Friday, November 23, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၂၉ (မျိုးမြင့်ချို)

0 comments

နိုဝင်ဘာ ၂၂ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ် ပါတယ်။ သောတရှင်များခင်ဗျား… စစ်အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး ဒုတိယကာလပိုင်းခြားမှုကို သက္ကရာဇ်သဘောအရ (၁၉၉၂)ကနေ(၁၉ ၉၅)လောက်အထိ ယေဘုယျပိုင်းခြားလိုပါတယ်။ အဲ့ဒီကာလမှာ သူတို့ ကို ပြည်တွင်းပြည်ပကနေ နိုင်ငံရေးအရအရာသွင်းခံရဖို့ ကျားကုပ်ကျား ခဲ စတင်ကြိုးပမ်းရချိန်လည်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိစစ်အာဏာ လက်ဆုပ်မပြည်အောင်နဲ့ အနာဂတ်စစ်အာဏာခြေကုပ်မြဲအောင် အုတ်မြစ်ချချိန်လည်းဖြစ်နေတာ တွေ့ကြ ရမယ်လို့ထင်ပါတယ်။ ဒါ့ကြောင့်မို့ အဲဒီကာလကို “အနာဂတ်စစ်အာဏာ အထိုင်ချစအချိန်”လို့ တင်စားပါ ရစေ။
(၁၉၉ဝ) ပြည့် ပါတီစုံရွေးကောက်ပွဲဟာ မလွှဲသာလို့လုပ်ပေးရတယ်ဆိုပေမယ့် စစ်အစိုးရက သူ့လက်သူ့ခြေ သူ့စိတ်တိုင်းကျ လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် (၂ဝ၁ဝ) ရွေးကောက်ပွဲထက် နည်းနည်းပိုလွတ်လပ် မျှတတယ်လို့တော့ ဆိုရမှာပါ။ ဒါကလည်း ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အရှိန်အဝါ၊ ပါတီ၊ အဖွဲ့အ စည်းတွေရဲ့ နိုင်ငံရေးအရလှုံ့ဆော်ဦးဆောင်နိုင်မှု၊  ပြည်တွင်းပြည်ပအင်အားစုတွေရဲ့ ချိတ်ဆက် လှုပ်ရှားနိုင်မှု၊ နိုင်ငံတကာကာရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ သံခင်းတမန်ခင်း စတာတွေကြောင့်လည်း ပါမယ်ထင်ပါတယ်။ ဒါပေမယ့် တကယ့်အဓိကသော့ချက်ကတော့ ပြည်တွင်းနေလူထုပဲဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို  ထောက်ခံမဲတွေ တခဲနက်ရဲရဲဝံ့ဝံ့ပေးလိုက်တာဟာ  စစ်အာဏာရှင်စနစ်ကိုလက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတာကို လူထုဘက်က ပြတ်ပြတ်သားသား ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ပြည်သူအများစုရဲ့စိတ်ထဲ တာဝန်ကျေခဲ့ပြီဆိုတဲ့ခံစားမှုနဲ့အတူ ဒီမိုကရေစီနိုင်ငံတော်သစ် အိပ်မက်သစ်၊ စိတ်ကူးသစ်တွေနဲ့ လန်းဆန်းတက်ကြွနေခဲ့ကြတာပါ။ ဒါပေမယ့် တကယ့်လက်တွေ့အခြေအနေကတော့ အဲဒါတွေနဲ့ဆန့်ကျင်ပြီး ပြောင်းပြန်ဖြစ်ထွန်းခဲ့ရပါတယ်။

အဲသလိုဖြစ်ခဲ့ရတာတွေဟာ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အာဏာရယူရေးအတွက် အချိန်အခါအခြေအနေနဲ့ကိုက်ညီပီပြင်မယ့် နိုင်ငံရေးအရ ကြိုတင်ပြင် ဆင်မှုတွေမရှိခဲ့လို့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်နိုင်ခဲ့တာလို့ သုံးသပ်တာတွေရှိပါတယ်။ ဒီသုံးသပ်ချက်တွေအပေါ်မငြင်းနိုင်ပေမယ့် တဘက်ကကြည့်ပြန်တော့လည်း အင်န်အယ်လ်ဒီပါတီအပါ အဝင် မြေပေါ်နိုင်ငံရေးအင်အားစုတွေအားလုံး အကြီးအကျယ်အနှိပ်ကွပ်ခံနေရချိန်ဆိုတာကိုလည်း သတိထားရမယ်လို့ထင်ပါတယ်။ တောတွင်းလက်နက်ကိုင်အင်အားစုတွေထဲမှာ အားအကြီးဆုံးလို့ ဆိုနိုင်ခဲ့တဲ့ ဗကပပြိုကွဲပြီးတဲ့နောက် ခွဲထွက်အင်အားစုတွေက စစ်အုပ်စုနဲ့အပစ်ရပ်လိုက်တာမို့ စစ်ရေးမျက်နှာစာမှာ အသက်ရှူချောင်သွားတဲ့စစ်အစိုးရဟာ မြေပေါ်အင်အားစုတွေကို ဦးတည် ပစ်မှတ်ထားဖြိုခွဲပစ်ရေးကို ဇောင်းပေးလုပ်ဖို့အခွင့်သာသွားသလို လုပ်လည်းလုပ်နေချိန်လည်းဖြစ်ပါတယ်။ အဲဒီတုန်းက တောတွင်းလက်နက်ကိုင်အင်အားစုတွေသာ ခုလောက် မြန်မြန်ဆန်ဆန်မပြိုကွဲခဲ့ဘူး၊ အပစ်အခတ်အရပ်စဲရေးတွေကိုလည်း ခုလိုဒရောသောပါးမလုပ်ခဲ့ကြဘူးဆိုရင် အခြေအနေဟာ တမျိုး တဖုံဖြစ်နိုင်စရာရှိတယ်လို့လည်းမြင်ပါတယ်။ နောက်တချက်က အင်န်အယ်လ်ဒီရဲ့နှလုံးသည်းပွတ်လို့ ပြောပြော ဝိဉာဉ်လို့ပဲဆိုဆို ဆိုနိုင်မယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ခံထားရတာရယ်၊ လုပ်နိုင်ကိုင်နိုင်လုပ်တတ်ကိုင်တတ်ရှိတဲ့ နိုင်ငံရေးသမားတွေ အားလုံးလိုလိုတောထဲရောက်ရင်ရောက် မရောက်ရင် ထောင်ထဲရောက်နေရတာကိုလည်း ထည့်တွက်ရမယ်လို့ထင်ပါတယ်။

နောက်တစ်ခုကတော့ ကတိအပေးလွယ်သလောက် ချိုးဖေါက်ဖို့ဝန်မလေးတဲ့စစ်ခေါင်းဆောင်တွေအပေါ် အညှာလွယ်တတ်တာ၊ စစ်ခေါင်းဆောင်တွေရဲ့နှုတ်ကတိအပေါ် ကိုးစားအားပြုတတ်တာကလည်း ကိုယ်တိုင်ပြန်အနှိပ်ကွပ်ခံရဖို့လမ်းခင်းပေးသလိုဖြစ်ခဲ့ရတယ်လို့ ထောက်ပြထားတဲ့သုံးသပ်ချက်တွေလည်း ရှိပါတယ်။ (၉ဝ) ရွေးကောက်ပွဲမတိုင်ခင်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကိုအာဏာအပ်ပြီး စစ်တပ်က စစ်တန်းလျားပြန်မယ်လို့သာ နှုတ်ကတိပေးပေမယ့် ကော်မရှင် ဥပဒေမှာ ရွေးကောက်ပွဲအပြီး အနိုင်ရပါတီကိုအချိန်ဘယ်လောက်ကြာရင် အာဏာလွှဲပေးပါ့မယ်ဆိုတာ တရားဝင်အတိအလင်း ပြဋ္ဌာန်းထားခဲ့တာမရှိပါဘူး။ ဒါကိုရိပ်မိတဲ့ ဒီမိုကရေစီခေါင်းဆောင် တချို့က ထောက်ပြပြီး အချိန်သတ်မှတ်ပေးဖို့ပြောဆိုခဲ့ပေမယ့် မိမိတို့လိုလားချက်ကိုရတဲ့အထိ တောင်းဆို မနေတော့ပဲ ရွေးကောက်ပွဲကိုအလျင်စလိုဝင်ခဲ့တာဟာလည်း နောင်ပြင်ရန်ခက်သည့်အမျိုး ဆိုသလို ဖြစ်ခဲ့ရပြန်ပါတယ်။

သောတရှင်များခင်ဗျား….
နောက်တချက်က နိုင်ငံရေးစကားလုံးတွေနဲ့ အဲ့ဒီစကားလုံးတွေနောက်ကွယ်ကတရားရဲ့အရေးပါမှုပါ။ အဲ့ဒီအရေးပါမှုကိုပေါ့တန်မိရင်လည်း စကားလုံးနဲ့အချည်ပြန်ခံရပြီး ထားရာနေစေရာသွားဖြစ်တတ်ကြ ပါတယ်။ စစ်အာဏာလွှဲယူပြီးတဲ့နောက် နဝတစစ်အစိုးရထုတ်ခဲ့တဲ့အမိန့် ကြေညာချက်တွေထဲမှာ သူတို့ဟာ နိုင်ငံ့အာဏာကို ယာယီယူထားတာသာဖြစ်တယ်။ ပညာရေး၊ ကျန်းမားရေးအပါအဝင် ကဏ္ဍတချို့ကို သူတို့မကိုင်ဘူး၊ ရွေးကောက်ပွဲလုပ်ပေးမယ်၊ ပြီးရင် အနိုင်ရပါတီကိုအာဏာလွှဲ မယ်၊ ရွေးကောက်ခံကိုယ်စားလှယ်တွေက လွှတ်တော်ခေါ်ပါ၊ အစိုးရဖွဲ့ပါ၊ သူတို့ အဲ့ဒါတွေမလုပ်ပါဘူးဆိုပြီး ထပ်ခါတလဲလဲပြောခဲ့ကြတာတွေ မှတ်မိကြမယ်ထင်ပါတယ်။ (၉ဝ)ရွေးကောက်ပွဲအပြီးမှာ အစိုးရဖွဲ့မှာလား၊ လွှတ်တော်ခေါ်မှာလားဆိုပြီး ပြည်သူ့ကိုယ်စားလှယ်တွေခေါင်းချင်းရိုက်နေတုန်းမှာပဲ စစ်အစိုးရဘက်က အမိန့်ကြေညာချက်အမှတ် ၁/၉ဝ ထုတ်ပြန်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံရေးဆွဲဖို့ဖြစ် တယ်လို့ ဗြောင်လုပ်ချလိုက်ပါတယ်။ ဒါကို အန်အယ်လ်ဒီဘက်ကလည်း သူ့မူနဲ့သူလက်ခံခဲ့ပါတယ်။ ဒီ့နောက်တော့ စစ်အုပ်စုဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့သူ့ကတိကို မြေမြှုတ်လိုက်ပြီး ကိုယ့်စကားနဲ့ ကိုယ်ပြန်ချည်မိ၊ ကိုယ့်ရှူးကိုယ်ပြန်ပတ်မိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံဘက် ကို လမ်းလွှဲပေးလိုက်ပါတယ်။ ဒီတင်ပဲ အခြေအနေတစုံလုံးအပေါ် အထိုက်အလျှောက်ချုပ်မိကိုင်မိရှိ သွားတဲ့ နိုင်ငံရေးအသာစီးရမှုဟာ စစ်ခေါင်းဆောင်တွေဘက်ကို ရောက်သွားခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ရလာတဲ့အခြေအနေကိုလက်လွတ်မခံပဲ အတုအယောင်လို့ပြည်တွင်းပြည်ပက ယုံကြည်ခဲ့ကြတဲ့ အမျိုးသားညီလာခံတစ်ရပ်ကျင်းပဖို့ လက်မြန်ခြေမြန်ပြင်ဆင်တော့တာပါပဲ။

သောတရှင်များခင်ဗျား…
အဲဒီကာလဟာ စစ်အုပ်စုအတွက်ရော ဒီမိုကရေစီအင်အားစုတွေအတွက်ပါ အကျပ်အတည်းတွေရှိနေတာ မှန်ပေမယ့် အဲ့ဒီအချိန်အပိုင်းအခြားမှာပဲ “အနာဂတ်စစ်အာဏာကိုစပြီးအထိုင်ချခဲ့တာမို့လို့ ”အနာဂတ် စစ်အာဏာအထိုင်ချစအချိန်”အဖြစ် ပိုင်းခြားတင်စားခဲ့တာဖြစ်ပါတယ်။ နောက်အပတ်တွေမှာ အဲ့ဒီကာလ အပိုင်းအခြားအတွင်းဖြစ်ခဲ့တဲ့ အပစ်ရပ်အခြေအနေတွေ အကြောင်း ဆက်လက်တင်ပြပါ့မယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment