Friday, November 2, 2012

သူမိုက်၊ သူညံ့၊ သူတတ်နှင့် သူတိုင်တို့အကြောင်း (မျိုးမြင့်ချိ)

0 comments
ထောင်ထဲမှာ လူ့ဘဝအသက်ရှင်သန်ရေးအတွက် “ရုန်း”ရသလို နိုင်ငံရေး ဘဝမသေရေးအတွက်လည်း“တိုက်”ရပါတယ်။ အတိုဆုံးချုပ်ပြောရရင် အဲဒါထောင်တွင်းတိုက်ပွဲ Struggle ပါပဲ။ အဲ့ဒါကို “ဂုဏ်သိက္ခာ”အတွက်နဲ့“ရပိုင်ခွင့်”အတွက်ဆိုင်ရတဲ့တိုက်ပွဲ Struggle ရယ်လို့၂ စားခွဲပြောရ၊ သတ်မှတ်လို့ရပါတယ်။ ဆိုလိုတာက “နိုင်ငံရေး အကျဉ်းသားရဲ့ဂုဏ်သိက္ခာနဲ့ရပိုင်ခွင့်”ကို(ကျနော်မြင်ခဲ့သလောက်) ၃ နည်းနဲ့ Struggle လုပ်ကြရတယ်။ ဘယ်ပုံစံနဲ့ပဲလုပ်လုပ် ထောင်အာဏာပိုင်နဲ့(စစ်ထောက်လှမ်းရေး နဲ့)တာ့ ထိပ်တိုက်တိုးမိတာပါပဲ။ အပျော့အပြင်း အတိမ်အနက်ပဲကွာပါတယ်။ ဒီနေရာမှာ ကျနော်က ပုံစံ(နည်းနာ)လို့ဆိုပေမယ့် တကယ်က အဲ့ဒါ အနှစ်သာရ(ရပ်ခံချက်)ပါ။ အဲ့ဒီ Struggle  ၃ မျိုးအပြင် ဘာခေါ်ရမယ်မှန်း ခုချိန်ထိ မသိသေးတဲ့ နည်းတနည်းလည်းရှိပါတယ်။ အဲဒါက “တိုင်နည်း”။ ခုနပြောတဲ့ နည်း ၃ နည်းနဲ့ ခုပြောတဲ့ “တိုင်”နည်းအကြောင်းလေးတွေ ကြိုးစားပြီးခတ်ကျဉ်းကျဉ်းရှင်းပါရစေ။

ပထမတမျိုးက တိုက်ယူတာ။ ဒါမှမဟုတ် ခုခံတာ Fight (or) Resist for rights and dignity of political prisoner လုပ်တဲ့နည်း။ အဲဒီနည်းနာ (ဝါ) ရပ်ခံချက်ဟာ ရှူံးတဲ့အခါရှိသလို နိုင်တဲ့အခါလည်းရှိတယ်။ သရေကျတာ ဒါမှမဟုတ် နှစ်ဖက်စလုံးနိုင်တာ (ဒီခေတ်စကား Win-Win) ရှိတယ်လို့မပြောဘူး။ ဆိုတော့ ရှူံးသွားဦးတောင်မှ “နိုင်ငံရေးကျင့်ဝတ်” Political Ethic သိလုပ်ရပ်မို့ နိုင်ငံရေးသိက္ခာကျန်တယ်လို့ ရှူမြင်တယ်။ နိုင်ရင် နောက်တစ်ပွဲအတွက် နမူနာသဘောယူတယ်။ သဘောက မအောင်မြင်ရင် သင်ခန်းစာ၊ အောင်မြင်ရင် နမူနာ။ ဒါက (မိမိရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာအတွက်) ခုခံတိုက်ခိုက်ယူသူတွေရဲ့ တရား၊ တနည်းပြောရရင် “တိုက်ပွဲ”။

နောက်တမျိုးက တိုက်သူလူမိုက်လို့ယိုးပြီး တောင်းနည်းနဲ့သွားတာပါ။ မရလည်းကိစ္စမရှိဘူး၊ တိုက်တာက ရှူံးရင် ရပြီးသားလေးလက်လွတ် မယ်၊ ပေးသလောက်ယူထားပြီး တိုးချဲ့တောင်းယူမယ်။ “ကျင့်ဝတ်” Ethic ဆိုတာထက် “ဖြစ်နိုင်ချေ” Possibility ရှိတာကို “ရွေးပြီး”လုပ်တတ် မှနိုင်ငံရေးလို့ ခံယူတယ်။ ဒါ့ကြောင့် ရွေးပြီးတောင်းတယ်။ မရနိုင်ဘူးထင်ရင် မတောင်းပဲနေတယ်။ ရွေးတောင်းရက်နဲ့မရရင် သူမပေးလို့ဆိုပြီး တဗျစ်တောက်တောက်လုပ်မယ်။ သူက တစာစာသာတောင်းတာ နှစ်ဖက်စလုံးနိုင် (Win-Win)ကို သိတ်မအော်ဘူး။ ဒါက (မိမိရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာ)အတွက် တောင်းယူသူတွေရဲ့ တရား၊  တနည်းပြောရရင် “တောင်းပွဲ”။

နောက်တမျိုးက တိုက်သူလူမိုက်၊ တောင်းသူလူညံ့ဆိုပြီး ကြွေးကြော်တဲ့အစု။ သူတို့က တိုက်လည်းမတိုက်ဘူး (လူမိုက်အလုပ်မို့) တောင်းလည်းမတောင်းဘူး (လူညံ့အလုပ်မို့) ညှိယူမယ်လို့ဆိုတယ်။ တိုက်တာ နာပြီး၊ တောင်းတာ အောက်တယ်။ ညှိယူတာ “ပညာ”လို့ ဆိုတယ်။ သူတို့လက်သုံးက ၂ ဖက်စလုံးနိုင် Win-Win တဲ့။ ကျင့်ဝတ်နဲ့ဖြစ်နိုင်ခြေနှစ်ခုလုံးအပေါ်အားပြုခြင်းဟာ ခေတ်မီနိုင်ငံရေး Modern Politics ၊ နိုင်ငံရေးအစစ် Real Politics၊ လက်တွေ့ဆန်မှု Pragmatic စတာတွေနဲ့ဝေးလို့ မတွေးကောင်းတဲ့အရာလို့ ဆိုတယ်။ တန်းတူခွင့်ရှိရှိ မရှိရှိ ညှိလို့ရတယ်လို့ခံယူတယ်။ ဒါက (မိမိရပိုင်ခွင့်နဲ့ဂုဏ်သိက္ခာ)အတွက် ညှိယူသူတွေရဲ့ တရား။ တနည်းပြောရရင် “ညှိပွဲ”။

အစုလိုက်တွေ Struggle လုပ်တဲ့အခါတိုင်းမယ် ထောင်အာဏာပိုင်က ၃ စုစလုံးကို နည်း ၃ နည်းသုံးပြီး ရှင်းခဲ့တာချည်းပါပဲ။ ရှင်းတဲ့နေရာမှာလည်း ထောင်တွင်း ထောင်ပ၊ ပြည်တွင်း ပြည်ပနိုင်ငံရေးရေချိန် အတက်အကျအနိမ့်အမြင့်ကိုလိုက်ပြီး ရှင်းတာပါ။ အပရိကလို့ယူဆပြီး လက်နိုင်ခြေနိုင်ဆို သူ့လက်သူ့ခြေ အရင်“ကိုင်”လိုက်တာပါ။ နောက်မှ စစ်/ထောက်က “နံမည်ကောင်း”လက်မှတ် ထုတ်ပေးရတာလောက်ပါ။ “ပွဲကြီး”လို့ သူမနိုင်ရင်ကာဆိုရင်တော့ စကတည်းက စစ်/ထောက်လက် အပ်ပါတယ်။ ဟိုကလည်း အတွင်းအပြင် အတက်အကျရေချိန်ကြည့်ပြီး သူ့နည်းနဲ့သူ “တီး“ တာ “တွယ်”တာ ဖြစ်ပါတယ်။ ဒီပေါ်မှာပဲ အနိုင်/အရှူံး၊ အတောင်း/အရ၊ အညှိညီ/မညီ အဖြေ ထွက်ပါတယ်။ စစ်/ထောက်ကလည်း “စစ်အုပ်စု”ရဲ့ မီးစဉ်ကြည့် ကရတာပါ။ ”စစ်အုပ်စု” မီးစိမ်းပြမှ စစ်/ထောက်က “က”ပြီး၊ စစ်/ထောက်က “အင်း”ဆိုမှ ထောင်က “ထောင်း”တာပါ။ အဆင့်ဆင့်နာခံမှုအပြည့်နဲ့ပါ။ “သူကြီး” မီးစိမ်းမှ “ရာအိမ်ခေါင်း” ခေါင်းငြိမ့်ပြီး “ဆယ်အိမ်ခေါင်း”က ထောင်းတာပါ။

ခုပြောတဲ့ ၃ စုဟာ မတူတဲ့နည်းနာနဲ့ တူတဲ့ဘုံအကျိုးစီးပွားကို “ခွဲ”လုပ်ကြတာပဲ။ နည်းနာသာမတူတာ ဆယ်အိမ်ခေါင်း၊ ရာအိမ်မှူးနဲ့ သူကြီးမှန်း သိတယ်။ ခွဲလည်းမြင်တယ် တွဲလည်းမြင်တယ်။ ဆယ်အိမ်ခေါင်း ရာအိမ်ခေါင်းနဲ့ပြီးမယ့်ကိစ္စနဲ့ သူကြီးနဲ့ရှင်းမှရမယ့်အရေး သေချာသိတယ်။ တနည်းပြောရရင် “အာဏာ”နဲ့“အာဏာယန္တယား”ကို ဆုပ်မိကိုင်မိရှိကြတယ်။ တိုက်ပွဲရှူံးရင်၊ တောင်းပွဲမနိုင်ရင်၊ ညှိပွဲမပြေလည်ရင် ကိုယ့်နည်း နဲ့ကိုယ်ပြန်တည်ဆောက်တယ်။ အားပြန်မွေးတယ်။ “တိုင်”တော့ မတိုင်ဘူး။ ထောင်၊ စစ်/ထောက်နဲ့ စစ်အုပ်စု ၃ ခုလုံးက ရွံ့ပြီး ကြောက်ကြ တယ်။ သူ့နည်းနဲ့သူ အလေးထားခံရသူတွေဖြစ်တယ်။

နာက်ဆုံးနည်းပဲပြောရမလား ဒါမှမဟုတ် နောက်ဆုံးပေါ်နည်းလို့ပဲပြောရမလား မသိတဲ့နည်းက “တိုင်”နည်း။ သူကတော့ အပေါ်က ၃ မျိုး လုံးနဲ့မတူဘူး။ သူက ထစ်ကနဲရှိ တိုင်မယ်ဆိုတာချည်းပဲ။ သတင်းမီဒီယာတွေကိုလည်း အားကိုးတကြီးရှိတတ်ကြတယ်။ သူတို့က တိုက်တာ လူမိုက်၊ တောင်းတာလူညံ့၊ ညှိတာလူကြောက်လို့ ဆိုတယ်။ အခုန ၃ စုကလူတွေနဲ့ ခတ်ခွာခွာနေတယ်။ ထောင်က“ညှဉ်း” ရင် စစ်/ထောက်ကို “တိုင်”ပြီး စစ်/ထောက်က “ရိုက်”ရင် အစိုးရကို “မျက်ရည်ခံထိုး”တယ်။ စစ်အုပ်စုအာဏာကိုတော့ ဘယ်တော့မှတိုက်ရိုက် မထိပါးဘူး။ ဒီအနေအထားနဲ့ စစ်အုပ်စုဘက်ကလည်း သူ့ရုပ်အထွက်ကောင်းအောင် နှစ်ပယ်ရှင်းလိုချိန်နဲ့များသွားတိုးရင် သူတို့အတိုင်ခံ လိုက်ရသူတွေ တိုင်ပတ်တော့တာပါပဲ။ ဆယ်အိမ်ခေါင်း၊ ရာအိမ်ခေါင်းတချို့အရာချခံရ၊ အရာပြောင်းခံရတာမျိုးတွေရှိတတ်တယ်။ အဲ့ဒီအခါမျိုးဆို “တိုင်”သူတွေ လက်ခမောင်းခတ်ပါတယ်။ ခက်တာက အဲ့ဒီအတိုင်သမားတွေကို ဘယ်သူကမှမကြောက်တာ၊ အလေးမထားတာနဲ့အလေးစားမခံရတာပါပဲ။

ချုပ်ရရင် သူတို့ကလည်း (ဂုဏ်သိက္ခာနဲ့ရပိုင်ခွင့်အတွက်)လို့ ကြွေးကြော်တာပါပဲ။ ကြွေးကြော်နေတဲ့အရာတွေကို သူတို့ ဘယ်လောက်ရကြ ပြီလဲ။ ဘယ်လောက် သူတို့ဆီက ပဲ့ပါသွားကြပြီလဲလို့ ကျနော်က တွေးနေမိတယ်။ ခု ဗမာ့နိုင်ငံရေးအခင်းအကျင်းထဲမှာ တိုက်သူ၊ တောင်းသူ၊ ညှိသူတွေအပြင် တိုင်သူတွေလည်း ပါနေတာပါ။ တခါတလေ တိုင်သူတွေက လူလုံးပိုလှနေသလိုလို၊ လူလုံးပိုပြပြနေသလိုလို၊ လူလုံးပိုထွား နေသလိုလိုများလားတောင် ထင်မိပါတယ်။ အဲ့ဒါတွေမြင်တော့ တချို့ကဆိုပါတယ် အချိန်က “ညီအကိုမသိတသိ”တဲ့။ ကျနော်ကတော့ လူလုံးလည်းကွဲဖို့ ကောင်းပြီ၊ ညီအကိုလည်း သိဖို့တန်ပြီ၊ နွားရိုင်းသွင်းချိန်လည်းလွန်ခဲ့ပြီ၊ အကျည်းတန်လည်း ဒီ့ထက်ပို လှစရာမရှိလောက် တော့ဘူးလို့ပဲထင်မိပါရဲ့။
မျိုးမြင့်ချို နိုင်ဝင်ဘာ ၂၊ ၂ဝ၁၂

0 comments:

Post a Comment