျို့။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က (အောက်တိုဘာ ၂၈၊ ၂ဝ၁၂) ကျနော်နဲ့ဇနီး Fort Wayne Museum of Art (ဖို့ဝိန်းအနု ပညာပြတိုက်) မှာ Contemporary Realism Biannual(CTRB) လို့ခေါ်တဲ့ ၂ နှစ် တကြိမ်လုပ်နေကျ ခေတ်ပြိုင်သရုပ်မှန်ပန်းချီပြပွဲသွားခဲ့တယ် ဗျာ။ နောက်ဆုံးနေ့ကြီးဗျာ။ တနှစ်ကလည်းရာက်ခဲ့သေးတယ်။ အဲ့တုန်းကလည်း ခုလိုပဲ။ နောက်ဆုံးနေ့ပဲ။ အဲ့တုန်းက စောစောစီးစီး မရောက်ဖြစ်ခဲ့တာ အတော်နာတယ်ဗျာ။ နာရတာက လိုက်ပို့ပေးသူ aခ်ါလာတဲ့ကလေးက ပြခန်းထဲတောင်မရောက်သေးဘူး အိမ်ပြန်မယ်ဆိုပြီး ဂျီတော့တာပဲ။  ဒါနဲ့ကားတွေအကုန် ဝအောင်မကြည့်လိုက်ရပဲ ပြန်လာခဲ့ရတယ်။ သွားခဲ့တာမတန်ဘူးလို့ ပြောရမှာပါ။ မတန်ဘူးလို့ပြောရတာက အဲ့တုန်းက အမေရိကန်ပန်းချီကျော် Andrew Wyeth တို့ မြေးအဖိုးတတွေရဲ့ကားတချို့ တင်ထားတာဗျ။ ဘဝမှာ အဲဒီတကယ့်ပန်းချီကား အစစ်ကြီးတွေကို  ကိုယ့်မျက်စေ့နဲ့ခုလိုမြင်ရလိမ့်မယ်လို့ တခါမှမတွေးမိခဲ့ဖူးဘူးဗျ။ တွေ့တော့ အံ့အားသင့်ဝမ်းသာပြီး ရင်ထဲဆို့တို့တို့ကြီးဗျာ။ တခါ အဝမကြည့်လိုက်ရတော့ မချိတင်ကဲပေါ့နော။ ကျနော်က ပန်းချီအတတ်ပညာနဲ့လှမ်းပေမယ့် ခံစားရတာတော့ အလွန်နှစ်ခြိုက်တာပါ။  ဒီနှစ်တော့ စကတည်းက သိနေတယ်။ သွားလည်း သွားမယ်ပေါ့နော။ ဒီနှစ်အတွက်က သြဂုတ် ၁၁ ကနေ အောက်တိုဘာ ၂၈ အထိပြမှာလေ။ လိုပါသေးတယ်။ ရပါသေးတယ်နဲ့ မသွားဖြစ်ခဲ့ပြန်ဘူး။ ကက်တလောက်ကတော့ ဝယ်ထားပြီးပြီ။ စာအုပ်က စရောင်းချိန်မို့ထင်ပါတယ် ဒေါ်လာ အစိတ်တောင်မှ။ ဒါပေမယ့် တန်ပါတယ်။ အပြင်အဆင်၊ စာရွက်သားနဲ့ပုံတွေ၊ အရောင်တွေ ကောင်းပါတယ်။ ၂ဝဝ၈ ကက်တလောက်လည်း ကျနော် ဝယ်ထားတာရှိပါတယ်။ ၂ဝ၁၀ ကက်တလောက်ကတော့ မဝယ်ဖြစ်တာ လား.. ဝယ်ပြီးသားကို တယောက်ယောက်ငှားကြည့်ပြီး ကျနော့်ပြန်ပေးဖို့မေ့နေတာလား မပြောတတ်ပါဘူး။ ခု ပြန်ရှာတော့ မတွေ့ဘူးလေ။ ထားပါတော့။  အဲ့နေ့ကတော့ နောက်ဆုံးနေ့ဖြစ်နေပြီ ဒီနေ့မှ မသွားဖြစ်ရင် နောက် ၂ နှစ်မှ နောက်တကြိမ် ကည့်ခွင့်ရတော့မှာ သွားကိုသွားမှဆိုပြီး လင်မယားနှစ်ယောက် သုတ်ချေတင်တာပဲဗျာ။ မသွားခင်မှာ အွန်လိုင်းအရင်ဝင် ကြည့်လိုက်တော့ အဲ့နေရာမှာ Day of the dead ပြပွဲလည်း ရှိနေသကိုး။ ဒါနဲ့ Day of The Dead ဆိုတာ ဘယ်လိုပြပွဲမျိုးလဲ လို့ ဇနီးကိုမးတော့ နည်းနည်းရှင်းပြပြီး “ရောက်ရင်တွေ့မှာပေါ့”တဲ့။ တချက်ခုတ်နှစ်ချက်ပြတ်ပဲ၊ နှစ်ပွဲလုံး ကြည့်မယ်ဆိုပြီး ကင်မရာလေးလည်း ယူသွားတယ်ဗျာ။ အဲဒီပန်းချီပြပွဲအကြောင်း နောက်မှပြောတော့ မယ်နော်။ ခုတော့ Day of The Dead ပြပွဲနဲ့စပ်လို့ နည်းနည်းပြောမယ်တွးပါတယ်။

Day of The Dead က မက္ကဆီကန်တွေလုပ်တဲ့ ရိုးရာပွဲတော်ဗျာ။ မက္ကဆီကိုမှာတော့ တရားဝင်ရုံးပိတ်ရက်တဲ့။ အဲဒီနေ့မှာ ကွယ်လွန်သူတွေရဲ့ဝိဉာဉ်တွေက မိသားစုနဲ့မိတ်ဆွေတွေဆီ ပြန်လာလည်တယ်။ ကျန်နေသူတွေက အဲဒီ ဝိဉာဉ်တွေကြိုဆိုတယ်။ ကြိုဆိုတဲ့ပုံစံက သူတို့အတွက်အထိမ်းအမှတ်ပွဲလေး လုပ်ပေးတာပေါ့ဗျာ။ သုဿန်သွားပြီး သေသူရဲ့အုတ်ဂူဘေးမှာ သူရှင်စဉ်က သူကြိုက်တဲ့ပန်းတွေ၊ အစားအသောက်တွေ၊ ပစ္စည်းပစ္စလေးတွေချခင်းပြီး သူနဲ့စပ်လို့အမှတ်ရစရာ ဇာတ်လမ်းလေးတွေ ဝိုင်းထိုင်ပြောကြ နားထောင်ကြ၊ သူကြိုက်တဲ့သီချင်းတွေဆိုပြ၊ သူကြိုက်တဲ့ အကတွေကပြ၊ အိမ်တွေမှာဆိုလည်း စင်ကလေးတခုဆောက်ပြီး အဲဒီစင်လေးပေါ် ဓါတ်ပုံတွေ၊ ပန်းတွေ၊ အရိုးစုအရိုးခေါင်းတွေနဲ့ သူပိုင်ခဲ့တဲ့သူ့ပစ္စည်းလေးတွေ တင်ထားပေးတာပေါ့။ သေသူအတွက် ဝမ်းနည်းပူဆွေးပြတာမျိုးမဟုတ်ပဲ သူ့ကိုအောက်မေ့နေကြတယ်၊ အမှတ်ရနေကြတယ်ဆိုတာဖော်ပြပြီး ဘဝသံသရာသဘောကို အမှတ်သညာပြုကြတာမျိုးလေးဗျ။ အဲဒီရိုးရာဓလေ့ကို အနုပညာသဘောဝင်အောင် ခင်းကျင်းပြတာဗျာ။ ပရလောကနဲ့စပ်တဲ့ယုံကြည်မှုကို အနုပညာဖြစ်အောင်လုပ်တာလို့ ပြောရမယ်ထင်တယ်။
ကျနော်သွားခဲ့တာက သုဿန်လည်းမဟုတ် သူတို့အိမ်လည်းမဟုတ်ပဲ အနုပညာပြတိုက်ဗျာ။ ပြတိုက် ဆိုတော့ ထုံးစံအတိုင်း ပြခန်းတွေစင်မြင့်တွေဘာတွေနဲ့ တဆောင်တယောင်ပေါ့နော။ ပြတိုက်ရဲ့ ပင်မခန်းမထဲမှာတော့ ကတာ ဆိုတာအပြင် ပါဖေါင်န်းမင်န့်စ်လည်း ပါသေးတာလေ။ လူလည်း အတော်များသား။ ရုံပြည့်လုနီးပါး။ ဖျော်ဖြေသူတွေက ရှေးတုန်းကအဝတ်အစားတွေနဲ့ ရိုးရာတေးတွေ၊ အကတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဗျ။ ကြည့်ရတာ အရသာအတော်ရှိတာပဲ။ အမြင်လည်းဆန်းတယ်။ ကြည့်ရင်း လူက ဝမ်းမနည်းတဲ့အပြင် အူတောင်မြူးလာသလိုပဲ။ သူတို့ကလည်း ဝမ်းပန်းတနည်းလုပ်နေတာမှ မဟုတ်တာကိုးနော်။ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့။ တခါတလေ ပရိသတ်ကိုပါခေါ်ပြီး သူတို့နဲ့အတူ ကကြခုန်ကြ ဆိုကြတီးကြနဲ့ဗျ။ ကျနော်လည်း တဝကြီးကို တစိမ့်စိမ့်ထိုင်ကြည့်ခဲ့တာပါပဲ။ နောက်တော့ ခန်းမရဲ့အပြင် လျှောက်လမ်းတလျှောက် Altars လို့ဆိုတဲ့ စင်ကလေးတွေချပြီး ပြထားတဲ့ဆီရောက် လာတယ်ဗျ။ အင်စတော်လ်လေးရှင်န်း အနုပညာပါ့လေ။ သေသူရဲ့ ဓါတ်ပုံ၊ ပုံတူပန်းချီ၊ အဝတ်အစား၊ အသုံးအဆောင်၊ ပန်းခြင်းပန်းစည်း၊ ဒိုင်ရာယီ၊ တောက်တိုမယ်ရလေးတွေ၊ အရိုးစုအရိုးခေါင်းတွေ ချပြထားတာပါ။ အဲဒါတွေပါတယ်ဆိုပေမယ့် ကြောက်စရာမကောင်းပဲ အနုပညာမြောက်စွာချစ်စရာကောင်း တဲ့ အနုပညာပစ္စည်း အလှအပ ပစ္စည်းတွေလိုဖစ်နေတာပါ။ သေသူတွေကြည့်ပြန်တော့လည်း ရွာသားတွေချစ်တဲ့တရားဟောဆရာ၊ တိုက်ပွဲကျစစ်ဗိုလ်၊ မိသားစုအတွက်အသက်ပေးခဲ့တဲ့ဖခင်၊ ဘာသာရေးကိုင်းရှိုင်းပြီး ကြင်နာတတ်တဲ့မိခင်၊ အဖနေရာကအကိုကြီး၊ အမိနေရာက အမကြီး၊ မိသားစုအချစ်ဆုံး အထွေးဆုံးလေး စသည်ဖြင့်ပေါ့ဗျာ..အတော်စုံပါတယ်။ သူတို့တွေဟာ လူ့လောကအတွက်၊ တိုင်းပြည်အတွက်၊ ပတ်ဝန်းကျင်အတွက် အနိမ့်ဆုံးသူ့မိသားစုအတွက် အမှတ်ရချင်စရာတွေချည်းပါပဲ။

အဲသလိုလိုက်ကြည့်ရင်း  Amanda Michelle Todd နဲ့ တည့်တည့်သွားတိုးမိတာဗျာ။ သူ့အကြောင်းတော့ ကျနော် မရေးတော့ဘူးဗျာ။(မူရင်း စာလုံးပေါင်းသတ်ပုံအတိုင်းပါ) သူများရေးပြီးသားပဲ အလွယ်ယူတင်ပေး လိုက်တယ်။ အောက်မှာဖတ်ကြည့်ပါနော။ ကျနော် ရိုက်ယူလာခဲ့တဲ့ သူ့ဓါတ်ပုံလေးရယ်။ သူ့အကြောင်း ရှင်းပြထားတဲ့ နံရံကပ်စာလေးရယ်။ သူ့ဝိဉာဉ်ကြိုစင်ကလေးပေါ်မှာ ခင်းကျင်းထားတာလေးတွေရယ်တော့ ကြည့်ကြည့်ဗျာ။ (မျိုးမြင့်ချို) အောက်တိုဘာ ၃၁ ရက် ၂ဝ၁၂
အင်တာနက်ပေါ်မှ အနိုင်ကျင့်နှိပ်စက်ကလူပြုမှုများကြောင့် အသက်ကိုစတေးခဲ့ရသည့် ရင်နင့်သနားစရာ မိန်းကလေးတစ်ဦး၏ဖြစ်ရပ်ကို The Sun သတင်းဌာနကဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာရှိသေးသော အမန်ဒါမိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကိုတွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ်သေကြောင်းကြံစည်သွားခြင်းဟုသတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့်စော်ကားမှုများကိုမခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကိုရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။
အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်းဗီဒီယိုဖိုင်တစ်ခုကို အင်တာနက်တွင်လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့် နေရသောဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။
ထိုဗီဒီယိုထဲတွင် စကားလုံးဝမပြောသော အမန်ဒါသည် ကတ်ပြားများဖြင့်စာရေးကာ သူမ၏သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန်ပျင်းရိမှုကြောင့် Chat Room များတွင် ဝင်ရောက်စကားပြောရင်း အမန်ဒါနှင့်လူတစ်ဦးတွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်းဗလာကျင်းကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်။ ငယ်ရွယ်နုနယ်သေးသောမိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ်လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသောသက်ရောက်မှုများဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။
နောက်တစ်နှစ်မျှအကြာတွင် ထိုသူက အမန်ဒါအား Facebook မှ ဆက်သွယ်လာကာ အလားတူပြုလုပ်ပြရန်တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ပုံရိပ်များကို အမန်ဒါ၏မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေ ပစ်ခဲ့သည်။  
"ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင်
ကိုင်ဆောင်ပြသခဲ့သည်။ မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက်တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ ဆိုးရွားသော၊ အထင်သေးစက်ဆုပ်ခံရသောအခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ဘဝကို အစွန်းချွတ်ဆေးတစ်ပုလင်းသောက်သုံးခြင်းဖြင့်အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။  သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှဖိစီးအနိုင်ကျင့်သူများက အခြား အစွန်းချွတ်ဆေးပုလင်းများ၏ဓာတ်ပုံကိုလွှင့်တင်ကာ "တကယ်တော့ သူက တခြားဆေးတစ်မျိုးကိုသုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့်မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသောစာတန်းပါကတ်ပြားကို My Story: Struggling, bullying, suicide and self-harm ဆိုသော အမည်တပ်ထားသည့် သူမ၏ဗီဒီယိုတွင် ပြသခဲ့သည်။
ဗုဒ္ဓဟူးနေ့ကမူ သူမ၏ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများကဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှကိုလံဘီယာဒေသအုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ကြေကွဲမှုကို အမန်ဒါ၏မိသားစုအတွက် စာနာမျှဝေသည့်အနေဖြင့် ဗီဒီယိုတစ်ခုကိုလွှင့်တင်ခဲ့သည်။  
"အနိုင်ကျင့်တယ်ဆိုတာ ဘယ်သူ့အတွက်မှမဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှမထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာကျင့်သုံးရမယ့် အမူအကျင့်လည်းမဟုတ်ဘူး။ အနိုင်ကျင့်ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Todd ဆိုသော အမှတ်တရ Page လေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Like ထားပြီး ဖြစ်သည်။ အမန်ဒါ၏မိခင် ကာရိုးလ်က သူမ၏သမီးဖြစ်သူ နောက်ဆုံးဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသောလူငယ်များအတွက် အလားတူဖြစ်ရပ်ဆိုးများမရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာသင်ခန်းစာတစ်ခုဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက်ပြောကြားခဲ့သည်။
"ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မထင်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိရိယာတစ်ခုအနေနဲ့ပဲဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာပြောဆိုသွားခဲ့သည်။
Planet News မှကူးယူဖော်ပြသည်။
(ဒီကယူပါတယ်) http://shwemyanmarmediagroup.blogspot.com/2012/10/blog-post_975.html

0 comments:

Post a Comment