Tuesday, November 27, 2012

မြို့တော်ခန်းမထက်ကအလံတော် (မောင်လှဝင်း-မြင်းခြံ)

1 comments
ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု အတွေ့အကြုံသင်ခန်းစာများမြို့တော်ခန်းမ ထက်ကအလံတော် (အလုပ်သမားလူတန်းစား၏ ပွဲဦးထွက်မုန်တိုင်း တိုက်ပွဲများနှင့် မာ့က်စ်၊ အိန်ဂယ်တို့၏ကြည့်မြင်သုံးသပ်ချက်များ) (ဒီစာတမ်းကိုအပိုင်း ဆယ်ပိုင်းခွဲထားတာတွေ့ရပါတယ်။ စာမျက်နှာ အနေနဲ့ ၆ဝ လောက်ရှိပါတယ်။ အကုန်လုံးတချိန်တည်း တင်မရတာ ရယ်၊ ဖတ်သူအနေနဲ့ နားနားဖတ် ပြန်ပြန်တွေးဖို့အချိန်လိုမယ်လို့ ယူဆတာရယ်ကြောင့် တစ်ကြိမ်တင် ၂ မျက်နှာနှုန်းနဲ့ အကြိမ် ၃ဝ ခွဲတင်မယ်တွေးမိပါတယ်။ လူ့သမိုင်း မှာရှောင်လို့မရတဲ့ရုန်းကန်ရင်ဆိုင်ရမှုတွေအကြောင်း လေ့လာတယ်ဆိုတာကိစ္စကောင်းဖြစ်သလို၊ ကိုယ်တိုင်“ဆိုင်”ရမယ့်အခါမှာလည်း အတွေးအခေါ်အရ၊ လုပ်ဟန်နည်းနာအရ၊ လက်တွေ့အရပြင်ဖို့ အထောက်အမဖြစ်ဖို့ရည်ရွယ်ပါတယ်။ (မျိုးမြင့်ချို)

စာတမ်းပြုစုသူ၏အမှာ
ဤစာတမ်းကိုပြုစုပြီးခဲ့သည်မှာ ကြာပြီ။
ထိုအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၉၉ဝ)ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးသည့်အချိန်။ သို့သော် စစ်အစိုးရက လွှတ်တော်ကိုခ်ါဆိုပေးခြင်းမပြု၊ ရွေးကောက်ပွဲမှာအနိုင်ရရှိထားသည့်ပါတီကို အာဏာလွှဲပေးမည့်သဘောထားမျိုး သူတို့မှာစိုးစဉ်းမျှမရှိ။ ဤ အခြေအနေမျိုးတွင် ဒီမိုကရေစီအင်အား စုများ၊ တော်လှန်ရေးအင်အားစုများဘက်မှာ ရှေ့ဆက်၍မည်သို့သောခြေလှမ်း လှမ်းကြရမည်နည်း။ ‘ဘာလုပ်ကြမလဲ’ဆိုသည်ကို ပြည်ချစ်ပုဂ္ဂိုလ်များနှင့်တော်လှန်ရေးသမားများတိုင်း စဉ်းစားကြံဆနေကြ သည့်အချိန်ဖြစ်သည်။ သည်လိုအခြေအနေမျိုးတွင် ဒီမိုကရေစီအင်အားစုများနှင့်တ်ာလှန်ရေးအင်အားစု များ စဉ်းစားကြံဆရာတွင်အထောက်အကူဖြစ်စေရေးအတွက်ဤစာအုပ်ကိုရးသားပုစုဖို့

ခေါင်းဆောင်တဦးကတာဝန်ပေးခဲ့ပါသည်။
အနီးခေတ်သမိုင်းမှ ပြင်သစ်အလုပ်သမားလူတန်းစား၏ပွဲဦးတိုက်ပွဲများတွင် သင်ခန်းစာယူစရာ အချက်အလက်များပါရှိသကဲ့သို့ လေ့လာအတုယူစရာများလည်း ပါဝင်လေသည်။ ဥပမာ ၁၇၈၉ ပြင်သစ်တော်လှန်ရေးတွင် တော်လှန်သောပဲရစ်လူထုသည် ‘အစိုးရက လွှတ်တော်ခေါ်ပေး၊ မပေးရင်ကိုယ့်ဘာသာခေါ်မယ်’ဟု ပြတ်ပြတ်သားသားဆုံးဖြတ်ထားကြလေသည်။ လက်တွေ့တွင်လည်း ပဲရစ်မှတော်လှန်သောလူထုသည် တင်းနစ်ကစားကွင်းတွင် လွှတ်တော်ကို ကိုယ့်ဘာသာအောင်မြင် စွာခေါ်ယူကျင်းပနိုင်ခဲ့ကြလေသည်။ သက်ဆိုင်ရာအင်အားစုများသည်လည်း  ဤသဘောမျိုး စဉ်းစားကြံ ဆနိုင်စေရန်အကြံပေးဖို့ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်။ ဤစာအုပ်ငယ်ကိုပြုစုရေးသားပြီးခဲ့သော်လည်း ထိုစဉ်ကာလအချိန်အခါ အဖျက်အလက်များအရ စာအုပ်ကိုထုတ်ဝေခြင်းမပြုနိုင်ခဲ့ပါ။ ယခု အချိန်အခါတွင် မူ ဗမာပြည်နိုင်ငံရေးတွင် အခြေအနေအချက်အလက်များသည် ထိုစဉ်ကအနေအထားမျိုး မဟုတ်တော့ဘဲ  ပြောင်းလဲသွားခဲ့ချပြီ။ သို့သော် မပြောင်းလဲသောအခြေအနေ၊ အချက်အလက်များ လည်းရှိနေကြသည်။ ဒီမိုကရေစီတော်လှန်ရေးမအောင်သေး။ ပြည်သူများနှင့်တော်လှန်ရေးသမားများ ဆက်လက်တိုက်ပွဲဝင်နေဆဲ။ပည်သူလူထု၏တိုက်ပွဲများ ဆက်လက်ဖစ်ပေါ်နေဆဲ။ ပြည်သူနှင့်တော် လှန်ရေးသမားများအတွက် တိုက်ပွဲနည်းနာများစဉ်းစားကြံဆဖို့လိုအပ်နေဆဲ။ ဤစာအုပ်ငယ်ပါ ပြင်သစ်အလုပ်သမားထု၏တိုက်ပွဲဝင်စိတ်ဓာတ်၊ တိုက်ပွဲနည်းနာနှင့်သူရသတ္တိများ ကိုလေ့လာရလျှင် ဗမာပြည်တ်ာလှန်ရေးအင်အားစုများနှင့်ပြည်သူများအတွက် တစုံတရာ အထောက်အကူပြုပေးနိုင်သည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ယခုအချိန်တွင်လည်း ဗမာပြည်တော်လှန်ရေးတိုက်ပွဲများနှင့် တော်လှန်ရေးနည်းနာများစဉ်းစားကြံဆရာတွင် ဤစာအုပ်ပါ တော်လှန်သောပဲရစ်လူထု၏တိုက်ပွဲများ၊ တိုက်ပွဲဝင်နည်းနာများက တနည်းနည်းဖြင့် အထောက်အကူပြုစရာရှိနေဆဲဟုမင်မိပါသည်။ သည့်အပြင် ဤစာအုပ်ပါ အချက်အလက်များသည် ကားလ်မာ့က်စ်ရေးသားသော “ပြင်သစ်ပြည် ပြည်တွင်းစစ်”နှင့် “လူဝီဘိုနာပတ်၏ ဘရူးမးလ်လ တစ်ဆယ့်ရှစ်ရက်နေ့”စာအုပ်များပါအချက်အလက်များဖြစ်ပါသည်။ မာ့က်စ်ရေးသောကျမ်းများထဲတွင် “ဘရူးးမေးလ်လ တစ်ဆယ့်ရှစ်ရက်မြောက်နေ့”စာအုပ်သည် တော်လှန်ရေးအနုပညာအမြောက်ဆုံးဟု ကျွန်တော်တို့၏ခေါင်းဆောင်တဦးကညွှန်ပြခဲ့သဖြင့် ဤကျမ်းကိုကြိုးစားဖတ်ရှုကာ မှတ်စုထုတ် ထားသောအချက်အလက်များ ဖြစ်ပါသည်။ ယခုထုတ်ဝေလိုက်သောစာအုပ်ငယ်မှာ ဘာသာပြန်မဟုတ်ပါ။ မှတ်စုထုတ်ထားသောအချက်အလက်များကို ပြန်လည်ရေးသားပြစုထားခြင်းဖြစ်ပါသည်။ သို့ရာတွင် မာ့က်စ်နှင့်အိန်ဂယ်တို့၏ အရေးကြီးသောသုံးသပ်ကြည့်မြင်ချက်များကိုမူ တိုက်ရိုက်ဘာသာပြန် ထားပါသည်။ အမှန်ပင် မာ့က်စ်၏ ဤကျမ်းစာ(၂)အုပ်ပါရေးသားချက်များသည် တော်လှန်ရေးအနုပညာ ကြွယ်ဝသကဲ့သို့ ရေးသားပြောဆိုချက်များသည်လည်း ပြောင်မြောက်လှပါသည်။ ၄င်းရေးသားချက်များကို စာဖတ်သူများထံ အကုံလုံဆုံးသယ်ဆောင်ပေးဖို့ကား ကျွန်တော့်အနေဖြင့်မတတ်နိုင်ပါ။
ပတ္တမြားသည်ကားပတ္တမြားပင်ဖြစ်၍ ထုပ်သိမ်းယူငင်သည့်ကြာဖက်၏ချွတ်ယွင်းချက်ကိုကား ကြာဖက်ကပင်တာဝန်ယူရပေလိမ့်မည်။ နောက်တချက်ပြောဖို့လိုသည်မှာ ဤစာတမ်း၏အမည်ပင်ဖြစ် ပါသည်။ ပြင်သစ်ပစ္စည်းမဲ့လူတန်းစား၏ သူရသတ္တိပြောင်မြောက်လှသောတိုက်ပွဲများကို ကျွန်တော်ဂုဏ်ပြုပြီး ဤစာအုပ်ကိုအမည်ပေးလိုပါသည်။ သည်အခါ (၁၈၇၁)ခုနှစ်၊ မတ်လ (၁၈)ရက်နေ့မှာ အလုပ်သမားထုက ပဲရစ်မြို့ကိုသိမ်းပြီး ပဲရစ်မြို့တော်ခန်းမထက်မှာ တော်လှန်ရေးအောင်လံနီ စိုက်ထူလိုက်ပုံကို မျက်လုံးထဲမှာ(စိတ်ထဲမှာ) ပြေးမြင်လိုက်မိပါသည်။ သည့်အတွက် ဤစာအုပ်ငယ်၏အမည်က “မြို့တော်ခန်းမထက်ကအလံတော်”။ တချိန်တည်းတွင် ဗမာပြည်၏ရန်ကုန်မြို့တော်နှင့်မြို့အသီးသီးတို့၏ မြို့တော်ခန်းမများထက်တွင်  တော်လှန်ရေးသမားများ က အောင်လံတော်လွှင့်ထူကြမည့်အချိန်ကိုလည်း လှမ်း၍မျှော်ရည်မိပါသည်။    ။
မောင်လှဝင်း(မြင်းခြံ)
၁၄၊ ၁၊ ၂ဝဝ၈


အပိုင်း(၁)
သမိုင်း(သို့မဟုတ်) လူတန်းစားတိုက်ပွဲများ
“ကျွန်ပြေးကို ဝှက်ထားသူအတွက် သေဒဏ်။ ကျွန်ရဲ့ကိုယ်က ကျွန်အမှတ်အသားကိုဖျက်ပေးသောလက် အဖြတ်ခံရမည်” ပြင်းထန်သော ဤ အမိန့်မှာ စာရွက်ပေါ်ရေးထားခြင်းမဟုတ်။ ကျောက်စာတိုင်မှာထွင်းထုထားသည့် အမိန့်။ ဤကျောက်စာမှာ အမြင့်ရှစ်ပေရှိသည်။ ဤအမိန့်စာ ရေးထိုးခဲ့သူမှာ “ဟမ္ဗူရာဘီဘုရင်”။ သူက ကိုဓဥပဒေ (Code of Hammurabi)ကို ပြုစုခဲ့သည်။ ကျောက်စာတိုင်မှာ ဤအမိန့်ပါရှိသော “ဟမ္ဗူ ရာဘီကိုဓဥပဒေ”ကို ထွင်းထုစေခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း (၆)ထောင်လောက်ကရေးထိုးခဲ့သောကျောက်စာ ဖြစ်သည်။ ခေတ်ကာလမှာ ဘေဘီလိုနီးယားနိုင်ငံခေတ်။ ကျွန်ပိုင်ရှင်စနစ် လူ့အဖွဲ့အစည်း၏ခေတ်ကာလ။ လူတန်းစားကွဲပြားမှုနှင့်လူတန်းစားဖိနှိပ်မှုတို့သည် ကျွန်ပိုင်ရှင် ခေတ်ကတည်းကတည်ရှိလာခဲ့ကြောင်း အထက်ပါကျောက်စာက သက်သေပြနေသည်။
ကမ္ဘာပေါ်မှာလူသားတို့ဖန်တီးခဲ့ကြသော ကမ္ဘာ့အံ့ဖွယ်တွေအများအပြားရှိခဲ့ကြသည်။ လူအများ ကြားသိဖူးကြသော ကမ္ဘာ့အံ့ဖွယ် တခုနှစ်ခု လောက်ပဲ ဥပမာအဖြစ်တင်ပြပါမည်။ အီဂျစ်က ရှင်ဘုရင်နှင့်နန်းတွင်းမိသားစုတို့၏အလောင်းများကို သိမ်းဆည်းထားရာပိရမစ်များ။ အာရှ တိုက်အိန္ဒိယမှ တာ့ဂ်ျမဟာအဆောက်အအုံ။
အီဂျစ်မှာ ဘုရင့်အလောင်းတွေထားရှိဖို့ ပိရမစ်တလုံးဆောက်လုပ်ရာမှာတောင် ကြာပွတ်ရိုက်နှက်မှုတွေအောက်မှာ သိန်းချီသောကျေးကျွန် များ အလွန်တရာပင်ပန်းဆင်းရဲခြင်းကြီးစွာ လုပ်ကိုင်တည်ဆောက်ပေးခဲ့ကြရသည်။ ပိရမစ်တလုံးအတွက် ထောင်ချီသောလူသားများသေဆုံး ခဲ့ကြရသည်။ သည်လိုမျိုးပိရမစ်တွေ အရေအတွက်မည်မျှလောက် ဆောက်လုပ်ခဲ့ကြပါသလဲ။ လူသားအရေအတွက် မည်မျှလောက်များပြား အောင် သေဆုံးခဲ့ကြရပါသလဲ။ အိန္ဒိယပဒေသရာဇ်လူတန်းစား၏ချစ်ခြင်းမေတ္တာကိုသက်သေတည်မော်ကွန်းထူဖို့ တာ့ဂ်ျမဟာအဆောက်အအုံ ဆောက်လုပ်ခဲ့ရာတွင်ကော၊ အိန္ဒိယပြည်သူအရေအတွက်မည်မျှလောက် အသက်ဆုံးပါးခဲ့ကြရပါသလဲ။ ထောင်သောင်းချီသော အိန္ဒိယဆင်းရဲ သားများ နှလုံးကြေကွဲခဲ့ရ၊ မျက်ရည်ချောင်းစီးခဲ့ရသည်ကတော့ သေချာသည်။ ဤသို့သော ကမ္ဘာ့အံ့ဖွယ်များသည် လူတန်းစားကွဲပြားမှုနှင့်လူ တန်းစားဖိနှိပ်မှုများကိုသက်သေထူပြသော အဆောက်အအုံများလည်းဖြစ်နေကြပါသည်။
တကယ့်ဖြစ်ရပ်များတွင် လူတန်းစားကွဲပြားမှုနှင့်လူတန်းစားဖိနှိပ်မှုများချည်းသာ ရှိခဲ့သည်မဟုတ်ပါ။ ဘီစီ (၁၃၅)က  စစ္စလီကျွန်း ကျေးကျွန် များပုန်ကန်မှု။ ဘီစီ (၇၄)က စပါတာကတ်ခေါင်းဆောင်ခဲ့သော ကျေးကျွန်လွတ်မြောက်ရေးတိုက်ပွဲများ။ ဤသည်မှာ လူတန်းစားဖိနှိပ်မှုကို တွန်းလှန်ခဲ့သောလူတန်းစားတိုက်ပွဲများဖြစ်သည်။ တချို့တိုက်ပွဲများမှာ သေးငယ်သောတိုက်ပွဲကလေးများ မဟုတ်ခဲ့ကြ။ စပါတာကတ်၏ ကျေးကျွန်လွတ်မြောက်ရေးဆိုပါလျှင် စစ်သား (၈)ထောင်ခန့်ရှိသောရောမစစ်တပ်ကြီးကိုပင်လျှင် အနိုင်တိုက်နိုင်ခဲ့သောတိုက်ပွဲများဖြစ်သည်။ လေးနှစ်လေးမိုးရှည်လျားပြင်းထန်စွာ တိုက်ပွဲတွေဆင်နွှဲခဲ့ကြရသည်။ ရောမတမြို့လုံးတုန်လှုပ်ချောက်ချားစေခဲ့သည့် တိုက်ပွဲများဖြစ်သည်။
အာရှတိုက် ပဒေသရာဇ်တရုတ်ပြည်မှ လယ်သမားတော်လှန်ရေးတိုက်ပွဲများသည်လည်း အလားတူကြီးမားပြင်းထန်သောတိုက်ပွဲများပင် ဖြစ်သည်။
လွတ်လပ်သူနှင့်ကျေးကျွန်..၊ ဘုရင်၊ မင်းညီမင်းသားနဲ့လူသာမန်များ…၊ အရှင်သခင်နှင့်လယ်ကျွန်…၊ လက်မှုပညာသည်(အခွင့်အရေးအပြည့် အဝရှိသော လုပ်ငန်းခေါင်းဆောင်သူ)နှင့်ကျပန်းအလုပ်သမားများ…တခွန်းတည်းပြောရလျှင်ဖိနှိပ်သူလူတန်းစားနှင့်အဖိနှိပ်ခံလူတန်းစားများ သည် တဦးနှင့်တဦး အစဉ်အမြဲ(ခေတ်အဆက်ဆက်)ဆန့်ကျင်ဖက်ဖြစ်ခဲ့ရသည်ချည်း။ ပုန်းကွယ်၍တမျိုး၊ အတိအလင်းနှင့်တဖုံ အဆက် မပြတ် တိုက်ခိုက်လာခဲ့သည်ချည်း…။
ကျွန်ပိုင်ရှင်စနစ်လူ့အဖွဲ့အစည်း၊ ပဒေသရာဇ်စနစ်လူ့အဖွဲ့အစည်း၊ အရင်းရှင်စနစ်လူ့အဖွဲ့အစည်း…စသဖြင့် ခေတ်အဆက်ဆက်မှာ ဤအတိုင်း တိုက်ပွဲများ ဖြစ်တည်လာခဲ့သည်မှာငြင်းမရနိုင်ပါ။
“ယနေ့အထိတည်ရှိနေဆဲလူ့အဖွဲ့အစည်းအားလုံး၏သမိုင်းသည် လူတန်းစားတိုက်ပွဲသမိုင်းသာဖြစ်သည်”
ကွန်မြူနစ်ပါတီကြေညာစာတမ်းထဲက ဝါကျတကြောင်း၊ စကားတခွန်း။ အခန်း(၁) ၏ ပထမဆုံးဝါကျ။ ၄င်းတွင်ဆိုထားသည့်သမိုင်းသည် မှတ်တမ်းတင်ထားပြီးသည့်သမိုင်းကို ဆိုလိုခြင်းဖြစ်သည်။ ၄င်းကြေညာစာတမ်းကို ကားလ်မာ့က်စ်နှင့်ဖရက်ဒရစ်အိန်ဂယ်တို့က (၁၈၄၈)ခုနှစ်၊ ဇန္ဒဝါရီလမှာရေးသားခဲ့သည်။ စတင်ပုံနှိပ်ခဲ့သည်က (၁၈၄၈)ခုနှစ်၊ ဖေဖေါ်ဝါရီလ။ (လန်ဒန်မှာ) ထိုစဉ်က မှတ်တမ်းတင်ပြီးဖြစ်သည့်သမိုင်း၏ သမိုင်းမတိုင်မီကာလအကြောင်း လုံးဝမသိသလောက်နီးပါးဖြစ်သည်။
သည့်နောက်ပိုင်းကျမှ ဟက်သောဆင် (HAXTHAUSEN)ဆိုသူက ရုရှားပြည်မှ မြေယာဘုံပိုင်ဆိုင်သော ရှေးဦးဘုံမြေခေတ်ကိုစတင်တွေ့ရှိပြီး ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ သူ့နောက်ပိုင်းထပ်မံတွေ့ရှိသူတဦးမှာ မောရာ ဆိုသူ ဖြစ်သည်။ သူ့တွေ့ရှိမှုမှာ “ကျူတောနစ်မျိုးနွယ်အားလုံး၏ သမိုင်းသည် မြေယာပိုင်ဆိုင်မှုဆိုသည့်လူမှုရေးအုတ်မြစ်အပေါ်က စတင်ခဲ့ခြင်း”ဆိုသည့်အချက်ဖြစ်သည်။ ထို့အပြင် “ကျေးလက်မြေယာပိုင် ဆိုင်မှုသည် အိန္ဒိယပြည်မှအိုင်ယာလန်ပြည်အထိ နေရာတကာမှာ ရှေးဦးလူ့အဖွဲ့အစည်းသဏ္ဍာန်အဖြစ်တည်ရှိခဲ့ကြောင်း”ကိုလည်း သူက တွေ့ရှိထုတ်ဖော်နိုင်ခဲ့ရုံမက သက်သေပြနိုင်ခဲ့သည်။ သူတို့အပြင် မော်ဂန် (MORGAN)ဆိုသူကလည်း မျိုးရိုး၏အစစ်အမှန်သဘာဝ၊ မျိုးရိုးနှင့် မျိုးရိုးတူအုပ်စုတို့၏ဆက်ဆံရေးတို့အကြောင်းကို အခိုင်အမာရှာဖွေတွေ့ရှိလိုက်ပြန်သည်။ ထို့ကြောင့်ပင် သူက ၄င်းရှေးဦးကွန်မြူနစ်လူ့အဖွဲ့ အစည်း၏အတွင်းပိုင်းဖွဲ့စည်းပုံကို စံတင်လောက် သည့်သဏ္ဍာန်နှင့်ရှင်းလင်းပြသနိုင်ခဲ့သည်။

1 comments:

Post a Comment